လျှောက်လမ်းထက်မှ ငွေကြယ်ပွင့်များ

မီးရောင်တဖျတ်ဖျတ်လက်နေတဲ့ ခန်းမကျယ်ကြီးရဲ့ စင်မြင့်ထက်က လျှောက်လမ်းတွေပေါ်မှာ ၀င့်ကြွားလှပတဲ့အပြုံးများနဲ့ စိန်ခေါ်မှုတွေကြား လင်းလက်နေတဲ့ ငွေကြယ်ပွင့်လေးတွေ တောက်ပနေကြပါတယ်။ ဒီလို တောက်ပနေတဲ့ လျှောက်လမ်းထက်က ငွေကြယ်ပွင့်လေးတွေကို People ရဲ့ စာမျက်နှာများထက်ကနေ အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။

Miss Universe Myanmar 2015
မေဘရဏီသော်
“နောင်တတွေနဲ့တော့ ဘ၀ကိုမဖြတ်သန်းချင်ဘူး”


                    
မော်ဒယ်လ် ဘ၀အစ
ပထမဦးဆုံးအနေနဲ့  Miss People 2013 ပြိုင်ပွဲကို ၀င်ပြိုင်ပြီး အနုပညာလောကထဲကို ၀င်ရောက်လာတာပါ။ Miss People 2013 မှာ 1st Runner up ဆုကိုရခဲ့ပါတယ်။ ပထမဆုံးပြိုင်ပွဲဆိုတော့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ်။ ပို့စ်တွေလည်း တော်တော်ကြိုးစားပြီး လုပ်ခဲ့ရတယ်။ ပြိုင်ပွဲမှာ Q&A ဖြေရတဲ့အချိန်တုန်းကဆို နှုတ်ခမ်းတွေတောင် တုန်နေခဲ့တယ်။ အဲဒီပြိုင်ပွဲမပြိုင်ခင်မှာတော့ Stars & Models မှာ သင်တန်းတက်ခဲ့ပါတယ်။ သင်တန်းပြီးတော့ ခဏနားနေလိုက်သေးတယ်။ Miss People လျှောက်လွှာခေါ်တာတွေ့တော့မှ သွားလျှောက်ဖြစ်ခဲ့တာပါ။ 

တွန်းအား
အခုလို မော်ဒယ်လ် အလုပ်ကိုစလုပ်ဖြစ်ခဲ့တာဟာ မခံချင်စိတ်ကြောင့်ပါ။  ညီမအရင်ကတည်းက ရိုးရိုးပဲ နေတတ်တယ်။  မိတ်ကပ်လည်း မပြင်တတ်ဘူး။ ဒီတိုင်းပဲ ဖြစ်သလိုသွား၊ လာ နေတတ်တယ်။ ဒါပေမဲ့ မဂ္ဂဇင်းတွေ စာစောင်တွေကို ဖတ်ရတာတော့ အရမ်းဝါသနာပါတယ်။ တစ်နေ့ တော့ မဂ္ဂဇင်းဖတ်ပြီး အမေ့ကိုပြောတယ်… သမီး  ဒီလိုမျိုးလေး ဖြစ်ချင်တယ်… ပြိုင်ပွဲတွေလည်း ခေါ်နေတာတွေ့တယ်ပေါ့။ အဲ့လိုပြောတော့ အမေကမဖြစ်နိုင်ဘူးလို့ ပြောတယ်။ ဘာမှ မပြင်မဆင်နဲ့
နေတတ်တဲ့ သမီးအကြောင်းကိုသိနေတော့လေ။ အဲ့ဒီမှာ ကိုယ့်အမေက ကိုယ့်ကိုအထင်သေးတာတော့ မခံနိုင်ဘူးဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်သွားခဲ့တာပါ။ 

အတွေ့အကြုံများ
၂၀၁၃ People ပြိုင်ပွဲဝင်ပြီး ကတည်းက အင်တာနေရှင်နယ် ပွဲတစ်ခုခုကို ၀င်ပြိုင်ဖို့ စဉ်းစားထားခဲ့ပါတယ်။၂၀၁၄ မှာ Miss International Myanmar ပွဲကို ပြိုင်ဖြစ်ခဲ့တယ်။1st Runner Up နဲ့ Miss Photogenic ဆုနှစ်ခုကိုရခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပတဲ့ Miss International 2014 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲ့အချိန်တုန်းက ညီမအတွက် အရမ်းကို အခက်အခဲဖြစ်ခဲ့ပါတယ်။ အချိန်ကလည်း နှစ်ပတ်ပဲ ရခဲ့တဲ့အတွက် Training အတွက် မပြင်ဆင်ခဲ့ရဘူး။ ပရိသတ်တွေဘက်မှာလည်း အချိန်က အရမ်းနီးကပ်နေတဲ့အတွက် Miss ရတဲ့သူကသွားမှာလား။ ဒုတိယက သွားမှာလားဆိုတာ မသဲမကွဲ အခြေအနေတွေ ဖြစ်ခဲ့တယ်။ အ၀တ်အစားကအစ Body ပိုင်းရော၊ Catwalk ရော ဘာတစ်ခုမှ သေချာပြင်ဆင်မှုမရှိဘဲနဲ့ သွားလိုက်ရတာဆိုတော့ တော်တော် Depression ရခဲ့ရပါတယ်။ အဲဒီက ပြန်လာတဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေခဲ့တယ်။ သေချာလည်း မပြင်ဆင်ခဲ့ရ၊ အကောင်းဆုံးလည်း မကြိုးစားခဲ့ရဘဲ သွားခဲ့ရတယ်ပေါ့နော်။ အဲဒါကြောင့် ဂျပန်က ပြန်ရောက်ရောက်လာချင်းပဲ Miss Universe Myanmar ပွဲကို ၀င်ပြိုင်ဖို့ စဉ်းစားလိုက်ပါတယ်။ အဲဒီလို စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက်လည်း တစ်နှစ်လောက် အချိန်ရခဲ့တယ်။ ပုံမှန်ဆိုရင်တော့ Miss Myanmar တစ်ယောက်အနေနဲ့ အင်တာနေရှင်နယ်ပွဲမှာ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ပြီးပြီဆိုရင် ပြိုင်ပွဲတွေထပ်ပြိုင်တာ တော်တော်လေးကို ရှားကြပါတယ်။ မပြိုင်ဖြစ်ကြဘူးပေါ့နော်။ ညီမ ယှဉ်ပြိုင်မယ်ဆိုတဲ့အချိန်မှာလည်း မိသားစုရော၊ ပရိသတ်တွေရော၊ ဆရာတွေကအစ တော်တော်လေးကို ကန့်ကွက်ခဲ့ကြတယ်ဆိုတော့ ဒီနေရာမှာလည်း အတော်အခက်တွေ့ခဲ့ရပါတယ်။ နိုင်ငံခြားပွဲမှာ နိုင်ငံကိုယ်စားပြုသွားပြိုင်ခဲ့ပြီး ပြည်တွင်းပွဲမှာ ထပ်ပြိုင်လို့ Winner မဖြစ်နိုင်ခဲ့ဘူးဆိုရင် ညီမ
အတွက် နစ်နာမှာစိုးကြတယ်။ အရမ်းလည်း စွန့်စားရမယ်ပေါ့နော်။ မိသားစုတွေကလည်း အဲလိုသာဖြစ်ခဲ့ရင် ညီမစိတ်ဓာတ်ကျသွားမှာကို တော်တော်လေးကို စိုးရိမ်ကြတယ်။ အဲဒါကြောင့် တားကြတယ်။ ပြီးတော့ တချို့ပရိသတ်တွေဆီကလည်း ညီမက ပြည်ပမှာသွားပြိုင်ပြီးပြီမို့လို့ နောက်ကလူတွေကို လမ်းဖွင့်ပေးသင့်တယ်ပေါ့… အဲလို ပြောသံတွေ တော်တော်လေးကို ညံခဲ့ပြီးတော့မှ အခက်အခဲတွေနဲ့ပဲ ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ 

