Primary tabs

အော်စကာဆုအတွက် တတိယမြောက် အသက်အငယ်ဆုံးအဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့သူ Timothee Chalamet

Luca Guadagnino ညွှန်ကြားရိုက်ကူးတဲ့ Call Me by Your Name ဇာတ်ကားထဲမှာ Elio Perlman ဆိုတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ပြီး အနုပညာလောကကို တုန်လှုပ်ခဲ့စေရုံသာမက ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ အမေရိကန် သရုပ်ဆောင်ကတော့ Timothee Chalamet ပါ။ ရုပ်ရှင်ဝေဖန်ရေးတွေကို ရေးသားနေတဲ့ Olly Richards ကတော့ သူတစ်ယောက်တည်းရဲ့ သရုပ်ဆောင်မှုနဲ့တင် ရုပ်ရှင်ကို ကြည့်ရတာ တန်ပါတယ်လို့ ဆိုထားပါတယ်။ Timothee Chalamet ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလောကရဲ့ ထိပ်တန်းချီးမြင့် မြောက်စားမှုတွေဖြစ်တဲ့ ‘အကယ်ဒမီဆု’ ‘BEFTA’ ‘ရွှေကမ္ဘာလုံးဆု’ ‘Screen Actors Guild ဆု’ နဲ့ ‘Critics’ Choice Movie ဆု’ တွေ
ရဲ့ ဆန်ကာတင်ရွေးချယ်မှုတွေမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။ သူဟာ အကယ်ဒမီဆုရဲ့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်အဖြစ် ဆန်ကာတင်ရွေးချယ်ခံရတဲ့ တတိယမြောက် အသက်အငယ်ဆုံးသူ ဖြစ်ခဲ့တယ်။ အနုပညာစွမ်းတွေကို အသက်ငယ်ငယ်နဲ့ ထုတ်ပြနိုင်တဲ့ Timothee Chalamet ဟာ အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။ 

Timothee Hal Chalamet ကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ Manhattan မှာ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူ Nicole Flender က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်ဦး ဖခင်ဖြစ်တဲ့ Marc Chalamet ကတော့ UNICEF က အယ်ဒီတာတစ်ဦးပါ။ Timothee က ဖခင်ဖြစ်သူဆီက နေ ပြင်သစ်သွေးတစ်ဝက်ပါပြီး မိခင်ဖြစ်သူဆီကတော့ အမေရိကန် ဂျူးသွေးတွေ တစ်ဝက်စီးဆင်း နေတဲ့သူ ဖြစ်ပါတယ်။ Timothee မှာ Pauline အမည်ရ အစ်မတစ်ယောက်ရှိပြီး သူမက ပါရီမှာ ပြင်သစ်သရုပ်ဆောင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းရင်း နေထိုင်တဲ့သူပါ။ ရုပ်ရှင်ထုတ်လုပ်သူ Rodman Flender က မိခင်ဘက်ကနေ တော်စပ်တဲ့ ဦးလေးဖြစ်ပြီး ရုပ်သံထုတ်လုပ်သူ၊ စာရေးဆရာမ Amy Lippman ကတော့ သူ့ရဲ့ အဒေါ်ပါ။ နောက်ပြီး  Harold Flender အမည်ရ ဇာတ်ညွှန်းရေးဆရာက သူ့ရဲ့ အဖိုးဆိုတော့ အနုပညာကို မျိုးလိုက်ရိုးလိုက် မြတ်နိုးတတ်ကြသူတွေလို့ ဆိုရမှာပေါ့။

