စင်မြင့်ထက်မှ အသက်သွင်းသူများ

Photo - Thardu Ko Ko
မြောက်မြားလှစွာသော ဧည့်ပရိသတ်တို့ရဲ့ အလယ်မှာ စမတ်ကျကျ၊ လှလှပပ ယုံကြည်မှုအပြည့်နဲ့ ခန်းမတစ်ခုလုံးကို ရုပ်လုံးကြွလာအောင် ပုံဖော်အသက်သွင်းပေးနိုင်တာ Emcee လို့ တင်စား ခေါ်ဝေါ်ကြတဲ့ စင်မြင့်ထက်မှ တင်ဆက်သူများပါ။ ဒီတစ်လမှာတော့ ပရိသတ်တွေ ချစ်ခင်နှစ်သက်အားပေးကြတဲ့ Emcee များနဲ့ တွေ့ဆုံပြီး Emcee တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုများနဲ့ အမှတ်တရအတွေ့အကြုံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

“ကိုယ့်ကြောင့် အခမ်းအနားရဲ့ အကျိုးအမြတ်ကို ပိုမိုမြင့်မားသွားစေချင်တယ်” 
တင်မိုးလွင်

မမိုးဖွင့်ဆိုတဲ့အခမ်းအနားမှူးအဓိပ္ပာယ်
အခမ်းအနားမှူးတစ်ယောက်အနေနဲ့ အခမ်းအနားကို ကြီးမှူးရတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် ပိုပြီးတော့များပြားတဲ့ Responsibility တွေ ရှိတယ်ဆိုတာကို မမိုးက မြင်ထားပါတယ်။ Master Of  Ceremony လို့ လူတွေကပြောကြပေမဲ့ အခမ်းအနားကိုကြီးမှူးရခြင်းထက် အခမ်းအနား တစ်ခုလုံး၊  ပွဲတစ်ခုလုံးအတွက် လိုအပ်ချက်တွေ အားလုံးကို ကိုယ့်ရဲ့အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ ကိုယ့်ရဲ့ Skill နဲ့ ၀န်ဆောင်မှု အပြည့်အ၀ပေးရတာလို့ ယုံကြည်လက်ခံထားပါတယ်။ ကိုယ်တိုင်လည်းပုံမှန် Emcee တစ်ယောက်ထက် သာလွန်တဲ့သူဖြစ်အောင် ကြိုးစားချင်စိတ် အရင်တည်းက ရှိခဲ့ပါတယ်။ အခမ်းအနားမှူးတစ်ယောက်က အခမ်းအနားအစီအစဉ်တွေကို ဖတ်ကြားကြေညာပေးဖို့ ရောက်ရှိလာတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ
ဒီအခမ်းအနားရဲ့ အကျိုးရလဒ်ဟာ ကိုယ့်ရဲ့ Weigh ၊ ကိုယ့်ရဲ့ Background ၊ ကိုယ့်ရဲ့ Supporting နဲ့ ပိုပြီး မြင့်မားသွားစေချင်တယ်။ ဒါကြောင့်လည်း အခမ်းအနားအစီအစဉ် ဖတ်ကြားကြေညာဖို့ ကျွမ်းကျင်အောင်ပဲ ကြိုးစားခဲ့တာ မဟုတ်ဘဲနဲ့ အခမ်းအနားကို ပံ့ပိုးနိုင်ဖို့ကိုယ့်ရဲ့ Image ကိုပါ တစ်ပါတည်း ယူဆောင်လာနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

Emcee ဘ၀အစ
မမိုးဟာ Engineer တစ်ယောက် ဖြစ်ပါတယ်။ Engineer နဲ့ ပတ်သက်တဲ့အလုပ်ကို မလုပ်ဖြစ်ခဲ့ပေမဲ့ အခုလုပ်နေတဲ့အလုပ်တွေကလည်း Engineer တစ်ယောက်ရဲ့ အသိပညာ၊ အတတ်ပညာ၊ အမှတ်သညာ အငွေ့အသက်တွေကို အများကြီးယူသုံးရပါတယ်။ ပြီးတော့  အားကစားသမားတစ်ယောက်အနေနဲ့လည်း ခန္ဓာကိုယ်ကို ကြံ့ခိုင် လှပအောင် လေ့ကျင့်ပြီးတော့ အေရိုးဘစ်အား ကစားသမားအနေနဲ့ ရပ်တည်ခဲ့တယ်။  အားကစားကပေးတဲ့ ကြံ့ခိုင်မှုတွေ၊ လေ့ကျင့်မှုတွေ၊ ရလဒ်တွေ၊ Team Work တွေ၊ အနိုင်အရှုံး အဓိကမဟုတ်ဘဲ စဉ်ဆက်မပြတ် ကြိုးစားနေဖို့သာ အဓိကဆိုတာတွေကို အခုလုပ်နေတဲ့ အလုပ်မှာ ထည့်သွင်းအသုံးချခဲ့တယ်။ မမိုးဟာ Miss Myanmar တစ်ယောက်လည်းဖြစ်တယ်။ ဒါဟာ အလှအပနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဦးစားပေးရတဲ့ကဏ္ဍပါ။ ဒီအရာတွေကိုလည်း Presenter ဘ၀မှာ ပြန်လည် အသုံးချတယ်။ ရင်းနှီးမြှုပ်နှံခဲ့တယ်။ Presenter ဆိုတာကလည်း Miss ပြိုင်ပွဲ ၀င်နေတာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့လှပမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးက အများကြီးလိုအပ်ပါတယ်။ အသက်အရွယ်အရ အလှအပတွေ ရင့်ကျက်စွာ ပြောင်းလဲသွားပေမဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေက ပိုမိုပြီး တိုးတက်လာမယ်။ ဒီလိုမျိုးတွေကို ပြန်ပြီးအသုံးချရမယ့် နေရာရှာလိုက်တဲ့အခါ Presenter အလုပ်ဘက်မှာ အသုံးချ ဖြစ်သွားတယ်။

နောက်တစ်ခုက မမိုး Business လုပ်တယ်။ ဒီနေရာမှာEdutainment အနေနဲ့ Model Agency ထောင်တယ်။ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ပြုစုပျိုးထောင်ပေးတာ မြေတောင်မြှောက်ပေးတာ အဲ့ဒီကဏ္ဍတွေမှာ လိုအပ်တဲ့ဗဟုသုတ၊ အရည်အသွေး၊ အသိပညာ၊ အတတ်ပညာတွေ အားလုံးသင်ပေးရတယ်။ စာတွေရေးတဲ့အတွက်လည်း ကိုယ်ရေးသားနိုင်ဖို့အတွက် စာတွေဖတ်ရတယ်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေကြည့်တယ်။ အဲ့ဒီကရတဲ့ ရသတွေ၊ သုတတွေအားလုံး၊ ခရီးသွားတဲ့ အခါမှာရရှိလာတဲ့ ဒေသန္တရ ဗဟုသုတတွေ အားလုံးကို ပြန်အသုံးပြုပါတယ်။ “ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်မယ်” ဆိုတဲ့စကားလုံးကို မမိုးကအရမ်းသဘောကျတယ်။ ကိုယ်က ဇာတ်သမားတစ်ယောက်မဟုတ်ပေမဲ့ ဇာတ်တွေသဘင်တွေ၊ ရုပ်ရှင်တွေလိုပဲ အနုစိတ်တဲ့ ဘာသာရပ်တစ်ခုဖြစ်အောင် ဒီ Presentation ကို ကိုယ့်ဘာသာကိုယ် အထူးပြုလေ့လာခဲ့တယ်။ စင်မြင့် ကြီးကြီးသေးသေး နိမ့်နိမ့်မြင့်မြင့် ပရိသတ်နည်းနည်းများများ သူတို့ကိုဖျော်ဖြေရမယ်၊ တင်ဆက်ရမယ်။ သူတို့ပြန်သွားတဲ့အခါမှာ သုတ၊ ရသတစ်စုံတစ်ခုယူသွားနိုင်ဖို့အတွက် မမိုးဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို အသုံးချလို့ရတယ်။ အသုံးချဖို့လည်းလိုတယ်။ အဲ့ဒါဟာပေးဆပ်ခြင်း တစ်မျိုးလို့ ခံယူပြီးတော့ Emcee ဘ၀စတင်ခဲ့တယ်။

အမှတ်တရ အတွေ့အကြုံများ
မမိုးရဲ့ကိုယ်ပိုင် Style ပင်ကိုစရိုက်က နည်းနည်း Fun ဖြစ်တယ်။ တစ်ခါတလေ ရယ်စရာတွေလည်း အတည်ပေါက်နဲ့ပြောတတ်တယ်။ ဒီရုပ်ဒီရည် ဒီပုံနဲ့ ဒီလိုအရွှန်းဖောက်လိုက်တာ သူပါ လားလို့ လူတွေသိသွားကြတယ်။ အဲ့မှာမမိုးရဲ့ ပထမဆုံးအတွေ့အကြုံက ငါအရွှန်းဖောက်ရင် ပရိသတ်တွေ သဘောကျတယ်။   တစ်ခါတလေ နောက်တာလွန်သွားတဲ့အခါ ပြန်တောင်းပန်ရတာ ပြန်ဖြည်ရတာမျိုးတွေ ရှိခဲ့တယ်။ Presenter တစ်ယောက် မမျှော်လင့်ထားတဲ့ Suprise တွေနဲ့ 
အတွေ့အကြုံတွေ ပြောရရင်တော့ တစ်ထောင့်တစ်ညပုံပြင်ထက် များသွားမယ်ထင်ပါတယ်။ 
 
Presenter ဘာသာရပ်များ
အဓိကကတော့ Presentation Skill ပါ။ သူဟာပြောတတ်မှ ပြောလိုစိတ်ရှိမှ ဖြစ်မှာဆိုတော့ အပြောကို အရင်ကျင့်ရတယ်။ မပြောခင်မှာ အဆင့်     (၃)ဆင့် ခွဲထားပါတယ်။ ပထမဆုံးက စိတ်ကူးရမယ်။ ချရေးရမယ်။ ပြီးမှပြောရမယ်။ တွေးပြီးရေး၊ ပြောပေါ့။ ပြီးရင်အသံအတွက် သက်သက်ကျင့်ပေးပါတယ်။ Facial Expression နဲ့ Body Gesture အတွက် ကျင့်ပေးတယ်။ ပြောတယ်ဆိုတဲ့ နေရာမှာ ထပ်ခွဲလိုက်ပြီး ဒီပြောတဲ့ Presentation ကြီးတစ်ခုလုံးမှာ သုတ၊ ရသ၊ အနှစ်သာရ Essence Of Presentation တွေကို သူမတူတစ်မူထူးခြားအောင် ဘယ်လိုတင်ဆက်မယ်ဆိုတဲ့ သီအိုရီတွေရှိတယ်။ ၀ါကျကို ဘယ်လိုတည်ဆောက်မလဲ။ စကား စုကို ဘယ်လိုဖွဲ့မလဲ။ ဝေါဟာရကို ဘယ်လိုရွေးလဲဆိုတာတွေ ပြောပြပေးတယ်။ နောက်တစ်ခါ Timing ထဲဝင်အောင် ဘယ်လို ပြောမလဲ။ ပရိသတ် ကိုဘယ်လိုဆွဲဆောင်မလဲ။ First Impression အတွက် ၀တ်တာစားတာ၊ ဆံပင်မိတ်ကပ်အပြင်အဆင်။ ပြီးရင် သူဟာမီဒီယာကို ဘယ်လိုအသုံးချမလဲ။ လာနားထောင်တဲ့ Public နဲ့ Relation ဘယ်လိုရှိရမလဲ။ ပြီးတော့  Joyful... အလုပ်လုပ်နေတဲ့အချိန်မှ ပျော်ရွှင်နေရမှာ မဟုတ်ဘူး။ အဲ့မတိုင်ခင်ကတည်းက ပျော်ရွှင်နေရမယ်။ Preparation ရှိရမယ်။ ဆောင်ရန်၊ ရှောင်ရန်တွေ ရှိတယ်။ ဘာမလုပ်သင့်ဘူး ဘာလုပ်ရမယ်ဆိုတဲ့စည်းကမ်းတွေရှိပါတယ်။ ဥပမာ-ပွဲလုပ်မယ့် နေရာကို ကြိုတင်ရောက်ရှိနေရမယ်။ သူငယ်ချင်း၊ မိသားစုခေါ်ဆောင်မသွားရ။ တယ်လီဖုန်းများကို မိုက်ခရိုဖုန်းနဲ့ နီးစပ်တဲ့နေရာမှာမထားရ။ အလုပ်လုပ်တဲ့နေရာမှာ အစားစားခြင်းမပြုရ။ အလုပ်မလုပ်ခင်မှာ အပြီးစားသွားရမယ် စသဖြင့် ပေါ့နော်။  မမိုးအနေနဲ့ အားလုံးကို Research လုပ်တယ်။ ဒီလိုသင်ပေးပြီးတော့ ဒီလိုခိုင်းလိုက်ရင် ဘယ်လောက်ထိ လက်ခံမလဲဆိုတာ အမြဲတမ်းကြည့်တယ်။ ပြီးရင်မမိုးရဲ့ Presenter သင်တန်းက ကလေးတွေ ကို Market ပါ ရှာပေးရတယ်။ Feedback တွေ ပြန်ယူပေးတယ်။ အဲ့ဒီလို ကလေးတွေရဲ့ တိုးတက်မှုကို စဉ်ဆက်မပြတ်ကြည့်တယ်။ စကားပြော​တတ် ရင်ရတယ်။ ဒါပေမဲ့ အနှစ်သာရလေးကလည်း ရှိရမယ်။ ကိုယ်ပိုင်ဟန်လေးလည်း မပျောက်စေနဲ့ပေါ့။ ဒါတွေကတော့ မမိုး အကျဉ်းချုံး ပြောပြတာပါ။

စိန်ခေါ်မှုများ
ဖြစ်နိုင်တဲ့စိန်ခေါ်မှုတွေဆိုတာ တစ်ခုက သူတို့အခမ်းအနားအစီအစဉ်တွေကို ကြိုတင်ရရှိထားတယ်။ အဲဒီအတိုင်းပဲ စိတ်အေးလက်အေးနဲ့ သွားတယ်။ ဟိုကျတော့ အစီအစဉ်ကပြောင်း တယ်။ ပြောင်းသွားတဲ့အစီအစဉ်မှာ ဖြစ်လေ့ဖြစ်ထရှိတာတွေထဲက ပြောပြရမယ်ဆိုရင် ခုကျမှနိုင်ငံခြားသားလာမှာမို့လို့ အင်္ဂလိပ်လိုပြောပေးပါ   လို့ ပြောတာမျိုး။ တစ်ခါတလေကျရင် ပွဲက (၂)နာရီ စမယ်ပြောတယ်။ ဒါပေမဲ့ လူမလာလို့ (၃)နာရီမှစတာမျိုး။ တချို့လူငယ်တွေကလူရှိမှ Presentation လုပ်ရမယ်လို့ထင်တယ်။ ခုံနေရာခင်းထားရင်(၁၀၀) (၈၀) လောက်ပြည့်မှ Presenter အတွက် သိက္ခာရှိမယ်လို့ထင်ကြတယ်။ မမိုးကတော့ မဟုတ်ဘူး။ ခုံနေရာ ခင်းထားတယ်။ နှစ်ယောက်လာလည်း ပြောတာပဲ။ အဲ့လိုမျိုးတစ်ခု ခုက Attack လုပ်လိုက်လို့ သူတို့ Surprise ဖြစ်သွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေအားလုံးက ကြိုသိထားရမယ့် အရာတွေပါ။ တစ်ခါတလေကျရင် ထိုင်နေတဲ့ဝန်ကြီးတစ်ဦးဦးကို ဖိတ်ခေါ်ရမယ်ဆိုပါတော့။ သူဘယ်နေရာ ထိုင်နေသလဲဆိုတာ သိထားရမယ်။ ဖိတ်ခေါ်မယ်ဆိုသူရောက်နေပြီ ဖြစ်ရဲ့လားဆိုတာ ကြိုမေးထားရမယ်။ တစ်ခါတလေကျရင်လည်း အခမ်းအနားက စီစဉ်ထားသလိုဖြစ်ပေမဲ့ ပရိသတ်ထဲက တုံ့ပြန်မှုတစ်ခုခုဖြစ်တဲ့အခါ ပရိသတ်ကလည်း သူ့ဘက် သူပြန်မထိန်းနိုင်ဘူး။ ပွဲရှင်ကလည်း မထိန်းနိုင်ဘူး။ ပွဲရှင်ဆိုတာကလည်း ပွဲနေ့တိုင်းလုပ်နေသူ မဟုတ်တော့ သူ့ Customer ၊ သူ့ပရိသတ်ကို သူ မမျော်လင့်ထားဘူးလေ။ တချို့ကဒေါသထွက်ပြီး ထမေးတာမျိုးရှိမယ်။ တချို့ကလည်း ယမကာနဲ့ဧည့်ခံထားတဲ့အတွက် မူးယစ်ပြီး တစ်ခုခုဖြစ်တာမျိုးရှိလာတဲ့အခါ လှနေတဲ့ပွဲကို ရုပ်ဆိုးမသွားအောင် Presenter က ထိန်းပေးရမယ်။ Presenter ကို ငှားတုန်းကတော့ အဲ့ဒီတာဝန်တွေ မပါဘူးပေါ့။   ဒါကြောင့် Presenter တစ်ယောက်ဟာ More than presenter ဖြစ်နေရမယ်။ မမိုးဆိုရင် ဘွဲ့တွေအများကြီးထပ်ယူရတယ်။ ဒီ ဘွဲ့တွေနဲ့အတူ မမိုးရဲ့ Link တွေ၊ Network တွေ ဖြစ်အောင် လုပ်ရတယ်။ Lifelong Learning ဘ၀ တစ်သက်တာလေ့လာမှုကို ဘယ်တော့မှ အဆုံးသတ်လို့မရဘူး။ ဒါကြောင့် တစ်နေရာတည်းမှာ ရပ်မနေဘဲ Lifelong Learning လုပ်ပါလို့ ပြောချင်ပါတယ်။