အိပ်မက်
Miss Universe ပြိုင်ပွဲကို ၀င်ပြိုင်နိုင်ဖို့ ဆန္ဒက ညီမမော်ဒယ်လ်အလုပ်ကို စလုပ်တဲ့ အချိန်ကတည်းက ရှိနေခဲ့တာပါ။ ငယ်ငယ်လေးကတည်း က Miss Universe ပွဲတွေကိုကြည့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့တုန်းကတော့ မြန်မာနိုင်ငံမှာ အခွင့်အရေး
မရခဲ့ဘူးပေါ့နော်။ ၂၀၁၃ ၊ မမိုးစက်ဝိုင် ပြိုင်ခဲ့တဲ့နှစ်မှာ သူ့ရဲ့ Program ကို ကြည့်ပြီး အရမ်းသဘောကျတယ်။  Miss Universe  Myanmar ပွဲကို ညီမလည်း ၀င်ပြိုင်မယ်လို့ စဉ်းစားထားခဲ့တယ်။ နောက်တစ်ချက်က ကိုယ်တကယ်ဝင်ပြိုင်ဖို့ လုပ်တဲ့အချိန်မှာ အခက်တွေ့စရာတွေ ကြုံလာရပေမဲ့ အခြေအနေအကြောင်းကြောင်းတွေကြောင့် ၀င်မပြိုင်ခဲ့ဘူးဆိုရင် အသက်ကြီးသွားတဲ့အခါကျမှ ငါမပြိုင်ခဲ့ရလေခြင်းဆိုတဲ့ နောင်တနဲ့  အမြဲတမ်းနှမြောတသဖြစ်နေရမှာ မဖြစ်ချင်လို့ပါ။ အသက်ကျော်သွားပြီဆိုရင် ဘယ်လိုမှပြန်လှည့်လို့ မရတော့ဘူးလေ။ အဲ့လိုရမယ့်နောင်တက အနိုင်အရှုံးဆိုတာထက် ပိုပြီးတော့ ကြီးပါတယ်။ နောင်တတွေနဲ့တော့ ညီမဘ၀ကို မဖြတ်သန်းချင်ဘူးပေါ့နော်။ Miss Universe Myanmar ဆုကို (၃.၁၀.၂၀၁၅) မှာရခဲ့တယ်။ ၁၂လပိုင်းမှာပဲ Miss Universe ပွဲကို သွားခဲ့ရတယ်ဆိုတော့ အဲ့ဒီအချိန်တုန်းကလည်း ညီမမှာ နှစ်လပဲ ပြင်ဆင်ချိန်ရှိခဲ့ပါတယ်။ 

အခက်အခဲများ 
Miss Universe Myanmar ဆုရပြီးတဲ့ အချိန်မှာလည်း ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။ လူအားဖြင့်ရော၊ စိတ်ပိုင်းဆိုင်ရာရော အများကြီး အတိုက်ခိုက်ခံခဲ့ရတယ်။ တိုင်းနဲ့ပြည်နယ် အားလုံးက လာပြိုင်ကြတာဆိုတော့ နေရာ 
ဒေသအသီးသီးကလည်း ကိုယ့်လူကို အရမ်းအားပေးကြတယ်။ Facebook Profile တွေမှာဆိုရင် ညီမပုံမှာ ကြက်ခြေခတ်တွေ ခြစ်ပြီးတင်တာတွေ၊ သရဖူကိုပြန်လွဲပေးလိုက် ဆိုတာမျိုးပြောတာတွေ  အများကြီးကြုံခဲ့ရတယ်။ အဲ့လိုအခြေအနေတွေကြားမှာ ညီမရော ညီမမိသားစုတွေရော အရမ်းစိတ်ဆင်းရဲခဲ့ကြရတယ်။ ဒါပေမဲ့နိုင်ငံရပ်ခြားမှာ ပိုများတဲ့ အခက်အခဲတွေ ကြုံခဲ့ရတော့ ကိုယ့်ဆီ မှာ ကြုံရတဲ့ကိစ္စတွေကို ကျင့်သားရသွားပြီး ခံနိုင်ရည်လည်း ရှိသွားခဲ့ပါတယ်။ အင်တာနေရှင်
နယ်မှာ သွားပြိုင်မယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကြံ့ခိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ညီမအနေနဲ့ ကြားထဲမှာ နှစ်လပဲအချိန်ရှိခဲ့ပေမဲ့လည်း ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ 

စိတ်ဓာတ်နဲ့ ခံယူချက်
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရတဲ့အခါ Miss တစ်ယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ကြံ့ခိုင်မှုပါ။ လှပမှုတစ်ခုတည်းတင်မကဘဲ စိတ် ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရမ်းအရေးကြီးပါတယ်။ သူတို့ဆီမှာ Miss တွေကို ငယ်ငယ်တည်းက Train လာတဲ့သူတွေနဲ့ ကြုံတွေ့ရတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ဆီကလူတွေ အများဆုံးခံစားရတာက စိတ်ဓာတ်ကျခြင်းနဲ့ အားလျော့ခြင်းတွေပါ။ အဲ့လိုဖြစ်လာရင် ကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်။ ပြိုင်ပွဲမှာ ကောင်းကောင်း မယှဉ်ပြိုင်နိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။  လူမျိုးချင်း ယဉ်ကျေးမှုချင်း မတူတဲ့အတွက် ဆက်ဆံမှုအပိုင်းမှာလည်း အခက်အခဲလေးတွေ တွေ့ရတတ်ပေမဲ့ Miss တွေ အချင်းချင်းထဲမှာတော့ တိုက်ခိုက်မှုတွေမရှိခဲ့ကြပါဘူး။ ယဉ်ကျေးမှုမတူတဲ့အတွက် နေထိုင်မှုပုံစံမှာ သူတို့တွေက အရမ်းပွင့်လင်းကြတယ်။ ကိုယ်တွေကျတော့ ရှက်တတ်တယ်။ သူတစ်ပါးကို ဦးစားပေးတတ်တယ်။ သူတို့တွေကကျတော့ အမြဲတမ်း သူတို့အတွက်ပဲ… ယုံကြည်မှုကလည်း အရမ်းမြင့်ကြတယ်။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာ ကွာခြားမှုလေးတွေကတော့ရှိတယ်။ နေထိုင်မှုစရိုက်ဆိုရင်လည်း သူတို့တွေဟာ ငယ်ငယ်လေးတည်းက ကိုယ့်အား ကိုယ်ကိုးတယ်။ ၁၈နှစ်ကျော်ပြီဆိုတာနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် ကြိုးစားကြတယ်။ ကိုယ့်ဆီမှာကတော့ အသက် ၂၀၊ ၃၀ ကျော်သွားလည်း မိသားစုနဲ့ စည်းစည်းလုံးလုံး နေတတ်ကြတယ်ဆိုတာမျိုးကို သူတို့တွေကလည်း စိတ်ဝင်စားကြတယ်။ 

အောင်မြင်မှုဆိုတာ
ညီမအနေနဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အများကြီးစဉ်းစားတယ်။ အဘက်ဘက်ကနေ စဉ်းစားပြီးတော့မှ အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ကိုယ့်အပေါ် ဝေဖန်မှု၊ တိုက်ခိုက်မှုတွေကိုလည်း အမြဲတမ်းအကောင်းဘက်ကမြင်ပြီး စဉ်းစားလိုက်ပါတယ်။ အခုဆိုရင် ညီမ ပျော်ရွှင်ပါတယ်။ ဘယ်လောက်ပဲ တိုက်ခိုက်မှုတွေကြုံကြုံ ညီမပျော်ရွှင်နေမယ်ဆိုရင် ညီမမိသားစုကလည်း ပျော်ရွှင်ရမယ်။ အဲ့ဒါဟာ ညီမအတွက် အောင်မြင်မှုပါပဲ။ 

အနာဂတ်အတွက်
မိသားစု စီးပွားရေးကတော့ Food And Beverage နဲ့ ရေခဲမုန့်လုပ်ငန်းတွေပါ။ စီးပွားရေးဘက်မှာ ဒီထက်မက ပိုပြီးတော့ အောင်မြင်ချင်ပါတယ်။ အနုပညာအနေနဲ့ကတော့ သရုပ်ဆောင်ဖို့အတွက် လာကမ်းလှမ်းတာတွေရှိပေမဲ့ သရုပ်
ဆောင်ဘက်ကို သွားဖို့ ညီမ မစဉ်းစားထားပါဘူး။ Model အလုပ်ကိုပဲ ၀ါသနာပါတဲ့အတွက် အခုလိုမျိုးပဲ Miss တစ်ယောက်အနေနဲ့ ရပ်တည်ပါမယ်။ လတ်တလောမှာတော့ ညီမ ခရီးသွားဖြစ်နေတာတွေများပါတယ်။ Miss Universe Myanmar 2017 ပြိုင်ပွဲအတွက် ပြည်နယ်နဲ့တိုင်းအသီးသီးက ရွေးချယ်ပွဲတွေမှာ ညီမကို ဒိုင်အနေနဲ့ရော၊ သရဖူဆောင်းပေးဖို့ကော ဖိတ်ခေါ်မှုတွေရှိတဲ့အတွက်ကြောင့်ပါ။ အခြားပွဲ အသေးလေးတွေမှာလည်း ဒိုင်အနေနဲ့ရော Trainer အနေနဲ့ရော သွားရောက် လုပ်ဆောင်ပေးရတာလေးတွေရှိပါတယ်။ 