Timothee Chalamet ဟာ သူ့ရဲ့ အနုပညာလမ်းကြောင်းကို ကလေးသရုပ်ဆောင်အဖြစ် စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးခဲ့တဲ့အပြင် ၂ဝဝ၈ ခုနှစ်မှာတော့ Sweet Tooth နဲ့ Clown ဆိုတဲ့ ခြောက်ခြောက်ခြားခြား ဇာတ်ကား ၂ ခုမှာ သရုပ်ဆောင်ရင်းနဲ့ စတင်လျှောက်လှမ်းခဲ့ပါတယ်။ နောက်ပြီး Fiorello H. LaGuardia တေးဂီတ၊ အနုပညာနဲ့ သရုပ်ဆောင်ခြင်း အနုပညာ အထက်တန်းကျောင်းက သူ့ကို အထက်တန်းကျောင်းသား တစ်ယောက်အဖြစ် လက်ခံလိုက်တာက စတင်လို့ ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့ရတဲ့ အနုပညာလုပ်ငန်းတွေအပေါ် တွန်းအားပေးမှုကို ရရှိခဲ့တယ်။ ဒါပေမဲ့ သူဟာ LaGuardia မှာတုန်းက Lil’ Timmy Tim ဆိုတဲ့ အမည်နဲ့  ရက်ပါတစ်ယောက်အဖြစ် လှုပ်ရှားခဲ့ပြီး သူ့ရဲ့ အထက်တန်းကျောင်းက စာရင်းအင်းပညာ ဆရာမ Ms. Lawton ကို ဘယ်လောက်ချစ်ခင်တဲ့အကြောင်း သီချင်းရေးခဲ့ပါသေးတယ်။ ကျောင်းကနေ ဘွဲ့ရတဲ့ ၂ဝ၁၃ ခုနှစ်နောက်ပိုင်းမှာတော့ Clarie Danes ရဲ့ အကြံပြုချက်ကို လိုက်နာပြီး ကိုလံဘီယာ တက္ကသိုလ်ကို လျှောက်ထားခဲ့တယ်။ ဒါပေမဲ့ တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ NYU Gallain  ကျောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

Timothee Chalamet အနေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို စပြီးရိုက်ကူးတာက ‘Law & Order’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရဲ့ Pledge ဇာတ်ဝင်ခန်းမှာဖြစ်ပြီး Loving Leah ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း အရံသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။ စင်တင်ပြဇာတ်အတွေ့အကြုံကို စတင်ရရှိခဲ့တာကတော့ ၂ဝ၁၁ ခုနှစ်မှာပါ။ အသက် ၁၂ အရွယ်၊ ချစ်မှုရေးရာကိစ္စတွေကို စူးစမ်းတတ်တဲ့ ကောင်လေးအဖြစ် The Talls ဆိုတဲ့ ပြဇာတ်မှာ ပါဝင်ရင်းနဲ့ပေါ့။ အဲ့ဒီ ပြဇာတ်ထဲမှာ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ သူ့ကို နယူးယောက်နေ့စဉ်သတင်းစာရဲ့ ကဇာတ်ရုံနဲ့ သက်ဆိုင်တဲ့ ဝေဖန်ရေးကဏ္ဍကလည်း  ချီးကျူးပြောဆိုခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ Royal Pains ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲနဲ့ သည်းထိတ်ရင်ဖို စပိုင် ဇာတ်လမ်းတွဲဖြစ်တဲ့ Home Land တို့မှာ ပါဝင် ခဲ့တယ်။ Home Land မှာ ပါဝင်ခဲ့တဲ့ Finn Walden ဇာတ်ရုပ်နဲ့ Screen Actors Guild Award ရဲ့ သရုပ်ဆောင် ထူးချွန်ဆုအတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်ရွေးချယ်ခံခဲ့ရတယ်။ ရုပ်ရှင်တွေမှာတော့ ဒရာမာဇာတ်လမ်းဖြစ်တဲ့ ‘Men, Women & Children’  နဲ့ အစပြုခဲ့တယ်။ စီးပွားရေးအရရော အနုပညာပိုင်းအရပါ အမြတ်မထွက်ခဲ့ဘူး။ အဲ့ဒီနှစ်မှာဘဲ Worst Friends ဆိုတဲ့ ဟာသရုပ်ရှင်ထဲ မှာ Sam ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေ ရရှိခဲ့တယ်။ တစ်နှစ်တည်းမှာဘဲ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်တဲ့ Interstellar မှာ Tom Cooper ဇာတ်ရုပ်နဲ့  အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တယ်။ Tom ရဲ့ ငယ်ဘဝအဖြစ် ပါဝင်ထားပြီး မိသားစုကို စောင့်ရှောက်ဖို့ ကြိုးစားတဲ့ က လေးငယ်တစ်ယောက်အဖြစ်နဲ့ပေါ့။ Interstellar ဟာ စီးပွားရေးအရ သိပ်ကိုအောင်မြင်ခဲ့သလို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း ချီးကျူးသံတွေ ညံခဲ့ပါတယ်။