အခက်အခဲဖြတ်သန်းမှု
မမိုးစတင်ခဲ့တဲ့ အချိန်မှာ အစပိုင်းဖြစ်တဲ့အတွက်ကြောင့် Presenter ဆိုတာ ဘာလဲ... လိုလို့လား... အဲလိုမျိုးတွေ ကြုံရတယ်။ ဒါပေမဲ့ များသောအားဖြင့် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေကို ဒါလေးလုပ်ပေး ရမလား... ဒါလေးလုပ်မယ်ဆို အဆင်ပြေမယ်လို့ ကိုယ်က ပြောပေးလိုက်ခြင်းအားဖြင့် သူတို့က တစ်ဆင့် ဟာ… အရမ်းအဆင်ပြေတာပဲ... လို အပ်တယ်ဆိုတာမျိုး ဖြစ်သွားတယ်။  ဒါကြောင့် Presentation တစ်ခုလုပ်တော့မယ်ဆိုရင် ဆက် စပ်နေတဲ့ ပညာရှင်တွေရဲ့ နယ်ပယ်တွေကို လေ့လာထားဖို့လည်းလိုတယ်။  Event Management ကိုလည်း နားလည်ထားဖို့လိုတယ်။ ဒါကြောင့် Presenter တွေဟာ သင်လို့ပဲ မဆုံးနိုင်ဘူးလို့ ညည်းညူလိမ့်မယ်။ 

ဝေဖန်မှုတွေကြုံတဲ့အခါ
အရင်ကဆို မမိုးအရမ်းနောက်တတ်တယ်။ ဒါကို လက်ခံတဲ့သူရှိတယ်။ တစ်ခါတလေလည်း လက်မခံနိုင်တဲ့သူရှိတယ်။ ကြည့်နောက်နော်.. ဆိုတာမျိုးလေးတွေ ပြန်ကြားရတာရှိတယ်။ ခပ်ငယ်ငယ် Presenter တစ်ယောက်အနေနဲ့တုန်းက ပရိသတ်က ကိုယ့်ထက်ကြီးနေတဲ့အခါ ဝေဖန်ခံရတာမျိုးရှိပါတယ်။ ဒါတွေကိုလည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေအဖြစ် ပြန်ပြောပြနိုင်ခဲ့တယ်။ တစ်ခါတလေကျရင် အင်္ဂလိပ်စာလုံးတွေပြောတဲ့အခါ ကိုယ်တွေ မြန်မာနားလည်တဲ့ အသံထွက်မျိုးနဲ့ ပြောမိတယ်။ တစ်ခါက ပွဲထဲမှာ အင်္ဂလိပ်စာဆရာတစ်ယောက်ပါတော့ အသံထွက်သေချာထွက်ဖို့ လာပြောတာ ကြုံဖူးတယ်။ အဲဒါလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာပြောရင် အဖိအဖော့တွေနဲ့ ဘိုသံပေါက်ပေါက်နဲ့ ပြောတဲ့   အခါ နားမလည်တဲ့သူများတယ်။  အားလုံးနားလည်တဲ့အသံမျိုး…အိုဘားမားဆိုလည်း သူ့ရဲ့စကားသံကို တစ်ကမ္ဘာလုံးက နားလည်တဲ့အတွက် ဂျပန်မှာဆို အင်္ဂလိပ်စာသင်တန်းတွေမှာ အိုဘားမား အင်္ဂလိပ်နဲ့ သင်တယ်ပြောတော့ မမိုးအနေနဲ့လည်း ဘိုသံပေါက်ရေး ဒို့အရေးဆိုတာမျိုးတော့ မစွဲထားဘဲနဲ့ ဝေဖန်တာတွေကိုလည်း လက်ခံပါတယ်။ အတတ်နိုင်ဆုံးပြုပြင်ပါတယ်။ တစ်ခါတလေကျတော့လည်း ဒုံရင်းပဲ ပြန်ဖြစ်သွားတာတွေလည်း ရှိပါတယ်။ တစ်ခါတုန်းကတော့ မဂ္ဂဇင်းတစ်ခုက ၀တ်ပြီးသားကို ပြန်ဝတ်တယ်ဆိုပြီး ဝေဖန်တာခံရတယ်။ မမိုးကလည်း ပြန်ဝတ်တာကိုး..(ရယ်လျက်)။ မမိုးက Reduce ၊ Reuse ၊ Recycle ကို သဘောကျတယ်။ အတတ်နိုင်ဆုံးကုန်ကျစရိတ်နဲ့ သဘာဝကိုအများကြီး မသုံးချင်ဘူး... Reduce ပေါ့။ ခဏခဏလည်း ပြန်သုံးတယ်... Reuse။ နောက်ပြီးတော့ ဖြတ်ညှပ်ကတ် Recycle လည်း မမိုးက၀ါသနာပါတယ်။ 

အမှတ်တရစကား
Presenter ဈေးကွက်က ကြီးလာတာမှန်တယ်။ Presenter တွေလည်း များလာတာမှန်တယ်။ ဒါပေမဲ့ ထိရောက်တဲ့၊ မူကွဲတဲ့ ၊ စတိုင်လ်ရှိတဲ့ Presenter တွေ ဖြစ်လာအောင်ကြိုးစားပါလို့ မျိုးဆက်သစ်တွေကို ပြောချင်ပါတယ်။ နောက်ပြီး
တော့ Presenter is everything ပဲ… တကယ်သာ ကိုယ့်ရဲ့ Presentation က ကောင်းတယ်ဆိုရင် တစ်ချိန်မှာ Speaker တစ်ယောက်ဖြစ်နိုင်တယ်။ ကိုယ်ပိုင် Talk Show တွေ ထူထောင်နိုင်မယ်။ သင်တန်းတွေ ဖွင့်ပြီး Moltivation Class တွေ ပို့ချနိုင်မယ်။ ကျောင်းတွေ တက္ကသိုလ်တွေမှာ အချိန်ပိုင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရတဲ့ Lecturer တွေ ဖြစ်လာမယ်။ သူတို့မမြင်သေးတဲ့ အရာတွေ အများကြီး မြင်လာမယ်။ မမိုးကိုယ်တိုင်လည်း အခုဆို ကျောင်းတွေမှာ ဟောပြောရတာတွေရှိတယ်။ ကိုယ်ပိုင် Talk Show တွေ လုပ်ပြတယ်။ ကိုယ်လုပ်ပြတာ ကြည့်ခြင်းအားဖြင့် သူတို့မြင်လာမယ်။ ကိုယ်စီစဉ်နေတဲ့အစီအစဉ်တွေ၊ အတွေးတွေကို သူတို့မမြင်သေးတာတွေလည်း ရှိတယ်။ အဲဒါတွေကိုလည်း ဉာဏ်ပညာကြီးကြီး
မားမားနဲ့ အမြင်ကျယ်ကျယ်နဲ့ ကြည့်ထားပါ။ အဲဒီအတိုင်းပဲ ရောက်အောင် ရွေ့လျားနိုင်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။

“Emcee လို့ ကိုယ့်ကိုယ်ကိုခံယူရင်တော့ ဒီပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ အပြစ်ပြောခံရခြင်း၊ ချီးမွမ်းခံရခြင်းဟာ ကျွန်တော်တို့မှာတာဝန် ရှိတယ်”
ဆန်းထွဋ်

Emcee ဘ၀အစ 

ပဟေဠိနန်းတော်အစီအစဉ် TV ပေါ်မှာ ပြခွင့်မရခင်အချိန်က ကျွန်တော် Radio Announcer ဘ၀မှာပဲရှိခဲ့တယ်။ ပထမဦးဆုံး မြန်မာနိုင်ငံမှာ FM Radio တွေစတင်ခဲ့ချိန် ၂၀၀၀ ခုနှစ်မှာ City FM Radio က စမ်းသပ်ကာလပေါ့။ ၂၀၀၁ ခုနှစ်မှာ စတင်ထုတ်လွှင့်တယ်။  စမ်းသပ်ကာလအချိန်မှာ ကျွန်တော်အရမ်းကိုလုပ်ချင်တဲ့ အစီအစဉ်လေးရှိတယ်။ နိုင်ငံတကာက  Music နဲ့ ပတ်သက်တဲ့ ရောင်းအားအကောင်းဆုံး Album တွေ၊ Billboard မှာရှိတဲ့ ဘယ်နိုင်ငံရဲ့ ဘယ်မြို့ရဲ့ Top 100, Top 10, Top 20 ဆိုတဲ့ Music တွေကို Program လေးလုပ်ချင်တာ။ အဲဒီအချိန်တုန်းက ရန်ကုန် Directory နဲ့ Myanmar Marketing Research And Development ကုမ္ပဏီမှာ ကျွန်တော် Database လုပ်ရတဲ့ ၀န်ထမ်း။ Directory Data အတွက်ကို ကောက်ရင်းကနေ Music တွေ ရောင်းအားတွေရဲ့ ခွေဆိုင်တွေ Album တွေ တစ်ပတ်နဲ့တစ်ပတ် ရောင်းအားတွေ.. ကိုယ့်ဘာ့သာကိုယ် Data ကောက်ထားတဲ့ အချက်အလက်တွေ ကို ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော် Program အဖြစ် အသက်သွင်းကြည့်ဖို့ ကြိုးစားရင်းကနေ Sample လေးလုပ်ပြဆိုတော့ ကိုယ်တိုင်ပဲ Script ရေး၊ စကားပြော ၊ လိုအပ်တဲ့သီချင်းလေးတွေရှာထည့်၊ Audio Edit လေးတွေကို တတ်သလောက် မှတ်သလောက်သင်ကြားပြီး လုပ်ပြီးတော့  City FM Radio ကို ပြခဲ့တယ်။ ကျွန်တော့်ကြိုးစားမှုလေးကို Radio Station က အသိအမှတ်ပြုတာခံရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး FM Radio Program လေးဖြစ်လာတယ်။ City FM Radio မှာလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ယောက်ျားလေး Annoucer အဖြစ် ကျွန်တော့်အသံပါခွင့်ရခဲ့တယ်။ အဲ့ဒီကစပြီး ကျွန်တော် Radio အစီအစဉ်တွေလုပ်ခဲ့တယ်။ နောက်ထပ် သူငယ်ချင်း မောင်မောင်အေးနဲ့ ကိုမင်းခိုက်စိုးစံနဲ့ ပေါင်းပြီး Dream Boat အဖွဲ့လေးဖွဲ့ဖြစ်ကြတယ်။  ထပ်ပြီးတော့ ပဟေဠိနန်းတော် အစီအစဉ်လေးကို ကျွန်တော်တို့ကြိုးစားကြတယ်။ အဲ့အချိန်မှာ ဓာတ်ပုံဆရာ ဆရာဇော်မင်းယုက Oramin-G ကြော်ငြာရိုက်ဖို့ ကျွန်တော့်ကို ကမ်းလှမ်းခဲ့တယ်။ သရုပ်ဆောင်ခြင်း အတတ်ပညာ၊ Camera ရှေ့မှာနေရတာကို အဲ့အချိန်မှာ တစ်စက်ကလေးမှ မတတ်သေးဘူး။ အဲဒီ့ကနေမှ ရင်ခုန်စရာအသစ်တစ်ခုအနေနဲ့ ကိုယ်မဟုတ်တဲ့ Character တစ်ခုထဲကို ၀င်ကြည့်ရတာကိုပါ စိတ်ပါဝင်စားတတ်လာတယ်။ အဲ့ဒါကြောင့် ကားရိုက်တွေနဲ့ Emcee အလုပ်ကိုပါ လုပ်ဖြစ်ခဲ့တယ်။ အဲ့လိုတွဲလုပ်ရင်းကနေ ကားရိုက်အတွက် စာချုပ်ချုပ်ဖို့ ဖြစ်ခဲ့တယ်။ ဘယ်နှစ်ကားရိုက်မယ်ဆိုပြီး စာနယ်ဇင်းပွဲလေးတောင် လုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဒီဘက်မှာလည်းပဲ TV Presenter အပြင်ကို Freelance အဖြစ်လည်း အပြင်ပွဲတွေက တော်တော်များများ လာငှားနေကြပြီ။ ကျွန်တော်တို့လုပ်တဲ့ Dream Boat ကနေ Game Service လေးတွေက တဖြည်းဖြည်း အောင်မြင်လာတယ်။ အဲ့ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အချိန်ပေါ့… ကျွန်တော့်ရဲ့ Professional ကို ဘယ်ဘက် ရွေးရမလဲဆိုတာ ပြဿနာနည်းနည်း ရှိလာခဲ့တယ်။ ထဲထဲဝင်ဝင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့အခါ ကျွန်တော်သီချင်းတွေ ကြိုက်တဲ့အတွက် Music Program တွေကို တင်ဆက်ခဲ့တယ်။ ကျွန်တော်စကားပြောရတာကြိုက်တယ်။ စာတွေဖတ်ရတာ ၀ါသနာတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ Marketing Research မှာ Database လုပ်ခဲ့တဲ့အတွေ့ အကြုံအရ ကုမ္ပဏီတစ်ခုက ပွဲတစ်ခုအပ်လိုက်ရင် ဒီကုန်ပစ္စည်းက ဘယ်လိုလူတန်းစားအတွက်ကို၊ ဘယ်လို Target အတွက်ကို ရောင်းချင်လို့ Promotion လုပ်တာလဲ မိတ်ဆက်တာလဲဆိုတာ အလိုလိုသိတယ်။ အဲ့လို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့အချိန်မှာ ငါဟာ  Emcee အဖြစ်ပဲ ရပ်တည်မယ်ဆိုပြီး ဒီဘက်ကိုပဲ ဇောက်ချလိုက်တယ်။ ကျွန်တော်တို့ကို အလုပ်အပ်တဲ့သူတွေက အမြဲတမ်းကြိုအပ်ကြတယ်။ အစည်းအဝေးတွေထိုင်ပြီး ကြိုတင်ဆွေးနွေးရတယ်။ ဖြစ်နိုင် မဖြစ်နိုင်တွေ တိုင်ပင်ရတယ်။ ကျွန်တော်တို့ဟာ ပွဲလုပ်တဲ့ချိန်လေးသာ Agenda လေးဖတ်ပြီး လုပ်မယ်ဆိုရင် Announcer ပဲဖြစ်လိမ့်မယ်။ Emcee လို့ ကိုယ့်ကိုယ်ကို ခံယူရင်တော့ ဒီပွဲရဲ့ကောင်းခြင်း၊ ဆိုးခြင်း၊ အပြစ်ပြောခံရခြင်း၊ ချီးမွမ်းခံရခြင်းဟာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူတယ်။ ဒါကြောင့် အမြဲ Prepare လုပ်ထားပါတယ်။

