Fashion မှာဆို Smart

“ငယ်ငယ်လေးကတည်းက အခုအသက်အရွယ်အထိကြိုက်တာက စမတ်ဖြစ်တဲ့ ပုံလေးတွေ။ ရှင်းရှင်းလင်းလင်းလေးနဲ့ ဘာမှသိပ်မပါတဲ့၊ မိန်းကလေးဆန်ဆန်ဝတ်ရတာလေးတွေ ၀တ်ဖြစ်ပြီး အဲဒါလေးတွေဝတ်ရရင် ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိတယ်” ဆိုတဲ့ တေးသံရှင် သံသာဝင်းရဲ့ စိတ်ကြိုက်ဖက်ရှင်များကို စုစည်းပေးလိုက်တယ်နော်.....

ငယ်ငယ်လေးကတည်းက မိန်းကလေးဆန်တယ်ပြောရမယ် ကိုယ့်ကိုယ့်ကို လှလှပပလေးဝတ်လိုက်ရရင် စိတ်ပျော်တယ်၊ Confidence ရှိ သွားတယ်။ ဖက်ရှင် Trend အလိုက် ခေတ်ရေစီးကြောင်းကို အမြဲတမ်းကြည့်တယ် လှလှပပ၊ သေသေသပ်သပ် သူ့နေရာနဲ့သူ ၀တ်ရတာကို ၀ါသနာပါတယ်။

အသားအရေနဲ့ပတ်သက်ရင် ကိုယ်ကကံကောင်းတဲ့အထဲမှာပါတယ်။ ငယ်ငယ်ကတည်းက အဖုအပိန့်ထွက်တဲ့အထဲမှာတော့ မပါဘူး။ အစပ်တော့စားတယ်၊ အငံတော့သိပ်မစားဘူး။ တစ်ခါတလေ ခရီးတွေသွားရင်၊ မိတ်ကပ်သုံးတာများရင် တော့ Treatment သွားတယ်။ ၆လတစ်ခါလောက် သွားဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ပုံမှန်ညဘက်ကျရင် 3 Step လောက်လုပ်တယ်။ Facial နဲ့ အရင်သစ်တယ်၊ ပြီးရင် Toner လေးလိမ်း၊ Night Cream လေးလိမ်း အဲဒါကတော့ ပုံမှန်လုပ်ဖြစ်တယ်။ အဲဒီတော့ မျက်နှာအသားအရေက ပျက်စီးတာနည်းပြီး ဂရုစိုက်သလိုဖြစ်တယ်။ 

ဖက်ရှင်ဆိုတာက အမြဲတမ်းပြောင်းလဲနေတာဆိုတော့ ကိုယ်လည်းတွေ့နေမြင်နေရတော့ ၀တ်တယ်။ ပြီးတော့ မြန်မာအင်္ကျီလေးတွေ ၀တ်ရ တာလည်း ကြိုက်ပြီးတော့ ကိုယ်နဲ့လည်း လိုက်တယ်လို့ထင်တယ်။ သူများတွေဝတ်ထားတာ ကြည့်ရင်လည်း စိတ်ချမ်းသာတယ်။

အမေက ကိုယ့်အတွက် အများကြီးစံပြဖြစ်တယ်။ တစ်ခါတလေကျရင် အမေ့ကိုတောင် မမီဘူး။ အမေက ဒီလောကထဲမှာ နေလာတာကြာပြီဆိုတော့ အမေ့ကိုကြည့်ပြီးတော့ အများကြီး အတုယူရတယ်။ တစ်ခါတလေကျရင် ကိုယ်က ဘာသိ ဘာသာနေရင်တောင်မှ အမေက မျက်နှာကို ဂရုစိုက်ဦး၊ Treatment လေးဘာလေးသွားဦးဆိုပြီး ပြောတယ်။ ကံကောင်းတာက ခန္ဓာကိုယ်အများ ကြီးဝတဲ့အထဲမှာ မပါဘူး။ အမေငယ်ငယ်တုန်းကလည်း ခပ်သွယ်သွယ်ပဲ၊ ၉၈ပေါင်၊ ပေါင်၁၀၀ လောက်ထိပဲရှိတာ ၀ိတ်အများကြီးမတက်ဘူး အမေလိုပဲ။

ဘယ်လောက်ပဲကံကောင်းကံကောင်း မိန်းကလေးဆိုတာ အသက်ကြီးလာလေ ကျလာလေဆိုတော့ ဒါကိုတော့ ထိန်းသိမ်းတတ်ရမယ်ပေါ့။ ကိုယ်လည်း အသက်နည်းနည်းရလာတော့ ကိုယ့်စိတ်ထဲမှာ နည်းနည်းပြည့်လာပြီထင်တယ်ဆိုရင် အစားနည်းနည်းလျှော့တာမျိုးတော့ရှိတယ်။ Gym တော့ သွားတဲ့အဆင့်မရောက်သေးဘူး။ အခုနောက်ပိုင်းကျတော့ Gym ဆိုတာ Fashion တစ်ခုလိုဖြစ်လာတဲ့အတွက် ကောင်းတဲ့ဘက်ကကြည့်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုသလို၊ လှလှပပနေရင် စိတ်အမြဲလန်းဆန်းနေတယ်၊ အဲဒီလိုလန်းဆန်းနေတဲ့ သူတွေကလည်း အမြဲအောင်မြင်နေတာကို တွေ့ရတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရင် ဘယ် Field မှာမဆို သူလုပ်တဲ့အလုပ်က အောင်မြင်တယ်လို့ထင်တယ်။ တချို့က အိမ်ထောင်ကျသွားရင် လှစရာမလိုတော့ဘူးလို့ ပြော ပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ အိမ်ထောင်ကျသွားရင်တောင် ကိုယ့်အမျိုးသားလည်း လှလှပပလေးဆို စိတ်ချမ်းသာစေတယ်၊ အမေကိုယ်တိုင်လည်း ကိုယ့်ရှေ့မှာ လှလှပပလေးနေတာမြင်ရတော့ အမြဲတော့ဂရုစိုက်တယ်။

Model - Thanthar Win
Photo - Aung Ko Ko(Gray Hills)