Primary tabs

အိချောပို ရဲ့ မိုးတစ်နေ့တာ

Model - Ei Chaw Po

H & M - Moe Phyu

Designer - Thwin Su Htway

Photo - Aung Zaw (Love Space)

Retouch - Nyi Nyi Hla Baw 

ဇူလိုင်လရဲ့ မိုးစက်တွေထဲမှာ People မျက်နှာဖုံးရှင်အဖြစ် အိချောပိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ တစ်နေ့တာလုံး ရိုက်ကွင်းမှာ တောက်လျှောက်ရိုက်ကူးခဲ့ရပေမဲ့ အပြုံးမပျက်ဘဲ အချိန်မှန်စွာ စတူဒီယိုထဲကို စောစောစီးစီးရောက်ရှိနေတဲ့ သူမကို မေးမြန်းထားဖြစ်သမျှကတော့...

မိုး နဲ့ ပတ်သက်ပြီး အမှတ်တရတွေရှိလား။
မိုးတွင်းရောက်ပြီဆိုရင်ပျော်တယ်။ မိုးရာသီကို ကြိုက်တယ်။ ဇွန်လ (၁) ရက်နေ့ဆို ကျောင်းတွေ ဖွင့်ပြီဆိုတော့ မိုးရေထဲမှာ ကျောင်းသွားရတာ ပျော်စရာကောင်းတယ်။ အိချောတို့က အ.ထ.က (၂) ကမာရွတ်မှာ ကျောင်းတက်ခဲ့တာ။ ကျောင်း ဆင်းချိန် မိဘတွေလာမကြိုသေးခင်ဆို မိုးရေထဲမှာ နည်းပေါင်းစုံနဲ့ ဆော့ကြတာ တော်တော်ပျော်စရာ ကောင်းတယ်။ ထီးကို မေ့ချင်ယောင်ဆောင်ထားခဲ့ပြီး မိုးရေထဲမှာ လျှောက်သွားကြတာလည်း မှတ်မိတယ်။ 

ငယ်ငယ်တုန်းက ရည်မှန်းချက်ကဘာလဲ။
ငယ်ငယ်တုန်းက အနုပညာကို ၀ါသနာပါပေမဲ့ ရည်မှန်းချက်ကြီးရယ်လို့ မရှိခဲ့ဘူး။ ရိုးရိုး စီးပွားရေးလုပ်ငန်းလုပ်တဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ 

လက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲ။
သင်ယူစရာတွေက အများကြီးပဲ။ ကိုယ့်ကိုယ်ကိုတော့ မကျေနပ်သေးဘူး။ ဘာတွေအကောင်းဆုံးထပ်လုပ်နိုင်သေးလဲဆိုတာပဲ အမြဲတွေးပါတယ်။ 

အခုတလော ကြိုက်နေတဲ့အရောင်။
အဖြူရောင်ကို ကြိုက်နေတယ်။ အသားရောင်ဘက်ကို သွားတဲ့ အသားရောင်နဲ့ နီးစပ်တဲ့ အရောင်တွေကို ကြိုက်နေတယ်။

အခုတလော ဘယ်လိုဖက်ရှင်တွေ ကြိုက်နေလဲ။
အရင်တုန်းကတော့ ဘောင်းဘီဆိုလည်း အတို၊ စကဒ်ဆိုလည်း အတိုကို ကြိုက်တယ်။ အခုတော့ ဘောင်းဘီဆိုလည်း အရှည်၊ စကဒ်ဆိုလည်း အရှည်ပဲ ကြိုက်တော့တယ်။ အင်္ကျီဆိုရင်တော့ ခါးတိုလေးတွေ ကြိုက်နေတယ်။

သရုပ်ဆောင်အလုပ်အပြင် ဘာတွေလုပ်ဖြစ်နေလဲ။
သရုပ်ဆောင်အလုပ်ကတော့ အဓိကလုပ်သွားမယ့်အနုပညာအလုပ်ပါ။ ဒါပေမဲ့ တစ်ခါတလေ ပရိသတ်က သီချင်းဆိုဖို့ တောင်းဆိုတဲ့အတွက် သီချင်းတွေဆိုဖြစ်နေပါတယ်။ 

