Primary tabs

ဂီတရဲ့နတ်သမီး

Model - Wine Su Khaing Thein
H&M - May Oo
Photo - Aung Zaw
Retouch - Nyi Nyi Hla Baw
Designer - Myo Min Soe

သီချင်းသံ အေးအေးချိုချိုလေးတွေ.....  ခပ်ဆွေးဆွေး သီချင်းသံလေးတွေနဲ့ ပရိသတ်တွေရင်ထဲအမြဲရှိနေတဲ့ သူမနဲ့ယခုလရဲ့ကာဗာစာမျက်နှာတွေကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ကာဗာရဲ့ theme ကို လည်း တောက်တောက်ပပလှနေပြီး Elegance Dress လေးများ ဦးတည်ထားပြီး ဖန်တီးဖြစ်ခဲ့တာပါ။ ဂီတနတ်သမီးတစ်ဦးအဖြစ် ထုဆစ်ပုံဖေါ်ခဲ့တဲ့ ဒီလစာမျက်နှာများကို ခံစားကြည့်ကြပါအုံးနော်.....
သူမရဲ့ ဂီတလမ်းကြောင်းရှေ့ဆက်မှာတွေ ... မိသားစု Plan တွေ... နှစ်သက်ခုံမင်တဲ့ဖက်ရှင်...စိတ်ခံစားချက် ဒါတွေကို ပရိသတ်အတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။

 

“၀ိုင်းစု နဲ့ 2016 ဂီတ လမ်းကြောင်းဦးတည်ရာ”

ပုံစံကို လုံးဝကို ပြောင်းလိုက်ချင်တာ အမှန်တော့။ ဒါပေမယ့် ၀ိုင်းစုရဲ့ Life style အရကော ပရိသတ်က သတ်မှတ်ထားတဲ့ ပုံစံတစ်ခုရှိနေတယ်။ အရမ်းကြီးပြောင်းလိုက်ရင်လည်းပရိသတ်က လက်ခံမှာမဟုတ်တော့ ဖြည်းဖြည်းချင်းပဲ ပြောင်းသွားမယ်လို့ စဉ်းစားထားတယ်။ သီချင်းပုံစံတွေလည်း ပြောင်းမယ်၊ ၀ိုင်းစု ၀တ်တာစားတာ ပုံစံတွေကအစ Life Style ပါ ပြောင်းမယ်ဆိုပြီး စဉ်းစားထားတာပေါ့နော်။ ကိုယ့်ဘာသာကိုယ် ရူးတာပေါ့နော်။ နိုင်ငံခြားမှာလည်း အကုန်လုံးက change ကြတယ်ဆိုတော့လေ ရူးကြည့်ချင်တာ။

ပုံစံကို အတော်များများပြောင်းမယ်ဆိုပြီး စဉ်းစားထားတာ အခုပရိသတ်တွေရဲ့လက်ခံမှုအရ အတီးပိုင်းပဲ နည်းနည်းပြောင်းထားတာ။ ၀ိုင်းစုကိုကျတော့ပရိသတ်က အဆွေးသီချင်း ကြိုက်ကြတာများတာ ဆိုတော့လေ။ အဆွေးကို programme နဲ့ တီးလိုက်တာမျိုးပေါ့နော် အမြူးဆိုလည်း ဖြည်းဖြည်းချင်းပေါ့နော်။

ဒါပေမယ့် အရမ်းကြီးပြောင်းလဲဖို့ မြန်မာပရိသတ်က လက်မခံကြသေးဘူးဆိုတော့...  လက်ခံတဲ့အချိန် ၀ိုင်းစုလည်း အခွေထွက်ရမယ်ဆိုရင်တော့ အားပေးသေးတယ်ဆိုရင်တော့ ဆိုဖြစ်မှာပါ။
အခုကတော့ ဖြည်းဖြည်းချင်းပဲ ခေတ်ရေစီးကြောင်းနဲ့လည်း လိုက်လျာညီထွေဖြစ်အောင် အခုခေတ်လူငယ် တေးရေးဆရာတွေဆီလည်း အပ်တယ်၊ ၀ိုင်းစုဆိုနေကျ လက်တွဲနေကျ တေးရေး ဆရာတွေဆီလည်း အပ်ထားတယ်။ လက်လွတ် မခံပဲ အကုန်အပ်ထားတယ်ပေါ့နော်။ အဲ့ထဲကမှ သီချင်း ၁ပုဒ်ချင်းစီ ပြန်ထည့်မှာပေါ့။