မမေ့နိုင်မယ့် အမှတ်တရများ
အမှတ်တရအဖြစ်ဆုံးကတော့ ပထမဆုံး ပြိုင်ပွဲအတွေ့အကြုံဖြစ်တဲ့ Miss People 2013 ပြိုင်ပွဲကိုပဲ ပြောရမှာပါ။ ဘာအတွေ့အကြုံမှမရှိဘဲ ဒီလောက်ကြီးတဲ့ ပြိုင်ပွဲစင်ပေါ် တက်ရတဲ့အချိန်မှာ အရမ်းကို စိတ်လှုပ်ရှားတုန်ယင်နေခဲ့သလို Q & A 
ဖြေတဲ့အချိန်မှာ ပရိသတ်ထဲက တစ်ခဲနက် အားပေးသံကြီးကြားလိုက်ရတာကို အမှတ်တရဖြစ်နေပါ တယ်။ နောက်တစ်ခုက Miss Universe Myanmar ပြိုင်ပွဲပါ။ ပြိုင်တဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအများကြီးကို ကျော်လွှားပြီးစိတ်အားတွေလည်း တင်းခဲ့ရတယ်။ ဆုကိုလည်းမျှော်လင့်ထားပေမဲ့ ဆုရပြီလို့ ကြေငြာလိုက်တဲ့အချိန်မှာ မျက်ရည်ကိုလုံးဝ မထိန်းနိုင်ခဲ့ပါဘူး။ အရမ်းငိုခဲ့ရတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိတ် လန့်ပြီးဝမ်းသာခဲ့လို့ပါ။ အဲဒီအချိန်လေးတွေကိုတော့ အမှတ်တရအဖြစ်ဆုံးပါပဲ။
H & M - Soe Soe (Darli)

 

Miss Golden Land Myanmar 2015
L ဘောက်နူး
“ရှေ့ဆက်သွားမှ ဖြစ်ချင်တဲ့အရာဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ထတယ်”

မော်ဒယ်လ်အစ
မော်ဒယ်လ်လောကထဲကို ၂၀၁၂ခုနှစ် Miss Christmas ပြိုင်ပွဲနဲ့ ၀င်ရောက်လာခဲ့တယ်။ စပြိုင်တဲ့အချိန်တုန်းကတော့ သိပ်ပြီးတော့ ရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ဘူး။ မော်ဒယ်လ်လုပ်ချင်တဲ့ သာမန်စိတ်ကူးလေးနဲ့ပဲ ပြိုင်ဖြစ်ခဲ့တာ 
ပါ။ ဒါပေမဲ့ ပြိုင်တဲ့ပွဲများလာလေလေ ၂၀၁၃ ခုနှစ်အကုန်ပိုင်း ၂၀၁၄ခုနှစ်လောက်မှာ International မှာ သွားရောက်ပြိုင်ခဲ့ရတဲ့ မြန်မာကိုယ်စားပြု Miss တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး နိုင်ငံကိုယ်စားပြုတစ်ယောက်ဖြစ်ချင် 
တဲ့စိတ်နဲ့ ကြိုးစားခဲ့ရင်းနဲ့ ၂၀၁၅ခုနှစ်မှာ Miss Golden Land ကို ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ငယ်ငယ်တုန်းကဖြစ်ချင်တာ
ငယ်ငယ်တုန်းကတော့ ဖြစ်ချင်တာတွေ အရမ်းများခဲ့တယ်၊ ကျောင်းဆရာမ၊ လေယာဉ်မယ်၊ သူနာပြုဆရာမ အဲဒါတွေအားလုံး ဖြစ်ချင်ခဲ့တယ်။ နောက်ဆုံး လေယာဉ်မယ်ဖြစ်ချင်တဲ့အတွက် ကြိုးစားဖူးတယ်၊ ဒါပေမဲ့ Miss တစ်ယောက် ဖြစ်အောင်ပဲ ဘုရားကပို့ဆောင်ခဲ့တယ်၊ Miss တစ်ယောက်ဖြစ်ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ကျမှပဲ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင်၊ ဘက်စုံထူးချွန်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်က၀င်လာခဲ့တာပါ။

ပထမဆုံးပြိုင်ပွဲ အတွေ့အကြုံ
ပထမဆုံးပြိုင်ပွဲဆိုရင် ကိုယ့်အတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ အိမ်ကလည်း မပံ့ပိုးပေးဘူး၊ သဘောလည်းမတူဘူး၊ မိသားစုကလည်းမပြည့်စုံဘူး၊ ညီအစ်မတွေလည်းများတော့ အဲဒီအချိန်တုန်းက ဖိနပ်တစ်ရံဝယ်ဖို့၊ ပြိုင်ပွဲသွားဖို့ Taxi ခမရှိတာတို့ အခက်အခဲတွေ အများကြီးနဲ့ ပြန်ပြောမယ်ဆိုရင် စိတ်မကောင်းတောင်ဖြစ်မိပါတယ်။ စိတ်ကတော့အများကြီး မလှုပ်ရှားတတ်ဘူး ဒါပေမဲ့ ပထဆုံး ပြိုင်တဲ့ပြိုင်ပွဲမှာဆို စီနီယာတွေ ပါတယ်။ သူတို့ Confidence တွေကိုကြည့်ပြီး အရမ်းအားကျတယ်၊ ကိုယ်လည်းတစ်နေ့ကျရင် ဒီလိုမျိုး Confidence ရှိအောင်လုပ်မယ်ဆိုတဲ့ စိတ်လေးနဲ့ ဒီပွဲကနေအတွေ့အကြုံတွေ အများကြီးယူတယ်။ ဒါပေမဲ့အဲဒီပွဲမှာ ဘာဆုမှမရတော့ ညီမအရမ်းဝမ်းနည်းခဲ့ရတယ်။ ပိုပြီးဝမ်းနည်းတာက ဘယ်သူမှကိုယ့်ကိုလာမကြည့်၊ အားမပေးတဲ့အပြင် ဘာဆုမှလည်းမရခဲ့ဘူး။ အိမ်ပြန်တော့လည်း ကိုယ့်ပစ္စည်းတွေ ကိုယ်သိမ်းပြီးပြန်ရတဲ့ ခံစားချက်က ကိုယ့်ကိုပိုပြီး အားနည်းစေခဲ့တယ်။ ဒါပေမဲ့လည်း ညီမစိတ်ဓာတ်မကျခဲ့ဘူး နောက်ထပ်ပွဲတွေကို ဆက်ပြီး ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ ညီမရဲ့စိတ်ဓာတ်က ထိခိုက်လွယ်တဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။ တစ်ခုခုကို ၀မ်းနည်းပြီဆိုရင် အရမ်းခံစားတတ်တယ်။ ဒါပေမဲ့အကြာကြီးတော့ မခံစားတတ်ဘူး၊ ချက်ချင်းအဲဒီနေရာကနေ ပြန်ဆွဲ
ထူတယ်၊ ကိုယ့်ဘာသာကိုယ် အားမွေးပြီးတော့ ကြံ့ခိုင်အောင် ပြန်ကြိုးစားပြီး ဒီနေရာမှာပဲ ရပ်မနေဘူး၊ ရှေ့ဆက်သွားမှ ဖြစ်ချင်တဲ့အရာ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ထခဲ့တယ်။

Miss Golden Land Myanmar
International ပြိုင်ပွဲဆိုရင် ၂၀၁၄ ခုနှစ်ကတည်းက ဒီ Miss Golden Land Myanmar ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ကြိုးစားပေမဲ့ Ready မဖြစ်သေးတဲ့အတွက် ညီမသေချာပြင်ဆင်ပြီး ၂၀၁၅မှာ ၀င်ပြိုင်ဖြစ်ခဲ့ရင်း 2015 Miss Golden Land Myanmar ဆုကိုရရှိခဲ့တာပါ။ အဲဒီရှေ့မှာတော့ ရန်ကုန်မြို့ရဲ့ပြိုင်ပွဲတွေ မြောက်မြားစွာကို ပြိုင်ခဲ့ပေမဲ့ ဘာဆုမှမရခဲ့ပါဘူး။

ပြိုင်ပွဲအတွင်း သူငယ်ချင်းများနဲ့ အမှတ်တရ
ညီမအတွက်ဆို လူတွေအများကြီးနဲ့ ပေါင်းသင်းရတာ အခက်အခဲမရှိခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက Church တွေမှာဆို လူတွေအများကြီးနဲ့၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းရတာ ပျော်လည်းပျော်တယ်။ လူများလေပျော်လေ၊ သူတို့ရဲ့ အတွေ့အကြုံတွေနားထောင်၊ အဲဒီထဲကနေ သင်ခန်းစာတွေလည်း ပြန်ယူတတ်တယ်ဆိုတော့ အားလုံးနဲ့လည်း အဆင်ပြေတယ်၊ အားလုံးကလည်း ဒီအချိန်အထိ ချစ်ကြတယ်၊ အဲဒီပြိုင်ပွဲတုန်းကဆိုရင် အားလုံးထဲမှာ ညီမက အသက်ကြီးပိုင်းထဲမှာပါတယ်ဆိုတော့ တစ်ခုခုဆို ညီမက ဦးဆောင်တယ်၊ ကိုယ့်ကိုလည်းအားလုံးက ချစ်ကြတယ်ဆိုတော့ အဲဒီအချိန်တွေက ညီမအတွက် အမှတ်ရစရာအချိန်တွေပါပဲ။

