Primary tabs

နာမည်ကျော်တို့ကိုယ်တိုင် နောက်ထပ်မတွေ့ချင်တော့တဲ့ ဖက်ရှင်အလွဲများ

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတစ်ခုကို တက်ရောက်ဖို့ ဒါမှမဟုတ် ညဘက်ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်ကဲဖို့ ဘာဝတ်ရမလဲ ရွေးချယ်ကြတဲ့အခါ မှန်ရှေ့မှာ ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ဝတ်ကြည့်လိုက် ပြန်လဲလိုက်လုပ်ရတာက ပျော်စရာတစ်မျိုးဆိုပေမယ့် ကိုယ်သွားမယ့်နေရာနဲ့ သင့်တော်ကိုက်ညီမှုမရှိလို့ ဂွမ်းသွားမှာကိုလည်း စိုးရိမ်ရသေးတယ်နော်။ သာမန်လူတစ်ယောက်က ပွဲတစ်ပွဲမှာ ဖက်ရှင်ဂွမ်းသွားတာက လူအများကြီး မသိလိုက်နိုင်ပေမယ့် နာမည်ကျော်တို့ဆီမှာတော့ ဒီထက်ပိုတဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ ကင်မရာမီးတွေ တဖျတ်ဖျတ် လက်သွားလိမ့်မယ်ဆိုတာကို သိထားပြီးသားဖြစ်လို့ စမတ်ကျကျ ဝတ်စားပြင်ဆင်လာခဲ့တယ်၊ ဒါပေမဲ့ စတိုင်ကျကျ ဒေါက်ဖိနပ်တစ်ရံကို အံကျပန်ကျ မစီးနိုင်လိုက်တာ လေးတစ်ခုအတွက် သူတို့ရဲ့ ကိုးရိုးကားယား ပုံရိပ်တွေဟာ အချိန်တော်တော်ကြာတဲ့အထိ ဖျောက် ဖျက်လို့မရနိုင်တော့ပါဘူး။

ကော်ဇောနီပွဲတွေဆိုရင် ဒီ့ထက်တောင်မှ ရှုပ်ထွေးပါသေးတယ်။ ကမ္ဘာကျော်တို့ဟာ သူတို့ဝတ်ဆင်ရမယ့် ဝတ်စုံကို ဖန်တီးချုပ်လုပ်လို့ မပြီးသေးခင်မှာ ဘယ်လိုအနေအထား ရှိနေတယ်ဆိုတာ သေချာမသိနိုင်ကြပါဘူး။ အဲ့ဒီအစား ပုံကြမ်းရေးခြစ်ထားတာကိုသာ ကြည့်ရပါတယ်။ သူတို့ဟာ ဒီဇိုင်နာ တစ်ယောက်ယောက်ဆီကနေ ပွဲတက်ဂါဝန်တွေကို ငှားရမ်းဝတ်ဆင်လို့ရပေမယ့် တခြားသော နာမည်ကျော်တစ်ယောက်နဲ့လည်း သွားပြီးတော့ တူနေနိုင်ပါသေးတယ်။ Aliza Licht ရဲ့ ကိုယ်ရေးအရာရှိဟောင်းတစ်ဦးကတော့ ‘အဲ့ဒီဝတ်စုံကို ရှိုးပွဲမှာမပြဖို့ အလိုလို ဆုံးဖြတ်နိုင်ရတယ်။ ဝတ်စုံမရခင် ပုံကြမ်းကို ရလိမ့်မယ်။ ဓာတ်ပုံတွေ ရတာမဟုတ်ပါဘူး’ လို့ ပြောဖူးပါတယ်။ တစ်ခါတရံမှာ ညတုန်းက သူတို့ဝတ်ခဲ့တဲ့ ဝတ်စုံ က ဘယ်လိုပုံထွက်နေခဲ့တယ်ဆိုတာ သေချာမသိရပေမယ့် တွေ့တဲ့အချိန်မှာတော့ သိပ်ကို နောက်ကျနေခဲ့ပြီလေ။ ဓာတ်ပုံတွေလည်း ပလူပျံသွားခဲ့ပြီ မဟုတ်လား။