၅လပိုင်းကို အခွေထွက်ချင်တာ၊ ဒါပေမယ့်  Title သီချင်းမရသေးဘူး။ အမြူး ၂ပုဒ်လိုသေးတယ်။ အနှေးဆိုတာကို ပရိသတ်ရော တေးရေးဆရာတွေကောက မြင်တယ်။ အမြူးသီချင်းဆိုလည်း ၀ိုင်းစုက sexy လို ကတာတွေက ၀ိုင်းစုနဲ့မလိုက်ဘူး။ အကြောင်းအရာတစ်ခုကို ဦးတည်ပြီးသွားတာကြိုက်တယ်။ ရုပ်ဆိုးမ သီချင်းလေးလိုပေါ့။ ဒီအတိုင်းအမြူးကြီးပဲကို မကြိုက်ဘူး။ အဲဒါကြောင့် ဆန်းတဲ့သီချင်းကိုစောင့်နေတာ။ ကောင်းတဲ့သီချင်းတွေကို ၀ယ်စုထားတယ်၊ ဆည်းလည်းသံဆိုရင် မက်လောက်စရာထဲက ထည့်ရမယ့်သီချင်းကို  မျက်လှည့်ကျမှထည့်လိုက်တယ် အဲဒီလိုမျိုးပေါ့

 

“မိသားစု LIFE”
အခုအရွယ်ကတော့ ကလေးယူသင့်ပြီပေါ့နော်။ ၀ိုင်းစုကလည်း အနုပညာလောဘက ကြီးနေတာ။ ပထမ တစ်ကိုယ်တော် One Lady show ရန်ကုန်မှာဆိုပြီးရင် ယူမယ်ဆိုပြီး တွေးထားတာ။ နောက် မန္တလေးမှာ တစ်ကိုယ်တော်ထပ်လုပ်ဖြစ်တော့ အဲဒါပြီးရင်ပေါ့ဆိုပြီး။ အခုတဖြည်းဖြည်းနဲ့ သီချင်းခွေ နောက်တစ်ခွေ ထွက်ပြီးမှဆိုပြီးေ ရွှ့ရွှေ့သွားတာ။ အနုပညာသမားဆိုတော့လည်း ပရိသတ်နဲ့ အကြာကြီးအဆက်အသွယ် မပြတ်ချင်ဘူး ၀ိုင်းစုက။

 

“Social Media နဲ့ အဆက်အသွယ်”
တကယ့် Fan အစစ်တွေရှိတယ်။ Facebook ကနေ သိကျွမ်းပြီး တကယ့်မောင့်နှမတွေလို ခင်သွားတာတွေရှိတယ်။ သူတို့ကြိုက်တဲ့ သီချင်းလေးတွေဆိုလည်း ပြောပြတယ်၊ ဘယ်ဟာကောင်းတယ် ဘယ်ဟာက ဘယ်လို ဆိုတာမျိုးတွေ့ပြီး ပြောပြလေ့ရှိတယ်။ သူတို့ဆီကနေ အကြံဉာဏ်တွေတောင်းတယ်။ ဘာလုပ်ရင်ကောင်းမလဲ တိုင်ပင်တယ်။ အရင်ကတည်းက သီချင်းလေးတွေကိုလည်း သူတို့ကို မေးတယ် ဘယ်သီချင်းတွေ ထည့်ရင် ကောင်းမလဲတိုင်ပင်တယ်။

