Primary tabs

အိပ်မက်နတ်သမီး…

၂၀၁၆ ကို နှုတ်ဆက်မယ့် ဒီဇင်ဘာလမှာ People ရဲ့ မျက်နှာဖုံးရှင်က ဖြူဖြူကျော်သိန်း…

သူမနဲ့ ပြောဖြစ်ခဲ့သမျှကတော့ သူမရဲ့ အိပ်မက် များအကြောင်း….
သူမရဲ့ ချိုမြိန်တဲ့ အိပ်မက်ကဘာလဲ၊ ခါးသီးတဲ့အိပ်မက်ကဘာလဲ၊ မဖြစ်နိုင်တော့တဲ့ အိပ်မက်ကရော ဘာဖြစ်မလဲ၊ ဆက်မက်နေဦးမယ့် အိပ်မက်တွေကဘာတွေလဲ၊ မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ အိပ်မက်ကရော ဘာတွေများဖြစ်နေမလဲ…

ချိုမြိန်တဲ့အိပ်မက်
မက်ခဲ့ဖူးသမျှအိပ်မက်တွေထဲ တကယ်ဖြစ်လာတဲ့ အချိုမြိန်ဆုံးအိပ်မက်ကတော့ အဆိုတော်တစ်ယောက်ဖြစ်လာရခြင်းပါပဲ။ အိပ်မက်တွေ တကယ်ဖြစ်လာရတဲ့အတွက် ဘုရားကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်မိသားစု၊ ကိုယ့်ပရိသတ်နဲ့ 
ကိုယ့်ကိုပံ့ပိုးပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်။ အိပ်မက်တွေတကယ်ဖြစ်တယ်ဆိုတဲ့ ခံစားချက်က တကယ်ကိုပြည့်စုံပြီး ချိုမြိန်လွန်းတယ်။ ဘ၀မှာ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာလည်း ဖြစ်ပါတယ်။ ဟိုးငယ်ငယ်ကတည်းက အဲဒီ့ အိပ်မက်ကိုမက်ခဲ့တယ်။ အဆိုတော်တစ်ယောက် ဖြစ်ချင်တယ်။ ရယ်စရာကောင်းတာက အဲဒီ့လိုအဆိုတော်ဖြစ်ဖို့ဆိုတာ လုပ်ယူလို့ရတယ်လို့လည်း ထင်ခဲ့မိတယ်။ မိဘတွေကို အမြဲပြောတဲ့စကားက “သမီးကို ကြီးလာရင် အဆိုတော်လုပ်ပေး”တဲ့။ အနုပညာရှင်တစ်ယောက်ဆိုတာ လုပ်ယူလို့ရတဲ့ Manufactured Product တစ်ခုမှ မဟုတ်ဘူးဆိုတာ နည်းနည်းကြီးလာမှ သိလာတာ။ 

ဆက်မက်နေဦးမယ့် အိပ်မက်
ဆင်ခြင်တုံတရားရှိတဲ့၊ ပညာတတ်တဲ့၊ ရဲရင့်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ ဒါက အိပ်မက်ပဲမက်နေပြီး နေလို့ရတာတော့မဟုတ်ဘူး။ ကိုယ့်ကိုအဲ့ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘကို ကျေးဇူးတင်တယ်။ ကိုယ်စံထားတဲ့သူတွေ၊ ကိုယ်ဖတ်ထားတဲ့ စာအုပ်တွေ ဒါတွေကိုလည်း ကျေးဇူးတင်ရတယ်။ အဲဒီလိုမိန်းကလေးဖြစ်ဖို့ကလည်း ၀ုန်းဒိုင်းဆိုဖြစ်လာတာမဟုတ်ဘူး။ နေ့တိုင်းနေ့တိုင်း ကြိုးစားရတာ။ ပြီးပြည့်စုံပြီလားဆိုတော့ မဟုတ်ဘူး။ ပုံတော့ပေါ်နေပြီလို့ ပဲ ပြောရမယ်။ 

