Primary tabs

MAY နဲ့ MARCH လရဲ့ တွေ့ဆုံမှု

ဖြတ်ကနဲကြည့်လိုက်ရင် နိုင်ငံခြားသူလေး တစ်ယောက်လိုပါပဲ သူမက။ စကားပြောကြည့် လိုက်မှ အရမ်းကိုချစ်စရာကောင်းတဲ့ စကားသံနူးနူး ညံ့ညံ့လေးနဲ့ မြန်မာမိန်းကလေးတစ်ဦးဆိုတာ သိရမှာပါ။

အခုပြောပြနေတဲ့ သူမလေးကတော့ ဧဒင် ရဲ့အိန်ဂျယ်တစ်ဦးလိုလှပတဲ့၊ စကားပြောတိုင်း မေ...မေ လို့ ထည့်ထည့်ပြောတတ်တဲ့ မေဂရေ့စ် ပယ်ရီ ဆိုတဲ့သူလေးပါ။

ဖခင်က သြစတြေးရီးယန်း လူမျိုး၊ မိခင်က မြန်မာလူမျိုး၊ ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်လည်း ရှိတယ်ဆိုတာ ပရိသတ်ကြီး သိပြီးသားဖြစ်မယ့် အချက်အလက်တွေပါ။ အခု ထပ်ပြီးတော့ သူမရဲ့ မူလပထမလမ်းကြောင်းအစ၊ အနုပညာလျှောက်လမ်းပေါ် ရောက်ရှိလာတဲ့ ဘ၀၊ သင်ယူနေတဲ့ မီဒီယာပညာရေးတို့ကို မေးမြန်းဖြစ်ခဲ့ ပါတယ်။

Model - May Grace Parry

H & M - Lin Lin Makeup Artist
Designer - Yone Yone
Accessories - Yone Yone Collection
Photo - Pyay Han

မေနဲ့ အစပထမလမ်းကြောင်း

မေက ငယ်ငယ်တုန်းက လမ်းလျှောက်တာ မလှဘူး။ အခုအချိန်ထိလည်း တစ်မျိုးဖြစ်နေတယ်။ မေ့ မေမေက ဆရာဂျွန်လွင် သတင်းစာထဲမှာ ကြောငြာကိုတွေ့သွားပြီး ပို့လိုက်တာ။ ဆရာက လည်း ကြောငြာထားတယ် လမ်းလျှောက်တာ သင်ပေးမယ်၊ ၀တ်စားတာတွေ သင်ပေးမယ်ဆိုပြီး တော့။ မေ့မှာ အဲ့တုန်းက မော်ဒယ်လ်လုပ်ဖို့ ရည် ရွယ်ချက်မရှိခဲ့ဘူး။ ၀ါသနာလည်း သိပ်မပါခဲ့ဘူး။ အဲ့သင်တန်းရောက်တော့ ဆရာဂျွန်လွင်က အိုင်ဒီ ယာ မဂ္ဂဇင်းမှာ ရိုက်ဖို့ခေါ်တယ်။

မေနဲ့ ဧဒင်ရဲ့အိန်ဂျယ်ဖြစ်လာခဲ့ပုံ

မခင်စန္ဒာမြင့် (Heart & Soul Production) က မေ့ကိုကမ်းလှမ်းလာတယ်။ ရုပ်ရှင်ရိုက်ဖို့ရှိ တယ်...မေနဲ့လိုက်တဲ့ character ရှိတယ်တဲ့၊  ကိုစိုင်း နဲ့ ရုပ်ရှင်ရိုက်ရမယ်ပေါ့နော်။ ကိုစိုင်းနဲ့က မေ အရင် ကလည်း ကြော်ငြာတွေ ရိုက်ဖူး တယ်၊ နောက်ပြီး တော့ People Magazine Cover ကိုလည်း ကိုစိုင်းနဲ့ တွဲရိုက်ဖူးတော့ သိနေတယ်။ သူကလည်း မေနဲ့ လိုက်မယ်လို့ ပြောပြတယ်။ နောက် အဲ့ကားမှာ ပါတဲ့ သရုပ်ဆောင်တွေအားလုံးနဲ့လည်း သိနေ တယ်ဆိုတော့ လုပ်ဖြစ်သွားတယ်။

မေ နဲ့ မော်ဒယ်လ်မင်းသမီး

ဒီကားမရိုက်ခင်ကဆို မေက မော်ဒယ်လ်ပဲ လုပ်တာပဲ၊ ကိုယ့်ကိုယ်ကို မင်းသမီးလို့လည်း မတွေးဘူးပဲ။ ဒီကားမရိုက်ခင်ကတော့ မချစ်သုဝေ တို့နဲ့တော့ တစ်ကားရိုက်ဖူးတယ်။ အတွေ့အကြုံက လည်း မရှိသလောက်ပါပဲ၊ အိုက်တင်လည်း မလုပ် တတ်၊ ဒိုင်ယာလော့ကလည်း မြန်မာလိုဆိုတော့ သိပ်မကျက်တတ်ဘူး။ ဒါရိုက်တာ ဦးမီးပွားက လည်း အရမ်းကိုတော်တဲ့ ဒါရိုက်တာကြီးဆိုတော့ အရမ်းသင်ပေးပါတယ်။