Fan ကို ဘယ်လိုရွေးခဲ့လဲဆိုတာ့ ၀ိုင်းစု မေးခွန်းလေးတွေ မေးလိုက်တာ။ အဲဒီထဲကမှ ၀ိုင်းစုအကြောင်းကို ဖြေတာမှန်တဲ့လူတွေ၊ အမှန်ဆုံးတွေကို ရွေးလိုက်တာပေါ့နော်။ သွားရင်းလာရင်းနဲ့ အရမ်းကိုခင်သွား ကြတာ။  နောက်ထပ် Fan တွေ ကျတော့လည်း  သိတဲ့သူတွေအချင်းချင်းခေါ်လာပြီး ပါလာကြတာပေါ့နော်။  

အခုဆို ၀ိုင်းစု Fan Page (၃)သိန်းပြည့်တဲ့အနေနဲ့ နှစ်ဆန်း(၁)၊ (၂)မှာ အလှူတစ်ခုလုပ်ခဲ့တယ်။ ၂သိန်းပြည့်တုန်းကလည်း အဲဒီလိုပဲ တွေ့တယ် လက်ဆောင်လေးတွေပေးပြီး လျှောက်သွားဖြစ်တယ်။ ၀ိုင်းစုက Fan တွေနဲ့ မိသားစုလိုနေတဲ့ ပုံစံရှိတယ်။ Fan တွေက ၀ိုင်းစု ဘာလိုတယ်ကအစ စီစဉ်ပေးတယ်။ ပြောလိုက်ရုံပဲ။ အခုလည်း အလှူလုပ်မယ်ဆိုတာ့ သူတို့အလှူငွေတွေ ကောက်ကြတယ်။

 

“ဖက်ရှင်ရေစီးကြောင်းအပေါ်စီးမြောမှု”
Ready Made ဆိုရင် ၀ိုင်းစု  US ကို ၆ လ တစ်ကြိမ်သွားဖြစ်တော့ ၀ယ်ဖြစ်တယ်။ ဒီမှာဆို Queen Collection မှာ ၀ယ်ဖြစ်တယ်။ ဆိုင်က အစ်ကိုကလည်း ဘန်ကောက်ကို အမြဲသွားနေကျ ဆိုတော့ ခေတ်စားနေတာတွေ သူသိတော့ ၀ိုင်းစုနဲ့လိုက်တာလည်းသိတော့ မှာထားလိုက်ရုံပဲ။ အင်္ကျီ ချုပ်တာဆိုရင် မ၀မ်း (ကိုအာဇာနည်မိန်းမ) The Lace ဆိုင်၊ မပုံ့(My Favourite)၊ မသဲ Vivid တို့ဆီမှာ ချုပ်ဖြစ်ပါတယ်။

အခုခေတ်က တုံးတုံးတစ်တစ်ကြီးတွေ မကြိုက်ကြတော့ဘူးလေ။ ပေါ့ပေါ့းပါးပါး ဖန်စီလေးတွေပဲဝတ်ကြတယ်။ ရှိုးပွဲတွေမှာတောင် အရမ်းထင်းနေတဲ့ ပုံစံကြီးတွေ မ၀တ်ကြတော့ ဘူးပေါ့။  ပွဲပုံစံအရမ်းမပေါက်တဲ့ဟာမျိုးပေါ့။

ခါချနေရတယ်ပွဲလို လူငယ်တွေနဲ့ ဆိုရရင်တော့ လူငယ်ပုံစံပေါ့ပေါ့ပါးပါပဲဝတ်တယ် လူကြီးပွဲဆိုရင်တော့လည်း ကြည့်ဝတ်ရတာပေါ့နော်။ အောက်ကပရိသတ်တွေက ကိုယ့်ကိုလာကြည့်တာဆိုတော့ ကိုယ်လည်း မိုက်တာလေးတွေတော့ ကြည့်ဝတ်ရတာပေါ့။ ပွဲအနေအထားပေါ် မူတည်ပြီး ဖက်ရှင်ကိုရွေးပါတယ်။

International  Branded ထဲမှာလည်း အစွဲမရှိဘူး။ တွေ့ရင် ၀ယ်လိုက်တာပဲ။ zara / forever 21 / top shop အစုံတော့ ၀ယ်ဖြစ်တာပဲ။ ၀ိုင်းစုနဲ့ လိုက်ဖက်တဲ့ဖက်ရှင်တွေဆိုရင် အကုန်ဝတ်ဖြစ်ပါတယ်။ အိတ်တွေဖိနပ်တွေဆိုလည်း ပွဲတက်စရာတွေရှိတော့၊ ကိုယ်ကလည်း ကြိုက်တော့ ၀ယ်ဖြစ်တာပါပဲ။

