Primary tabs

အဓိက သစ္စာရှိဖို့...

People အောက်တိုဘာကာဗာကို မင်္ဂလာသတို့သမီး ၀တ်စုံလေးတွေနဲ့ စီစဉ်ရိုက်ကူးဖြစ်ခဲ့တဲ့အတွက် ကာဗာမင်းသမီးလေး စံရတီမိုးမြင့်ကိုလည်း သူမစိတ်ကူးထဲက မင်္ဂလာပွဲလေးအကြောင်း မေးဖြစ်ခဲ့ပါတယ်။ 

လတ်တလောမှာ ကြော်ငြာ၊ ရုပ်ရှင်၊ ဗီဒီယိုနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေ ဆက်တိုက်ရိုက်ကူးလျက် ရှိနေတဲ့ သူမမှာ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး  ဘာမှ ရှိမနေသေးပေမဲ့ မိန်းမပျိုလေးတစ်ယောက် ရဲ့ Dream Wedding သို့မဟုတ် ရိုမန့်တစ် စိတ်ကူးလေးတစ်စကို အဖြေရှာကြည့်မိတဲ့အခါ...

စိတ်ကြိုက် မင်္ဂလာဝတ်စုံ
“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခုလိုမျိုး သတို့သမီးဝတ်စုံလေးတွေက အမြဲတမ်းဝတ်နေရတာ ရိုးတော့ရိုးနေပြီဆိုပေမဲ့ ကိုယ့်မင်္ဂလာပွဲကျရင် ဘယ်လိုပုံစံလေးဝတ်မယ်ဆိုတဲ့  စိတ်ကူးလေးကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှိတာပဲလေ… အဲဒါက အခြေအနေ အချိန်အခါနဲ့ အဲဒီအချိန်ကျရင် ကိုယ့်ရဲ့စိတ်ခံစားချက်က ဘယ်လိုရှိနေမလဲဆိုတဲ့အပေါ်လည်း မူတည်မှာပါ။

သဲသဲအနေနဲ့ လက်မှတ်ထိုးတဲ့ ပွဲဆိုလည်း ၀တ်စုံကိုရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ချင်တယ်။

အရောင်ကအစ မျက်စိအေးမယ့် အရောင်လေးရွေးမယ်။ အရမ်းကြီး ရှုပ်ယှက်ခတ်နေတာတွေ မြင်ရင်လည်း စိတ်ရှုပ်တယ်။ ပြီးရင် ထိုင်မသိမ်းဆိုရင်လည်း အရောင်တွေ အရမ်းရောနေတာ မကြိုက်ဘူး။ အရောင်ကအစ ငြိမ်ငြိမ်ရှင်းရှင်းကလေးနဲ့ ဖျောဖျောလေးတွေ ပိုကြိုက်တယ်။ အရောင်တောက်ပြီး ရင့်တာတွေ မကြိုက်ဘူး။ ညပိုင်းဆိုလို့ရှိရင်လည်း အဖြူရောင်ဝတ်ဖို့က သေချာတယ်။ နောက်တစ်စုံဆိုရင်လည်း အရောင်အဖျောလေးပဲ ဝတ်မယ်။ အရောင်အရင့်တွေကို အခုမကြိုက်တော့ဘူး။ ငယ်ငယ်တုန်းက စိတ်ကူးထားတာ ငါမင်္ဂလာဆောင်ရင် ထိုင်မသိမ်းဆို ရွှေဝါရောင်ဝတ်မယ်။ အခုစိတ်ကူးကတော့ အရောင်ဖျောဖျောလေးတွေပဲ ကြိုက်နေတယ်။ တကယ်တမ်း အဲ့ဒီအချိန်ကျရင်လည်း ဘယ်လိုစိတ်ဖြစ်ဦးမလဲ မသိဘူးပေါ့နော်။