Timothee ရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း ဆက်ပြီးပြောရမယ်ဆိုရင် Andrew Droz Palermo ရဲ့ One & Two ဆိုတဲ့ ဇာတ်ကား မှာတော့ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အသက် ၁၆ နှစ်အရွယ် Zac က မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်းမှာ သူ့ရဲ့ညီမ Eva နဲ့အတူ သဘာဝလွန် စွမ်းအားတွေကို ရှာဖွေကြတဲ့ ဇာတ်လမ်းလေးပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ Stephen Elliott ၊ The Adderall Diaries နဲ့ Love the Copper ဆိုတဲ့ ဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ပြဇာတ်တွေကို ပြန်လည်ခြေဦးလှည့်သွားတာကတော့ ၂ဝ၁၆ ခုနှစ် ဖေဖေါ်ဝါရီလောက်ကပေါ့။ ပြဇာတ်ရေးဆရာ၊ ဒါရိုက်တာ John Patrick Shanley နဲ့ ထုတ်လုပ်သူ Scott Rudin့ က Jim Quinn ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ Prodigal Son ဆိုတဲ့ ပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ဖို့ အထူးရွေးချယ်ခေါ်ယူခဲ့တာကြောင့်ပေါ့။ သူက Shanley ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ရတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ အားပေးအားမြောက် ချီးကျူးသံတွေရရှိခဲ့ပြီး ထူးချွန်ဆုတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တယ်။

ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းဆုပ်နိုင်ခဲ့တာကတော့ Elio Perlman ဆိုတဲ့ ၁၇ နှစ်အရွယ် အီတလီလူမျိုးကောင်လေးအဖြစ် သရုပ်ဆောင်ရင်းနဲ့ပါ။ ၁၉၈ဝ ပြည့်လွန်နှစ်ကာလတွေကို အခြေတည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ လက်ထောက် Oliver နဲ့ ချစ်ကြိုက်မိသူအဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရဲ့ နာမည်ကတော့ Call Me by Your Name ဖြစ်ပါတယ်။ သူဟာ အဲ့ဒီရုပ်ရှင်အတွက် အီတလီမှာ ၃ လလောက်နေပြီးတော့ အီတလီဘာသာစကား၊ ပီယာနိုနဲ့ ဂီတာကို လေ့လာခဲ့ရတယ်။ နောက်ပြီး Call Me by Your Name ထဲမှာ ဂေးတစ်ယောက်အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြခဲ့တဲ့ Chalamet ကို  တချို့သော ပရိသတ်တွေက သူဟာ တကယ်ဘဲ ဂေးတစ်ယောက်လားလို့ မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။ အဲ့ဒီဇာတ်ကားနဲ့ဘဲ အနုပညာလောကရဲ့ ထိပ်တန်းဆုချီးမြှင့်ပွဲတွေမှာ အကောင်းဆုံးသရုပ် ဆောင်အဖြစ် ဆန်ကာတင်ပါဝင်လာနိုင်ခဲ့တယ်။