 

“Plan ချထားတဲ့မိသားစုပုံစံ”
အဓိက စိတ်ချမ်းသာချင်တယ်။ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်လေးနေချင်တယ်။ သားသမီးမွေးလာရင်ဆိုပြီး ၀ိုင်းစုက ကြိုတွေးထားလေရှိတယ်။ ဟိုးငယ်ငယ်လေးကတည်းက မလုပ်ခင် ကြိုစဉ်းစားထားတာပေါ့နော်။ မမွေးခင်ကတည်းက သူ့ကိုကျောင်းပြီးတဲ့အထိ ကျောင်းထားတဲ့ စရိတ်ရှိချင်တယ်။ မတောင့်မတလေး ထားချင်တယ်။ နောင်ရေးကို ကြိုတွေးထားတာပေါ့နော်။ ကြီးကြီးတက်ချမ်းသာတာမျိုး မဟုတ်ပဲ မိသားစုလေး သုံးနိုင်စွဲနိုင်နဲ့ စိတ်ချမ်းချမ်းသာသာလေးပဲနေချင်တယ်။ အခုကလေးမရှိသေးပေမယ့်လည်း Plan ချထားလေ့ရှိတယ်။ ငယ်ငယ်ကတည်းက ၀ိုင်းစုက ကြိုတွေးထားလေ့ရှိတယ်။

 

“ရုပ်ရှင်ရိုက်ကူးရေးလမ်းခရီး ”
ရိုက်ကူးရေး မရိုက်တာတောင် ၂နှစ် လောက်ရှိပြီ။ အာဘွား DVD လာရိုက်ကတည်းက မလုပ်ဖြစ်တော့တာ။ ခါချနေရတယ်က အခွေထွက်တာ (၁)နှစ်၊ DVD မှာ (၁) နှစ်ဆိုတော့ ၂နှစ်ကြာ သွားတာပေါ့နော်။ လာတော့ခေါ်တယ် ၀ိုင်းစုမအားတော့ မရိုက်ဖြစ်တော့တာနဲ့ သူတို့တွေက မရိုက်ဖြစ်တော့ဘူးထင်ပြီး လာမခေါ်ဖြစ်တော့တာပေါ့နော်။ အဆိုဘက်ကျတော့ ကိုယ်တစ်ယောက်ထဲလုပ်ရတာ၊ ဘယ်လိုမှလစ်ဟာလို့ မရဘူးပေါ့။ ရိုက်ကူးရေးကျတော့ ကိုယ့်ကိုလာငှားတာကို ရိုက်ရတာလေ။ နောက် အခွေလုပ်ရင်လည်း ၀ိုင်းစုက အကုန်လုံးကိုယ့်စိတ်တိုင်းကျ လုပ်တာ။

အတီးပိုင်း၊ သီချင်းစု အားလုံးကို ကိုယ်ပဲလုပ်ရတာ။ ဟိုးအရင်ကလည်း အခွေအသံသွင်းပြီဆို  ရိုက်ကူးရေးကို (၁)လ ခွဲလောက်နားလိုက်တာ။ နေ့နေ့ညည ဟိုဘက်ကနေဒီဘက် အဲ့လိုလုပ်ရတော့ ပင်ပန်းတာပေါ့နော်။ အရင်ကားရိုက်တုန်းကလည်း မနက်(၇)နာရီထ တနေကုန်ကားရိုက်၊ ဒင်နာသီချင်းသွားဆို၊ ပြီးတော့မှ Mixing သွားဆွဲ မနက်(၃) နာရီလောက်မှပြီးတာ။ အရမ်းပင်ပန်းလာတော့ ကြာတော့ လူထိလာတာပေါ့။ ရိုက်ကူးရေးမှာလည်း ထိခိုက်မှာကိုစိုးတယ်၊ အချိန်ပေးပြီး ရိုက်မယ်ဆိုလည်း ၀ိုင်းစုအတွက်ကျန်တဲ့ဇာတ်ရုပ်လေး ပရိသတ်ေ တွကြိုက်တဲ့ ဇာတ်လမ်းလေးပဲ ရိုက်ချင်တယ်။ ကိုယ့်အတွက်လည်း ကောင်းမယ့်ဇာတ်လမ်းမျိုးလေးပေါ့။