အမှတ်တရ အတွေ့အကြုံများ
တစ်ခါက တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ကျွန်တော်နဲ့ မောင်မောင်အေးကို ကုမ္ပဏီတစ်ခုက ငှားတော့ ၅ ရက်ဆက်တိုက် Stage Show မတိုင်ခင်မှာ Game တွေ လုပ်ပေးရတယ်။ လာတဲ့ ပရိသတ်တွေကို ဘယ်လောက်ဖိုးဝယ်ရင် Game ဆော့လို့ရမယ်ဆိုပြီး ပြိုင်ကြ၊ နိုင်တဲ့သူကို ဆုပေးကြတယ်။ ဖြစ်ချင်တော့ Alcohol ကုမ္ပဏီဖြစ်တဲ့အတွက် တက်လာမယ့်သူတွေ အကုန်လုံးက မူးနေတာ။ ကျွန်တော်တို့ ကြိုပြီးတော့ ကြောက်တာက ငါတို့စကားတစ်ခွန်း မှားသွားရင်ဆိုတာ။ ဒီတော့ ကျွန်တော်က မောင်မောင်အေးကို ပြန်ထိန်းတယ်…မင်းက ပါးစပ်က လွှတ်ခနဲ လွှတ်ခနဲ ဘယ်လိုပြောတယ်…။ မောင် မောင်အေးကလည်း မင်းရဲ့မျက်နှာက ထစ်ခနဲရှိရင် ဟန်မဆောင်ဘူးဆိုပြီးပြောတယ်။ အဲ့ဒီလို ကျွန်တော်တို့ စိုးရိမ်နေတာတွေက ပွဲစလုပ်တဲ့ ပထမဆုံးနေ့မှာပဲ အကုန်ပျောက်ကုန်တယ်။ မူးနေတဲ့ လူတွေက ကျွန်တော်တို့ကိုခင်ကြတယ်။ ၅ရက်စလုံး တအားပျော်စရာကောင်းလွန်းလို့ အမှတ်တရ ဖြစ်ခဲ့တယ်။ နောက်ရက်တွေမှာဆို ပွဲကို စောစောသွားပြီး သူတို့နဲ့ Game တွေ ဆော့ချင်နေတာ… အဲ့လို Taste မျိုးလေးရခဲ့တယ်။ နောက်တစ်ခုက ကျွန်တော် Presenter ပေါက်စဘ၀က ဆေးကုမ္ပဏီတစ်ခုရဲ့ပွဲမှာ ကျွန်တော့်ရဲ့ တကယ့် သင်ဆရာ၊ မြင်ဆရာ၊ စင်ပေါ်မှာ တွေ့တိုင်းလည်း ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ဆုံးမတဲ့ မမိုးနဲ့တွဲပြီး ပွဲလုပ်ခွင့်ရတယ်။ အဲ့တုန်းက နာမည်တော်တော်ကြီးတဲ့ ဆရာဝန်ကြီးတစ်ယောက်နဲ့ ကျွန်တော်နဲ့ မမိုးနဲ့ Product Talks လေး ပြောဖို့ဖြစ်တယ်။ အဲဒီ  Product နဲ့ပတ်သက်လို့ ကျွန်တော်ကြိုပြီး လေ့လာထားတယ်။ မမိုးနဲ့လည်း Rehearsal လုပ်ထားတယ်။ စင်ပေါ်မှာ ပြောကြတော့လည်း ကျွန်တော်တို့က အဆင်ပြေတယ်။ ဆရာဝန်ကြီးကကျတော့ စင်ပေါ်မှာ မမိုးကိုပဲကြည့်ပြီး စကားပြောသွားပြီး  တော့ Professional ဖြစ်ဖို့ ပစ္စည်းတစ်ခုကောင်းဖို့ဆိုတာ သူများနဲ့မတူဘူးဆိုတဲ့ အကြောင်းအရာကို ပြောကြတဲ့အချိန်မှာ Emcee ဆိုရင်ကြည့်လေ ဘယ်သူ့ကိုရွေးစရာရှိလဲ ဒါ.. မမိုးပဲရှိမှာပဲဆို ပြီး အဲဒီ့မှာ Emcee နှစ်ယောက်ရှိနေပေမဲ့ ကျွန်တော်ကို လုံးဝ အဖက်တစ်စက်လေးတောင် လုပ်မသွားခြင်းကို ကျွန်တော်ခံရဖူးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ပြန်တွေ့ရတဲ့ အချိန်မှာတော့ ကျွန်တော့်ကို Appreciate လုပ်ပြီး လက်ဆွဲနှုတ်ဆက်နေပါပြီ။ ဒါဟာ ကျွန်တော်အပြစ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံကို ပြောတာပါ။ ငါရောက်နေတဲ့ နေရာဟာ လူတွေ အသိအမှတ်ပြုခြင်းကို ခံရတဲ့နေရာကို ရောက်နေတာ မဟုတ်သေးဘူး။ စင်ပေါ်ရောက်နေပေမဲ့ ကိုယ်ဘာမှမဟုတ်ဘူးဆိုတာကို ပြသွားပေးသလိုပါပဲ။ ကျွန်တော်လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို သင်ပေးသွားတဲ့ ဆရာကြီးလို့ စိတ်ထဲမှာ အမြဲတမ်းမှတ်ထားပါတယ်။ ဆန်းထွဋ်ကို ဒီပွဲအပ်ထားလိုက်ရင် ယုံကြည်ရပါတယ်ကွာဆိုတဲ့ ယုံကြည်မှုတစ်ခုကိုရအောင် ကျွန်တော် တည်ဆောက်ခဲ့တယ်။ 

ဖြတ်သန်းခဲ့သော အလွဲများ
ကျွန်တော်တို့အဖွဲ့လေး ပဟေဠိနန်းတော် အစီအစဉ်ကိုပြဖို့ ကြိုးစားကြည့်နေတဲ့ အချိန်တုန်းက ဒီမှာ TV Station နှစ်ခုပဲရှိတယ်။ အဲဒီနှစ်ခုစလုံးရဲ့ အကြိမ်ကြိမ်ဖယ်ချခံရခြင်းထဲ ခုချိန်မှာ ပြန်ပြောရင် အလွန်ရယ်စရာကောင်းသော မှတ်ချက်များစွာ ကျွန်တော်သိမ်းထားဖူးတယ်။ ကျွန်တော်ကလည်း Radio Announcer တစ်ယောက်ဆိုတော့ ဆန်းထွဋ်ရဲ့ အသံပဲသိချင်သိမယ်။ ရုပ်ကို မသိဘူး။ မောင်မောင်အေးဆိုတာ တစ်ခါမှသိလည်းမသိ မြင်လည်းမမြင်ဖူးဘူး.. သူ့ဘာသူ ဘီယာဆိုင်ဖွင့် နေတာ။ မင်းခိုက်စိုးစံကလည်း အဲဒီအချိန်မှာ သုည လုံးချင်းလေး စထွက်ဖူးတဲ့သူ..။ ဘယ်သူမှန်းတောင်မသိတဲ့ ဒီသုံးယောက်က TV ပေါ်မှာပါချင်လို့ ဘယ်သူမှလည်း တစ်ခါမှမရိုက်တဲ့ Action ပါတဲ့ ဂိမ်းတွေကို ဒီပေါ်မှာပြရအောင် နင်တို့က ဘယ်သူတွေမို့လို့လဲဆိုတဲ့ အမြင်နဲ့ စကြည့်ခြင်းကို ခံရတယ်။ အဲဒီ ဖြတ်သန်းမှုက ခုချိန်မှာပြန်တွေးရင် ရယ်စရာပေမဲ့ အဲဒီတုန်းကသာ စိတ်ဓာတ်ကျစရာရှိရင် မြောင်းထဲလုံးလုံးရောက်ပြီး ပြန်ပေါ်လာစရာအကြောင်းမရှိအောင် စိတ်ဓာတ်ကျခဲ့ကြတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးရဲ့ ဒုတိယအိမ်လို့ပြောလို့ရတဲ့ စုရပ်လေးတစ်နေရာရှိတယ်။ ကျွန်တော်၊ မောင်မောင်အေး၊ စိုင်းစိုင်း၊ R ဇာနည်၊ ငယ်ငယ်၊ နန္ဒစိုင်း၊ ကောင်းမြတ်၊ ဇော်ကိုကိုတို့ အားလုံးဟာ Mr. Guitar ဆိုင်လေးရဲ့ ထောင့်ဘက်က စားပွဲမှာ ရှိကြတယ်။ အရင်တုန်းက အဲဒီနေရာမှာ ကိုငှက် (ထူးအိမ်သင်) ထိုင်ခဲ့တာ။ ကိုငှက်ကြောင့် အဲဒီကိုသွားကြရင်းနဲ့ (ဆိုင်ပိုင်ရှင်) ကိုနေမျိုးဆေးက ကျွန်တော်တို့ရဲ့ တကယ့် အစ်ကိုကြီးတစ်ယောက်လို ဖြစ်လာခဲ့တယ်။ အဲဒီ နေရာမှာပဲ အခု မိုးဆမ်းပန်းမီဒီယာလုပ်တဲ့ ကိုဇော်မင်းအေးစပြီး သိခွင့်ရခဲ့တယ်။ ကိုဇော်မင်းအေးကျေးဇူးနဲ့ ကျွန်တော်တို့ TV ပေါ်ရောက်ခွင့်ရခဲ့ တယ်။ ခုချိန်ထိလည်း မိုးဆမ်းပန်းမီဒီယာက မြ၀တီမှာ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို တင်ပေးထားခဲ့တာပါ။ TV ပေါ်မှာ ဒီအစီအစဉ်လေး တစ်ခေါက်ပြဖို့ ကြိုးစားရတဲ့အချိန်၊ ကိုယ့်လခလေးစုပြီးတော့ Sample ရိုက်ရတဲ့အခြေအနေ၊ Mr. Guitar က Stage ခုံလေးကို Unplugged ပစ္စည်း လေးတွေ ခဏဖယ်ပြီး အကူအညီတောင်းပြီး ရိုက်ခဲ့ရတာလေးတွေရှိတယ်။ ကိုနေမျိုးဆေးကလည်း အလကားပေးရိုက်တယ်။ ဆိုင်မှာအတူတူထိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ... ဖြိုးငွေစိုး၊ သားညီအားလုံးက Sample ရိုက်တိုင်း လာအားပေးတဲ့ ပရိသတ်တွေအဖြစ် အခမဲ့ကူညီပေးကြတယ်။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ 

Emcee တစ်ယောက်အတွက် လိုအပ်ချက်
အဓိကလိုအပ်ချက်က စာဖတ်ဖို့ပါ။ Emcee ရဲ့အလုပ်ဟာ စကားပြောရတာဆိုတော့ ပထမဆုံးပြောစရာ စကားလုံးတွေ ရှိရမယ်။ စကားလုံးတွေက စာအုပ်တွေထဲမှာ ရှိတယ်။ ဒါကြောင့် ဘယ်  လောက်အလုပ်များများ စာဖတ်ရမယ်။ ဘယ်နယ်ပယ်ထဲမှာပဲရှိရှိ Professional တစ်နေရာရောက်လာပြီဆိုရင် အချိန်နည်းလာတယ်။ နည်းတဲ့အချိန်ထဲမှာလည်း ဆက်ပြီးဖတ်နေရမယ်။ အလုပ်ချိန် မိသားစုချိန်တွေကြားမှာ ကိုယ့်ကိုယ်ကိုပြန်ဖြည့်ဖို့ အချိန်ဆိုတာလည်း ရအောင်ဖယ်ထုတ်ပြီး မအိပ်ခင်လေးမှာ စာဖတ်တယ်။ TV ကြည့်တယ်။ ကျွန်တော့်စိတ်ကိုက စာဖတ်တာနဲ့ သီချင်းနားထောင်တာကို အပြတ်ခံလို့မရဘူး။ Emcee ဟာ စင်ပေါ်မှာ အနုပညာရှင်တွေကို ဖိတ်ခေါ်ပေးရတယ်။ ဒီ အနုပညာရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေကို ကျွန်တော်တို့ သိနေရမယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေက အဲဒါတွေကိုပေးတယ်။ နောက်ထပ် ဒီဘက်ခေတ်မှာက Int’l Company တွေ အများကြီးဝင်လာပြီဆိုတော့ ပွဲတွေမှာ မြန်မာဘာသာတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ အင်္ဂလိပ်ကို 4 Skills တတ်နေမှ Emcee ဖြစ်ရမယ် မဟုတ်ပေမဲ့ Speaking ကိုတော့ စင်ပေါ်မှာ အသုံးအနှုန်း အဖြတ်အ တောက် မမှားယွင်းအောင်ပြောနိုင်ဖို့ လေ့ကျင့်ဖို့ လိုပါတယ်။ နောက်တစ်ချက်က ပွဲနဲ့လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုပါ။ ဒါဟာ ငါ့စတိုင်လ် ငါကြိုက်တာ ငါဝတ်မယ်ဆို MC အလုပ်နဲ့ လုံးဝမသင့်တော်ပါ။ ပွဲနဲ့ လိုက်ဖက်တာမျိုး၊ ကုမ္ပဏီဘက်က သူတို့ရဲ့ Brand Color ကိုဝတ်စေချင်တာမျိုး အစရှိတဲ့ ဖြစ်ချင်တာလေးတွေကို အဆင်ပြေအောင် လုပ်ပေးတတ်ဖို့လိုပါတယ်။ Personal Grooming နဲ့ သက်ဆိုင်တာလေးတွေကို ပြင်ဆင်သင့်ပါတယ်။ Personality ကောင်းရပါမယ်။ ရုပ်ဆိုးခြင်း၊ ချောခြင်းကို ပြောတာမဟုတ်ဘဲ ကြည့်လိုက်တဲ့သူဟာ ကိုယ်ပြောမယ့်စကားကို နားထောင်ချင်စိတ်ရှိမယ့် Personality မျိုးဖြစ်ဖို့ မွေးမြူတတ်ဖို့လည်း လိုပါတယ်။ ပေါင်းသင်းဆက်ဆံရေးကိုလည်း ပြောရပါမယ်။ ကျွန်တော်တို့ဟာ ပရိသတ်အားပေးလို့ ရပ်တည်နေတဲ့ အနုပညာရှင်တွေနဲ့ လုံးဝမတူပါ။  အနုပညာရှင်တွေ၊ ပရိသတ်တွေနဲ့ ကုမ္ပဏီတွေကြားမှာ အားလုံးအဆင်ပြေသွားဖို့ နေပေးရတဲ့ သူတွေဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးက အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကို လူမုန်းလို့မရဘူး။ ကိုယ်ဟာ ပြုံးနေရမယ်။ ပျော်နေရမယ်။ အဲဒါတွေ အရမ်းလိုအပ်ပါတယ်။ နောက်ပြီး သွန်သင်ဆုံးမတဲ့ သူတွေကို အလေးထားတတ်ရမယ်။ ကျွန်တော့်ကိုဆို မမိုးသင်ပေးခဲ့တာမျိုး၊ ဦးဇာဂနာ၊ ဦးမေတ္တာ၊ ဦးအရိုင်းတို့ဆို City FM မှာ အမြဲတမ်း ၀င်ထွက်သွားလာနေတာဖြစ်တဲ့အတွက် ကျွန်တော်ပြောနေတာ အသံသွင်းနေတာတွေကို ကြားရင်ကြားသလို ဆုံးမသွားတာမျိုးတွေရှိတယ်။ “မင်း မြန်မာစကားလုံးကို ဒီလိုမျိုးသုံးတယ်… ဘယ်လိုသုံးရမှန်း မသိဘူးလား” ဆိုတာမျိုး ဆဲသွားတယ်။ သူတို့ရဲ့ အဲဒီဆဲခြင်းပေါင်းများစွာဟာ ကျွန်တော့်အတွက် အရမ်းကို တန်ဖိုးရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော့် အတွေ့အကြုံကို ပြန်ပြီးမျှဝေပေးတာပါ။ ကိုယ်တိုင်လည်း အဲလိုပဲ ကျင့်သုံးခဲ့ပါတယ်။ 