အားကျရတဲ့သူ
အရှေ့ကစီနီယာတွေထဲမှာဆို ညီမအားကျတဲ့သူ တစ်ယောက်မကဘူး၊ အများကြီးရှိတယ်၊ အထူးသဖြင့် မအွန်ဆိုင်းကိုအားကျတယ်။ သူက ညီမတို့လိုပဲ ကချင်လူမျိုးလည်းဖြစ်တယ်၊ ဒီ လောကထဲမှာလည်း အကြာကြီးအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တယ်၊ သူဆိုလည်း ဒီလောကထဲမှာ ဒီနေရာကိုရောက်ဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာတွေရှိတယ်။ သူကျရှုံးခဲ့ရတဲ့အချိန်တွေရှိပေမဲ့လည်း ဘယ်တော့မှနောက်မဆုတ်ဘူး၊ ပြီးတော့ စီနီယာတစ်ယောက် အရမ်းပီသတယ်။ အငယ်တွေတွေ့ပြီဆိုရင်လည်း အမြဲအားပေးစကားပြောတတ်တယ်။ ညီမရဲ့ အများကြီးသော Idol တွေထဲက ညီမနဲ့လည်း အနီးစပ်ဆုံးဖြစ်ပြီး အားကျရဆုံးတစ်ယောက်ပါ။

Miss တစ်ယောက်အတွက်
ညီမက သတ်မှတ်ထားတဲ့စံဆိုတာမျိုး အကြီးကြီးမရှိဘူး၊ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးလုပ်မယ်၊ ကိုယ့်ကိုပြောသမျှ Negative အားလုံးကို အကောင်းဆုံးဘက်ကို လှည့်ပစ်လိုက်တယ်၊ ဥပမာ- ကိုယ့်ကိုမကြိုက်တဲ့ Fan တွေက ဘာ
ကြောင့် မကြိုက်တာလဲ၊ ဘယ်အချက်ကို မကြိုက်တာလဲ၊ အဲဒါဆိုရင် အဲဒီမကြိုက်တဲ့အချက်ကို ပြင်မယ်ဆိုတာမျိုးလေးတွေနဲ့ အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ နေပါတယ်။ Miss တစ်ယောက်အနေနဲ့ဆိုရင်တော့ Body ၊ Beauty ၊ Brain ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံအောင်ကြိုးစားရတယ်ဆိုတော့ အဲဒီလိုမျိုးလေးတွေနဲ့ နေပါတယ်။

ကြိုးစားနေတဲ့သူများအတွက်
ပြိုင်ပွဲတစ်ခုကို ပြိုင်တော့မယ်ဆိုရင် ကိုယ်ကဘယ်ပြိုင်ပွဲကို ပြိုင်ချင်တာလဲ၊ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာကို ပထမဦးဆုံး ကြိုးစားရပါမယ်၊ ပြီးတော့ ကိုယ်က ဘယ် Title ကို လိုချင်တာလဲ၊ အဲဒီလိုချင်တာအတွက် ဘယ်လိုကြိုးစားမလဲ၊ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာရမလဲ၊ ကိုယ်လိုချင်တဲ့ Title ရဲ့ Background တွေ က ဘာတွေလဲဆိုတာ အများကြီးလေ့လာရပါမယ်။ အဲဒီလိုအများကြီး လေ့လာပြီး ကြိုးစားမယ်၊ အချိန်ပေးပြီး သေချာပြင်ဆင်မယ်ဆိုရင် ကိုယ့်အတွက်အောင်မြင်မှုက ၇၀% သေချာတယ်လို့ အကြံပေးချင်ပါတယ်။

ပရဟိတ
Miss တစ်ယောက်ဖြစ်ပြီးနောက်ပိုင်း ပရဟိတအနေနဲ့ လုပ်ဖြစ်တာကတော့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးလုပ်ဖြစ်တယ်၊ Miss မဖြစ်ခင်ကတည်းကတော့ ညီမတစ်ပိုင်တစ်နိုင် ပိုက်ဆံမတတ်နိုင်တဲ့ကလေးတွေကို အခကြေးငွေနဲ့ မဟုတ်ဘဲ ဆယ်တန်းမအောင်ခင်ကတည်းက စာသင်တဲ့အလုပ်လုပ်တာ အခုအချိန်ထိပါ။

အနုပညာလှုပ်ရှားမှုများ
ညီမကို ကမ်းလှမ်းလာတဲ့အပေါ်မှာ အကောင်းဆုံးကြိုးစားပြီးလုပ်ပါမယ်၊ ကိုယ့်ဆီရောက်လာသမျှကို အကောင်းဆုံးလုပ်မယ်၊ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးလုပ်မယ်။ Miss မပြိုင်ခင် မော်ဒယ်လ်လုပ်ကတည်းက ညီမကကင်မရာ ရှေ့မှာ ဒိုင်ယာလော့မပါဘဲ အလွတ်သရုပ်ဆောင်ရတာ အရမ်းသဘောကျတယ်၊ မော်ဒယ်လ်လုပ်နေစဉ်အချိန်တုန်းကလည်း ကြော် ငြာအချို့မှာ ဖြတ်လျှောက်သဘောမျိုးလုပ်ခဲ့တာတွေ ရှိတယ်၊ ဒါပေမဲ့ Miss ဖြစ်သွားတဲ့အချိန်မှာတော့ ညီမကို အားလုံးက နေရာတစ်နေရာလေးပေးပြီး ခေါ်ရိုက်ကြတယ်၊ အများဆုံးလူသိများတဲ့ ကြော်ငြာဖြစ်တဲ့ We Chat ကြော်ငြာလေးဆိုရင် အားလုံးက  သိသွားကြတယ်။ အဲဒီလိုမျိုးဆိုတော့ ကြော်ငြာဆိုရင် ညီမလက်ခံတယ်၊ ဒိုင်ယာလော့ခ်ပါတဲ့ဟာမျိုးသာ ညီမအတွက် နည်းနည်းခက်ခဲတယ်။ ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ အသစ်အသစ်တွေ အမြဲပေးနေပါမယ်၊ ပရိသတ်အတွက် နူးပေးလိုက်တဲ့အရာတွေက ဘယ်တော့မှမတူနေအောင် အကောင်းဆုံးကြိုးစားနေပါမယ်။
H & M - Jessica Han (Htet- Pop Soul)

 

Miss Now How 2016 
နှင်းရွှေရည်
“Body, Beauty, Brain က အရေးကြီးပါတယ်”

အနုပညာလောကထဲ ၀င်ရောက်ခဲ့ပုံ 
2014 မှာ Miss Valentine ပွဲကို ၀င်ပြိုင်ခဲ့တယ် အတွေ့အကြုံမရှိပဲ Miss Valentine ဆုရခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး အနုပညာဝါသနာပါလာတယ်။ တီချယ်မိုးဆီမှာ သင်တန်းတွေတက်တယ် ပွဲတွေမှာ ၀င်ပြိုင်ခဲ့ပါတယ်။ ညီမ အဲ့ဒီအချိန်က အသက် ၁၇ နှစ်ပါ။ 

Miss တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့ပုံ
ပြိုင်ပွဲတော်တော်များများ ပြိုင်ခဲ့တယ် အရင်နှစ်ကလည်း Miss Myanmar World 2015 ပြိုင်ခဲ့တယ်။  ပွဲတစ်ပွဲဆီမှာ အတွေ့အကြုံတစ်ခုဆီ ရခဲ့ပါတယ်။ ပြိုင်ပွဲတွေ ပြိုင်လာတာနှင့်အမျှ အတွေ့ အကြုံတွေအများကြီး ရလာခဲ့တယ်။ ပွဲမှာ ဆုမရခဲ့ ရင် ဒီပွဲမှာ ကိုယ်နေရာတွေမှာ လိုအပ်နေလို့ ဆုမရခဲ့လဲဆိုပြီး အမြဲပြန်သုံးသပ်ခဲ့ပါတယ်။ ပွဲပြိုင်တာ များလာတာနဲ့အမျှ အတွေ့အကြုံတွေ ပိုရခဲ့တယ်။

ပြိုင်ပွဲအတွေ့အကြုံ
(၂) နှစ်အတွင်းမှာ ပြိုင်ပွဲတွေ အများကြီးဝင်ပြိုင်ခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာ အတွေ့အကြုံတွေ ရခဲ့တယ်။ ပြိုင်ပွဲအကြီးတွေ ပြိုင်ရင် စင်အရမ်းကြောက်တယ် Question & Answer သိပ်မဖြေတတ်ဘူး။ အဲ့ဒါတွေကို ပြိုင်ပွဲတွေတစ်ဆင့်ပြီး တစ်
ဆင့်ပြိုင်ရင်း သင်ယူရင်းနဲ့ တိုးတက်လာတယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း နိုင်ငံတကာအဆင့် မြင့်ပေါ်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ 