ဝိုင်းစုက ငယ်ငယ်လေးကတည်းက အဆိုကိုပိုပြီးအားသန်တယ်၊ အဆိုကျတောလည်း ကိုယ်ကိုယ်တိုင် ၁ယောက်တည်း ဖန်တီးလို့ရတယ်။ သရုပ်ဆောင်ကျတော့ အားလုံးက၀ိုင်းပြီးဖန်တီးရတာဆိုတော့ အကယ်၍ ၀ိုင်းစုဟိုဘက်မှာ သီချင်းသွားဆိုနေရင် ဒီဘက်မှာစောင့်နေရမှာတွေမျိုး ရှိမှာစိုးလို့ပါ။

 

“အနာဂါတ်စီးပွါးရေး”

စီးပွါးရေးလုပ်ငန်းတစ်ခုခု လုပ်ဖို့တော့ ၀ိုင်းစုစဉ်းစားနေတယ်။ ဖက်ရှင်ဘက်ဆိုရင်  အင်္ကျီဘက်ကို ထုတ်ဖြစ်မလားစဉ်းစားနေတယ်။ ၀ိုင်းစုကြိုက်တဲ့ပုံစံဆိုရင် အခုဝတ်နေကျ ဂါဝန်တိုလေးတွေကျ နယ်တွေဘက်မှာ သိပ်အဆင် မပြေဘူး။ ဥပမာ - Forever 21 လိုမျိုး ကြိုက်တယ်။ ရန်ကုန်၊ မန္တလေးပဲသွားမလား၊ နယ်ဘက်တွေပါ သွားမှာလားစဉ်းစားနေတာ။ အမျိုးသားလုပ်တဲ့စီးပွားရေးကသပ်သပ်၊ ၀ိုင်းစုက သပ်သပ်လုပ်ချင်တာ။ ရေမွှေးလည်း ထုတ်ချင်တယ်။ စဉ်းစားကြရင်နဲ့ ဖက်ရှင်ကကောင်းမလား၊ အဓိက စားဝတ်နေရေးဆိုတော့ ၀ိုင်းစုထုတ်တဲ့အင်္ကျီလေးတွေဝတ်ပြီး ပရိသတ်တွေအတွက် အမှတ်တရလည်း ဖြစ်ချင်တယ်။

 

“လက်ရှိဖြစ်ပေါ်နေတဲ့စိတ်ကျေနပ်မှု”
ပိုပြီး ရင့်ကျက်လာတယ်၊ ပိုပြီး ဆုံးဖြတ်တတ်လာတယ်၊ ကိုယ့်ကိုယ်ကိုတော့ တချို့မှားတာတွေလည်း ရှိချင်ရှိမယ် ၀ိုင်းစုကိုယ့်ကိုယ်ကိုနမူနာယူပြီး ပြန်သုံးသပ်တတ်လာတယ်။ ဒါပေမယ့် ၀ိုင်းစုရွေးချယ်ခဲ့တာတွေ အရမ်းကြီး မမှားဘူးလို့ထင်ပါတယ်။ ဘာလို့ဆိုတော့ ၀ိုင်းစုကြိုက်တဲ့ Music ကို စိတ်နှစ်ပြီး ဒီအဆိုဘက်ကို လုပ်ခဲ့တာဆိုတော့ ပရိသတ်တွေလည်း ကြိုက်မယ်ထင်ပါတယ်။ ရိုက်ကူးရေးကိုလည်း ဇာတ်ကား ၁ကားလုံးကို ကိုယ်တိုင်လုပ် ချင်တာ။ One lady show လုပ်တုန်းကဆို လက်မှတ်ရောင်းတဲ့နေရာကအစ ၀ိုင်းစုစဉ်းစားတယ်။ Lighting ပေးတာကအစ လုပ်ချင်တာ။ စိတ်ဖိစီးရင် ၀ိုင်းစုပိန်သွားရော၊ တစ်ခုခုဆို အာရုံအရမ်းစိုက်တော့ အရမ်းပင်ပန်းပါတယ်။