၂ဝ၁၇ နောက်ပိုင်းမှာတော့ Hot Summer Nights ဆိုတဲ့ ရုပ်ရှင်မှာ Daniel Middleton အဖြစ် ပါဝင်ရင်း ချီးကျူးမှုတွေ ရရှိထားတယ်။ Timothee ကို ၂ဝ၁၈ မှာလည်း ထပ်ပြီးတော့ တွေ့ မြင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။  နောက်ပြီး Hostiles မှာလည်း Christian Bale အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။ ၂ဝ၁၈ ခုနှစ်မှာတော့ သူဟာ မူးယစ်ဆေးစွဲနေတဲ့ ကောင်လေး Nic Sheff အဖြစ် Beautiful Boy အမည်ရ ဒရာမာရုပ်ရှင်မှာ ပါဝင်ထားပြီး  Woody Allen ရိုက်ကူးတဲ့ A Rainy Day in New York မှာလည်း Selena Gomez နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ Timothee Chalamet နဲ့ Selena Gomez တို့ဟာ Woody Allen ရဲ့ A Rainy Day in New York မှာ အတူပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။ 

Timothee တစ်ယောက် Woody Allen ရဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာကြောင့် လူအများရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ Timothee Chalamet က သူ့ရဲ့ အင်စတာဂရမ် ပို့စ်မှာ Allen နဲ့ စာချုပ်စာတမ်းအရ တာဝန်ခံချက်တွေ ရှိနေတာကြောင့် ဒီအလုပ်ကို ဘာကြောင့်ရွေးခဲ့ရလဲဆိုတဲ့ မေးခွန်းကိုတော့ မဖြေနိုင်ပါဘူး။ ရုပ်ရှင်ရိုက်လို့ ရလာတဲ့ အကျိုးအမြတ်တွေကိုလည်း သူမလိုချင်တာကြောင့် ရသမျှဝင်ငွေတွေ အကုန်လုံးကို TIME’S UP ၊ The LGBT Center in New York နဲ့ RAINN ဆိုတဲ့ အများအကျိုးဆောင် အဖွဲ့တွေကို လှူဒါန်းမှုပြုလုပ်သွားမယ့်အကြောင်း ပြောထားတာကို တွေ့ရပါတယ်။ 

သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကတော့ တော်တော်လေး ပြည့်စုံသွားပြီ ဖြစ်တာကြောင့် သူ့ရဲ့ ဝါသနာအကြောင်းလေး ဆက်ပါရစေနော်။ Timothee Chalamet ဟာ ဘောလုံးအားကစားကို သိပ်ပြီးဝါသနာပါတဲ့သူတစ်ယောက်ပါ။ ငယ်ရွယ်စဉ်အိမ်မက်က ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်အရွယ်တုန်းက ပြင်သစ်မှာရှိတဲ့ ဘောလုံး camp တစ်ခုမှာ အသက် ၆ နှစ်ကနေ ၁ဝ နှစ်အရွယ်ကလေးငယ်တွေအတွက် နည်းပြလုပ်ခဲ့ပါသေးတယ်။ 

ချစ်မှုရေးရာနဲ့ ပတ်သက်ရင်တော့ Timmy ဟာ ၂ဝ၁၃ လောက်တုန်းက ပေါ့ဘုရင်မကြီး Madonna ရဲ့ သမီးဖြစ်သူ Lourdes Leon နဲ့ တွဲခုတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ပြီး ကျောင်းကနေ ရိုက်ကူးထုတ်လုပ်တဲ့ Sweet Charity မှာ အတူ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂ဝ၁၇ ခုနှစ်မှာ လက်တွဲဖြုတ်ခဲ့ကြပေမဲ့ သူတို့နှစ်ယောက် ဟာ သူငယ်ချင်းတွေအဖြစ်တော့ ဆက်လက်ခင်မင်နေကြပါသေးတယ်။ လတ်တလောမှာတော့ Timothee Chalamet တစ်ယောက် ဘယ်သူနဲ့ ချိန်းတွေ့နေလဲဆိုတာနဲ့ ပတ်သက်လို့ သူ့ပရိသတ်အတော်များများက စိတ်ဝင်တစားရှိနေကြတဲ့ အကြောင်းပြောရင်း နှုတ်ဆက်လိုက်ပါတယ်။