သီချင်းဆိုတာရတာ ဘယ်လိုခံစားရလဲ။
သရုပ်ဆောင်ရတာ ကိုယ်ဝါသနာပါတဲ့ အလုပ်မို့ ပင်ပန်းတယ်မထင်ဘူး။ သီချင်းဆိုတာကျတော့ ကိုယ်သိပ်မကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာကြောင့် အမှားတစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ်။ ပြီးတော့ သီချင်းဆိုတာက ပရိသတ်နဲ့ တိုက် 
ရိုက်ထိတွေ့ရတာ ဆိုတော့လေ။ 

ကိုယ့်အနာဂတ်ကိုဘယ်လိုဖြစ်စေချင်လဲ။
ရိုးရိုးအေးအေးရှင်းရှင်းနဲ့ပဲ အနာဂတ်ကို ဖြတ်သန်းချင်တယ်။ ရိုးရှင်းတဲ့ ဘ၀နေထိုင်မှုကိုပဲ ကြိုက်တယ်။

မိုးတွင်းမှာ စားဖြစ်တဲ့အစားအစာဆိုရင်ရော။
ပူပူနွေးနွေးအစားအစာတွေပေါ့။ ဟော့ပေါ့တို့၊ ကြေးအိုးတို့လိုမျိုး။

ရိုက်ကွင်းမရှိတဲ့ မိုးတစ်နေ့ကို ဘယ်လိုဖြတ်သန်းမလဲ။
အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်တာတို့၊ သီချင်းနားထောင်တာတို့လုပ်ဖြစ်မယ်။ အိပ်ရေးဝအောင် အိပ်ပစ်မယ်။ မိုးတွင်းဆိုတော့ အိပ်လို့ကောင်းတယ်လေ။ 

အကယ်၍ သရုပ်ဆောင်မလုပ်ဖြစ်ဘူးဆိုရင် ဘာအလုပ်လုပ်ဖြစ်မယ်ထင်လဲ။
ကိုယ်ပိုင် စီးပွားရေးတစ်ခုခုလုပ်ဖြစ်မယ် ထင်တယ်။ 

အနာဂတ် စိတ်ကူးအိပ်မက်ကဘာလဲ။
အဲလိုတော့မရှိပါဘူး။ ကံတရားကလည်း ရှိသေးတာကိုး။ ကိုယ်က အရမ်းမျှော်လင့်ထားရင် အရမ်းခံစားရမှာစိုးတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးပဲလုပ်သွားမယ်။ 

အချစ်ရေးကရော။
အချစ်ရေးကတော့ အေးဆေးပါပဲ။ ထူးခြားမှု ရှိရင် ပရိသတ်ကို ပြောမှာပါ။ 

လောလောဆယ် ဘာကားတွေရိုက်နေတာလဲ။
ဒါရိုက်တာ ၀ိုင်းနဲ့ ၀ိဉာဉ်ကား တစ်ကားရိုက်နေပါတယ်။

အနုပညာသက်တမ်းဘယ်လောက်ရှိပြီလဲ။
၂၀၀၇ မှာ People မဂ္ဂဇင်းကလုပ်တဲ့ Miss People ပွဲမှာ ၀င်ပြိုင်ခဲ့ပြီး Title ဆု (၄)ဆုရခဲ့တယ်။ အဲဒီ့တုန်းက (၉)တန်းပဲရှိ သေးတယ်။ နောက်ပိုင်းတော့ ဘယ်Miss ပြိုင်ပွဲမှ မပြိုင်ဖြစ်တော့ဘူး။ ၂၀၀၇ က စခဲ့တာဆိုတော့ ၂၀၁၆ မှာ အနုပညာ သက်တမ်းက (၉) နှစ်ရှိပါပြီ။