ပွဲတစ်ပွဲပြီးသွားလို့ အဆိုးဆုံးဝတ်စုံတွေဆိုပြီး ထွက်ပေါ်လာတဲ့အခါမှာ ဝတ်စုံပုံဖော်ဖန်တီး သူရဲ့ အမည်ကို ဘယ်တော့မှ မတပ်ကြပါဘူး။ ဒါပေမဲ့  ပွဲတစ်ခုမှာ ပုံပျက်ပန်းပျက်အဖြစ်ဆုံး ဝတ်စုံကို ဝတ်မိလို့ နာမည်တပ်ခံရတဲ့ နာမည်ကျော်ကတော့ အချိန်အတော်ကြာတဲ့အထိ ပြောစမှတ်တွင် သွားကြရရှာပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရတဲ့ နာမည်ကျော်တွေကတော့ လွဲမှားတဲ့ ဖက်ရှင်ပုံရိပ်တွေကို အပြီးတိုင် မြေမြုပ်လိုက်ချင်ပေမယ့် အင်တာနက်ကတော့ ဘယ်တော့မှ မေ့မသွားဘူးလေ။ အဲ့ဒီ နာမည်ကျော်တွေထဲမှာ ကိုယ်နှစ်သက်တဲ့ အနုပညာရှင် ဘယ်သူတွေ ပါဝင်နေလဲဆိုတာကို ဆက်ပြီးကြည့်ကြရအောင်နော်။

Bjork ရဲ့ နာမည်ကြီး ငွေငန်းဖြူဝတ်စုံက ဟာသတစ်ခုဖြစ်သွားတဲ့အထိ လွဲခဲ့ရှာ

ပရိသတ်အများစုကတော့ Iceland နိုင်ငံသူ အဆိုတော် Bjork အကြောင်းကို စဉ်းစားရင် ၂ဝဝ၁ ခုနှစ် အော်စကာဆုပေးပွဲမှာတုန်းက အသားရောင် ကိုယ်ကျပ်ဝတ်စုံ အပေါ်ကနေ ထပ်ဝတ်ခဲ့တဲ့ သူမ ရဲ့ နာမည်ကြီး ငွေငန်းဖြူဝတ်စုံအကြောင်းကို စိတ် ထဲကနေ ပြေးမြင်မိကြမှာပါဘဲ။ 
‘It’s All So Quiet သီချင်းရဲ့ အဆိုတော်က အော်စကာပွဲတက်ရောက်တဲ့အခါ နောက်မှာ ချခင်းဖို့အတွက် ဘဲငန်းဥတွေကိုတောင် ဝယ်ခဲ့ပါသေးသတဲ့။ အဲ့ဒီဝတ်စုံလေးက သတင်းမုန်တိုင်း တွေ တိုက်ခတ်စေခဲ့ရုံသာမက ကမ္ဘာတစ်ဝန်းက ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ အဆိုးဆုံး ဝတ်စုံစာရင်းတိုင်းမှာလည်း ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါတယ်။ 
ဒါပေမဲ့ Bjork ကတော့ အဲ့ဒီဝတ်စုံက ပျော်ရွှင်ဖို့ သက်သက် ရည်ရွယ်တာသာဖြစ်ပြီး အကျယ် အကျယ်တွေ ဖြစ်ပွားစေဖို့ မရည်ရွယ်ခဲ့ပါဘူးတဲ့။ သူမ တွေးခဲ့တာက လူဘယ်လောက်များများ အံ့အားတသင့် ဖြစ်သွားမလဲဆိုတာလောက်သာဖြစ်ပြီး အဓိကရုဏ်းပုံစံဖြစ်သွားစေချင်တာ မဟုတ်တဲ့အကြောင်း Vogue မဂ္ဂဇင်းမှာ ပြောခဲ့ပါတယ်။ အဲ့ဒီဝတ်စုံကိုတော့ ရုရှားဘဲလေး အက ကုမ္ပဏီတစ်ခုကို လှူဒါန်းခဲ့တာ ကြာပါပြီ။