စိတ်ကူးထဲက လက်ထပ်ပွဲ
ကိုယ်က အရမ်းကြီး စိတ်ရှုပ်တာမခံနိုင်ဘူး။ အဲလိုမခံနိုင်တဲ့အတွက် အရမ်းကြီးခေါင်းရှုပ်ရမှာတွေ လုပ်ဖြစ်မယ်မထင်ဘူး။ ဒါပေမဲ့ စိတ်ကူးထားတာလေးကတော့ တကယ်မင်္ဂလာဆောင်မယ်ဆိုရင် အဲဒီ့ပွဲတွေထဲကမှ ကိုယ်ရင်းနှီးတဲ့သူတွေနဲ့ ပဲ တခြားတစ်နေရာမှာပေါ့...  ကမ်းခြေလိုနေရာမျိုး... ဒီ နိုင်ငံမှာလည်း မဟုတ်ဘူး... တစ်နေရာရာကို လူနည်း စုလေးပဲခေါ်သွားပြီး သူငယ်ချင်းတွေ ကိုယ့် ရင်းနှီးတဲ့သူတွေနဲ့ပဲ ပွဲလေးလုပ်ကြည့်ချင်တယ်။ နေရာက မရောက်ဖူးသေးတဲ့ နေရာမျိုးဆိုတာထက် အရမ်းလှပြီး တော်ရုံသိပ်မလုပ်တဲ့နေရာပေါ့နော်။ ကိုယ့်စိတ်ကူးထားတာက ကမ်းခြေဆိုရင်လည်း ဒီ က ကမ်းခြေတွေက အမြဲသွားနေကျဆိုတော့ သိပ် မထူးဆန်းတော့ဘူး။ အရမ်းလှမယ့်နေရာမျိုးမှာ ပွဲအခမ်းအနားပုံစံမျိုးလည်း မဟုတ်ဘဲနဲ့ လုပ်ချင်တာ။ တကယ့်တကယ် မင်္ဂလာဆောင်ရင် သတို့သား၊ သတို့သမီးတွေလည်း သိပါတယ်။ အကုန်လုံး ကိုယ့်ဟာကိုယ် စီစဉ်ကြရတာဆိုတော့ ကိုယ်တကယ်ကြီးလိုက်ပြီး လုပ်နေရတာ ခေါင်းမရှုပ်ရလေ ကောင်းလေပါပဲ။ နည်းနည်း ရှင်းရှင်းရိုးရိုးလေးပဲ ကြိုက်တယ်။

ကိုယ့်ရဲ့သတို့သားပုံစံ
ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုပုံစံရယ်လို့တော့ ခန့်မှန်းထားတာမရှိဘူး။ ဖူးစာပါလာတဲ့အတိုင်းပါပဲ။ စိတ်ထားကတော့ ကိုယ့်ကိုနားလည်ပြီး ကိုယ်အနိုင်ကျင့်လို့ရမယ့်သူပေါ့။ သဲသဲက အရမ်း ကလေးဆန်တယ်ဆိုတော့ ကိုယ့်ကို 
တကယ်နားလည်ပေးမယ့် ကိုယ်ဆိုးတာကို လက်ခံနိုင်မယ့် သူမျိုးပေါ့။ ဆိုးတယ်ဆိုတာက ကိုယ်ဖြစ်ချင်တာကိုပဲ ဘယ်ဘက်မှမကြည့်ဘဲ လုပ်တယ်။ အနိုင်လိုချင်တယ်။ ဒီအသက်အရွယ်မှာတော့ အဲလိုစိတ်မျိုး ဖြစ်နေတယ်။ အဲဒီ့အချိန်ကျရင်တော့ ဘယ်လိုပြောရမလဲမသိဘူးပေါ့နော်။ ကိုယ့်ကို တကယ်ချစ်ပြီး အဓိကကတော့ သစ္စာရှိဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုဒီဘက်မှာတော့ အရမ်းသည်းခံပါရဲ့... အဲလို သည်းညည်းခံပြီး ဟိုဘက်မှာလည်း သူတို့လုပ်ချင်ရာ လုပ်နေတယ်ဆိုရင် အဆင်မပြေဘူးလေ။ ကိုယ့်အလုပ်ကလည်း နားလည်ပေးရမယ့်အလုပ်ဆိုတော့ ကိုယ့်ကို တ ကယ်ချစ်ပြီး နားလည်ပြီး သစ္စာရှိမယ့်သူဖြစ်ဖို့ပဲ လိုပါတယ်။ ရုပ်ရည်ကတော့ ဘုရားပေးတဲ့ ဖူးစာပေါ့နော်။

အဲဒီလို သူမရဲ့စိတ်ကူးမင်္ဂလာပွဲလေးအကြောင်း
ပြီးတော့ လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေနဲ့ သွယ်လျလှပနေတဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှု နည်းလမ်းလေးတွေကို ဆက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