ဆက်လက်လုပ်ဆောင်မယ့် အနုပညာ 
ညီမ ဒီနှစ်ဆိုရင် Miss Myanmar Inter-national 2016 ကိုပြိုင်ပါမယ်။ အခုဆိုရင် MRTV-4 မှာTraining ဆင်းနေပါတယ်၊ MRTV-4 နဲ့အတူ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ရှိပါတယ်။ နောက်ဆိုရင် သရုပ်ဆောင်လိုင်းဘက်ကူးဖြစ်သွားမှာပါ။ အခု
လည်း ရှိုးပွဲတွေလျှောက်ဖြစ်တယ်၊ မဂ္ဂဇင်းတွေ ရိုက်ဖြစ်တယ်၊ ကြော်ငြာတွေ ရိုက်ဖြစ်တယ် ဂျာနယ်တွေလည်း ရိုက်ပါတယ်။ 

Miss တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း 
Miss တစ်ယောက်မှာ အရည်အချင်းနဲ့ အရည်အသွေးတွေရှိဖို့ လိုပါတယ်။ အရည်အချင်းပိုင်း ဆိုရင်တော့ Body, Beauty, Brain က အရေးကြီးပါတယ်။ ခန္ဓာကိုယ်အလှ၊ ရုပ်ရည်ရူပ ကာအလှအပ၊ သူများနဲ့မတူတဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အရည်အသွေးပိုင်းဆိုရင်တော့ ကိုယ့်ရဲ့ Personality လူတွေနဲ့ ပြောဆိုဆက်ဆံပုံတွေ၊ ဘာသာစကား ကျွမ်းကျင်မှုတွေ ကိုယ့်ကိုယုံကြည်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ 

ကိုယ့်ရဲ့ Image ကို မြှင့်တင်ပုံ 
Miss Now How တစ်ယောက်လည်းဖြစ်တယ်၊ Now How က cosmetic product ဖြစ်တဲ့အတွက် ကိုယ်စားပြုတစ်ယောက်အနေနဲ့ Skin Care ကအစ မိတ်ကပ်ကအစ ဂရုစိုက်ပါတယ်။ နိုင်ငံ ဂုဏ်ဆောင် Miss တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မာနိုင်ငံက အမျိုးသမီးများကို ကိုယ်စားပြုရမှာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးကလူတွေ မြန်မာအမျိုးသမီးလေးတွေ ဘယ်လိုနေထိုင်၊ သွားလာ၊ လှုပ်ရှားတယ်ဆိုတာ ကိုယ့်ကိုကြည့်တာနဲ့ သိရအောင် ကိုယ့်ရဲ့ အနေအထိုင်၊ အပြုအမှု၊ အပြောအဆို၊ ရုပ်ရည်၊ ခန္ဓာကိုယ်ကအစ ဂရုစိုက်ရပါမယ်။ 

ဆုံးဖြတ်ချက်
ညီမပြိုင်ပွဲတစ်ပွဲ ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ Miss ရအောင် ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတယ်။ အခုဆိုရင်လည်း Miss yanmar International 2016 ပြိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပြင်ဆင်မှုတွေ စလုပ်နေပါပြီ။ ဘာသာ စကားလေ့လာမှုတွေလုပ်ပါတယ်။ ဒီပြိုင်ပွဲမှာ လည်း Miss ရအောင် ကြိုးစားသွားမှာပါ ရတာ မရတာကတော့ ကိုယ့်ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလုံးနဲ့ဆိုင်တာပေါ့နော်။ 

ပရိသတ်ကြီးအတွက် 
ဒီ Miss Now How 2016 က ညီမ ဘ၀အတွက် မှတ်တိုင်တစ်ခုပေါ့နော်။ ညီမ ဆက်ပြီး လျှောက်ရဦးမှာပါ။ အနုပညာအလုပ်ဆိုတာ ဘယ်လောက်ခပ်ခပ် မပြည့်နိုင်တဲ့အိုးလိုပါပဲ။ ညီမဆက်ပြီး အများကြီး ကြိုးစားရဦးမှာပါ။ ဒီ့ထက်ပိုင်ပြီး အနုပညာအလုပ်လဲ လုပ်သွားမယ်၊ သရုပ်ဆောင် အလုပ်လဲ လုပ်သွားမယ်၊ Miss ပြိုင်ပွဲတွေလဲ ဆက်ပြိုင်သွားဖို့ရှိပါတယ်။ အဲ့ဒါကြောင့် ညီမကို People ပရိသတ်ကြီးက အားပေးချစ်ခင်ပေးကြပါရှင်။ 
H & M - Ah Naw La Mu

 

Miss Face of Myanmar 2016
ဟန်နွေ
“အနုပညာအလုပ်ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး”

Miss ပြိုင်ပွဲမ၀င်ခင်က နေ့ရက်များ...
ဘယ်မော်ဒယ်လ်သင်တန်းမှ မတက်ဖူးပါဘူး။ ငယ်ငယ်လေးကတည်းက မော်ဒယ်လ်ကို ၀ါသနာပါတော့ Miss Myanmar World 2015 ကို B.Tech civil နဲ့ ကျောင်းပြီးပြီးချင်းမှာ ၀င်ပြိုင်တာ၊ ညီမ၀င်ပြိုင်တာကို အိမ်ကလည်း အပြတ်ပြောထားတယ်၊ ပညာရေးကိုပဲလုပ်၊ မော်ဒယ်လ်လုပ်ရင်တော့ ဘာမှ supporting မလုပ်ပေးနိုင်ဘူးလို့ ပြောထားတော့ (၁)ယောက်တည်းပဲ ကိုယ်တိုင်အား လုံးလုပ်ပြီးဝင်လျှောက်တယ်။ Miss Myanmar World 2015 မှာ အယောက်(၂၀)စာရင်းထဲပါသွားတယ်။ အဲဒီကနေ ညီမ မော်ဒယ်လ်လမ်းကြောင်းပေါ် စရောက်ခဲ့တယ်ပေါ့။

ပြိုင်ပွဲတလျှောက်အတွေ့အကြုံများ...
ဆက်ပြီး Miss Myanmar World အပြီးမှာ ဘာတွေဆက်လုပ်ဖြစ်လဲဆိုရင် Organization နဲ့အတူတူ ညီမတို့ ဖူးခက်ကိုသွားကြတယ်။ ကြော်ငြာတွေ ရိုက်ကြတယ်။ အတွေ့အကြုံတွေ အများကြီး ညီမရလိုက်တယ်။ Training / Camp တွေ
ဝင်ရတော့ ညီမလုံးဝမသိတဲ့ အကြောင်းအရာတွေ၊ ပညာတွေအများကြီးရခဲ့တယ်။ ကိုယ်က သင်တန်းလည်းမတက်ခဲ့ဖူးတော့ မစ္စတာဘရိုင်ယန်ပေးတဲ့ Training တွေရတယ်၊ နောက် You Tube ကနေ လိုအပ်တဲ့ လမ်းလျှောက်ပုံစသဖြင့်ပေါ့ အားလုံးကိုညီမလက်လှန်းမှီသလောက်ရှာပြီး လေ့လာတယ်။ ဘယ်လိုပြောရမလဲ ညီမက ကိုယ်တိုင်လေ့လာရင်းနဲ့ပဲ တဖြည်းဖြည်းချင်း ပြင်ဆင်လာခဲ့တာပေါ့။ အဲ့ပွဲမှာတော့ ဆုမရခဲ့ပါဘူး။

Miss Myanmar World 2015 ပြိုင်ပွဲပြီးတော့ ညီမဆက်ပြီး ပြင်ဆင်လေ့လာတယ်၊ ပြီးတော့ Miss Face of Myanmar 2016 ကို ပြိုင်ဖြစ်တယ်။ မပြိုင်ခင်မှာလည်း ငါဒီပွဲကိုတော့ သေချာပြင်ဆင်ပြီး ပြိုင်ပွဲဝင်ရမယ်ဆိုတဲ့ စိတ်နှစ်ထားတယ်။ ဒီပြိုင်ပွဲက Korea မှာ သွားပြိုင်မယ့် မော်ဒယ်လ်ပြိုင်ပွဲဖြစ်တာကြောင့် အင်တာနေရှင်နယ် မော်ဒယ်လ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ခန္ဓာကိုယ်အရပ်အမောင်း အချိုးအစားက အဓိကကျတယ်ပေါ့။ ဘောဒီပိုင်းကို Gym ဆော့ပြီး 
ကြိုးစား train တယ်။

Strand Hotel မှာ နောက်ဆုံးပြိုင်ပွဲကို လုပ်ခဲ့တယ်။ ညီမအဲဒီပွဲမှာ Miss Face of Myanmar 2016 Winner ဆုရခဲ့တယ်။ နောက်ထပ် ဆု Miss Suwon Myanmar ဆိုတဲ့ဆု ထပ်ရတယ်။ ဒီဆုကျတော့ Korea နိုင်ငံ Suwon မြို့ရဲ့ နှစ် (၁၀၀) ပြည့်အတွက်ပေးတဲ့ title ဆုတစ်ခုပါ။ (၅)လပိုင်းတုန်းက ညီမတို့သွားပြိုင်တော့ ယောကျာ်းလေးထဲမှာဆို မျိုးဇော်က skin ဆုရတယ်၊ ညီမက cable TV BOD Award ဆိုပြီး ဆု (၁)ဆုရတယ်။ ဒီ Suwon Title ဆုကျတော့ (၁၀)လပိုင်းမှာ Korea Film Festival ပွဲဆိုတာရှိတယ်။ အဲဒီပွဲတက်ဖို့ကို တစ်နိုင်ငံချင်းစီက Miss တစ်ယောက်ချင်းစီကို ဆုထပ်ပေးတာ။ 

စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ...
ပြိုင်ပွဲတစ်ခုကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်တယ်။ ရှေ့ပြိုင်ပွဲမှာ ဆုမရခဲ့ဘူးဆိုတာကလည်း ကိုယ့်မှာလိုအပ်ချက်တွေရှိနေသေးလို့ ဆုမရခဲ့တာပေါ့၊ အဲဒီအခါ ပြန်ပြီးစဉ်းစားတယ်။ ပြိုင်ပွဲ (၁)ပွဲပြိုင်ပြီးသွားတဲ့အခါ ဒီပြိုင်ပွဲမှာ ငါဘာတွေပြုမူခဲ့လဲ၊ ဘယ်လိုအတွေ့အကြုံ ဗဟုသုတတွေ ရခဲ့သလဲ။ နောက်ပွဲပြိုင်တဲ့အခါ ဒီအချက်အလက်တွေကို ထပ်ဖြည့်ပြီးတော့ ကြိုးစားတယ်။ ကိုယ့်ပြိုင်မယ့် ပြိုင်ပွဲရဲ့ အကြောင်းကိုသေချာနားလည်အောင်လုပ်တယ်။ ညီမပြိုင်တဲ့ပွဲဆိုရင် Korea မှာလုပ်မယ်၊ နောက် asia အင်တာနေရှင်နယ်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့် အင်တာနေရှင်နယ် ဆိုဒ်မျိုးဖြစ်နေအောင် အစစအရာရာ ဂရုစိုက်ရတယ်။ ဒီပွဲနဲ့ ပတ်သတ်တာတွေပြင်ဆင်ပြီး အကောင်းဆုံးယှဉ်ပြိုင်တဲ့အခါကျတော့ ရလာဒ်ကအကောင်းဆုံးထွက်လာတာပေါ့နော်။

ရရှိခဲ့ဖူးတဲ့ ဆုများ...
ညီမ (၁)ခါမှ ပွဲသေးလေးတွေ မပြိုင်ဖူးဘူး။ အိမ်နဲ့ သူငယ်ချင်းတွေ သိသွားတဲ့အချိန်မှာ အရမ်းအံ့သြသွားကြတယ်။ ဘယ်သူမှမထင်ထားဘူးလေ။  ကိုယ်က စိတ်ထဲကနေ ငယ်ငယ်လေးကတည်းက အရမ်းဝါသနာပါနေတာ။ တဖက်မှာလည်း (၁၀)တန်းကျောင်းသားတွေကို guide လုပ်သေးတယ်။ အဲဒါဝင်ပြိုင်နေတုန်းလည်း စာသင်သေးတယ်။ ညီမအတွက်ပထမဆုံး ပွဲကြီးပဲ။ Miss Myanmar World ပြီးပြီးချင်းမှာ  Beautiful foot step ဆိုတာ စိန်ဂေဟာမှာ လုပ်တာဝင်ပြိုင်သေးတယ်။ ၀င်ပြိုင်ရတဲ့အကြောင်းရင်းက ညီမရဲ့ catwalk train ထားတာ ဘယ်လောက်ထိရောက် ပြီလဲဆိုတာရော၊ ငါသာ ဒီပွဲမှာဘော်ဒီရော လမ်းလျှောက်တာပါ အစစအရာရာ အဆင်ပြေနေမယ်ဆိုလို့ရှိရင် နောက်ပွဲကိုအဆင်ပြေမယ်ပေါ့နော်။ Title ပေးထားတာက Miss Beautiful foot step ဆိုတော့ ခြေလှမ်းအလှပိုင်ရှင်ပေါ့နော်၊ ဒါက local ပွဲပေါ့။ Miss ဆုရခဲ့ပါတယ်။  အိမ်က အဲဒီအထိကို သဘောမတူသေးဘူး။  အင်ဂျင်နီယာပိုင်းကိုသွားပါ ဆိုပြီးပဲ ပြောပြနေတုန်း။ ညီမ စာမေးပွဲလည်း (၁)နှစ်အောက်သွားတယ်။ မဖြေလိုက်ရဘူး။ အခု ၂၀၁၆ မှာတော့ ပြန်ဖြေဖို့ ကြိုးစားနေပါတယ်။ နောက် ကြားထဲမှာ မော်ဒယ်လ်အဖြစ်ပွဲတွေ လျှောက်တယ်။ Dr.Face ရဲ့ (၄)နှစ်ပြည့်ပွဲမှာ မော်ဒယ်လ်တွေအကုန်လုံး ရှိုးလျှောက်တော့ ပရိသတ်ပေးတဲ့ People Choice’s Award ဆုရခဲ့ သေးတယ်။ ပြီးမှ ခြေလှမ်းအလှပြိုင်ပွဲကို ၀င်ပြိုင်တာ။ တဖက်ကလည်း face of myanmar လျှောက်လွှာတင်ပြီးပြီ။

ပြည်ပပွဲအတွေ့အကြုံ
ကိုယ်နိုင်ငံနဲ့မတူတဲ့ အခြားနိုင်ငံက ယဉ်ကျေးမှုတွေ ၊ commnication တွေ ရခဲ့တယ်။ နောက် မော်ဒယ်လ်တွေပြိုင်တဲ့ပွဲဖြစ်လို့ လမ်းလျှောက်တဲ့ စတိုင်လ်ကိုက Miss နဲ့ မတူဘူး။ သူတို့ကအားလုံး change သွားအောင် ထရိန်နင်လုပ်ပေးတယ်။ အရပ်တွေကလည်း အရှည်ကြီး၊ cat walk ကလည်း အတောင့်၊ မျက်နှာကလည်း ခပ်ချေချေပုံစံပဲ။ cat walk ကို Korea Model Association က ပြန်ပြီး ထရိန်နင်လုပ်ပေးတယ်။ အာရှနိုင်ငံ (၂၀)ကျော်ဆိုတော့ မော်ဒယ်လ်က ယောကျာ်းလေး၊ မိန်းကလေးပေါင်း ၁၀၀ ကျော်တယ်။ လူ ၁၅၀ လောက်ကို ယောကျာ်း၊ မိန်းမ ခွဲချလိုက်ပြီး သေချာကို တစ်လနီးပါးလောက် ထရိန်နင်တွေလုပ်ပေးတာ။ ရီဟာဇယ်ဆိုလည်း နေ့တိုင်းနီးပါးပါပဲ။

စိတ်ဓါတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ
ဆုတစ်ခုတစ်ခုရသွားတိုင်း ငါရသွားပြီ၊ ပြီးသွားပြီလို့မထားဘူး၊ ငါ ဆု ၁ဆုတော့ ရသွားပြီ၊ ဒီထက်ပိုကောင်းအောင် လုပ်ရအုံးမယ်ဆိုတဲ့ စိတ်ကိုထားထားတယ်။ သွားမပြိုင်ခင်က Korea မှာ ငါတစ်ဆုဆုကို ရအောင်ကြိုးစားရမယ်ဆိုတဲ့ စိတ်သွင်းထားတယ်။ လေယာဉ်ဆိုက်ပြီးတာနဲ့ ထရိန်နင်ကို တန်းဝင်ရတာ။ အချိန်လည်း အရမ်းတိကျတယ်၊ အလုပ်လည်းအရမ်းကြိုးစားတာ တွေ့ရတယ်။ သူတို့နဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်ရတယ်။ အိပ်ချိန်၊ နားချိန်ရယ်လို့ သေချာမရှိဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရမ်းပင်ပန်းတယ်၊ ဆုရဖို့ကိုလည်း အရမ်းဖိစီးတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နာမည်ထက် ကိုယ့်နိုင်ငံနာမည်ထွက်မှာဆိုတော့ အဲဒီမှာစိတ်ဖိစီးတာ။ ကောင်းသည် ဆိုးသည်ဖြစ်စေ မြန်မာဆိုပြီးတပ်မှာဆိုတော့ ကိုယ့်ဆီမှာ တာဝန်အရမ်းကြီးတယ်။ ဆုကလည်း ရကို ရရမယ်ဆိုပြီး ကြိုးစားရတယ်။ 