မေနဲ့ ရုပ်ရှင်အတွေ့အကြုံ

ရုပ်ရှင်ကား ရိုက်နေစဉ်တုန်းကတော့ အားလုံးက အသစ်တွေဖြစ်တော့ group project ကြီးလုပ်ရသလိုပဲ၊ အပြိုင်အဆိုင်လည်း မရှိဘူး။ အကုန်အတူတူ လုပ်ကြမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ မေ ပရက်ရှိုးရုပ်ရှင်ကို (၁)ခါပဲ ကြည့်ရသေးတယ်။ ကိုယ့်အိုက်တင်ကိုတောင် မကြည့်လိုက်ရဘူး။ ဒီ လို screen အကြီးကြီးမှာ ကြည့်လိုက်ရတော့ ကိုယ့် ကိုယ်ကို မကြည့်တတ်ဘူး ဖြစ်နေတယ်။ နောက် အဲ့ကား ရိုက်နေတုန်းက ငယ်လည်းငယ်သေး၊ ကျောင်းတက်နေတုန်းဆိုတော့ မျက်လုံးတွေကြည့် ရတာ အိုက်တင်မ၀င်သလို ဖြစ်တယ်လို့ ခံစားရ တယ်။ အခုအတွေ့အကြုံယူပြီး နောက်တစ်ခေါက် အတွက်ကို ပိုပြီးကြိုးစားချင်စိတ် လုပ်ပြချင်စိတ် ၀င်သွားတယ်။

မေနဲ့ မေ့ပညာရေးလမ်းကြောင်း

မေအခု  သြစတြေးလျမှာ university of melboune တက္ကသိုလ်မှာ မီဒီယာနဲ့ ပတ်သက်ပြီး တက်နေတာ ဒုတိယနှစ်ရှိနေပါပြီ။ နောက်(၂)နှစ် ကျော်ကျော်လောက်ဆို ကျောင်းပြီးပါပြီ။ အနုပညာ လောကကို အသက် (၁၅)နှစ်ကတည်းက လုပ်လာ တော့ တစ်ချိန်လုံး မီဒီယာနဲ့ အဆက်အသွယ်ရှိ နေတော့ အဲဒီမှာ မေက မီဒီယာလုပ်ငန်းကို စိတ်ဝင် စားသွားတာ။ မြန်မာနိုင်ငံကို မေ တစ်နှစ်ကို (၂)ခါ လောက် ပြန်လာဖြစ်ပါတယ်။

အနုပညာကို မေ ၀ါသနာပါတယ်၊ လုပ်လည်း လုပ်ချင်တယ်။ ကျောင်းပြီးသွားလို့ ပြန်လာရင် လည်း မေ့ကိုပရိသတ်တွေက ဆက်ပြီးအားပေး မယ်ဆိုရင် အခွင့်အရေးတွေလည်း ရနေဦးမယ်ဆို ရင် မေ ဆက်ပြီးလုပ်ချင်တယ်။

မေ့ အကြိုက်ဖက်ရှင်

kendall jenner စတိုင်လ်လေးတွေ ကြိုက်တယ်။ လွတ်လွတ်လပ်လပ် ၀တ်ရတာလည်း ကြိုက် တယ်။ ဘောင်းဘီတွေ ကြိုက်တယ်၊ manly ဆန် တယ်ပေါ့နော်။ gigi hadid  ၀တ်တာလေးတွေ လည်း ကြိုက်တယ်။

မေနဲ့ မေ့ ပရိသတ်များ

ကျောင်းတက်နေတော့ အနုပညာအလုပ်ကို မေလုပ်ချင်သလောက် အခွင့်အရေး မရှိဘူးဖြစ် နေတယ်၊ ဒီကြားထဲကကို မေ့ကိုပရိသတ်တွေက ဆက်ပြီးအားပေးနေတာ၊ မက်ဆေ့ခ်ျတွေပို့ပေး တာ၊ Instargram မှာတင်ရင်လည်း Like ပေးတာတို့ကိုကျေးဇူးတင်ပါတယ်လို့၊ ဆက်ပြီးလည်း ကြိုး စားသွားပါမယ်လို့။

မေနဲ့ အွန်လိုင်းစွဲလမ်းမှု

အရမ်းသုံးဖြစ်တယ်၊ မနက်မိုးလင်းကတည်း က မေစပြီးသုံးဖြစ်တယ်။ ပုံလေးတွေမှန်မှန်တင်ဖြစ် တယ်။ ဆိုရှယ်မီဒီယာက မေ့အတွက် အရမ်းကို အသုံးဝင်တယ်။ နိုင်ငံခြားရောက်နေတော့ မိသားစု နဲ့လည်း စကားပြောလို့ရတယ်၊ သူငယ်ချင်းတွေ ရော၊ ပရိသတ်တွေနဲ့ရော တွေ့ရတယ် ဆိုတော့ လေ။ နီးစပ်မှုရှိတယ်။ အပြင်မှာထက်တောင် ပိုပြီး နီးစပ်တယ်။ ပိုပြီးဆက်သွယ်မှုတွေ ရှိတယ်လေ။

People Magazine ရှုတင်အတွက် တစ်နေ့ တာလုံးကို အေးဆေးစွာနဲ့ မေက အချိန်ပေးပြီး ရိုက်ကူးပေးခဲ့ပါတယ်။ မတ်လရဲ့ Theme လေး လည်းပါအောင် ကန်ရေနဲ့အေးချမ်းတဲ့အလှ၊ ပင်လယ်ရေအောက်ကြမ်းပြင်ရဲ့ကိုယ်စားပြု ခရု၊ ကမာ၊ ကြယ်ငါးလေးများ ပါဝင်ဖန်တီးထားတဲ့ ၀တ်စုံများနဲ့  ယခုလကာဗာ စာမျက်နှာလေးများကို ပြုလုပ်ခဲ့ပါတယ်။