အော်စကာဆုပေးပွဲကို ဘရာမပါဘဲ တက်ခဲ့မိလို့ အကြီးအကျယ်နောင်တရမိတဲ့သူ

ကော်ဇောနီပွဲတွေမှာဆိုရင် Gwyneth Paltrow တစ်ယောက် စတိုင်အကျဆုံးနဲ့ လိုက်ဖက်လှပတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ဖူးတယ်ဆိုတာ ကိုတော့ မဖြစ်မနေ လက်ခံရမှာပါဘဲ။ ဒါပေမဲ့ တချို့သော အချိန်တွေမှာလည်း ပုံဆိုးပန်းဆိုး ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ဖူးတဲ့အကြောင်းကို သူမက ဝန်ခံခဲ့ဖူးပါတယ်။ Goop မဂ္ဂဇင်းမှာ သူမရဲ့ အကြီးမားဆုံး ဖက်ရှင်အလွဲကတော့ The goth Alexander McQueen လို့ ထုတ်ဖော်ပြောဆိုခဲ့ ဖူးပါတယ်။
သူမဟာ အဲ့ဒီဂါဝန်ကို ဘရာမပါဘဲ ဝတ်ဆင် ဖို့ ရွေးချယ်ခဲ့မိလို့ အချိန်အတော်အကြာထိ နောင်တရနေမိပါသတဲ့။ Shakespeare In Love ရဲ့ မင်းသမီးက ‘အဲ့ဒီဝတ်စုံကို အခုချိန်ထိ နှစ်သက်နေ သေးတယ်ဆိုပေမယ့် ဘရာဝတ်ခဲ့သင့်ပါတယ်၊ အဲ့ဒီနေ့က ဆံပင်ကိုလည်း ရိုးရိုးရှင်းရှင်း ထုံးဖွဲ့ထားပြီး မိတ်ကပ်ကလည်း အများကြီး လိမ်းမထားခဲ့ဘူးလေ။ ပြီးတော့ ကျွန်မဝတ်ချင်သလို ဝတ်ခဲ့သင့်ပါတယ်။ အော်စကာမှာတော့ နည်းနည်းရယ်စရာ ဖြစ်သွားခဲ့တာပေါ့။’ လို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုမျိုး ရွေးချယ်မှု မှားယွင်းခဲ့ပေမယ့် နောက်ပွဲတွေမှာ ဘယ်လိုပြင်ဆင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ သင်ယူခွင့်ရရှိသွားခဲ့ပါတယ်။

Kendall နဲ့ Kylie ပြန်တွေ့ရင် ဖျက်ပစ်ဖို့ တောင်းပန်နိုင်တဲ့ ဓာတ်ပုံ 

ငယ်စဉ်ကလေးဘဝကို ရောင်စုံမီးရောင် တွေအောက်မှာ ကုန်ဆုံးခဲ့ရတဲ့အခါ နောင်တစ်ချိန်မှာ ပြန်တွေ့ပြီးတော့ ရှက်ရွံခံစားမိနိုင်တဲ့ ဖက် ရှင်ရွေးချယ်မှု အမှားလေးတွေရှိတတ်ပါတယ်။ အဲ့ဒီလို ဖက်ရှင်အလွဲလေးတွေကို လူသိရှင် ကြားတွေ ဖြစ်သွားပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုပြန်ပြီး ခြောက်လှန့်ခံနေရတာမျိုးတောင် ကြုံတွေ့ရနိုင်ပါတယ်။ အသက် ၈ နှစ်နဲ့ ၁ဝ နှစ်အရွယ် ဝန်းကျင်လောက်ကတည်းက မီးရောင်စုံအောက်မှာ ကြီးပြင်းခဲ့ရတဲ့ Kendall နဲ့ Kylie Jenner တို့မှာ လည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။
သူတို့ရဲ့ ပရိသတ်တွေကတော့ Kardashian-Jenner ညီအစ်မတွေထဲမှာ Kendall က စတိုင်အကျဆုံးလို့ ငြင်းဆိုချင်ကြလိမ့်မယ်ဆိုပေမယ့် သူမကတော့ သူမရဲ့ ဝဘ်ဆိုဒ်က ပို့စ်တစ်ခုမှာ ကျွန်မရဲ့ ကိုယ်ပိုင်စတိုင်လို့ ခေါင်းစဉ်တပ်ပြီးတော့ ‘ကျွန်မရဲ့ ညီအစ်မတွေအားလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကိုယ်က သိပ်ပြီး ဖက်ရှင်သိပ်မကျဘူးလို့ခံစားရတယ်’ ဆိုပြီး ထုတ်ဖော်ပြောကြားထားပါတယ်။
နောက်ပြီးတော့ Kendall က ‘အဲ့ဒီဓာတ်ပုံ အဟောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ခုချိန်ထိ ရှက်ရတုန်းပါဘဲ။ ကြောက်ရွံ့မိပါတယ်။ Kylie နဲ့ ကျွန်မ Wango တန်ဂိုအကပွဲကို သွားပြီး မြင်းကျားလို အစင်းတွေပါတဲ့ အင်္ကျီနဲ့ စင်ပေါ်တက် သွားခဲ့တယ်။ တောင့်တောင့်ကြီးရပ်ပြီး စိတ်ရှိလက်ရှိ ပါးစပ်အကျယ်ကြီးဟပြီး ရယ်နေခဲ့တယ်လေ။ အရမ်း… ရှက်တာဘဲ။’ ဆိုပြီး သူမစိတ်ပျက်မိရတဲ့ ဖက်ရှင်အလွဲတစ်ခုကို ပြောခဲ့ဖူးပါတယ်။ သူမရဲ့ ဖက်ရှင်ဇယားမှာတော့ အဲ့ဒီဝတ်စုံနဲ့ ဓာတ်ပုံက ပယ်ဖျက်ပြီးသွားတာ  သေချာလောက်ပါပြီ။ 