အကြံပြုချက်
တချို့ Presenter လူငယ်တွေ အထင်မှားနေတာ တစ်ခုရှိတယ်။  ငါက စင်ပေါ်မှာ.. ငါလှနေမှ.. ငါ.. ငါ.. ဆိုတဲ့အတ္တ။ အဲဒါကို လုံးဝဖြုတ်ရပါမယ်။ “ငါက” မဟုတ်ဘူး.. ဒီကုမ္ပဏီက..ဒီကုန်ပစ္စည်းက..ဒီပွဲကလို့ပဲ ဖြစ်ရမှာပါ။ ကိုယ့်နာမည်ကို မိတ်ဆက်သင့်ရင်တော့ ဆက်ရမယ်။ ဒါပေမဲ့ တစ်ချိန်လုံး “ကျွန်တော် ဆန်းထွဋ်က” ဆိုတာမျိုး အလကားနေရင်း ထည့်ပြောနေတာ အဆင်မပြေဘူး။ အရင်ကတည်းက ကိုယ့်နာမည်ကို အဖျား စွတ်ထည့်ပြောတတ်တာမျိုးကတော့ လက်ခံပါတယ်။ စကားပြောတဲ့နေရာမှာလည်း ကိုယ်ကစင်ပေါ်တက်ပြီး သူများတွေ နားဝင်ချိုအောင်၊ နားထဲ ကိုရှင်းခနဲ ၀င်သွားအောင်၊ ကုမ္ပဏီက ကိုယ့်ကိုပြောစေချင်တဲ့ အကြောင်းအရာကို လူအများကြီး မှတ်မိသွားအောင်ပြောရမှာ ဖြစ်တဲ့အတွက် အဖြတ်
အတောက် လေယူလေသိမ်းလေးတွေကို လေ့ကျင့်သင့်ပါတယ်။ အဲဒီလို ဖယ်သင့်တာတွေဖယ်ပြီး ထပ်ဖြည့်သင့်တာတွေ ထပ်ဖြည့်မယ်ဆိုရင် လူငယ် Emcee ကောင်းတွေ နောက်ထပ်အများကြီးပေါ် ထွက်လာမှာပါ။ 

အမှတ်တရစကား
ကျွန်တော်တို့က အချိန်အကြာကြီး ယူပြီးတော့မှ နေရာလေးတစ်ခုကို ရောက်လာတဲ့သူတွေပါ။ ကိုယ့်ထက် အသက်အရ၊ ၀ါအရ၊ ပညာအရ၊ ဂုဏ်ကြီးတဲ့သူတွေက ပြောပြတာတွေ ကိုယ့်ကို ဆုံးမတာတွေ ကျေးဇူးတင်ပါတယ်။ မှတ်မှတ်ရရ ကျွန်တော်နဲ့ ဒီနေ့အထိ လူချင်းမဆုံဖူးသေးတဲ့ ကျေးဇူးတင်ရတဲ့ ဆရာတွေလည်းရှိပါတယ်။ ဥပမာ - ဘာသာပြန်တွေရေးတဲ့ ဆရာ ဦးစိုးသိဏ်းဆိုရင် ကျွန်တော်နဲ့ မသိပေမဲ့ City FM မှာ ကျွန်တော်တို့ တင်ဆက်တဲ့ “သီချင်းတွေနဲ့ကမ္ဘာ”ဆိုတဲ့ အစီအစဉ်လေးကိုကြားပြီး ဖုန်းလှမ်းဆက်တယ်။ Shania Twain ကို Indian နွယ်တယ်လို့ ပြောတာကြားလိုက်လို့ Red Indian နွယ်တယ်ဆိုတာကို လှမ်းပြင်ပေးတာ။ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ပြောချင်တာက ကျွန်တော့်မှာ 
အဲလို အခွင့်အရေးလေးတွေ ရခဲ့တယ်။ ဖြစ်နိုင်ရင် ခုခေတ်လူငယ်တွေမှာလည်း ပတ်ဝန်းကျင်မှာ ကိုယ့်ကိုပြောသင့်တာလေးတွေ ပြောပြပေးမယ့် ပတ်ဝန်းကျင်မျိုးပါ ပိုင်ဆိုင်ရင်တော့ ပိုကောင်း  မယ်လို့ ကျွန်တော် ထင်ပါတယ်။

“ပွဲတစ်ခုလုံးရဲ့ Tempo တက်လာဖို့ ဆွဲတင်ရတဲ့ အသက်တစ်ချောင်းက ကျွန်တော်ဖြစ်တာကြောင့် နားလည်ပေးစေချင်ပါတယ်”
ကျော်ထက်အောင်

Emcee ဘ၀အစ
ကျွန်တော်ငယ်ငယ်ကတော့ မင်းသားရူး ရူးတာပေါ့နော်။ ဒါပေမဲ့ အခြေအနေအကြောင်း ကြောင်းကြောင့် မင်းသားဘ၀မရောက်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော် ၂၀၀၁၊ ၂၀၀၂ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲပြီးတော့ အလုပ်တွေရှာခဲ့တယ်။ ဒီအသံ
ကြောင့်ပဲ ကျွန်တော် Family Entertainment Group မှာ အလုပ်စ၀င်ခဲ့တယ်။ အဲဒီမှာ နောက်ခံစကားပြောတွေ၊ ဘောလုံးပွဲအကြောင်းတွေ ပြောတယ်။ အဲဒီနောက် ပိုင်းမှာ TV Channel အတွက်   သီချင်းတွေကို Voice Joker လုပ်ဖို့ Emcee တွေလိုတယ်ဆိုပြီး ကျွန်တော်တို့ကို စမ်းသပ်ရိုက်တဲ့ အချိန်မှာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက် ယဉ်နန်းနွယ်နဲ့ ဒီအလုပ်ကို စလုပ်ဖြစ်ကြတယ်။ အဲဒီ TV Presenter ကနေ Management ဘက်ကိုကူးရင်း ခဏပျောက်သွားသေးတယ်။ တခြား Social Network တစ်ခုမှာ အလုပ်ဝင်ရင်းက ဆရာဂျွန်လွင်ရဲ့ အဆက်အသွယ်နဲ့ ပွဲတွေတော်တော်များများမှာ ကျွန်တော် Emcee အနေနဲ့ လိုက် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော့် Emcee Market ပြန်လိုက်လာတဲ့ နောက်ပိုင်းမှာ Sky Net ရဲ့ MNTV ကနေ ကျွန်တော့်ကို ပွဲတစ်ခုလုပ်စရာရှိတယ်။ ဒီပွဲကအကြီးကြီးပဲ ဘယ်သူ့မှမပြောပါနဲ့ဦး ကျွန်တော့်ကို အင်တာအရင်ခေါ်ဗျူးတာဆိုပြီး ပြော  တယ်။ ကျွန်တော်လည်း ဘာ Title မှန်းမသိသေးဘူး။ ကျွန်တော့်ရဲ့ Profile တွေ တင်ပေးပြီး အင်တာဗျူးလျှောက်လိုက်တယ်။ ၂ပတ်၊ ၃ပတ်လောက်ကြာမှ ကျွန်တော့်ကိုပြန်ခေါ်ပြီး သီချင်းဆိုပြိုင်ပွဲမှာ ဘယ်လိုလုပ်မလဲဆိုတာ နောက်ထပ် အင်တာဗျူးပြီးမှ Myanmar Idol ပွဲဆိုတာသိရတော့ မျက်ရည်ကျမတတ် ၀မ်းသာရပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ Programme တွေလည်းဖြစ်တော့ ဒီ Franchise Programme တစ်ခုမှာ ပါရမယ်ဆိုတော့ အရမ်းဝမ်းသာခဲ့ပါတယ်။ 

Presenter တစ်ယောက်ဖြစ်ဖို့
TV တွေကြည့်ပြီး လေ့လာသင်ယူခဲ့ရတယ်။ မြန်မာ့အသံက သတင်းကြေငြာတာတွေ၊ အကယ်ဒမီပွဲတွေမှာ မြန်မာ့အသံကလူတွေ စကားပြောတဲ့ လေယူလေသိမ်းတွေကို နားထဲစွဲနေပြီး အိမ်မှာ  သူတို့လိုမျိုး လိုက်ပြန်ပြောတာတွေက ဒီနေ့ ဒီအချိန်မှာ အထောက်အကူပြုလိမ့်မယ်ဆိုတာ ငယ်ငယ်တုန်းကတော့ မသိခဲ့ဘူး။ အကယ်ဒမီပေးပွဲပြီးပြီဆိုရင် မောင်နှမတွေက သူတို့ပြောတဲ့အတိုင်း ပြန်ပြောပြီး ဆော့ကြတာ။ အဲဒီလိုမျိုး TV ကနေ ကြည့်ပြီး သင်ခဲ့ရတာလို့ ပြောလို့ရတယ်။ တကယ် 
တော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်ဆိုတဲ့ ကံက ပါလာပြီးသား။ ငယ်ငယ်ကတော့ ကိုယ်ကမသိခဲ့ဘူး အဲဒီလိုမျိုးသာ သိခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုပြီး Polish လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလမ်းကြောင်းပေါ်ရောက်တဲ့အချိန် ဒီ Market ထဲမှာ နေရတော့မယ်ဆိုတဲ့အသိ၊ ဒီအလုပ်က ကိုယ့်ရဲ့အလုပ်လည်းဖြစ်တယ်၊ ကိုယ့်ရဲ့မိဘကိုလည်း ထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အသိနဲ့ Self Study လုပ်ပါတယ်။ Competition တွေ အများဆုံးကြည့်တယ်၊ Star World ကြည့်တယ်။ American Idol၊ American Next Top Model အများကြီးကြည့်ပါတယ်။ အဲဒီ အကြောင်းတွေ လေ့လာတယ်၊ အဲဒီက Host တွေ ဘယ်လိုပြောတယ်ဆိုတာတွေ၊ Presenter ဆိုတဲ့အသုံးအနှုန်းတွေ၊ သူတို့နဲ့ သက်ဆိုင်တဲ့အသုံးအနှုန်းတွေ အများကြီးလေ့လာတယ်။ အဲဒီလို Self Study လုပ်ရင်းနဲ့မှ ကျွန်တော်အဲဒါတွေကို စနစ်ကျကျသိလာပါတယ်။ ကိုယ့်ရဲ့အသံက ကိုယ့်ရဲ့အားသာချက်လို့ယူဆပြီး ဒီအလုပ်ကို လုပ်ဖြစ်သလို အစတုန်းကတော့ ကြောက်ပေမဲ့ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေတဖြစ်လည်း International Host တွေ အများကြီးကိုလေ့လာသလို၊ မြန်မာနိုင်ငံမှာဆိုရင် ကိုဆန်းထွဋ်တို့၊ ဦးအရိုင်းတို့၊ ဦးငှက်ပျောကြော်တို့၊ ကိုဒိန်းဒေါင်၊ ကိုခင်လှိုင်တို့ရဲ့ Presentation တွေကို ကြည့်ဖြစ်ပါတယ်။ စင်ပေါ်မှာ Presentation လုပ်တဲ့အခါ အရွှန်းလေးပါဖောက်မှ ပွဲကပိုမြိုင်တာ၊ ခန်းမတစ်ခုလုံးမှာရှိတဲ့ လူတွေ အားလုံးအပေါ် လွှမ်းမိုးနိုင်ဖို့က ကျွန်တော့်ရဲ့လက်ဦး ဆရာဖြစ်တဲ့ မမိုး(မတင်မိုးလွင်)ရဲ့ သင်ကြားမှုတွေအပြင် တခြားသူတွေကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။

Myanmar Idol
ကျွန်တော့်ကို ကျော်ထက်အောင်လို့ လူသိများ၊ နိုင်ငံကျော်စေခဲ့တာကတော့ Myanmar Idol ပါပဲ။ နိုင်ငံကျော်တယ်လို့ ပြောရတာက ကျွန်တော့်ကို အမေရိကား၊ သြစတြေးလျ၊ စင်္ကာပူ၊ ဘန် ကောက်စတဲ့ နိုင်ငံက မြန်မာပရိသတ်တွေကအစ ဖုန်းနဲ့ဆက်ပြီး အားပေးကြတယ်၊ လက်ဆောင်တွေလှမ်းပို့ကြတယ်။ ဘ၀ကိုအများကြီး ပြောင်းလဲပေးလိုက်တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး   လူတိုင်းအားလုံးနီးပါး နားမလည်နိုင်တဲ့ Directing ပိုင်းတွေရှိပါတယ်။ ကျွန်တော့်ကို လူတွေက အချိန်ဆွဲပြီးပြောတယ်လို့ ပြောကြတယ်၊ တကယ်က ကျွန်တော် အဲဒီလိုအချိန်ဆွဲလို့မရပါဘူး။ ငွေသန်း  ပေါင်းများစွာ အကုန်အကျခံပြီး Live လွှင့်နေတဲ့ ပွဲကြီးမှာ ကျွန်တော့်ဆန္ဒတစ်ခုနဲ့ အကြာကြီးရပ်နေ လို့မရပါဘူး။ ကျွန်တော့်ရဲ့ နားမှာ Earpiece ရှိနေပါတယ်၊ Earpiece က Directing ပါ။ ပွဲတစ်ခုလုံးရဲ့ Tempo တက်လာဖို့အသက်က အားလုံးကြည့် နေတဲ့အချိန်မှာ ကျွန်တော့်အသက်တစ်ချောင်းပဲ ရှိတယ်။ ဒီအသက်ကို ကျွန်တော်ကဆွဲတင်ရတာ ကို နားလည်ပေးပါလို့ပြောချင်ပါတယ်။ တချို့ကနားလည်ပေမဲ့ တချို့နားမလည်တဲ့သူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အမေနဲ့ တခြားအမျိုးသမီးတစ်ယောက်ကို မိတ်ဆက်ပေးတဲ့အခါမှာ ဒါ Idol အမေလေလို့ မိတ်ဆက်ပေးတော့  မကြိုက်ပါဘူး အရစ်ရှည်လို့ အမြင်ကပ်တယ်လို့ ပြောတာဆိုတော့ Directing အပိုင်းကို နားလည်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

Presenter တစ်ယောက်ရဲ့ လှုပ်ရှားမှုများ
ကျွန်တော်တင်ဆက်သူအနေနဲ့ လုပ်ခဲ့တဲ့ပွဲဆိုရင် တစ်ထောင်လောက်ရှိပါပြီ။ Market ထဲ မရောက်ခင် 5 Movie မှာလုပ်တုန်းက တခြား Company တွေက ကျွန်တော်တို့ Channel က  Presenter တွေပဲ ငှားလိုက်တာမျိုးရှိတယ်။ အဲဒီလိုပွဲတွေကနေ Client သိလာပြီး Audience သိလာတာကတော့ Myanmar Idol မှာ ပရိသတ်တွေ အုန်းအုန်းကျက်ကျက် သိလာကြတာပါ။ အခု နောက်ပိုင်းကျတော့ ပွဲတွေအရမ်းစိပ်လာပြီး Client က ဖုန်းဆက်တဲ့အခါ ကျွန်တော်နဲ့မှ လုပ်ချင်တာပါဆိုရင် အဲဒီပီတိက အရမ်းခံစားရပါတယ်။