ကျောင်းသားဘ၀ အမှတ်တရတွေလည်း ပြောပါ ဦး။
(၁၀) တန်းအောင်တဲ့အချိန်မှာ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ်မှာ ရုပ်ရှင်နဲ့ ပြဇာတ် အထူးပြုဘာသာကို စနေပြီ။ အိချောတို့က second batch ပေါ့။ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ဖြစ်တဲ့အတွက် တက်ဖြစ်ခဲ့တယ်။ ပထမနှစ်မှာ ငါး
ဘာသာလုံး သင်ရတယ်။ သရုပ်ဆောင်ရယ်၊ ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းရယ်၊ တည်းဖြတ်ရယ်၊ ကင်မရာပိုင်းရယ် ငါးဘာသာရှိတယ်။ ဒုတိယနှစ်ရောက်တော့မှ အထူးပြုဘာသာတွေကို အမှတ်နဲ့ထပ်ခွဲတယ်။ အိချောက သရုပ်ဆောင်မေဂျာကို ရတယ်။ B.A (Cinematography & Drama- Actor) နဲ့ ၂၀၁၁ မှာ ဘွဲ့ရခဲ့တယ်။ ကျောင်းမှာ စာတွေ့နဲ့ လက်တွေ့ကို မျှအောင်သင် တယ်။ ပြင်ပကပညာ ရှင်တွေဖိတ်ပြီးလည်း သင်ပေးတယ်။ နောက်ပြီး စနေ တနင်္ဂနွေမှာ လက်တွေ့လုပ်ရတာလေးတွေလည်း ရှိတယ်။ အဖွဲ့လေးတွေဖွဲ့၊ ဇာတ်လမ်းတိုလေးတွေ စမ်းရိုက်ကြတယ်။ 

ကျောင်းတက်နေရင်းရော ဇာတ်ကားတွေ ရိုက်ဖြစ်လား။
ကျောင်းတက်နေရင်းနဲ့ကတော့ ကြော်ငြာ လေးနည်းနည်းပါးပါးနဲ့ ဇာတ်လမ်းနည်းနည်းပါးပါးပဲရိုက်ဖြစ်ပါတယ်။ ကျောင်းမှာ စာမေးပွဲရှိနေတာတို့၊ လက်တွေ့ဆင်းရတာတို့ရှိရင် ကျောင်းကိုပဲဦးစားပေးဖြစ်ပါတယ်။ ၂၀၁၁ မှာဘွဲ့ရ ပြီးတော့
ကံကောင်းစွာနဲ့ အနုပညာပျိုးခင်းကနေ မင်းသမီးအသစ်တွေတင်တဲ့အထဲမှာ ပါခဲ့တယ်။ အဲဒီ့နောက်ပိုင်း ဇာတ်ကားတွေဆက်တိုက် ရိုက်ဖြစ်ခဲ့ပါတယ်။ 

အခုအချိန် အနုပညာလောကမှာ နေရာတစ်နေရာရနေခြင်းက ဘာကြောင့်လို့ထင်လဲ။
ကိုယ်တာဝန်ယူပြီး လုပ်တဲ့အလုပ်အပေါ်မှာ စေတနာအပြည့်အ၀ထားတယ်။ ဘယ်တော့မှ ငြီးငြူတာမျိုးမလုပ်ဘူး။ အနုပညာအလုပ်၊ အထူးသဖြင့် ရုပ်ရှင်ဆိုတာ အားလုံးစုပေါင်းပြီး လုပ်ကြတာ။ ကိုယ်ပင်ပန်းသလို အခြားသူတွေလည်း ပင်ပန်းမှာပဲ။ အဲဒီ့စိတ်နဲ့ အကုန်လုံးကို နားလည်ပြီး အကောင်းဆုံးလုပ်ဆောင်ပေးတယ်။ အကောင်းမြင်တတ်အောင်ပဲ ကြိုးစားတယ်။ အဲဒီတော့ အားလုံးနဲ့ အဆင်ပြေတယ်။ 

ပရိသတ်အတွက် နှုတ်ဆက်စကားလေး ပြောပေးပါဦး။
ပရိသတ်တွေလည်း နွေတစ်တွင်းလုံး အပူဒဏ်ကို တော်တော်ခံခဲ့ကြရပါတယ်။ မိုးလေးရွာလာတဲ့အခါကျတော့ ရာသီဥတုလေးက အေးချမ်းသွားတယ်။ မိုးသိပ်ကြီးရင်တော့လည်း နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိမှာပေါ့လေ။ အားလုံးဂရုတစိုက်သွားလာကြပါလို့ ပြောချင်ပါတယ်။ အားလုံး အန္တရာယ်ကင်းကင်းနဲ့ အေးချမ်းကြပါစေ။