အနုပညာခြေလှမ်းများ
လတ်တလောမှာ အီလန်ဆပ်ပြာမှုန့်ကြော်ငြာရိုက်ထားပါတယ်။ Drama နဲ့ လူငယ်ဆန်ဆန် Fancy ကားလေးတွေ အရိုက်များတယ်။ ကြော်ငြာ   တွေ၊ ဗီဒီယိုတွေနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ အောက်တိုဘာအတွက် ထိုင်မသိမ်းဝတ်စုံ
နဲ့ ရိုက်ပေးဖြစ်တာကတော့ အခု People မှာ ပထမဆုံးပါပဲ။ ဇာတ်ကားတွေကို ဘယ်လိုရွေးချယ်လဲဆိုတော့ ကိုယ့်ဆီလာရင်လည်း ကိုယ်နဲ့လိုက်တဲ့ ကာရိုက်တာမျိုးပဲလာပါတယ်။ အဲ့အထဲကမှ တိုက်နေတဲ့ ကားမျိုးရှိပြီဆိုရင် ဘယ်လိုကာရိုက်တာမျိုးက ကိုယ့်အတွက် ပိုပြီး အသစ်အဆန်းဖြစ်မလဲ။ ပရိသတ်ကြည့်ရ ပိုအသစ်အဆန်းဖြစ်မလဲဆိုတာမျိုးကို ပိုပြီး သတိထားရွေးချယ်ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထိန်းသိမ်းမှု
ခန္ဓာကိုယ်ကတော့ ပရိသတ်သိတဲ့ အတိုင်းပါပဲ။ ဝရင်လည်း ဝုန်းခနဲဆို ဝလာတယ်။ အခု ဝိတ်ချတော့လည်း ကျတာပဲ။ ဝိတ်က အတက်အကျ မြန်တယ်။ အခုဆို ညစာရှောင်လိုက်တာနဲ့ ကျလာတာ။ ဒီခန္ဓာကိုယ်ကို ဆေးသောက်တာလား။ Gym ဆော့တာလားဆိုပြီး မေးကြတယ်။ အဲဒါတွေ ဘာမှမလုပ်ဖြစ်ဘဲနဲ့ ညစာရှောင်တယ်။  အချိုရည်တွေ ရှောင်တယ်။ ရေသောက်တယ်။ အရင်တုန်းကဆိုပင်ပန်းတာနဲ့ ရေလုံးဝမသောက်ဘဲ အချိုရည်ပဲသောက်တာ။ အခု အချိုရည်လုံးဝ မသောက်တော့ဘူး။ သောက်ချင်ရင် သဘာဝအသီးဖျော်ရည်ပဲ သောက်တယ်။ စားတာလည်း အရွက်တွေပဲများတယ်။ အခုနောက်ပိုင်းမှာ အသားလည်းတော်တော် မစားဖြစ်တော့ဘူး။ လုံးဝစားတာမျိုးတော့ မဟုတ်ဘူး။ (၁၀)ခါမှာ (၈) ခါလောက် မစားဖြစ်တော့ဘူး။ တကူးတက မစားတာတော့ မဟုတ်ဘူး။ ကိုယ်တိုင်ကိုက အသားစားချင်စိတ် သိပ်မရှိတော့ တာ။ အသားသိပ်မစားဖြစ်တော့ ထမင်းစားရင် ဟင်းလည်း သိပ်မစားဖြစ်တော့ဘူး။ မြန်မာထမင်း ဟင်းက သိတဲ့အတိုင်း ဆီပြန်ဟင်းအနှစ်တွေနဲ့ဆိုတော့လေ။ ဝိတ်ချတဲ့အချိန်အတွင်းမှာ တစ်လလောက်ပဲ ညစာမစားတာ ကျတာအရမ်းမြန်တယ်။ အခုတော့ ပုံမှန်ပြန်စားပါတယ်။ ကိုယ်က ထမင်းမစားဘဲ မနေနိုင်တဲ့သူဆိုတော့ ထမင်းစားတယ်။ ညပိုင်းကို ဝိတ်ချတုန်းကဆို မှတ်မှတ်ရရ ဟော့ပေါ့ညတိုင်းစားတယ်။ အခုလည်း အရွက်ပြုတ်တွေပဲ ဦးစားပေးပြီး စားဖြစ်ပါတယ်။


Ak
Model - San Yati Moe Myint
Designer - Latt Latt (Lady Boutique Special)
Makeup - December Hnin
Florist - Lin Lin
Photo - Wunna Khwar Nee (Focus Daily)