အမှတ်တရဖြစ်ခဲ့တဲ့ပွဲ
ပထမဆုံးတစ်ပွဲက ကိုဂျွန်လွင်ရဲ့ Fashion Week ပါ။ အဲဒီပွဲက ကျွန်တော့်အတွက် အကြီးမားဆုံးနဲ့ စိတ်အလှုပ်ရှားဆုံးပွဲ တစ်ခုပါ။ နောက်တစ်ခုက အကယ်ဒမီပွဲပါ။ အကယ်ဒမီစင်မြင့်ပေါ်ကို ကျွန်တော့်ရဲ့ လက်ဦးဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဖြစ်တဲ့ မတင်မိုးလွင်၊ ကိုဆန်းထွဋ်တို့နဲ့ တက်ရတာက ကျွန်တော့်ဘ၀မှာ ဘယ်လိုမှမမေ့နိုင်တဲ့ အချိန်ပါ။ ကျွန်တော် မှတ်မှတ်ရရရှိတဲ့ နောက်ပွဲ တစ်ခုကတော့ King of Denim ပွဲပါ။ MC တစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကမမှားဘဲနဲ့ Client ကို ကျွန်တော်တို့မှားတာပါလို့ ပြောခံရတာ မှတ်မိနေတယ်။ ဒါကလည်း Experience တစ်ခုပဲ။ နောက်တစ်ခါမမှားရအောင် Confirm ယူမယ်ဆို ပြီး မှတ်မိနေတဲ့ပွဲလေးပါ။ ဆုရတဲ့သူကို ကြေငြာဖို့စာရွက်လာပေးတဲ့အချိန်မှာ ခါးနံပါတ်နဲ့ လူနဲ့က မှားနေတယ်။ ဒါပေမဲ့ ကျွန်တော်စင်ပေါ်မှာတော့ တစ်ခါတည်း ပြောလိုက်ပါတယ် စာရွက်လာပေးက တည်းက မှားနေတယ်ဆိုတာကို ဒါပေမဲ့ ပြိုင်ပွဲဝင်တဲ့သူတွေ စိတ်ထဲမှာကျတော့ စင်ပေါ်မှာ Attention တွေများနေတာလည်းပါတော့ ကျွန်တော်ကြေငြာတာကိုသူတို့မကြားလိုက်ဘူး။ မဂ္ဂဇင်းထဲက မှတ် မှတ်ရရရှိတဲ့ ကဏ္ဍဆိုတဲ့ အထဲမှာတော့ ဆုရတဲ့ မော်ဒယ်လ်က Emcee အမှားကြောင့် ဒီလိုစိတ် လှုပ်ရှားရတာ အမှတ်ရပါတယ်ဆိုပြီး ဖြေလိုက်တဲ့အခါ ကျွန်တော် ခေါင်းနပန်းကြီးသွားပြီး ကျွန်တော့်ရဲ့ အရင် Facebook အကောင့်မှာ ဖြေရှင်းလိုက်တော့ မော်ဒယ်လ်ညီလေးကလည်း ကျွန်တော့်ကိုတောင်းပန်ပြီး ကျွန်တော်တို့နှစ်ယောက် အဆင်ပြေသွားပါတယ်။ အဲဒါလေးကတော့ မှတ်မှတ်ရရရှိခဲ့တဲ့ Live ပွဲလေးပါ။

Presenter တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့အချက်
ကျွန်တော်ခံယူထားတာကတော့ ကျွန်တော်တို့က PR(Public Relation) ကောင်းရမယ်၊ Knowledge ကောင်းရမယ်၊ စာများများဖတ်ရမယ်၊ Language အနည်းဆုံး ၂ ခုလောက်တော့ ပြောနိုင်ရမယ်၊ စိတ်ထားကောင်းရမယ်၊ ကိုယ့်အလုပ်ပဲ ကိုယ်အောင်မြင်အောင် လုပ်ရမယ်၊ ဥပမာ- မီးမလာလို့တို့၊ Lighting မရလို့တို့ အဲဒါတွေလိုက်မလုပ်ပါနဲ့၊ ပွဲတစ်ပွဲမှာဆို ကျွန်တော်မီးမလာလို့ စင်ပေါ်ကနေ အော်ပြီးပြောရတာမျိုးတွေရှိခဲ့တယ်။ 

မျိုးဆက်သစ် Presenter များအတွက်
ကျွန်တော်တို့လည်း အသစ်ဘ၀ကနေ စခဲ့ရတာဆိုတော့ လက်ရှိလုပ်နေတဲ့ လူငယ်တွေကို ပြောချင်တာက အ၀တ်အစားက အဓိကမဟုတ်ဘူး၊ မိတ်ကပ်က အဓိကမဟုတ်ဘူး ကိုယ်ဘာ အကောင်းဆုံးလုပ်နိုင်လဲဆိုတာက အဓိကပါလို့ ပြောချင်ပါတယ်။ Emcee အလုပ်က အင်မတန်မှ ခက်ခဲနက်နဲပါတယ်။ အရင်တုန်းက မော်ဒယ်လ်လုပ်တယ်ဆိုတာ မင်းသား၊ မင်းသမီးလုပ်ချင်လို့၊ အခုခေတ်ကျတော့ Emcee လုပ်တယ်ဆိုတာ မင်းသား၊ မင်းသမီးဖြစ်ချင်လို့ဆိုပြီး ခေါင်းစဉ်
ပြောင်းလာကြတယ်။ အဲဒါက Target လွဲနေတယ်၊ Focus မပြတ်ဘူး ဖြစ်နေတယ်။ အဲဒါလေးတွေကို Focus ပြတ်စေချင်ပါတယ်။ မင်းသား၊ မင်းသမီး လုပ်ချင်ရင် သရုပ်ဆောင်ပိုင်းကို လေ့လာရမယ်၊ ကိုယ်က Service ပေးချင်တယ်ဆိုမှ Emcee လုပ်ပါ။ ကျွန်တော်တို့က Second Person ပါ၊ First Person နဲ့ Third Person ကို ချိတ်ဆက်ပေးရတဲ့အလုပ်ပါ။ အဲဒီသဘောတရားတွေ နားလည်မှ Emcee လုပ်စေချင်ပါတယ်။ ကျွန်တော် အခုလောလောဆယ် ကြိုးစားနေတာကတော့ အင်္ဂလိပ်စာပါ။ အင်္ဂလိပ်စာ အားနည်းတဲ့အတွက် အများကြီးလေ့လာနေပါတယ်။ ကျွန်တော်တို့ရဲ့ Market က မြန်မာနိုင်ငံတင် မဟုတ်ဘဲ ကျယ်ပြန့်လာတာဖြစ်တဲ့အတွက်ကြောင့် အင်္ဂလိပ်လိုကတော့ Strong ဖြစ်စေချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ ကိုဆွေဟိန်းဆိုရင် ဘာသာစကား ၅ မျိုးလောက်တတ်တဲ့အတွက် အရမ်းအားကျပါတယ်။ သူကကျွန်တော့်ရဲ့ အဝေးကဆရာပါ။ ပြီးတော့ ကိုယ့်ရဲ့စိတ်ကိုဖြောင့်နေအောင်ထားဖို့ လိုပါတယ်။ နောက်ထပ် ကျွန်တော်ဖြစ်ချင်တာတွေ အများကြီး ရှိပါသေးတယ်။ Opera Winfrey တို့လိုမျိုး ကိုယ်ပိုင် Show လုပ်တာမျိုး ဖြစ်ချင်ပါတယ်။ ကျွန်တော်အများကြီးလည်း ကြိုးစားနေပါတယ်။ 

တင်ဆက်မှု စိတ်အလှုပ်ရှားဆုံးအချိန်များ
ပထမဦးဆုံး ကင်မရာရှေ့ရပ်ရတဲ့အချိန်၊ ကင်မရာမီးအနီလေးလင်းမှာကို အရမ်းကြောက်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီကင်မရာ နောက်မှာ လူသန်းပေါင်းများစွာ ရှိနေတဲ့အတွက်ပါ။ နောက်တစ်ခုက ပထမဦးဆုံး Stage ပေါ်တက်ရတဲ့ အချိန်ပါ။ နှလုံးတွေက ပေါက်ထွက်မတတ်ခုန်တယ်၊ ဒူးတွေလည်းတုန်တယ်၊ စာရွက်ကိုင်နေပေမဲ့ တုန်နေတယ်၊ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ ဘယ်လောက်ပဲ အတွေ့အကြုံရှိရှိ စထွက်ရတော့မယ်ဆို နှလုံးတွေတုန်နေတုန်းပဲ။ နောက်တစ်ခုက MNTV မှာ Myanmar Idol စရိုက်တဲ့အချိန် ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တယ် လုပ်နိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားပေါ့၊ ဘာလို့လဲဆိုတော့ ဘယ်နှမိနစ်၊ ဘယ်နှစက္ကန့်မှာ ဘာကိုပြော၊ ဘယ်နှစက္ကန့် အတွင်းမှာ  ဘယ်စာကြောင်းကိုအပြီးပြော၊ ဘယ် Information ကို ဘယ်လိုပြော၊ ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို ဘယ်အချိန်မှာ အပြီးပြောဆိုတာကို အလွတ်ကျက်ထားရတဲ့အပြင် မေ့မှ Earpiece က   ပြောမှာဖြစ်တဲ့အတွက် တစ်ပွဲလုံးရဲ့အသက်က ကျွန်တော်ဖြစ်နေတော့ အထဲမှာချွေးတွေပြန်နေပေမဲ့ မျက်နှာက အပြုံးမပျက်နေရတယ်။ အဲဒီအချိန်တွေက ကျွန်တော့်အတွက် အခက်ခဲဆုံးပါပဲ။

အခြားအနုပညာလှုပ်ရှားမှုများ
သြဂုတ်လ ၂၄ရက်မှာ အောင်ခေတ်မင်း ဗွီဒီယိုထုတ်လုပ်ရေးက ကျွန်တော့်ကို ပထမဆုံး ခေါင်းဆောင်မင်းသားအနေနဲ့ တင်ရိုက်ဖို့ ရှိပါတယ်။ “သူငယ်”ဆိုတဲ့ကားမှာ မစိုးမြတ်သူဇာ၊ မထွန်းအိန္ဒြာဗိုလ်၊ မခိုင်သင်းကြည်တို့နဲ့ပါ။ သူတို့မှာလည်း သူတို့ရဲ့ ရည်းစားတွေရှိကြတယ်။ ကိုရန်အောင်၊ ကိုရဲအောင်၊ ကိုမင်းဦး၊ ကျွန်တော်နဲ့တွဲမယ့်မင်းသမီးကတော့ မာရီကိုးလ်ပါ။ အဲဒီကားလေးကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

“ဘယ်တော့မှ လက်မထောင်မှမဟုတ်ဘူးဆိုတဲ့”
Emcee ကောင်းထက်ဇော် 

Career အတွက် စိတ်ကူးအစ
တက္ကသိုလ်တက်ပြီးသွားတဲ့အချိန် ပထမဆုံးအလုပ်လုပ်ဖို့ စစဉ်းစားတယ်။ စဉ်းစားတဲ့အခါ ကိုယ်ဝါသနာပါတာက ငယ်ငယ်လေးကတည်းက စာရှင်းပြရတာမျိုး၊  ပုံပြင်တွေပြောပြတာ၊ ရုပ်ရှင် အကြောင်းတွေကို သူငယ်ချင်းတွေကိုပြောပြရတာ မျိုးကြိုက်တယ်။ အဓိကက သြဇာညောင်းရတာကို အရမ်းသဘောတွေ့တာ။ ရောဂါပိုးက အဲ့ကစတာ။ သူများမသိတာကိုပြောပြရတာ ရှင်းပြရတာ၊ ရ အောင်ပြောပြရတာ အရမ်းကြိုက်တယ်။ ဘာသာစကားတို့၊ ဗဟုသုတရှိတဲ့ သူတစ်ယောက်ဟာ ပတ်ဝန်းကျင်မှာ flexible ဖြစ်တယ်ဆိုတာမျိုးပေါ့။ ကျွန်တော်ငယ်ငယ်တုန်းက ရည်ရွယ်ထားတာရှိတယ် “ဤ သူငယ်သည် ဆီကဲ့သို့ ချောမွေ့ရာ၏” ဆိုတဲ့ စကားလုံးကို အရမ်းသုံးတယ်။ ကျွန်တော်ဘယ်နေရာသွားသွား ဆီလိုမျိုးပဲ ချောမွေ့အဆင်ပြေရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။


လုပ်ငန်းအတွေ့အကြုံ
MRTV-4 က ဦးမျိုးမြတ်သူတို့ ဒေါက်တာ ဇော်သန်း၊ ကိုကိုစက်မှုတို့က ကျွန်တော့်ကို ဘောလုံးပွဲ နောက်ခံစကားပြောပါလားဆိုလို့ ကျွန်တော် စ ပြီးတော့ ၁ပွဲ ၂ပွဲတော့ ပြောခဲ့ဖူးတာလေးရှိတယ်။ အဲအချိန်မှာ MRTV-4 ကနေ သတင်းစာထဲမှာ အစီအစဉ်တင်ဆက်သူ ခေါ်တယ်။ ကျွန်တော်တို့ သိတာက အဲဒီတုန်းက မြန်မာ့အသံက ဦးကျော်စိုးဦးတို့၊ ကိုကျော်သက်လင်းတို့လို တင်ဆက်သူတွေကိုပဲသိတာ။ နိုင်ငံခြားက တင်ဆက်သူတွေကိုတော့  CNN ကနေ လက်လှမ်းမှီသလောက်လေး မြင်ဖူးတယ်။ ဒီအလုပ်က Image ကောင်းတယ်ဆိုပြီး အဖေနဲ့အမေက ၀ိုင်းပြောပြကြတယ်။ ၀င်လုပ် တယ်၊ အရေးကြီးတာက ဂုဏ်သိက္ခာနဲ့ နေချင်တဲ့ဘက်ကိုသွားတယ်၊ ပိုက်ဆံငွေကြေးတော့ ပြည့်စုံချင်မှပြည့်စုံမယ်။ ကျောင်းဆရာအလုပ်လိုပဲပေါ့နော်။ အဲ့မှာ အသံနဲ့ပတ်သက်ပြီး ဦးမျိုးမြတ်သူ၊ ဒေါက်တာဇော်သန်း၊ ကိုကိုစက်မှုတို့က သင်ပေးကြတယ်။ ပထမဆုံး Batch ခေါ်တဲ့ အထဲက ယောက်ျားလေး (၃)ယောက်ထဲမှာ ကျွန်တော်ပါသွားတယ်။ ဒီလောကထဲကို ရောက်လာတာပဲ။ ၂၀၀၅- ၂၀၀၆ ခုနှစ်လောက်ကစတာပါ။

စလာကတည်းက ကျွန်တော်ဘာမှမသိဘူး။ တက္ကသိုလ်တုန်းကတော့ အခမ်းအနားမှူး လုပ်ပေးတာပဲရှိတယ်။ အဲဒါကလည်း ၂၀၀၂ ရူပဗေဒမေဂျာရဲ့ မေဂျာ King ဖြစ်လို့၊ ဆရာမကြီးက လုပ်ခိုင်းလို့ လုပ်ဖြစ်သွားတာပဲရှိတယ်။ စာရွက်ကြည့်ပြီးပြောတတ်တယ် ဒါလောက်ပဲ။ အသံနဲ့ဆိုင်ရာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ကိုယ်ဟန်အမူအရာက အကုန်လွဲတာ။ လုပ်ချင် စိတ်အပြည့်ရှိတယ်၊ ဒါပေမယ့် လုပ်လိုက်ရင် တလွဲတွေကြီးဖြစ်တာ။ MRTV-4 စစပေါ်ချင်းက ကျွန်တော့်ကိုကြည့်မယ်ဆို ပေါက်ကရတွေကြီးပဲ။ လက်တွေလှုပ်တယ်၊ ကိုယ်ဟန်အနေအထားတွေ အကုန်တလွဲ ဖြစ်တယ်၊ အဲဒီလို အမှားများစွာနဲ့ ဖြတ်သန်းပြီးတော့ ကျွန်တော်ဘာလုပ်လဲဆိုတော့ presenter ပညာရပ်တစ်ခုတည်းကို လေ့လာတာမဟုတ်ပဲနဲ့ ကင်မရာရိုက်တဲ့ ရိုက်ကူးပုံကအစ၊ မီးထိုးမှန်ထိုး၊ Editing ၊  Background music တီးတာ၊ ဆော့ဖ်ဝဲတွေသုံးတာအစ လေ့လာခဲ့လို့ ကျွန်တော့်အတွက်ကတော့ ကျောင်းပါပဲ။  ဦးဝင်းမော်တို့ ဒေါ်ခင်လေးနဲ့ MRTV-4 ကကျွန်တော့် ဆရာတွေ၊ အားလုံးက သင်တန်းတွေပေးတယ်၊ ဘယ်ကပေးတာလဲဆိုတော့ Asia Pacific Institute Development ကနေ သင်ခန်းစာတွေ အားလုံးရတယ်။ အခုလက်ရှိ MMDC မှာ နိုင်ငံခြားသားတွေက ဒီသင်ခန်းစာတွေအားလုံးကို ပြန်သင်ပေးနေတယ်။ ကျွန်တော်တို့တုန်းက သင်ခဲ့တာတွေ အားလုံးပဲ။ ကျွန်တော်လည်း စာသင်ပေးနေပါတယ်။

