Primary tabs

ပြုံးနေတဲ့ပန်းကလေး

Model- Yoon Hmi Hmi Kyaw

Makeup- Soe Soe Darli

Dress- Myo Min Soe

             Kaung Set Thu

            (Best Fashion Desinger 2013)

Photo- La Min Naing

ပန်းတွေနဲ့လှနေတဲ့ ရာသီကို တစ်ကျော့ပြန် ရောက်ရှိခဲ့ပြန်ပြီ။ မြင်မြင်သမျှ ပတ်ဝန်းကျင်မှာလည်း အေးမြခြင်း၊ လတ်ဆတ်ခြင်း တွေနဲ့ စိမ်းလန်းနေတဲ့ နှစ်သစ်တစ်ခုရဲ့ အစလလည်း ဖြစ်ပါတယ်။ နှစ်တစ်နှစ်အစမှာ နုပျိုလတ်ဆတ်နေတဲ့ အသွင်သဏ္ဍန်နဲ့ အနုပညာ ပန်းဥယျာဉ်ကျယ်ကြီးထဲမှာ ပန်းလေးတစ်ပွင့်အဖြစ် မွေးဖွားလာဖို့ အရှိန်ယူကြိုးစားပြင်ဆင်နေတဲ့ ကျွန်မတို့ရဲ့ Miss People 2013 ယွန်းမှီမှီကျော်ကို ကာဗာအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ People's Choice ဆုနဲ့ Miss Photogenic ဆု၊ Best Body အလှဆုံးတို့ကို ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာလောကရဲ့ အသစ်တစ်ယောက်ဖြစ်တဲ့ သူမကို လှပသော၊ ခမ်းနားသော၊ ဆန်းပြားသော၊ နူးညံ့သော အသွင် သဏ္ဍန်မျိုးစုံတို့နဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

         

 

အနုပညာခရီးအစ

သမီးအနုပညာအလုပ်ကို စလုပ်ဖြစ်တာက ၂၀၁၁ ခုနှစ် ၁၁ လပိုင်းမှာ Miss Moeyan စပြိုင်ခဲ့တာပါ။ မန္တလေးကနေ အဆင့်ဆင့်ရွေးချယ်ပြီး မှ ရန်ကုန်မှာလာပြိုင်ခွင့်ရခဲ့ပါတယ်။ ပထမဦးဆုံး ပွဲလည်းဖြစ်တဲ့အတွက် ရှိုးလည်းမလျှောက်တတ်ဘူး။ အခုပြန် ကြည့်ရင် အရမ်းရယ်ချင်တယ်။ အဲဒီနောက်ပိုင်းမှာ Photo တွေ ရိုက်ဖြစ်တယ်။ အဓိကဓာတ်ပုံတွေရိုက်ဖြစ်လာအောင် ကူညီခဲ့တာက မိတ်ကပ် ကိုဘိုနီနဲ့၊ ကိုမျိုးမင်းစိုးတို့က ကူညီခဲ့ ကြတာပါ။ Miss Christmas ပွဲလည်း ပြိုင်ခဲ့သေး တယ်။ ၂၀၁၂ မှာ Queen Of Beauty ရန်ကုန်မှာလုပ်တဲ့ပွဲ ၀င်ပြိုင်တော့ Queen ရခဲ့တယ်။ ပြီးတော့မှ Miss People ပြိုင်ပွဲ ၀င်ပြိုင်ခဲ့တာပါ။ Miss People ပြိုင်ပွဲကို မနှစ်က တည်းက ပြိုင်ဖို့ဖောင် တင်ခဲ့ပါတယ်။ မန္တလေးကနေ လာပြိုင်ဖို့အတွက်အချိန်က မမှီခဲ့တော့ မပြိုင်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှာမှ သေချာပြိုင် မယ်ဆိုပြီး ကြိုတင်စီစဉ်ခဲ့တာပါ။

 

         