ဂျင်းဝတ်စုံဆင်တူနဲ့ ပတ်သက်လို့ Justin Timberlake က Britney ကို ဘယ်တော့မှ ခွင့်မလွတ်နိုင်လောက်ဘူးထင်

ကြာတာတော့ တော်တော်လေးကို ကြာခဲ့ပါပြီ။ ၂ဝဝ၁ ခုနှစ် အမေရိကန်တေးဂီတဆုပေးပွဲမှာ Britney Spears နဲ့ Justin Timberlake တို့ စုံတွဲက ဂျင်းဝတ်စုံဆင်တူနဲ့ တက်ရောက်လာခဲ့ပါတယ်။ အဲ့ဒီပုံရိပ်တွေကို အဲ့ဒီအချိန်ကတည်းက အင်တာနက်ကြီးက မှတ်ထားတာ အခုထိဘဲ ဆိုပါတော့။ ပြန်ပြန်ပေါ်လာတတ်တဲ့ ဖက်ရှင်အလွဲအတွက် Justin က သူ့ရဲ့ ရည်းစားဟောင်းကို ခွင့်မလွတ်နိုင်လောက်ဘူး ထင်ပါတယ်။ 
The Project ဆိုတဲ့ သြစတေးလျ ရုပ်သံအစီအစဉ်တစ်ခုမှာ Justin ကို မေးမြန်းခဲ့တုန်းကတော့ ‘အဲ့ဒါက သိပ်ကိုရူးချင်စရာ ကောင်းတဲ့အချိန်ဘဲ။ ကမ္ဘာကြီးကလည်း အရင်ကနဲ့ လုံးဝကို ကွဲပြားသွားသလိုမျိုးပေါ့။ တေးဂီတလောကကလည်း အရင်ကနဲ့မတူတော့ဘူး။ လုံးဝကို ထူးဆန်းတဲ့အချိန်ပေါ့။’ ဆိုပြီး လွဲခဲ့တဲ့ ဖက်ရှင်တစ်ခုအတွက် ခံစားချက်ကို ဖြေကြားခဲ့ဖူးတယ်။ သူ့အတွက် ပိုဆိုးသွားတာကတော့ ဖက်ရှင်သမိုင်းတစ်လျှောက်မှာ ပွဲတက်လာတဲ့အချိန်မှာ ဂျင်းဦးထုပ်ဝတ်ဆင်ဖို့ သင့်တော်တယ်ဆိုတာ မရှိသလောက်ကို ရှားခဲ့တာ လည်းပါပါတယ်။