ကိုယ်တိုင်သတိရနေတဲ့ အမှားတွေ
အဲ့ဒီတုန်းက အင်တာဗျူးအစီအစဉ်ရိုက်ရတာ။ ကျွန်တော်ရဲ့အကျင့်က လေသံမြှင့်တိုင်း လက်ကလွှဲနေတာမျိုး ဖြစ်နေတာ။ အော်တို လက်ကအကြောကပ်နေသလိုမျိုးပေါ့။ ဘယ်မှာသွားဖြစ်လဲဆိုတော့ ဘုန်းကြီးကိုသွားလျှောက်တဲ့အချိန် 
မှာ ကိုယ်ကတော့ အိနြေ္ဒရရလျှောက်တာပဲ။ လက်ကထိန်းလို့မရဘူး ဖြစ်နေတာ။ နတ်ကနေသလိုပဲ။  ဘာပုံစံပေါက်နေလဲဆိုရင် ဘုရင်မင်းမြတ်ရှေ့မှာလျှောက်တဲ့ ပုဏ္ဏားကြီးလိုဖြစ်နေတာ။ ကိုယ့်ကိုကိုယ်လည်းသိတယ်၊ ဒါပေမယ့် တဖြည်းဖြည်းချင်း ကိုယ်မှားတာကို ဖိပြီးတော့ကျင့်တာပေါ့နော်။

စင်ပေါ်က ပထမဆုံး ရင်ခုန်သံ
ပထမဆုံး public ရှေ့မှာလုပ်တာဆိုရင် အသက် (၁၉)နှစ်တုန်းက မင်္ဂလာဆောင်မှာ အခမ်းအနားမှူးလုပ်တာ၊ ပိုက်ဆံက ၃ သောင်းလား ၄ သောင်းလားမသိဘူး၊ မုန့်ဖိုးရတယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာ။  ကိုယ့်ပုံစံကလည်း အရပ်လည်းရှည်တယ်၊ ကိုယ်လုံးကလည်းထွားတော့ အသက်ကြီးသလိုလို ဘာလိုလိုနဲ့ စလုပ်ဖြစ်တာ။ TV ရှေ့မှာဆို ရတယ်ဗျာ၊ ဒါပေမယ့် မင်္ဂလာဆောင်မှာကျတော့ လူတွေအားလုံးက ကိုယ့်ကိုယ်ပဲ ကြည့်နေတာ၊ အတွေ့အကြုံကလည်း စင်ပေါ်ကိုတစ်ခါမှကို မတက်ဖူးတာ။ လူတွေရှေ့မှာ ရင်ခုန်သံတွေက ဒုန်းဒုန်း ဒုန်းဒုန်း ဆိုပြီးဖြစ်နေတာ အဲ့ဒါနဲ့ ဘာလုပ်လဲဆိုတော့ အိမ်သာထဲသွားပြီး သီချင်းတွေ ဆိုနေတာ။ အဲ့ဒါက အမှတ်တရပဲ။ ပြီးမှ အိနြေ္ဒရရနဲ့ စင်ပေါ်တက်သွားတာ။ 

ဒါပေမဲ့ ကျွန်တော်ကကိုယ့်အသံကို ပြန်ကြားပြီးငြိမ်သွားတာ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ပြောလိုက်တာနဲ့ ကျွန်တော့်စိတ်တွေက ကျွန်တော့်အသံကြောင့်ကို ယုံကြည်မှုရှိသွားတာ။ အဲဒါကတော့ တော်တော်အံ့သြဖို့ ကောင်းတယ်။ ပွဲလည်းပြီးသွားရော အဲဒီအရသာကို တွေ့သွားပြီး ဆက်တိုက်ချပါလေရော။

ကိုယ်တိုင် သတ်မှတ်ထားတဲ့ စံ
အဓိကက မီဒီယာဘက်ကနေ ကျွန်တော်တို့ကလာတာဖြစ်လို့ TV programme ဘက်ကို လေ့လာတာပဲများတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် အခုလေ့လာခဲ့တာတွေ ပြောရမယ်ဆို  ရင်presenter major မယူဘူး၊ ကျွန်တော်လေ့လာတဲ့ Cinematography ဆိုတာက  Directing ဘက်သွားတယ် ။ programme / producer ဘက်ကို သွားတယ်။ ဒါပေမယ့် ဘယ်နေရာမဆို တင်ဆက်ပုံ Presentation လိုတယ်၊ အစည်းအဝေးမှာ ကိုယ့်ရဲ့ project ကို လူအများရှေ့မှာ ပြောပြရမယ်ဆိုရင် တင်ဆက်ပုံလိုတယ်။ ဒါ Presentation ပဲ။ အတန်းရှေ့မှာ စာကိုသွားပြန်ပြောတာလည်း တင်ဆက်ပုံလိုတယ်၊ body language ပါ ပါလာတယ်။ နောက် vocal technique / အမူအယာလိုမယ်။  နေရာတိုင်းမှာပါပေမယ့် ဒါကြီးကို မေဂျာလို့ မသတ်မှတ်ဘူး။ ကျွန်တော့်မေဂျာက မီဒီယာနဲ့ ပတ်သက်ပြီးတော့ Directing ပညာတတ်တယ်ဆိုရင် မီးထိုး မှန်ထိုးကအစ လေ့လာဖူးတယ်ဆိုရင် ပရိုဂရမ်တစ်ခုကို တည်ဆောက်လို့ ရသွားပြီ။ ဘယ်နေရာ လူကြိုက်များအောင် ဘယ်လိုလေး ရိုက်လိုက်မယ်ဆိုတာလေးတွေ ဦးစားပေးပြီး ကျွန်တော့်ဘက်ကနေ လေ့လာတယ်။ အဲဒီတော့ ကျွန်တော့်အတွက် မေဂျာပြောပါဆိုရင် presentation မဟုတ်ဘူး၊ programme production လုပ်တဲ့ ဟာကို ကျွန်တော်စိတ်ဝင်စားတယ်။ creation လုပ်ရတာတွေ စိတ်ဝင်စားတယ်။ 

Programme တွေဖန်တီးဖြစ်ပုံ
စစချင်းက cartoon show time ကို ကိုယ့်ဘာသာကိုစီစဉ်တာ။ နောက်ခံတီးလုံး၊ editing ကအစ ကျွန်တော်လုပ်တာ။ ပြီးတော့ Movie mistakes တွေ ဖော်ပြတာကိုယ်တိုင်လုပ်တယ်။ နောက်ပိုင်း programme တွေရေးတယ်၊ ဆွဲတယ်။ သွားမယ် စားမယ်ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်လည်း directing ကအစ ၀င်ပြီးလုပ်တယ်၊ ဘယ်နေရာလေးကိုရိုက်ပြရင် စားချင်စရာ ဘယ်လိုကောင်းမယ်ဆိုတာမျိုးပေါ့။ နောက် ကျွန်တော် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို own tune တွေပဲ လုပ်တယ်။ ကော်ပီတစ်ခုမှမပါဘူး။ music notes တွေကိုလေ့လာပြီး လူတွေဘာကြိုက်မလဲဆိုပြီး လုပ်တယ်။ 

စားကြမယ်ကောင်းကောင်း ဆိုရင်လည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပဲ။  သီချင်းလိုပြီဟေ့ဆို ရေးပေးမယ်၊ (၁၅)မိနစ်ပဲစောင့်ဆိုရင် ကြောင်သွားကြတယ်။ ဟုတ်လို့လားဆိုပြီး၊ ကျွန်တော်ချက်ချင်းကို စာသားရေးပြီး သီချင်းသွင်းသွားတာ။ နောက်ပိုင်းကျတော့၊ မိသားစုပြိုင်ပွဲ၊ ခေတ်သစ် ပျိုမေ၊ cooking master ၊ ဓလေ့ရိုးရာ မမေ့သာအတွက်ကို ယုံယုံကြည်ကြည်နဲ့ကို သီချင်းအပ်တာ။ 

နောက် ဂဏန်းသင်္ချာပျော်စရာ၊ ၅တန်းနဲ့ပြိုင် ဘယ်သူနိုင်၊ မိသားစုပြိုင်ပွဲ အများကြီးပဲ၊ အဲဒါတွေကို နိုင်ငံခြားသား consultant တွေနဲ့ ပေါင်းလုပ်တာ။ ကျွန်တော် တစ်ယောက်တည်း လုပ် တာမဟုတ်ဘူး၊ ကျွန်တော်တတ်နိုင်သလောက် အိုင်ဒီယာပေးတယ်။ ကျွန်တော့် presentation တင်ဆက်ပုံကိုတော့ လာပြောလို့မရဘူး။ သွားမယ် စားမယ်မှာ ဆို... ဟင်းးးးး ဆိုပြီး အသံက ကျွန်တော့်ဘာသာထွင်ပြောရတယ်။ ငါးတန်းနဲ့ ပြိုင်ရိုက်တော့လည်း ဒီလိုပဲ စကားအသုံးအနှုန်းလေးတွေကို တီတွင်ရတယ်။ နောက် စနေ၊ တနင်္ဂနွေမှာလွှင့်တဲ့ မိသားစုပြိုင်ပွဲမှာဆိုရင် အဖြေ..............က ဆိုတာမျိုး၊ ဟုတ်လား... မဟုတ်လား... ပြော ဒါမျိုးတွေဆိုရင် ကိုယ့်ဘာသာကိုယ်ထွင်ရတာပေါ့။ ရိုက်ကူးရေးပိုင်းမှာတော့ မြန်မာနိုင်ငံက ဒါရိုက်တာတွေ နိုင်ငံခြားက ဒါရိုက်တာတွေနဲ့ ပေါင်းလုပ်ရတယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီးသွားရတယ်။  ဘယ်အလုပ်မှ တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ အားလုံးပေါင်းပြီးပဲ တည်ဆောက်လို့ရတာပါ။ ကျွန်တော်သည် ရသမျှပညာတွေကို အကုန်စုတယ်၊ ဘယ်တော့မှ နောက်မဆုတ်ဘူး။ Mana-gement / Languages တွေ ကျွန်တော်ဆက်သင်ဖို့ရှိတယ်။ ပတ်ဝန်းကျင်က ကျွန်တော်သင်လို့ရသမျှတွေအားလုံးကို ဆက်သင်သွားအုံးမှာပဲ။ 

Presenter / Host ကောင်းတစ်ဦးဖြစ်ချင်ရင်
ကိုယ်က public show / event အပြင် ပရိသတ်နဲ့ တင်ဆက်သူလုပ်ချင်တာလား၊ ရုပ်သံက ကျွန်တော်တို့လို မီဒီယာအစီအစဉ်တွေ တင်ဆက်သူလုပ်ချင်တာလားဆိုတာ clear ဖြစ်သင့်တယ်။ TV Presenter  တစ်ဦးဖြစ်ချင်တယ်ဆိုရင် မီဒီယာ 
knowledge မရှိရင်တော့ ရုပ်သံမှာတင်ဆက်ဖို့က မလွယ်ဘူး။ ရိုက်ကူးရေးအပိုင်းတွေကိုပါ သိထားဖို့လိုတယ်။ ကျွန်တော့်ကို ရိုက်နေတယ်၊ ဘယ်လိုရိုက်နေတယ်ဆိုတာ မသိရင်မရဘူး။ အနီးကပ်ယူနေရင် လက်၊ ခြေထောက်မလိုဘူး။ မျက်နှာအမူအရာပဲထည့်ရမှာ။ Wide ယူထားရင် ဘော်ဒီပိုင်းပါ အမူအရာလိုတယ်။ 

Emcee မှာက duration မရှိဘူး။ တီဗီမှာကျတော့ စက္ကန့်နဲ့ကို ကြော်ငြာရောင်းနေတာဆိုတော့ စကားလုံးတွေလျှောက်ပြောလို့ မရပါဘူး။ ပြောချင်တာက TV Presenter ဆိုတာက ပိုပြီးချုံ့ထား   ရတယ်။ (၁)နာရီစာ အခုပြောဆိုရင် ချက်ချင်းထ ပြောလို့ရတယ်။ ဒါပေမယ့် (၁)မိနစ်စာ ပြောပါဆိုရင် ပိုတိုင်ပတ်တယ်၊ ထိထိမိမိပြောရအောင်လို့ ကျွန်တော် ၃ ညလောက်မအိပ်ဘူး၊ စဉ်းစားရတယ်။ ဒုက္ခရောက်တယ်။ Duration နည်းလေ ကျွန်တော်ကြောက်လေပဲ။ 

ပရိသတ်နဲ့ ကောင်းထက်ဇော်ဆိုတာ
လမ်းမှာတွေ့ရင် ပြောကြတာကတော့ စားမယ် ၀ါးမယ်ဆိုပြီး လှမ်းနှုတ်ဆက်ကြတယ်။ အဲလိုလေး နှုတ်ဆက်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ အားနည်းချက်တစ်ခုက facebook မှာ  ကောင်းကောင်းပြန်မပြောနိုင်ဘူး။ add မပေးနိုင်ဘူး။ ပြန်ပြီးမပြောနိုင်ဘူးပေါ့။ နောက် မျက်လုံးအားနည်းလို့ ခပ်ကြာကြာမသုံးနိုင်ဘူး။ ကျွန်တော့် သူငယ်ချင်းတွေကတော့ fb account နဲ့ ပတ်သက်ပြီး ကူပေးမယ်လို့ပြောပါတယ်။ မျက်လုံးလည်း အခုလေဆာပစ်ထားတယ်။ lazy eye ဖြစ်လို့။
အပြင်မှာဆိုရင်တော့ ကျွန်တော့်ကို ပခုံးဖက်ပြီးနှုတ်ဆက်လို့ရပါတယ်။ နောက် ယောက်ျားလေးပရိသတ်တွေများလာလို့ အရမ်းပျော်တယ်။ အရင်တုန်းကဆိုရင် သွားမယ် စားမယ်နဲ့ ငါးတန်းနဲ့ ပြိုင်တုန်းကတော့ ပရိသတ် သိပ်မရှိသေးဘူး၊ ကလေးတွေနဲ့ အမျိုးသမီး ပရိသတ်ပဲရှိတယ်။ မိသားစုပြိုင်ပွဲကနေစပြီးတော့ ယောက်ျားလေး ပရိသတ်တွေရလာတယ်။ ကျွန်တော်တို့သည် ရေရှည်သွားရမှာဆိုတော့ ယောကျာ်းလေးပရိသတ်က ဘယ်လိုပဲ ဖြစ်ဖြစ်အားပေးတယ်။ အမျိုးသမီးထုကျတော့ ရည်းစားရှိတယ်ဆိုတာကို သိတာနဲ့ ချက်ချင်းအားပေးတာကျသွားတော့၊ ကျွန်တော်တို့သည် အမျိုးသား ပရိသတ်တိုးလာတာကို အရမ်းဝမ်းသာတာပါ။

Emcee အတွက်ကျန်းမာရေးဆိုတာ
Gym ဆော့တယ်။ သူများတွေအမြင်မှာတော့ ၀တဲ့ပုံစံမျိုးပေါ်တယ်။ ကျွန်တော့ပုံစံက ပိန်ပိန်ပါးပါးပုံစံထက် အလေးတုံးတွေမတာ မဟုတ်ဘူး။ Strength training လို့ခေါ်တဲ့ stamina ကောင်းအောင် ဆရာမောင်မောင်ကြည် (Balance) နဲ့အမြဲ train တယ်။ အမေရိကန်စစ်သားတွေလို ကျင့်ပေးတာပါ။ ဘောလုံးကန်ရင် အရမ်းသိသာတယ်၊ အသားကျစ်တယ်။ လူကောင်ကပိန်ပြီး ဗလကြီးထွက်သွားတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်က ကျစ်လစ်သွားတာ။ နောက် ကျွန်တော်တို့အလုပ်သည် စကားပြောရတယ်၊ အမောခံနိုင်မှရတယ်။ Emcee တစ်ယောက်က freelance အနေနဲ့ အပြင်မှာ ပွဲတစ်ခုကိုပြောရရင် အရမ်းသိသာတယ်။ ဥပမာပြောရင် သင်္ကြန်မှာ MPT မဏပ်မှာ တစ်နေကုန်တစ်ယောက်တည်းပြောတာ။ ပြေးတာထက် stamina ကောင်းအောင်လုပ်စေချင်တယ်။ ထိုင်ထ လေ့ကျင့်ခန်းကနေစတာပေါ့။ နှလုံးကိုလိုအပ်တဲ့ ခုန်နှုန်းတစ်ခုပေးလိုက်တော့ သွေးလည်ပတ်သွားပြီရင် လိုအပ်တဲ့ muscles ကို ပြန်ပြီးခိုင်းလို့ရပြီ။ ပွဲကြီးတွေမှာ အော်ပြောရတာတွေရှိတယ်၊ အဆုတ်အားကောင်းအောင်ကျင့်ရတယ်။ အမောခံနိုင်ဖို့ အရေးကြီးတယ်။

