Primary tabs

စိုးပြည့်သဇင်နဲ့ အပြောင်းအလဲ

ခပ်ပြင်းပြင်းမိုးရေစက်တို့ ပက်ဖျန်းလာလိုက်၊ ခပ်တောက်တောက်နေရောင်ခြည်တို့ ပေါ်ထွက်လာလိုက်၊ ခပ်မှိန်မှိန်အလင်းရောင်တို့ ညိုမှောင်သွားလိုက်နဲ့ စည်းချက်ကျကျ လှည့်ပတ်နေတဲ့ ရာသီဥတုနဲ့အတူ People Magazine Cover ရိုက်ကူးမှုလေးတစ်ခုကို ပုံဖော် အသက်သွင်းခဲ့ပါတယ်။

အေးဆေးတည်ငြိမ်တဲ့ ဟန်ပန်အမူအရာ၊ စကားသံချိုချိုအေးအေးလေးနဲ့ ပြောဆိုတတ်တဲ့သူမ၊ အနေအထိုင်အေးဆေးတဲ့ သူမ၊  သရုပ်ဆောင်မှု အနုပညာရသတွေကို စီးမြောစွာ သရုပ်ဆောင်နိုင်သလို၊ သံစဉ်တေးလေးတွေ သီကျူးတတ်သေးတဲ့သူမ၊ သူမဆိုတာကတော့ တေးသံရှင်တစ်ဖြစ်လည်း တေးသီချင်းတွေ သီဆိုသလို၊ ကျွမ်းကျင်ပိုင်နိုင်စွာလည်း သရုပ်ဆောင်တတ်သေးတဲ့ အကယ်ဒမီ စိုးပြည့်သဇင်ပါ။ သူမကို မြင်ဖူးနေကျ မိတ်ကပ်၊ ဖက်ရှင် အပြင်အဆင်တွေကနေ အပြောင်းအလဲအဖြစ် ကွဲထွက်သွားအောင် မြင်ဖူးနေကျ မဟုတ်တဲ့ မိတ်ကပ်၊ ဆံပင်အပြင်အဆင်အတွက် အကောင်းဆုံးဖန်တီးပေးတဲ့ Makeup Artist၊ ခမ်းနားလှပတဲ့ဖက်ရှင်၊ ခပ်ဆန်းဆန်းတီထွင်ထားတဲ့ ဖက်ရှင်တို့အတွက် Fashion Designer ရဲ့ တီထွင်ဖန်တီးမှု၊ အမိုက်စား ရိုက်ချက်တွေနဲ့ အလှပဆုံးဖြစ်အောင် ဖန်တီးရိုက်ကူးပေးတဲ့ Photographer ရဲ့ ရိုက်ချက်..... စသော၊ စသော အကြောင်းအရာတို့နဲ့အတူ ပရိသတ်အ တွက် တင်ဆက်ပေးလိုက်ပါတယ်။

လတ်တလော အကြိုက်ဆုံးဖြစ်နေတဲ့ ဖက်ရှင်
စိုးပြည့် လတ်တလောအကြိုက်ဆုံးဖြစ်နေတဲ့ ဖက်ရှင်က လုံခြုံမှုရှိပြီး ခေတ်လည်းမီတဲ့ဖက်ရှင်ပါ။

ဖက်ရှင်အပေါ်အမြင်
ဖက်ရှင်ဆိုတာ လူတိုင်းလိုအပ်တဲ့အရာလို့ မြင်ပါတယ်။

ဖက်ရှင်အကြိုက်နဲ့ အပြောင်းအလဲ

အရင်က ကြိုက်ခဲ့တဲ့ဖက်ရှင်တွေက အခုအချိန်မှာ အကြိုက်ပြောင်းလဲတာ ရှိတော့ရှိပါတယ်၊ အရမ်းအပြောင်းအလဲကြီးတော့ မဟုတ်ပါဘူး။

သရုပ်ဆောင်ချင်ဆုံး ကာရိုက်တာ
အခုလက်ရှိမှာ ကိုယ်သရုပ်ဆောင်ချင်ဆုံး ကာရိုက်တာက ကိုယ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာမျိုးပေါ့။ ကိုယ်သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း အများကြီးရှိပါသေးတယ်။

အရင် သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေ ပြန်ကြည့်ပြီး ခံစားရတဲ့ခံစားချက်

အခုအချိန်မှာ ကိုယ်အရင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို ပြန်ကြည့်ပြီး ခံစားမိတဲ့ Feeling က လိုနေသေးတယ်လို့ပဲခံစားမိပါတယ်။

 

ဘ၀မှာဖြတ်သန်းချင်တဲ့ ပုံစံ
စိုးပြည့်ဘ၀ကို ရိုးရိုးလေးပဲ ဖြတ်သန်းချင်ပါတယ်။ ဘ၀မှာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်ပါတယ်။ အသက်ကြီးလာတဲ့ အချိန်ကျရင်လည်း တရားဓမ္မနဲ့ အေးချမ်းပျော်ရွှင်စွာပဲ ဘ၀ကိုဖြတ်သန်းချင်ပါတယ်။