ပုစွန်တုပ်ခေါင်းကို ထိပ်မှာတင်ထားခဲ့တဲ့ Gaga ရဲ့ အလွဲ

Lady Gaga ရဲ့ ဆန်းဆန်းပြားပြား ဖက်ရှင်တွေက လွန်ခဲ့တဲ့နှစ်တွေကတည်းက ရယ်မောဖွယ်ရာ အခိုက်အတန့်တွေ ပေးစွမ်းနိုင်ခဲ့တယ်လို့ ဆိုရမလားပါဘဲ။ အကောင်းဆုံး ဥပမာပေးပါဆို ရင်တော့ အသားတွေနဲ့ ဖန်တီးထားတဲ့ အင်္ကျီပါဘဲ။ အခုချိန်မှာတော့ Gaga က သူမရဲ့ ဖက်ရှင်နဲ့ပတ်သက်ရင် စိတ်မလုံမလဲအဖြစ်ရဆုံးကတော့ ဦးခေါင်းထိပ်မှာ ပုစွန်တုပ်ကြီးတင်ထားတဲ့ ပြင်ဆင်မှုဖြစ်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပရိသတ် တွေကိုလည်း သူမရဲ့ ဦးခေါင်းထက်မှာ နေရာပေးခဲ့မိတဲ့ ပုစွန်တုပ်ကြီးထက် သူမရဲ့ ဂီတကိုသာ ပိုပြီး အလေးပေးကြပါလို့ တောင်းဆိုခဲ့ပါတယ်။
Perfect Illusion ရဲ့ အဆိုရှင်က London Times Culture မဂ္ဂဇင်းကို ‘ကျွန်မ ကောင်လေးတွေနဲ့ စတူဒီယိုထဲမှာ ရှိနေခဲ့တယ်။ ခေါင်းပေါ်မှာရှိနေတဲ့ ပုစွန်တုပ်ကြီးကို ငေးကြည့်နေကြတဲ့ ကောင်လေးတစ်စုနဲ့ဆိုရင် ရှင်လည်း သီချင်းဆိုနိုင်မှာ မဟုတ်ဘူး။ သူတို့ကို အာရုံပြောင်းရပါတယ်။ ကျွန်မရဲ့ ဝတ်စုံတွေအားလုံးကို ဖက်ရှင်နဲ့ အနုပညာပေါင်းစပ်ပြီး ဖန်တီးရတာက ကျွန်မအတွက် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒီဝတ်စုံတွေက အခြားသူတွေအတွက်တော့ အဓိပ္ပာယ်ရှိမနေခဲ့ဘူးလေ’ လို့ ဖက်ရှင်ဘုရင်မက ဖြေခဲ့ဖူးပါတယ်။ 


၂ဝဝ၈ ကနေ ၂ဝ၁၃ ခုနှစ်ကာလများက ဖက်ရှင်တွေရဲ့ ခြောက်လှန့်မှုကို ခံနေရသူလေး Miley

Miley Cyrus ဟာ တကယ်တော့ အသက်ငယ်ငယ်ဘဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဘဝကို ပုံစံမျိုးစုံနဲ့ ကျင်လည်ခဲ့ပြီးသူ Miley မှာ နောင်တရမိတဲ့ အမှားတွေလည်း ရှိနေပါသတဲ့။ 
Cosmopolitan က သူမအမုန်းဆုံး ဝတ်စုံအကြောင်းကို မေးမြန်းခဲ့စဉ်က ‘ ၂ဝဝ၈ ကနေ ၂ဝ၁၃ ခုနှစ်အထိဆိုတော့ သိပ်ကို အများကြီးပါဘဲ။ Grammy ဆုပေးပွဲတွေကတော့ အကြမ်းဆုံးနဲ့ အဆိုးဆုံးလို့ဆိုရမှာဘဲ။’ လို့ ဖြေခဲ့ပါတယ်။ 
ဒါ့ထက် ပိုဆိုးတာက သူမအကြီးအကျယ် အောင်မြင်ခဲ့တဲ့ Wrecking Ball ဗီဒီယိုကိုတော့ သူမအနေနဲ့ ဖျောက်ဖျက်ပြစ်လို့ မရတော့ပါဘူး။ သူမက New Zeland အသံလွှင့်ဋ္ဌာနကို ‘ ကိုယ်တိုင်ဖယ်ရှားပစ်လိုက်လို့မရတဲ့အရာ၊ တစ်နေရာကနေ ဆန့်ကျင်ဘက်နေရာကို လွှဲခါနေတဲ့ wrecking ball ကတော့ အမြဲတမ်းရှိနေတော့မှာ။ တစ်ခါလုပ်လိုက်တာနဲ့ တစ်သက်လုံးရှိနေရော။ ဘယ် တော့မှ ဖျောက်ဖျက်မပစ်ပါဘူး။ ကျွန်မက လွှဲခါနေတဲ့ ဘောလုံးပေါ်က ကောင်မလေးအဖြစ် အမြဲရှိနေတော့မှာပါ’ လို့ ပြောခဲ့ဖူးတဲ့ Miley ရဲ့ ခံစားချက်ကိုတော့ ပရိသတ်ကြီးလည်း နားလည်ပေးနိုင်မယ်ထင်ပါတယ်။

ဒီလအတွက် ဖက်ရှင်အလွဲတွေအကြောင်းပြောတာ တော်တော်စုံလာပြီမို့ နောက်လမှာလည်း ကိုယ်သဘောကျတဲ့ နာမည်ကျော်တွေထဲက ဘယ်သူတွေပါလာဦးမလဲဆိုတာ ဆက်ပြီးတော့ စောင့် ကြည့်ပေးပါဦးနော်။

Ref : 21 Embarrassing Pics Of Style Mistakes These Celebs Admitted They Can't Even Look At
by Cheish Merryweather