ပရိသတ်အတွက် အမှတ်တရစကား
ကျွန်တော်က ပရိသတ်နဲ့ အရမ်းကို ထိတွေ့ချင်တယ်။ ရုံးမှာလုပ်ရတာများတော့ freelance presenter တွေလိုတော့ အပြင်မှာ မတွေ့ရဘူးပေါ့နော်။ အခုဆိုရင် မောနင်းရှိုးပါ ရိုက်နေရတော့ မနက် (၇)နာရီကတည်းက စရိုက်နေပြီး၊ ရုံးမှာ ညနေ(၅)နာရီအထိ ရှိနေရတာ။ အပြင်ပွဲတွေကိုလည်း ကျွန်တော်လုပ်သွားဖို့ ရှိတယ်။ (၁၀)နှစ်အတွင်းမှာ milestone လေးတွေချခဲ့တာများပြီ။ အပြင်မှာ ထွက်လုပ်ရင်တော့ ငွေကြေးရတာ မှန်တယ်၊ ဒါပေမယ့် milestone မရဘူး။ TV Presenter တစ်ယောက်အနေနဲ့ ရိုက်ကူးရေးတွေ ကျွန်တော်လုပ်ခဲ့တော့ ဒီ(၁၀)နှစ်အတွင်းမှာ ကျွန်တော် ဘာလုပ်လဲပြောပါဆိုရင် ချပြနိုင်တယ်။ ပရိသတ်တွေ နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ ပွဲတွေအတော်များများ လုပ်ဖို့ရှိပါတယ်။ music programme တစ်ခုကိုလည်း public နဲ့ ထိတွေ့ပြီး ရိုက်ကူးရေးတစ်ခု စလုပ်နေပါပြီ။ ကျွန်တော်ရုံးထဲမှာလည်း လုပ်ပြီးသွားပြီဆိုတော့ အပြင်ဘက်ကိုထွက်ပြီး ရိုက်ကူးရေး စလုပ်တော့မယ်။ ရုံးနဲ့တော့ ကင်းကွာသွားမှာတော့ မဟုတ်ပါဘူး။ MRTV-4 ကျေးဇူးကိုလည်း ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။

“အစပိုင်းမှာအမှားရှိပေမဲ့ နောက်ထပ် မမှားအောင်ကြိုးစားမှုနဲ့ သတိရှိမှုက Presenter အလုပ်ကိုဆက်လုပ်ဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်”
အေးချမ်းမိုး

Emcee ခရီးအစ
၂၀၁၃ ခုနှစ် အစပိုင်းလောက်မှာ Miss Taw Win ရပြီးတော့ တော်ဝင်စင်တာမှာ ပွဲတွေတော်တော်များများ လုပ်ဖြစ်တယ်။ အဲဒီမှာ Presenter အနေနဲ့ စပြီးလုပ်ဖြစ်တယ်။ Miss Taw Win ရတာကလည်း ကိုယ့်ကို Presenter တစ်ယောက်ဖြစ်ဖို့အတွက် တွန်းအားတစ်ခုအနေနဲ့ ဖြစ်စေခဲ့ပါတယ်။

ပထမဆုံးတင်ဆက်ခဲ့တဲ့ပွဲ
ပထမဦးဆုံး Presenter လုပ်ခဲ့တဲ့ပွဲဆိုရင် တီချယ်မိုး (မတင်မိုးလွင်)ကလည်း ကိုယ့်ကို သင်ပေးတဲ့အချိန်၊ ကိုယ်ကလည်း Presenter ဆိုတာကို တစ်ခါမှ မလုပ်ခဲ့ဖူးဘူး၊ တောက်လျှောက်က မော်ဒယ်လ်ကနေစခဲ့တယ်၊ အဲဒီကနေတဆင့် Miss ပြိုင်ပွဲတွေ ပြိုင်တယ်၊ အဲဒီကနေတဆင့် တီချယ်မိုးက ဒီ Presenter လောကမှာ မျိုးဆက်သစ်တွေ အများကြီးလိုပြီ၊ တီချယ်မိုးအနေနဲ့ သူတစ်ယောက်တည်းနဲ့လည်း မဖြစ်ဘူး၊ ညီမကို Presenter အဖြစ် မြင်ချင်တယ်ဆိုပြီးပြောတော့ ကိုယ်ကိုယ်တိုင်ကလည်း Presenter ကို ၀ါသနာပါတယ်၊ တီချယ်မိုးရဲ့ ဆန္ဒကိုလည်း ဖြည့်ပေးချင်တယ်၊ ငယ်ငယ်တုန်းကလည်း Announcer လုပ်ခဲ့ဖူးတယ်ဆိုပြီးတော့ ပထမဆုံး တော်ဝင်စင်တာမှာ လုပ်တဲ့ပွဲ Mc Jeans ပွဲမှာ မနက်ပိုင်းလာတဲ့ Customer တွေကို ရှိုးလျှောက်တဲ့ မော်ဒယ်လ်တွေနဲ့အတူတူ တင်ဆက်ပေးရတဲ့ပွဲပါ။ မနက်ပိုင်းမှာ Presenter လုပ်ပြီး ညနေပိုင်းမှာ မော်ဒယ်လ်အနေနဲ့ Show လျှောက်ရတာ။ အဲဒီပွဲမှာ အတွေ့အကြုံယူတဲ့အနေနဲ့ ပထမဆုံးလုပ်ရတာဆိုတော့ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တာပေါ့နော်။ အဲဒီပွဲမှာ တီချယ်မိုးရဲ့ တပည့်တစ်ဦးလည်းဖြစ်တဲ့ ကိုအိမ်ဟိန်းဆိုတဲ့ အစ်ကိုနဲ့တွဲပြီး လုပ်ခဲ့ရတာပါ။ ပထမဦးဆုံးလည်းဖြစ်တော့ အသံတွေလည်း တုန်နေတယ်၊ စကားပြောတာလည်း အရှေ့အနောက်က မညီချင်ဘူး၊ ကိုယ့်ကိုယ်ကိုလည်း ကြောက်ခဲ့ရတဲ့ပွဲ အဲဒီပွဲလေးကတော့ အမှတ်တရပါပဲ။

Presenter တစ်ယောက်ဖြစ်ဖို့ တွန်းအားပေး ခဲ့တဲ့စိတ်
အဓိကက ယုံကြည်မှုပါ။ ကိုယ်ကိုယ်တိုင်ကလည်း ဖြစ်ချင်တယ်၊ အဲဒီလိုဖြစ်ချင်တာကို လုပ်တဲ့အခါမှာလည်း စိတ်ပါဝင်စားစွာလုပ်တယ်၊ ပထမတစ်ခေါက်မှာ အမှားတစ်ခုခုလုပ်ခဲ့ပေမဲ့ နောက်ပွဲမှာ အဲဒီလိုမလုပ်ဖြစ်အောင် စိတ်ကိုလည်း
သေသေချာချာပြင်ဆင်တယ်။ အစပိုင်းမှာ စကားပြောမှားတာတွေရှိမယ်၊ နောက်တစ်ခေါက်မှာ အဲဒီလိုမျိုး မမှားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကြိုးစားမှုနဲ့အတူ ကိုယ့်ရဲ့သတိရှိမှုတွေက ဒီ အလုပ်ကိုဆက်ပြီး လုပ်ဖြစ်စေဖို့ တွန်းအားဖြစ်စေပါတယ်။

Presenter အလုပ်ကို ရွေးချယ်ဖြစ်ခြင်း
အနုပညာအလုပ် ဘယ်အလုပ်ကိုမဆို ညီမ၀ါသနာပါတယ်။ မော်ဒယ်လ်အလုပ်ကို ငယ်ငယ်တုန်းက ၄ တန်းလောက်မှာ တီချယ်မိုးဆီမှာပဲ Kids Model သင်တန်းတက်ဖူးတယ်။ ပြီးတော့ အရွယ်ရောက်လာတော့ မော်ဒယ်လ်အနေနဲ့ ရှိုးတွေ လျှောက်တယ်၊ မခေမီကိုဆီမှာ Dancer အဖြစ်လည်း ကခဲ့ဖူးတယ်၊ မြန်မာအကကို အငြိမ့်တွေလည်းကခဲ့ဖူးတယ်ဆိုတော့ ဒီ Presenter အလုပ်ကို ရွေးချယ်ဖြစ်တာကလည်း ကိုယ်ကိုယ်တိုင်က ၀ါသနာပါသလို ဒီအလုပ်ကို လုပ်ရင်းလုပ်ရင်းနဲ့ ၀ါသနာပါမှန်းလည်း သိလာတယ်၊ ကိုယ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်တယ်၊ ကိုယ့်ရဲ့fan တွေကလည်း Presenter အလုပ်က အေးချမ်းမိုးနဲ့ လိုက်တယ်၊ ဒီအလုပ်ပဲလုပ်ပါဆိုပြီးပြောတယ်၊ မိဘကလည်း အားပေးတဲ့အတွက် ဒီအလုပ်ကို Professional အဖြစ် ရွေးချယ်ဖြစ်သွားတာပါ။

လေ့လာမှုအပိုင်း
Presenter သင်တန်းကို တီချယ်မိုးဆီမှာ တက်ဖို့လုပ်ပေမဲ့ သင်တန်းဖွင့်တဲ့ရက်ပိုင်း၊ အချိန်ဆိုရင် ကိုယ့်ရဲ့ကျောင်းနဲ့က သွားတိုက်ဆိုင် နေတတ်တယ်။ အဲဒီတော့ တီချယ်မိုးက သူ့ရဲ့ပွဲတွေမှာခေါ်တယ်၊ လာကြည့်ခိုင်းတယ်၊ ပွဲရဲ့ Agenda ဆိုရင်လည်း တီချယ်မိုးက ရေးပေးတော့ အဲဒါတွေလိုက်ကြည့်တယ်၊ လေ့လာတယ်ဆိုတော့ သင်တန်းမတက်ဖြစ်ပေမဲ့ မြင်ဆရာ၊ ကြားဆရာ အနေနဲ့ သင်ယူခဲ့ရပါတယ်။ တီချယ်မိုးရဲ့ အတွေ့အကြုံတွေ၊ ပြောပြတာတွေကို နားထောင်ရင်း ပိုပြီးလည်း လေ့လာဖြစ်ပါတယ်။ ပြီးတော့ တီချယ်မိုးတို့၊ ကိုဆန်းထွဋ်တို့၊ ကိုကျော်ထက်တို့နဲ့လည်း တွဲလုပ်ဖြစ်တော့ သူတို့ဆီကလည်း ပညာတွေ အများကြီးရပါတယ်။ Presenter ဆိုတာ ပွဲတစ်ခုလုံးရဲ့ အဓိကကျတဲ့သူဆိုတော့ Presenter တစ်ယောက်ရဲ့ ပြောပုံ၊ ဆိုပုံ၊ လေယူလေသိမ်းတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီ လိုမျိုးဆွဲဆောင်မှုရှိဖို့ ကြိုးစားရတဲ့အခါမှာ အစပိုင်းက တော်တော်လည်းခက်ခဲပါတယ်၊ ကိုယ့်အသံက အရင်တုန်းဆို ကလေးသံလိုမျိုးဆိုတော့ အဆင်မပြေပေမဲ့ နောက်ပိုင်းကျတော့ ကိုယ်နဲ့ မိုက်ခရိုဖုန်းနဲ့က ရင်းနှီးလာတယ်၊ Sound Box က လာတဲ့အသံကိုကြားရပြီးတော့ ကိုယ့်အသံကို ဘယ်လိုမျိုးဖြစ်အောင် ပြောလိုက်မယ်ဆိုတာလေးတွေ ချိန်ညှိတတ်လာတယ်။ အတွေ့ အကြုံကပေးတဲ့ ရလဒ်တစ်ခုလို့လည်း မြင်ပါတယ်။

အမှတ်တရဖြစ်တဲ့ပွဲ
ပွဲတွေ တော်တော်များများ အမှတ်တရဖြစ်ပေမဲ့ Miss Universe ပွဲလေးကတော့ ကိုယ့်အတွက် အမှတ်တရအရှိဆုံးပွဲလေးပါ။ ညီမပြိုင်တဲ့ နှစ်က Miss Universe 2013 ၊ နောက်နှစ်ကျတော့ Miss Universe 2014 ။ အဲဒီမှာ အစက ညီမ
ကို ပွဲဖိတ်တာ ဒုတိယဆုရတဲ့သူကို Crown ဆောင်းပေးရမယ်ဆိုပြီးပေါ့။ နောက်နှစ်ပတ်လောက် အလိုရောက်မှ Miss Universe ပွဲမှာ Presenter အဖြစ် လုပ်ရမယ်ဆိုတော့ တကယ်အံ့သြသွားတယ်။ အဲဒီအချိန်တုန်းက Presenter လုပ်တဲ့သက်တမ်းလည်း အများကြီးမရှိသေးဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ယုံကြည်တယ်၊ သေသေချာချာလုပ်ရမယ်၊ Rehearsal လုပ်ရမယ်၊ ကိုဆန်းထွဋ်နဲ့တွဲပြီး လုပ်ရမယ်ဆိုပြီး ယုံယုံကြည်ကြည်နဲ့အပ်ခဲ့တော့ အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။ အဓိကညီမကို Presenter အနေနဲ့ သိသွားတာလည်း အဲဒီပွဲလို့ထင်ပါတယ်။ Live လည်း လွှင့်တယ်၊ အဲဒီပွဲပြီးနောက်ပိုင်းမှာ ညီမပွဲတွေ တော်တော်များများလည်း လက်ခံပြီး လုပ်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင် တစ်ပတ်အလိုမှာ သူတို့ရဲ့ script တွေကို ကြိုရပြီး ဖတ်ထားရတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို တိုင်ပင်တယ်၊ ၂ ရက်၊ ၃ရက်လောက်အလိုမှာကျတော့ ကိုဆန်းထွဋ်နဲ့ စင်ပေါ်မှာ Rehearsal လုပ်ရတယ်။ ဒီပွဲကတော့ ပွဲအကြီးအနေနဲ့ ပထမဆုံးလုပ်ရတဲ့ပွဲဆိုတော့ နည်းနည်းရင်တုန်တာလေးတွေလည်း ရှိပါတယ်။ စကားနည်းနည်းထစ်မယ် ထင်တယ်။ ဒီနှစ် Miss Universe 2015 ပွဲမှာတော့ အရင်နှစ်ကထက် ပိုပြီး အကောင်းဆုံးလုပ်ခဲ့နိုင်ပါတယ်။