 

“Body ထိန်းသိမ်းမှုဆိုရင်”
ငယ်ငယ်လေးကတည်းကတည်း အစာစား တာ တစ်နေ့ကို (၄) (၅)နပ်လောက်စားတယ်။ အခုအသက်အရွယ် ရောက်လာတော့ စားတာနဲ့ဝချင်တဲ့ အနေအထားဖြစ်လာရော။ ပိုဆိုးတာက ၀ိုင်းစုက ညမှစားတာ တစ်ခါတလေ ည (၁)နာရီလောက်မှစားတာ။ ရှိုးပွဲတွေရှိတော့ ဒင်နာအပြီးဆိုပြီး ပြန်လာရင် အိမ်ရောက်ရင်ဗိုက်ဆာရော။ အခုတော့ အဆီမတက်ကိုရွေးစားရတယ်၊ ငှက်ပျောသီးစားတယ်။ ညဘက် (၇)နာရီလောက်ဆိုကြိုပြီး စားထားလိုက်တယ်။ Diet လုပ်တယ်တို့ ထမင်းနည်းနည်းလေးပဲစားတယ်လို့တော့ မရှိပါဘူး။

US ကို တစ်ခေါက်သွားတုန်းကဆို ၀ိုင်းစုပေါင်ချိန် အရမ်းတက်လာတာဖြစ်ဖူးတယ်။ ဟိုမှာဆော်ဒါတွေသောက် အစားတွေစားလိုက်တာ၊ ဟိုမှာ နေတုန်းကတော့မသိသာဘူး လူတွေကထွားကြတော့။ ဒီပြန်ရောက်မှ ၀ယ်လာတဲ့ အင်္ကျီ တွေကျပ်ကုန်ရော။ ပြန်ချတော့ မကျဘူး One Lady Show လုပ်တော့ မန္တလေးပွဲကျမှ စိတ်ပူပြီး လုပ်ရတာတွေများပြီး ကျသွားတာ။
ဂီတနတ်သမီးလေးဖြစ်တဲ့ ၀ိုင်းစုကို အင်တာဗျူးအပြီးမှာပဲ သူမက သူမချစ်တဲ့ပရိသတ်ကြီးအတွက် အခုလိုလေးထပ်ပြောပါသေးတယ်...

“၀ိုင်းစုကြိုးစားပြီး ဖန်တီးထားတဲ့ သီချင်းလေးတွေကို နားထောင်တာကြားရင် အရမ်းပီတိဖြစ်တယ်။ သီချင်းဟောင်းကျတော့ အဆိုတော်ကြီးတွေဆိုထားလို့ ပေါက်တဲ့သီချင်းတွေဆိုတော့ ကိုယ်ပြန်ဆိုရင် တာဝန်ပိုကြီးတယ်လေ၊ အဲဒီသီချင်းလေးတွေ ပရိသတ်ကြိုက်တဲ့အခါ ပျော်တယ်။ ကောင်မလေးတစ်ယောက်အကြောင်း သီချင်းဆိုရင် ၂၀၀၅၊ ဒီလောကကို စ၀င်တာက၂၀၀၄ ကတည်းကဆိုတော့ အဲဒီကတည်းက သီချင်းအသံသွင်းထားတာပေါ့နော်... ၁၀နှစ်ကျော်ကာလတောက်လျှောက်အားပေးတဲ့ ပရိသတ်တွေကိုအရမ်းလည်းကျေးဇူးတင်၊ အရမ်းလည်း ပျော်ရပါတယ်လို့။ ပရိသတ်တွေနဲ့လည်း ၀ိုင်းစုက အကြိုက်တူလို့လည်း ၀ိုင်းစုရပ်တည်လို့ရတာပါ။ အားပေးတဲ့ ပရိသတ်ကြီးတွေအတွက် ဆက်ပြီးလည်း ကြိုးစားသွားမှာပါ” တဲ့။