စိတ်အရမ်းရှုပ်လာရင်

စိတ်အရမ်းရှုပ်လာတဲ့အခါ သီချင်းဆိုတယ်၊ Piano တီးတယ်။ စိတ်ရှုပ်စရာဆိုတာက အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ စိုးပြည့်က ပြန်ပြီးမတုန့်ပြန်တတ်ဘူး။ ကိုယ်တိုင်လည်း အေးအေးချမ်းချမ်းပဲနေချင်တော့ ဓမ္မစာအုပ်တွေဖတ်တယ်။ တရားဓမ္မ မှတ်သားစရာလေး မှတ်သားတယ်။ ဘ၀ရရှိတဲ့ သင်ခန်းစာတွေကိုယူရင်း စိတ်ကိုအေးချမ်းအောင်ပဲ နေပါတယ်။

 

မိသားစုဆိုတာ 
ကိုယ့်ဘ၀ရဲ့ အရင်းနှီးဆုံး၊ တစ်အိမ်တည်း အတူနေ၊ အတူဖြတ်သန်း၊ အတူဖေးမတဲ့သူတွေပါ။ ညီအစ်ကိုမောင်နှပဲ ဖြစ်ပါစေ၊ မိသားစုပဲ ဖြစ်ပါစေ၊ အချင်းချင်းက အကောင်းဆုံးပဲ ဖြစ်စေချင်တယ်၊ အကောင်းဆုံးပဲ မြင်စေချင်တယ်၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာမျိုးပဲရှိတယ်။ အဲဒီတော့ စိုးပြည့်အနေနဲ့လည်း အပြန်အလှန် ကိုယ့်မိသားစုကို ဘယ်လို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်မလဲ၊ စိတ်ချမ်းသာအောင် ထားမလဲဆိုတာပဲတွေးပြီး အဲဒီလိုမျိုးဖြစ်အောင် ကြိုးစားပြီးနေပါတယ်။

အနုပညာအပေါ် ခံယူချက်
စိုးပြည့်အနုပညာကိုချစ်တယ်။ အသက် ၁၃ နှစ်လောက်ကတည်းကစပြီး အနုပညာကိုလုပ်ခဲ့တာ အခုချိန်ထိပါပဲ။ ရှေ့ဆက်ပြီးလည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ခွင့်ရတဲ့အထိ အကောင်းဆုံးကြိုးစားပြီး ရိုးရိုးသားသား လုပ်ကိုင်သွားမှာပါ။ 

ပရိသတ်မသိသေးတဲ့ လျှို့ဝှက်အကျင့်လေးတစ်ခု
အဲဒါတော့ပြောလို့မဖြစ်ဘူး။

လတ်တလော အနုပညာလှုပ်ရှားမှုများ
စိုးပြည့် မဒီးဒီ(စန္ဒီမြင့်လွင်)နဲ့ တွဲပြီး Single သီချင်းနှစ်ပုဒ် ဆိုဖို့ရှိပါတယ်။ ရုပ်ရှင်ကားကြီးရော၊ ဗီဒီယိုရော ရိုက်ဖို့ရှိပါတယ်။ မဒီးဒီနဲ့ လုပ်နေတဲ့ သီချင်းနှစ်ပုဒ်က ၁၀ လပိုင်းလောက်ထွက်ဖြစ်မယ်လို့ မှန်းထားပါတယ်။ စိုးပြည့်က Pop ၊ Rock သီချင်းတွေဆိုတာများတော့ အခုဒီသီချင်းမှာ စိုးပြည့်ဆိုနေကျပုံစံမဟုတ်တဲ့ R & B ပုံစံမျိုးလေး၊ မဒီးဒီက Rap ပုံစံမျိုးလေး တွဲဆိုမှာပါ။ R & B Mood ရဖို့အတွက်၊ R & B သီချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်ဖို့အတွက် အဓိကက သီချင်းတွေနားထောင်နေပါတယ်။ 

အခြားအနုပညာဖန်တီးမှု
သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်းအပြင် အခြားအနုပညာဖန်တီးမှုတွေတော့ ထပ်မလုပ်ဖြစ်ပါဘူး။ 

အချစ်ရေး
အချစ်ရေးကတော့ ဘာမှ ပြောစရာမရှိပါဘူး။

ပရိသတ်အတွက်
စိုးပြည့် စီစဉ်ထားတာလေးတွေလည်း ရှိပါတယ်၊ အကောင်အထည်ဖော်ဖို့လည်းရှိပါတယ်။ အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်၊ ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာပါစေ။

Model - Soe Pyae Thazin
Photo - Kan Su Ho (Black & White)
Retouch - Kan Su Ho (Black & White )
Makeup & Hair - December Hnin
Dress Designer - Htet Htet Oo
Dress - Forever Wedding Dress