Presenter ဆိုတာ
Presenter ဆိုတာ စင်ပေါ်မှာ လူတွေအားလုံးကို ဆွဲဆောင်နိုင်အောင် ပြောဆိုရတယ် အဲဒီအတွက် ပညာပြည့်ဝနေဖို့လိုပါတယ်။ တီချယ်မိုးဆိုရင် ညီမငယ်ငယ်ကတည်းက အားကျခဲ့ရတဲ့ သူတစ်ယောက်ပါ၊ ဆရာသမားလည်းဖြစ်တယ်၊ အခုအချိန်မှာလည်း ကိုယ့်ကို လက်တွဲခေါ်နေတဲ့ ဆရာသမားတစ်ယောက်ဖြစ်တဲ့အတွက် အရမ်းလည်းအားကျပါတယ်။ ကိုဆန်းထွဋ်တို့ဆိုလည်း ဒီလောကမှာ ရပ်တည်နေတာကြာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံတွေကအစ အားကျပါတယ်။ Presenter အနေနဲ့ပဲ ပရိသတ်တွေ အားပေးစေချင်ပါတယ်။ Presenter အနေနဲ့ ရပ်တည်သွားချင်သလို ညီမအနေနဲ့ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း ပရိသတ်အနေနဲ့ အကြံပေးစကားပြောပေးပါလို့ ပြောချင်ပါတယ်။ Presenter တစ်ယောက်အနေနဲ့ရော အနုပညာရှင်တစ်ယောက်အနေနဲ့ရော ကိုယ်ဘာလုပ်လုပ်အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်ကြီးကြီးထားပြီး ကြိုးစားနေပါတယ်။ ပညာရေးတစ်ဖက်၊ အနုပညာတစ်ဖက်လုပ်ရတဲ့အတွက် အခက်အခဲတွေအများကြီး ရှိပါတယ်။  ဒါပေမဲ့ အမေပြောတဲ့စကားလိုပဲ သူများထက်တော်ချင်ရင် သူများထက်ပိုကြိုးစားရမယ်ဆိုတာပါ။ အဲဒီတော့ ပညာရေးဘက်မှာလည်း မလစ်ဟင်းအောင်၊  အနုပညာဘက်မှာရော ပရိသတ်နဲ့ မဝေးကွာသွားအောင် အမြဲကြိုးစားပါတယ်။ Presenter တစ်ယောက်အနေနဲ့ စလုပ်တဲ့အချိန်ကစပြီး အခုအချိန်အထိ ဒီအလုပ်ကို ကောင်းမွန်တဲ့အလုပ်တစ်ခုလို့ သတ်မှတ်တယ်၊ ရိုးသားစွာနဲ့ ကြိုးစားတယ်၊ ပရိသတ်တွေအနေနဲ့လည်း အရှိကိုအရှိအတိုင်းဝေဖန်ပေးပါလို့ ပြောချင်ပါတယ်။

Presenter တစ်ယောက်အနေနဲ့ လက်ကိုင်ထားကျင့်သုံးတဲ့အချက်
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရမယ်၊ ကိုယ်ပြောလိုက်တဲ့စကားလုံးတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ရမယ်၊ ကိုယ့်ရဲ့အသံဆွဲဆောင်မှု၊ စကား လုံးတွေကလည်း လိမ္မာယဉ်ကျေးတဲ့ စကားလုံးဖြစ်ရမယ်၊ အပြောအဆိုတင်မက ကိုယ့်ရဲ့ဝတ်ပုံ၊ စားပုံကလည်း စမတ်ကျနေရမယ်။ အဲဒါကြောင့် ပွဲတစ်ခုလက်ခံပြီဆိုရင် ကိုယ့်ကိုယ်ကို ပြောပုံ၊ ဆို ပုံ၊ ၀တ်ပုံ၊ စားပုံ၊ အနေအထိုင် အားလုံးကို သေသေချာချာပြင်ဆင်ပါတယ်။ အဲဒီအချက်တွေပေါ် မူတည်ပြီးတော့ ကောင်းမွန်တဲ့ Presenter တစ်ယောက်လို့ သတ်မှတ်ပြီး နေပါတယ်။

“ခေတ်သစ်ပျိုမေဖြစ်တဲ့” သဇင်နွယ်ဝင်း
Designer - နန်းရည်ခိုင်ထွန်း (AK Six fashion)

Career လမ်းကြောင်းအစ
အဖေကနေ TV မှာ MRTV-4 ကနေ presenter ခေါ်တာတွေ့တော့ ပြတယ်။ Presenter အလုပ်ဆိုတာကလည်း အရင်တုန်းက အိပ်မက်လားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ အရင်တုန်းကဆိုရင် သတင်းကြေညာတဲ့ သူတွေတွေ့ရင် အားကျတာတော့ရှိတာပေါ့နော်။ FM Announcer ဆိုရင်လည်းအားကျတယ်။ ကိုယ်တွေငယ်ငယ်တုန်းက ဒါလုပ်မယ်ဆိုပြီး ရည်မှန်းချက်ကြီးရှိခဲ့တာတော့ မဟုတ်ဘူး။ အချိန်ကလည်း ကျောင်းပြီးတဲ့အချိန်ဖြစ်နေတယ်၊ ကိုယ့်အနေနဲ့ career တစ်ခုကိုရွေးနေတဲ့ အချိန်ဆိုတော့ တိုက်ဆိုင်ပြီးတွေ့သွားတာပါ။ လျှောက်လွှာတင်တဲ့ အချိန်ကနေစပြီး အင်တာဗျူးအဆင့်ဆင့်ကို ကျော်ဖြတ်ခဲ့ရတယ်။  ၂၀၁၁ခုနှစ် ၁လပိုင်း ၁၀ရက်နေ့ကစပြီး အလုပ်ဝင်ခဲ့တာပါ။ ကိုယ်နဲ့ ဒီအလုပ်က သင့်တော်တယ်၊ ကိုက်ညီတယ်၊ ကိုယ်နဲ့လည်း အဆင်ပြေလို့ ဆက်လျှောက်နေတာပါ။ 

ထရိန်နင်ကတော့ On air ပေါ်မတက်ခင် (၃)လပေးခဲ့တယ်။ ကိုယ်ထင်တာက script ရရင် ဒီတိုင်းပဲ တီဗီပေါ်တက်မယ်ထင်ထားတာ။ 

တကယ် သင်တန်းပေးခံရတဲ့အချိန်မှာ presenter ဟာ ကိုယ်ပြောမယ့် script ကို ကိုယ်တိုင်ရေးရမယ်၊ စီနီယာကြီးတွေရဲ့ ရိုက်ကူးရေးတွေကိုလိုက်ရတယ်၊ ပရိုဂရမ်ရိုက်ကူးတဲ့အခါ ဘယ်လိုရိုက်ကူးမှာလဲဆိုတာတွေ အစအဆုံး အိုင်ဒီယာတွေကို စီနီယာတွေကနေ ရရှိခဲ့ပါတယ်။

ပထမဆုံး စင်အတွေ့အကြုံ
ညီမတို့ batch ကို လူ(၃၀၀၀)ကနေ ရွေးတာ။ စင်အတွေ့အကြုံဆိုရင် နောက်ဆုံးရွေးချယ်ပွဲမှာစတာပါ။ စင်ပေါ်မှာ တကယ်ကြီး ပရိုဂရမ်တစ်ခုလုံးကို အစအဆုံးတင်ဆက်ရတာကို လုပ်ရတာ။ ကိုယ်က တင်ဆက်ရတော့မယ်ဆိုတော့ အရမ်းကိုကြောက်တာ။ အစီအစဉ်ကို စဉ်းစားရတာနဲ့တင် ညီမဆိုရင် ညဘက်ကို (၃)နာရီလောက်မှစဉ်းစားပြီးတယ်။ တကယ်တမ်းတင်ဆက်ခဲ့တော့လည်း အထစ်ထစ် အငေါ့ငေါ့တွေရှိခဲ့တယ်။ အခုနေပြန်ပြီး ကိုယ်လုပ်တာကိုကြည့်မယ်ဆိုရင် ငါဘယ်လိုဖြစ်လို့ တင်ဆက်သူဖြစ်လာတာလဲဆိုပြီး တွေးမိတယ်။ ပြိုင်တုန်းကလည်း ကိုယ့်ထက် ကောင်းပြီးတော်တဲ့ တင်ဆက်သူတွေလည်း အများကြီးတွေ့ခဲ့ရတော့ အရမ်းစိတ်လှုပ်ရှားပြီး အရမ်းကြောက်ခဲ့တာမျိုးဖြစ်တယ်။ စကားတွေမှားတယ်။

မှတ်မှတ်ရရ တီဗီရှေ့ကအမှား
ခေတ်သစ်ပျိုမေက ညီမတို့အတွက် မှတ်မှတ်ရရပရိုဂရမ်တစ်ခုပါပဲ။ စီနီယာအစ်မ (၂) ယောက်ရယ် ညီမတို့ batch က (၂)ယောက်ရယ် အတူတူရိုက်ကူးတာဆိုတော့ ကိုယ့်စီနီယာအစ်မကိုလည်း ရိုက်နေတာကိုမေ့ပြီး လှမ်းစနေမိတာတွေရှိတယ်။ အပြင်မှာလည်း အမြဲစနေနေကြ ဆို တော့လေ။ မထိန်းနိုင်ပဲ ရယ်မိတာတွေ၊ ကြောင်ပြီးကြည့်နေမိတာတွေရှိတယ်။ သူကမျက်လုံးနဲ့ ကိုယ့်ကိုလှမ်းပြတာတွေ တီဗီပေါ်တက်တဲ့အခါ နည်းနည်းလေးပါသွားတာတွေရှိတယ်။

Stage fright နဲ့ သဇင်နွယ်ဝင်း 
လုပ်ငန်းအတွေ့အကြုံက (၅) နှစ်ကျော် (၆) နှစ်ရှိသွားပြီဆိုပေမယ့် အခုချိန်အထိ စင်အောက်ကပရိသတ်တွေကိုပဲဖြစ်ဖြစ်၊ လူအများကြီးနဲ့ပဲဖြစ်ဖြစ် ရှိတဲ့အခါ စိတ်လှုပ်ရှားနေတုန်းပါပဲ။ ဒါပေမယ့် လုပ်သက်ကြာလာတာနဲ့အမျှ ဒီလိုစိတ်လှုပ်ရှားတဲ့အခါတွေမှာ ကိုယ့်ရဲ့မိတ်ဆွေတွေအဖြစ်၊ ကိုယ်သိတဲ့သူတွေအဖြစ် စိတ်ထဲမှာထားလိုက်တယ်။ အမှားအယွင်းတွေကို သင်ယူရင်းနဲ့ တဖြည်းဖြည်းချင်း နေသားကျလာပါတယ်။ ပထမဆုံး အတွေ့အကြုံလိုတော့ မမှားတော့ဘူးပေါ့နော်။

ပရိသတ်နဲ့ ဆက်သွယ်မှု
Social  အဖြစ် facebook / instagram/ zalo တွေကို သုံးဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားတွေပြောဖြစ်တယ်။

Emcee & Presenter ကွာခြားချက်
ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှိသူကို ဆက်သွယ်ပြီးမေးတယ်၊ ပွဲကျင်းပဖို့ ရည်ရွယ်ချက်ကိုမေးပြီး script ကို ပြင်ဆင်ရေးသားရတယ်၊ ပွဲအကြောင်းကို ပရိသတ်ပိုသိအောင် ဘယ်လိုတင်ဆက်ရမလဲ စဉ်းစားရတယ်၊ အင်တာဗျူးဖို့အတွက် လုပ်တယ်။ လိုချင်တာရှိတဲ့ အချက်အလက်တွေကို အစီအစဉ်ဆွဲပေးတယ်။ ဒါကတော့ Emcee & Presenter ကွာခြားချက်ပေါ့နော်။

ပွဲစီစဉ်တင်ဆက်သူတစ်ဦး ဖြစ်ချင်တယ်ဆိုရင်
ညီမတို့တုန်းက စစချင်းမှာဆိုရင် အလုပ်ဝင်ပြီးမှ ထရိန်နင်ကရှိတာ။ အခုကျတော့ သင်တန်းတွေကဖွင့်ထားပြီ၊ တက်လို့ရတယ်။ 

စကားအသုံးနှုန်းတွေက မမှားမယွင်းအောင် ဂရုစိုက်ရတယ်။ စာများများဖတ်ရတယ်။ အသုံး အနှုန်းများများသိအောင် လုပ်ရမယ်။ အကြောင်းအရာတစ်ခုကို အကုန်လုံးမသိဘူးဆိုရင်တောင် အကြမ်းဖျင်းတော့ သိထားရမယ်။ တကယ်တမ်းကိုယ်လေ့လာထားသလောက် ပရိုဂရမ်မှာ တင်ဆက်ပေးလို့ရတယ်။ ကဏ္ဍစုံရှိတဲ့အတွက် အားလုံးကိုလေ့လာပြီး သိထားရမယ်။ နောက် ပေါင်းသင်းဆက်ဆံရေးကို သေချာဂရုစိုက်ရမယ်။ Presenter ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ပွဲတွေသွားတဲ့အခါ ပွဲစီစဉ်တဲ့သူနဲ့ တွေ့တဲ့အခါ၊ အနုပညာရှင်တွေနဲ့တွေ့တဲ့အခါ ပြောဆိုဆက်ဆံတာတွေကို ဂရုတစိုက်သတိထားရပါတယ်။ အခုဆိုရင် Presen-tation ကောင်းကောင်းတင်ပြနိုင်အောင် သင်ကြားပေးနေတဲ့ သင်တန်းတွေလည်းရှိနေပါပြီ။ 

ကျန်းမာရေးနဲ့ Emcee
အလှအပက တကယ်လိုအပ်ပါတယ်၊ မင်းသမီးတော့မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်တွေက TV ရှေ့ကိုရောက်နေရတဲ့ သူတွေဆိုတော့ Image တစ်ခုရှိနေတဲ့အတွက်ကြောင့် ချောသည်ဖြစ်စေ မချောသည်ဖြစ်စေ၊ အပြစ်အနာဆာမရှိအောင် ဂရုစိုက်ရတယ်။ မိတ်ကပ်လိမ်းတယ်၊ ရိုက်ကူးရေးလုပ်တာများလာတဲ့အခါကျတော့ နောက်ပိုင်းကျတော့ မျက်နှာအရေးကြောင်းတွေ ပေါ်လာတယ်၊ ၀က်ခြံတွေပေါက်လာတယ်။ အခုဆို ညီမ မျက်နှာအသားအရေကို တော်တော်ဂရုစိုက်ရတယ်။

ကိုယ်အလေးချိန်ကိုလည်း အရမ်း ဂရုစိုက်ရတယ်၊ အရင်ကဆို ညီမအရမ်းဝခဲ့တယ်။ TV မှာက ၁၀ပေါင်တိုးသွားတော့ ပိုပြီးကြီးသွားတာမျိုး ဖြစ်တတ်တယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုတယ်။ ညီမဆို ခဏခဏ အသံဝင်တယ်၊ ပရိုဂရမ်ရိုက်တဲ့အခါကျတော့ အသံမရတော့ အနားယူရတယ်၊ ခေါင်းကိုက်နေရင်လည်း အားမစိုက်ထုတ်နိုင်ဘူး။ စိတ်မပါဘူးဖြစ်တော့ အလုပ်ပျက်တာပေါ့နော်။

စံသတ်မှတ်ချက် ထားထားတယ်ဆိုရင်
ညီမကိုယ်ညီမ အားမရသေးပါဘူး၊ ဆက်ပြီးအများကြီးလေ့လာဖို့ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာဆိုရင်လည်း အားလုံးက ကိုယ့်အရည်အချင်းနဲ့ကိုယ် အကုန်လုံးကရှိနေကြတော့ လေ့လာစရာတွေအများကြီးပဲ။ ပြည်ပမှာဆိုရင် ပရိုဂရမ်တင်ဆက်သူက ပရိသတ်ကိုဘယ်လိုဆွဲခေါ်သွားလဲ၊ သူတို့ဘက်ပါလာအောင် အပြောအဆိုက အစ ပရိသတ်နားဝင်အောင်၊ သဘောကျလာအောင် ဘယ်လိုပြောသွားသလဲကအစ လေ့လာချင်တယ်။ 

သတင်းတင်ဆက်မှုတွေ၊ နောက် စကား အရွှန်းဖေါက်တာလေးတွေ ဘယ်လိုလုပ်သွားမလဲ။ အခုထိကို လေ့လာနေဆဲပါပဲ။

သဇင်နွယ်ဝင်းရယ်လို့ မှတ်မိသွားတာက
ခေတ်သစ်ပျိုမေနဲ့ သတင်းကြေညာတာမှာ သတိထားမိသွားကြတယ်။ နောက် chit chat ရိုက်တော့ ညီမနာမည်ထက် chit chat.. chit chat ဆိုပြီး ခေါ်တာလေးတွေရှိတယ်။

ညီမတို့လို အစီအစဉ်တင်ဆက်သူ မီဒီယာသမားတစ်ယောက်အနေနဲ့ ညီမတို့မှာတော့ ပရိသတ်မရှိဘူးပေါ့နော်။ ဒါပေမယ့် ညီမချစ်ရတဲ့၊ ညီမကိုချစ်ကြတဲ့ သူငယ်ချင်းတွေရှိတယ်။ ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမတွေရှိကြပါတယ်။ ညီမကို နေရာတစ်ခုအတွက်ကို လက်ခံပြီးတော့ အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောချင်ပါတယ်။