ဆက်မယ့်နေဦးမယ့် နောက်ထပ်အိပ်မက်တစ်ခုလည်းရှိသေးတယ်။ အဲဒီအိပ်မက်ကို အမှန်အတိုင်းရိုးရိုးသားသားပြောပြခဲ့လို့ အလှောင်လည်း ခံရဖူးတယ်။ ငယ်ငယ်ကတည်းက မက်တဲ့အိပ်မက်ဖြစ်ပြီး အခုချိန်ထိလည်း ပျောက်မသွားတဲ့ အိပ်မက်။ ကမ္ဘာကျာ်အဆိုတော်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်။ ဖြစ်ချင်တာနဲ့ ဖြစ်မယ်မဖြစ်ဘူးဆိုတာကို သိတာက တခြားစီလေ။ ကိုယ်ဖြစ်ချင်တာက ကိုယ့် အိပ်မက်။ ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းကို အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ အရိုးသားဆုံးကြိုးစား တာက ကိုယ့်ရဲ့လုပ်ရပ်။ ဖြစ်တယ်မဖြစ်ဘူးဆိုတာကတော့ အလိုတော်ပေါ့။ ဒီအိပ်မက်က ကိုယ့်အတွက် မဖြစ်နိုင်တော့ဘူးဆိုရင်တောင် ကိုယ့်နောက်က မျိုးဆက်ကိုဖြစ်စေချင်တယ်။ ဖြူဖြူကျော်သိန်းက ကမ္ဘာကျော်အဆိုတော်ဖြစ်ချင်တယ်လို့ အိပ်မက်မက်တာ အခုဆိုရင်တော့ အလှောင်မခံရလောက်တော့ပါဘူး။ (ရယ်လျက်) 

မဖြစ်နိုင်တော့တဲ့ အိပ်မက်
ဒီအိပ်မက်က ခုချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အပျော်ပေါ့။ ဖြူဖြူက ငယ်ငယ်တုန်းက တရုတ်သိုင်းကား အရမ်းကြိုက်တာ။ “အစွန်းရောက်သိုင်းသစ္စာ”တို့ “သိုင်းလောကရဲ့ စိန်ခေါ်သံ” တို့ဆို မလွတ်တမ်းကြည့်ခဲ့တာ။ အဲဒီတော့ သိုင်းသမားတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့တယ်။ (ဟက်ဟက်ပက်ပက်ရယ်လျက်) သေချာတာတော့ ခုချိန်မှာ အဲ့အိပ်မက်က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျေနပ်ပါတယ်။ မဖြစ်နိုင်တော့တဲ့ ပျော်စရာအိပ်မက်လေးပေါ့။ 

မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ အိပ်မက်
ကိုယ့်တစ်ဦးတစ်ယောက်တည်း ဆိုတာထက် ကိုယ်ချစ်တဲ့သူတွေ။ ကိုယ်ချစ်တဲ့သူတွေဆိုတဲ့နေရာမှာ ကိုယ့်မိသားစုတင် မကပါဘူး။ ကိုယ့်ကိုချစ်ကြတဲ့ပရိသတ်တွေ၊ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ။ စကားက သိပ်ကြီးတာပဲလို့ ပြောစရာဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်ဘ၀မှာ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အတိုင်းအတာတစ်ခုအထိ ဖြစ်ပြီးလုပ်ပြီး ကျေနပ်ပြီးတဲ့အချိန်မှာ နောက်ထပ်မျှော်လင့်ချက်တွေနဲ့ မက်တဲ့အိပ်မက်ကတော့ ကိုယ့်ပရိသတ်၊ ကိုယ်နဲ့ တစ်နိုင်ငံတည်းနေကြတဲ့ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေကို ပိုကောင်းတဲ့ဘ၀တွေ သိပ်ရစေချင်တဲ့ အိပ်မက်ပါ။ ဘ၀လုံခြုံစိတ်ချတယ်ဆိုတဲ့ အခြေအနေမျိုးကို သိပ်ရောက်စေချင်တယ်။ ကြောက်နေရတာ၊ စိုးရိမ်နေရတာ၊ ပူပန်နေရတာ၊ မတရားဘူး ဖိနှိပ်ခံနေရတယ်လို့ ခံစားနေရတာတွေကနေ ကင်းလွတ်စေချင်တယ်။ ပိုပြီးတိုးတက်နေတဲ့ နိုင်ငံတွေကိုသွားရတဲ့အချိန်တွေမှာ အဲ့အိပ်မက်က ပိုသေချာလာတယ်။ ဥပမာလေးတစ်ခုပြောရရင် ဟိုတလောက မမညိုတို့နေတဲ့ ပြင်သစ်ပြည်ကို အလည်သွားဖြစ်တယ်။ မေမေ့ကို သူ့အတွက် အရေးပေါ် ကျန်းမာရေးအနေနဲ့ နှလုံးခွဲစိတ်မှုတစ်ခုလုပ်ရတယ်။ သူတို့နိုင်ငံမှာ ဘာရှိလဲဆိုတော့ သူတို့နိုင်ငံသားဖြစ်တာနဲ့ social security code ဆိုတာ ရှိတယ်။ အဲဒါကို ပြလိုက်တာနဲ့ နှစ်ကျပ်တန် ပလာစတာကစလို့ သိန်းရာထောင်ချီတဲ့ ခွဲစိတ်မှုတွေအထိ အလကားလုပ်ပေးတယ်။ အဲဒါမျိုးတစ်ခါမှမကြားဖူးဘူး။ ကိုယ့် အမေကတော့ နိုင်ငံခြားသားဖြစ်တဲ့အတွက် အခကြေးငွေပေးပြီးကုသခဲ့ရတယ်။ ပြောချင်တာက သူတို့နိုင်ငံသားဆိုရင် သူတို့အစိုးရက အဲ့လောက်အထိတာဝန်ယူပေးထားတယ်။ သူတို့နိုင်ငံက သူတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်တော့ ရှုပ်ပေမဲ့ စိုးရိမ်နေတာ၊ ပူပန်နေတာ၊ လုံးလည် ချာလည်လိုက်နေတာတွေမရှိဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတာတွေ့ရတယ်။ ဘ၀ကို ကျေနပ်တယ်ဆိုတာ တွေ့ရတယ်။ ငါဒါကိုမြန်မြန်ရလိုက်မှဖြစ်မယ် မဟုတ်ရင် အလုအယက်ဖြစ်နေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေမတွေ့ရဘူး။ ကိုယ့်နိုင်ငံသားတွေကို အဲလိုယုံကြည်စိတ်ချရတဲ့ဘ၀တွေ တစ်နေ့ကျရင် ရစေချင်တယ်။ ငါတို့နေမကောင်းရင် ငါတို့ကိုတာဝန်ယူမယ့်သူတွေရှိတယ်ဆိုတာမျိုး။ ကျန်းမာရေးအာမခံချက်၊ ဘ၀အာမခံချက်ရှိတယ်ဆိုတာမျိုး။ ရရစားစား ကျေနပ်နေရတာမျိုးမဟုတ်ဘဲ အကြည်ဓာတ်ရှိတဲ့ ၀န်းကျင်မှာ နေထိုင်ရတာမျိုး။ ကလေးတွေ ဘာကိုမှ စိုးရွံ့နေတာမျိုးမရှိဘဲ ရှင်သန်ရတာမျိုး သိပ်ဖြစ်စေချင်တာပဲ။ ရွေးကောက်ပွဲရဲ့ အပြောင်းအလဲကို မြင်ရပြီးတဲ့အချိန်မှာ ကိုယ်လည်း အတိုင်းအတာတစ်ခုအထိ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ခဲ့ပြီးပြီလို့ ဆိုနိုင်တာပေါ့လေ။ ဒါကကြီးမားတဲ့ အပြောင်းအလဲဆိုပေမဲ့ ဖြူဖြူခုနပြောတဲ့ အိပ်မက်လို ရောက်ဖို့အတွက်ကတော့ အားလုံးဝိုင်းဝန်းကြိုးစားပြီး အဝေးကြီးကို သွားရဦးမှာ။ ဘယ်အရာမှတော့လွယ်လွယ်နဲ့ မရ  နိုင်ဘူးပေါ့လေ။ ဒီအိပ်မက်ကတော့ ကိုယ်တိုင် မြင်သွားရမလား၊ မမြင်သွားရဘူးလား၊ တစ်စိတ် တစ်ပိုင်းလောက်ပဲ မြင်သွားရမလားဆိုတာ မသိနိုင်ဘူးပေါ့လေ။ အဲဒါကိုတော့စိတ်လှုပ်ရှားတယ်။ စိုးရိမ်ကြောင့်ကြမှုတွေကနေ လွတ်မြောက်စေချင်တယ်။ ကြည်ကြည်လင်လင်ရှင် သန်ရတဲ့ဘ၀မျိုး ကလေးတိုင်းကိုရစေချင်တယ်။ 