ဘာပြောင်းလဲသွားလဲဆိုတော့ ခက်ခဲတယ်၊ ပင်ပန်းတယ်ဆိုတာကလည်း ကျော်လွန်ပြီးသွားတဲ့ အခါမှာ ပြန်စဉ်းစားကြည့်လိုက်ရင် အဲဒီအရာ တွေက မခက်ခဲတော့ဘူး။ ငါလုပ်နိုင်ခဲ့တယ်ဆိုတာ မျိုး စိတ်ကျေနပ်မှုရတာပေါ့နော်။ ဆုရတာ  မရတာက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တာ။ ကိုယ်က အကောင်းဆုံးယှဉ်ပြိုင်ရမယ်။ အခု ရခဲ့တော့ အရမ်းကျေနပ်တယ်။ ဆုပေးတော့လည်း ကိုယ့်နာမည်ထက် မြန်မာဆိုပြီး နံပါတ်နဲ့ တွဲခေါ်တာ။ ဆုပေးတုန်းကလည်း ကုန်ခါနီးနေပြီ။ ဆုအများဆုံးကို ကိုရီးယားတွေရကြတယ်။ ဖိလစ်ပိုင်တွေလည်းရပြီးသွားပြီ။ ဟယ်... ငါတို့ မြန်မာတွေတစ်ယောက်မှမရသေးဘူးဆိုပြီး ရင်အရမ်းတုန်နေတာ။ အဲဒီအချိန်မှာ မျိုးဇော်က အရင်ရသွားတယ်။ skin ဆုရသွားတော့ ကိုယ်တွေပျော်ကြတာပေါ့။ သူ့ကိုပေးပြီးတဲ့အခါ ဆုလည်းအတော်များများကုန်သွားပြီ။ တစ်ဆုမှမရတဲ့ နိုင်ငံတွေလည်း ရှိတယ်။ နောက်ဆုံးပြီးခါနီး cable tv award ကို အော်တော့ နံပါတ် (၄၄)ဆိုပြီး ခေါ်ပြီးမှ နိုင်ငံနာမည် ခေါ်တယ်၊ ပြီးတော့ နာမည် ဟန်နွေကိုခေါ်တာ။ အရမ်းပျော်သွားတာ။ ညီမနဲ့ နီပေါက ကောင်လေးနဲ့တွဲရတာ။  ကိုယ်ကြိုးစားခဲ့သမျှ ပင်ပန်းခဲ့သမျှတွေအတွက် ကျေနပ်သွားတယ်။ ဆုကြေးရသည်ဖြစ်စေ မရသည်ဖြစ်စေပေါ့နော်။ အခုပြိုင်ခဲ့တာကတော့ ညီမတို့ အောင်မြင်မှုရတာပေါ့၊ ဆုကြေးကတော့ မရဘူးပေါ့။ ဒါပေမယ့် ညီမ ကျေနပ်တယ်။

ရှေ့ဆက်လျှောက်မယ့် နေ့ရက်များ...
သရုပ်ဆောင်လိုင်းဘက်ကို သွားမယ်လို့ တော့စဉ်းစားထားတယ်။ B.E ၀င်ခွင့် ဘက်ကိုလည်း ပြန်ပြီးဖြေမယ်လို့လည်း တွေးထားတယ်။ ကျောင်းလည်းတက်မယ်၊ အနုပညာ သရုပ်ဆောင်လည်းလုပ်မယ်။ လက်ရှိတော့ မစ္စတာ ဘရိုင်ယန် 
ရဲ့ ကယ်ရီ မော်ဒယ်လ်အေဂျင်စီမှာ စာချုပ်ချုပ်ထားတယ်ပေါ့နော်။ အင်တာနေရှင်နယ် မော်ဒယ်လ်အေဂျင်စီဖြစ်တာကြောင့် နိုင်ငံခြားပွဲတွေလည်း သွားလျှောက်ရမယ်၊ ဒီမှာလည်း လျှောက် ရမယ်လို့ပြောထားပါတယ်။ သရုပ်ဆောင်ဘက်ကိုတော့ သင်တန်းတက်သည်ဖြစ်စေ မတက်သည် ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်လုပ်ရမှာဆိုတော့ ကိုယ်တိုင်ကြိုးစားမှရမှာ။ သင်တန်းတက်ဖို့မလိုဘူးလို့တော့မဟုတ်ဘူး၊ တက်မယ် လိုအပ်တာတွေလည်းကြိုးစားမယ်။ မင်းသမီးနေရာရဖို့ထက် ကိုယ်နဲ့ကိုက်တဲ့ နေရာကိုလုပ်ရရင် ညီမကျေနပ်တယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်။

၂၀၁၇အတွက် စဉ်းစားထားတာက...
ရှေ့နှစ်အတွက်ကိုတော့ ကျောင်းဆက်တက်ဖြစ်မလား၊ အလုပ်ဆက်လုပ်ဖြစ်မလား မချောသေးပေမယ့် ဒီအနုပညာအလုပ်တွေကိုတော့ စွန့်မှာမဟုတ်ဘူး။ ဒီလမ်းကြောင်းစကတည်းက ဘယ်သူမှ လိုက်လုပ်ပေးတာမဟုတ်ပဲ ညီမ
တစ်ယောက်တည်း ကြိုးစားလျှောက်လှမ်းခဲ့ရတာမို့ ပုံမှန် ညီမရှိုးပွဲတွေ ဆက်လျှောက်ဖြစ်နေမယ်။
H & M - Ah Naw La Mu

 

Miss World Myanmar 2016
Bella
“ဝေဖန်မှုတွေကို နားထောင်ပြီး အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမယ်”

ပြိုင်ပွဲဝင် ဖြစ်ခဲ့ပုံ 
Miss World Myanmar ကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက၊ မ၀ိုင်းလေးရတဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။ ကျောင်းစာတစ်ဖက်နဲ့ အသက်လည်း ငယ်သေးတာကြောင့် ၀င်မပြိုင်ဖြစ်ခဲ့ပါဘူး။ ဆယ်တန်းအောင်ပြီး မော်ဒယ်လုပ်မယ်လို့ စဉ်းစားတဲ့အခါမှာ ပြိုင်ပွဲတွေ ၀င်ပြိုင်မယ်ပေါ့။ ဒီနှစ်မှာမှ ထူးထူးခြားခြား Miss World က အသက် (၁၇) နှစ်ကစပြီး ပြိုင်ပွဲဝင်လို့ ရတယ်လို့ သိရတယ်။ အရင်နှစ်တွေက (၁၈) နှစ်ပြည့်ပြီးမှ စာရင်းသွင်း လို့ရတာပါ။ ကိုယ်ကလည်း ၀င်ပြိုင်ချင်တဲ့ ဆန္ဒရှိ
ပြီးသားဆိုတော့ ဒါကို ကိုယ့်အတွက် အခွင့်အရေးတစ်ခုလို့ ယူဆပြီး Miss World Myanmar 2016 ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ 

Miss World ကိုမှ ရွေးချယ်ဖြစ်ခဲ့တာကတော့ Miss World ဆိုတဲ့ ဂုဏ်ပုဒ်ကို ကြိုက်တယ်၊ မယ်ကမ္ဘာပေါ့။ Miss World ပြိုင်ပွဲကလည်း အလှမယ်ပြိုင်ပွဲတွေထဲမှာ နှစ်အကြာဆုံး ပြိုင်ပွဲတွေထဲက တစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် ဒီပြိုင်ပွဲကြီးကို အရမ်းသွားပြိုင်ချင်တယ်။ ကိုယ့်ကိုလည်း ဆန်းစစ်ကြည့်ချင်တယ်ပေါ့။ ဒါကြောင့် Miss World ကို ၀င်ပြိုင်ဖြစ်ခဲ့တာပါ။

ပထမဆုံး ပြိုင်ပွဲဝင် အတွေ့အကြုံ 
ဖောင်စတင်ကတည်းက တွေ့ရတာက ညီမထက် စီနီယာကျတဲ့သူတွေ အများကြီးလာပြိုင်ကြတာ တွေ့တယ်။ ဆိုတော့ ကိုယ့်ကိုကိုယ် အများကြီး မမှန်းထားဘူးပေါ့။ အနုပညာလောကထဲ ၀င်လာတာ သိပ်မကြာသေးဘူးဆိုတော့ ပရိသတ်လည်း ကိုယ့်ကို မသိဘူး။ အစကတည်းက ညီမက စိတ်လျှော့ထားတာကြောင့် စိတ်လှုပ်ရှားတာတို့ ဘာတို့တော့ မဖြစ်ဘူး။ အဆင့်ဆင့် ရွေးချယ်ပြီး ဆန်ခါတင် အယောက် (၂၀) တည်းပါလာတဲ့ အချိန်ကျတော့ ငါ အယောက်(၂၀) ထဲထိရောက်လာပြီပေါ့၊ အကောင်းဆုံး ကြိုးစားမယ်၊ အကောင်းဆုံးယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ပြိုင်ပွဲကို ဖြတ်သန်းခဲ့တာပါ။ 

ပြိုင်ပွဲ တစ်လျှောက်လုံးမှာ စိတ်အလှုပ်ရှားဆုံး အချိန် 
ပြိုင်ပွဲ တစ်လျှောက်လုံးမှာ စိတ်အလှုပ်ရှားဆုံး အချိန်ဆိုရင် နောက်ဆုံး Finale ၊ စင်ပေါ်မှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်ပါပဲ။