ခါးသီးတဲ့ အိပ်မက်
ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်အတွက်ခါးသီးတဲ့အိပ်မက်ဆိုတာမရှိဘူး။ တော်ရုံအခက် အခဲမျိုးကတော့ ကျော်သွားလိုက်တာပဲ။ ဒါကြီးကတော့ ငါ့ဘ၀အတွက် ခါးသီးလိုက်တာဆိုပြီး မှတ်ထားလေ့လည်းမရှိဘူး။ အကုန်လုံးကို လှေကားထစ်တွေလိုပဲ သဘောထားတယ်။ အခက်အခဲ အတွန်းအထိုး အပုတ်အခတ်တွေ ကြုံပြီဆိုရင်လည်း ကိုယ့်အတွက် အားတွေပဲဖြစ်သွားတယ်။ ဒါတွေ ကြုံလာပြီဆိုရင် အရေးကြီးတာက ဉာဏ်နဲ့ စဉ်းစားဖို့လိုတာ။ ပြီးရင် ကိုယ်ကောင်းအောင်နေဖို့ အရေးကြီးတယ်။ မဟုတ်ကဟုတ်ကတွေ ပြော နေတာဆိုရင်တော့ အရေးကိုမစိုက်တာ။ အရေးကြီးတာက ကိုယ့်ကိုပြုစုပျိုးထောင်ခံထားရတဲ့အတိုင်း၊ ကိုယ့်ဉာဏ်ပညာ စိတ်ဓာတ်ရှိတဲ့အတိုင်း တာဝန်ကျေတဲ့ ကောင်းမွန်တဲ့လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့။ အဲလိုရှင်သန်ရပ်တည်နေသ၍ ဘာမှ ဂရုစိုက်စရာမလိုဘူး။ လူတိုင်းမှာတော့ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိမှာပဲ။ အဲဒီတော့ တစ်ခါတရံ ကိုယ်ဆုံးဖြတ်ချက်မှားလို့ ကြုံရတာဆိုရင်တော့ သင်ခန်းစာယူတယ်။ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါတွေကို ကောင်းကောင်းသိထားမယ်ဆိုရင် ကြုံရသမျှ ခါးသီးမှုအခက်အခဲဆိုတာ ကိုယ့်အတွက်လှေကားထစ်ပဲလို့ သိသွားမယ်။ ပိုမြင့်တဲ့ ပိုကောင်းတဲ့ဆီကိုသွားဖို့ ခွန်အားတွေဖြစ်စေတဲ့ အရာတွေကို ကြုံရတာလို့ မြင်သွားမယ်။ 

Model - Phyu Phyu Kyaw Thein
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
H & M - Jhonny June (NNM- San Chaung)
Designer - Gam Htoi Lazing
Fabric - KAY Fabric
Venue - Rose Garden Hotel