ပြိုင်ပွဲဝင်နေတဲ့ အချိန်အတွင်း လေ့ကျင့်ပြင်ဆင်မှု ပုံစံ 
ပြိုင်ပွဲဝင်နေတဲ့ အချိန် ၊ အယောက် (၂၀)ထဲ ပါသွားပြီးကတည်းက Finale မပြိုင်ခင်ထိ တစ်လလုံး လုံးဝမအားဘူး ၊ Camp ၀င်ရတယ်၊ Activities တွေ အများကြီး လုပ်ရတယ်၊ အဲဒီမှာ Gym မဆော့ရဘဲပင်ပန်းပြီး ပိန်ကျသွားတယ်။ ညီမက အရင်က နည်းနည်းပြည့်တဲ့ အထဲပါပါတယ်။ ဒါပေမဲ့ Balance က ဆန်ခါတင် အယောက် (၂၀)ကို စပွန်ဆာ ပေးထားတော့ Balance မှာ Gym သွားဆော့ဖြစ်တယ်။ နောက် မေးခွန်းတွေမေးရင် ဖြေနိုင်ဖို့ သေချာလေ့လာတယ်။ 

Miss World 2016 ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ 
Miss World 2016 Finale က ဒီဇင်ဘာလ ၂၀ လောက်လို့ ခန့်မှန်းထားတယ်။ ပြိုင်ပွဲ မတိုင်ခင် တစ်လ ကြိုတင်ပြီးသွားရမှာဆိုတော့ နိုဝင်ဘာလလောက်မှာ သွားရမယ်။ ဒီနှစ် Miss World 2016 က အမေရိကန်၊ ၀ါရှင်တန် ဒီစီမှာ လုပ်မှာပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်က အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ သိထားပါတယ်။ Telant ယှဉ်ပြိုင်ဖို့အတွက် သီချင်းဆိုဖို့ ရွေးချယ်ထားတာကြောင့် ဆရာခိုင်မြဲသာနဲ့ Vocal Training စနေပြီ။ Dancing of the World  အဖွင့်အကအတွက် ယဉ်ကျေးမှုသင်တန်းကျောင်းက ဆရာမနဲ့ ဘယ်လိုအကမျိုး ကမလဲဆိုတာ သေချာတိုင်ပင်နေတယ်။ နိုင်ငံတကာမှာ အားကစားကို အားပေးတယ်။ သက်လုံကောင်းပြီး အားကစား တစ်မျိုးမျိုးကျွမ်းကျင်ရင် ကိုယ့်အတွက် အမှတ်ပိုရနိုင်တဲ့အတွက်ကြောင့် ရေပြန်ကူးနေတယ်။ Gym ကစားတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း နဲ့နိုင်ငံရေးကို လေ့လာဖြစ်နေတယ်။ 

တွေ့ကြုံလာရနိုင်တဲ့ အခက်အခဲ
ညီမ စဉ်းစားတာက ညီမသွားမယ့်အချိန် ဟိုမှာက ဒီဇင်ဘာဆိုတော့ အရမ်းအေးနေပြီ။ ၀ါရှင်တန်ဒီစီမှာ နှင်း တစ်ခါတစ်လေ ကျတတ်တယ်တဲ့။ ကိုယ်က အပူဒဏ်ကို ခံနိုင်ရည်ရှိပြီးသား ဖြစ်ပေမဲ့ အရမ်းအေးတဲ့ ရာသီဥတုမျိုး မကြုံဘူးတော့ အအေးဒဏ်ကို ကြောက်တယ်။ ဖျားမှာ၊ နာမှာလည်း ကြောက်တယ်ပေါ့။ မ၀ိုင်းလေးတုန်းက အရမ်းအေးလို့ ခြေထောက်တွေ ထုံပြီး လဲကျဖူးတယ်လို့ ပြောပြဖူးတော့ အဲလိုဖြစ်မှာလည်း ကြောက်တယ်။ ဒါကြောင့် ရာသီဥတု အပြောင်းအလဲက ညီမ ကြုံတွေ့ကောင်း ကြုံတွေ့ရနိုင်မယ့် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ 

အနုပညာမျိုးရိုး 
ညီမ အစ်ကို ရှိပါတယ်။ Marko Victor ပါ။ သူက Master Global 2014 ဆုရထားပါတယ်။ အစ်ကိုကို့ကြည့်ပြီး အားကျစိတ်နဲ့ ဒီလောကထဲကို ရောက်လာတာပါ။ အရင်ကဆိုရင် ပညာရေးဘက်ကိုပဲ ပိုပြီးစိတ်အား ထက်သန်ခဲ့တယ်လို့ ပြော
လို့ရပါတယ်။ အစ်ကိုကို အားပေးဖို့ သူ့ပွဲတွေ လိုက်ကြည့်ရင်း နဲ့ မော်ဒယ်လ်လောကကို စိတ်ဝင်စားလာခဲ့တာပါ။ အိမ်က မိဘတွေရဲ့ ပံ့ပိုးမှုလည်း အများကြီးပါခဲ့ပါတယ်။ 

လက်ရှိ အနုပညာ လှုပ်ရှားမှုတွေ 
လက်ရှိမှာတော့ ပြိုင်ပွဲကို အာရုံစိုက်နေတာကြောင့် အများကြီး မလုပ်ဖြစ်ဘူး။ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်တာမျိုးတော့ လုပ်ဖြစ်တယ်။ 

ရှေ့ဆက်မယ့် အနုပညာခရီး 
အနုပညာနဲ့ပတ်သက်ပြီး ညီမ အရမ်းလောဘကြီးပါတယ်။ ပြိုင်ပွဲ ရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော်။ ပြန်လာပြီးရင်တော့ သရုပ်ဆောင်လုပ်ဖို့လည်း အစီအစဉ်ရှိတယ်။ သီချင်းလည်း ဆိုမယ်။ 

နိုင်ငံကိုယ်စားပြု Miss တစ်ယောက်အနေနဲ့ ပြုလုပ်သွားမယ့် ပရဟိတလုပ်ငန်းတွေ
Miss World မှာ ပြိုင်ပွဲဝင်ကတည်း Beauty with a purpose ဆိုတဲ့ Program အတွက် Project တင်ရတာရှိတယ်။ မြန်မာနိုင်ငံအတွက်လည်း စဉ်းစားထားတာရှိတယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ငွေအားနဲ့ မဟုတ်ဘဲ လူအားနဲ့ ကိုယ်တိုင်သွားပြီး အကူအညီပေးတာမျိုးလုပ်ချင်တယ်။  

ပညာရေး 
လက်ရှိမှာ စိတ်ပညာ (ပထမနှစ် - အဝေးသင်)တတ်နေပါတယ်။ စာမေးပွဲက အောက်တိုဘာမှာ ဖြေရမယ်။ ပြိုင်ပွဲအတွက် နိုဝင်ဘာဆို သွားရမယ်။ ဒါပေမဲ့ ညီမစာမေးပွဲကို ရအောင်ဖြေသွားမယ်။ ပညာရေးကိုလည်း လက်မလျှော့ပါဘူး။ 

ဆယ်ကျော်သက် Bella နဲ့ Miss World Myanmar 2016 Bella ကွာခြားချက် 
Finale ညကတည်းက ညီမဘ၀ တစ်ဆစ်ချိုး ပြောင်းသွားခဲ့တယ်ပေါ့နော်။ နေထိုင်သွားလာရမယ့် ပုံစံတွေ လုံးဝ မတူတော့ဘူး ။ အရင်တုန်းက ကိုယ့်စိတ်ကြိုက် သွားလာလို့ရပေမဲ့ အခုအချိန်မှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် စဉ်းစားရတယ်။ ကိုယ်ရဲ့ Image အတွက် သင့်တော်ပါ့မလားဆိုတာ ချင့်ချိန်ရတယ်။ အနုပညာအလုပ်တွေကိုလည်း သေချာဆန်းစစ်ပြီးမှ လက်ခံရတော့မယ်။ ပရိသတ်တွေကလည်း ကိုယ့်ကို စောင့်ကြည့်နေကြမှာ ဖြစ်တဲ့အတွက် လက်ရှိထက်ပိုပြီး ကောင်းအောင် ကြိုးစားဖို့လိုအပ်လာတာပေါ့နော်။ 

ပရိသတ်ကို ပြောချင်တာက 
ညီမ ပြိုင်ပွဲကြီးကို သွားပြိုင်တဲ့အခါ ပရိသတ်ကြီးရဲ့ အားပေးမှုကို အဓိက လိုအပ်ပါတယ်။ ညီမလည်း အကောင်းဆုံးကြိုးစားသွားမှာပါ၊ ပရိသတ်ကြီး အနေနဲ့ညီမကို ဝေဖန်ပေးကြပါ။ ညီမဘက်ကလည်း ဝေဖန်မှုတွေကို နားထောင်ပြီး အကောင်း
ဆုံးကြိုးစားပြင်ဆင်သွားပါမယ်လို့ ပြောချင်ပါတယ်။
H & M - Sai Lay (Khin San Win)

Photo - Thardu Ko Ko