အနုပညာအခြေတည်

အနုပညာကို ၀ါသနာပါလားဆိုရင် အရမ်းဝါသနာပါတယ်လို့ ပြောရမယ်။ ငယ်ငယ်ကတည်းက သူငယ်တန်းလောက်ကတည်းက ကျောင်းကပွဲတွေ တေးသရုပ်ဖော်တွေ ကခဲ့တယ်။ ရပ်ကွက်ထဲက လွတ်လပ်ရေးပွဲတွေမှာ မော်ဒယ်လ် ၀င်ပြိုင်တယ်။ (၁၀)တန်းရောက် တော့ ခဏမလုပ်ဖြစ်ဘူး။ စာတွေများလာလို့လေ။ (၁၀)တန်းပြီးသွားတော့မှ မောင်လေးက ထီဆိုင်မှာထီသွားထိုးရင်း ဖောင်ယူလာတော့ ပြိုင်ကြည့်မယ်ဆိုပြီး အနုပညာအလုပ်တွေလုပ်ဖို့ ခြေလှမ်းစခဲ့ပါတယ်။ သမီးရဲ့ အနုပညာတာထွက်က အတွေ့အကြုံမရှိဘဲ ရယ်ချင်စရာ ကောင်းပေမဲ့ အမှတ်တရတွေအဖြစ် အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။

အားကျရတဲ့သူများ

Victoria Scret ပွဲက မော်ဒယ်လ်တွေဆို အရမ်းကြိုက်တယ်။ လမ်းလျှောက်တာ အရမ်းအားကျတယ်။ ပြီးတော့ Miss ရပြီး သရုပ်ဆောင် ဖြစ်သွားတဲ့ မအေးမြတ်သူ၊ မမိုးယုစံ၊ မချမ်းမီမီကို တို့ကိုလည်း အရမ်းသဘောကျတယ်။ သူတို့ ဆိုရင် Miss ရပြီးတော့ သရုပ်ဆောင်ချက်ချင်း လုပ်တာမဟုတ်ပဲ Photo Model အနေနဲ့ အတွေ့အကြုံတွေယူပြီးမှ သရုပ်ဆောင်လုပ်ကြတာဆိုတော့ သူတို့ လိုမျိုးလုပ်ချင်တဲ့ စိတ်ကူးရှိနေပါ တယ်။ Miss Universe တွေကိုလည်း အားကျတယ်။

Miss People ပြိုင်ပွဲနှင့် အမှတ်တရများ

Miss People ပြိုင်ပွဲကို စကြည့်ဖူးတာ သမီးမော်ဒယ်လ်မလုပ်ခင် မဖြူနွယ်ခိုင်ရတဲ့နှစ်မှာ MRTV-4 ကပြတာကို စပြီးကြည့်ဖူးခဲ့ တာ၊ အဲဒီကတည်းက ပြိုင်ချင်တဲ့စိတ်တွေ ရှိခဲ့တယ်။ မေးခွန်းဖြေတဲ့အချိန်မှာ အရမ်းရင်ခုန်စရာကောင်းတာကို TV ကြည့်ရင်းနဲ့ ခံစားမိ တယ်။ သမီးက People ရဲ့ စာဖတ်ပရိသတ်လည်း ဖြစ်တော့ People ရဲ့ကဏ္ဍတွေကိုလည်း ကြိုက်ခဲ့တဲ့သူပါ။ ပြိုင်ပွဲဝင်ဖြစ်ဖို့အတွက် (၂)နှစ်ကြိုးစားခဲ့ရတယ်။ ပြိုင်ပွဲဝင်တဲ့အချိန်မှာ အရမ်းအခက်အခဲတွေ တော့မရှိပေမဲ့ စိတ်ရှုပ်စရာ အနှောက်အယှက်အနည်းငယ်တော့ ရှိခဲ့တယ်။ ဒါပေမဲ့ ခေါင်းထဲမထည့်ခဲ့ပါဘူး။ ကိုယ်ကအကောင်းဆုံးလုပ်ရင် အရာထင်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ လေ့ကျင့်ရတဲ့ ရက်တွေမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ သမီးစပြိုင်ကတည်းက ရတာရယ်၊ မရတာရယ် ဆိုပြီး (၂)မျိုးစလုံးအတွက် ကြိုပြီးရင်ဆိုင်နိုင်အောင် တွေးထားခဲ့ပြီးသားပါ။ ပြိုင်ပွဲဝင်ကာလ တောက်လျှောက်လုံး ပြိုင်ပွဲဝင်သူငယ်ချင်းတွေ အားလုံးနဲ့လည်း ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာအရမ်း ကောင်းခဲ့တဲ့ ကာလပါ။ သမီးအတွက် အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး အိမ်မက်လိုလို၊ တကယ်လိုလို ဖြစ်နေတဲ့အချိန်က ဆုကြေငြာ ဖို့အတွက် (၂)ယောက်ပဲရှိတော့တဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားပြီး ဘာမှမမြင်တော့ဘူး၊ မကြားတော့ဘူး။ အဲဒီအချိန်မှာ ယွန်းမှီမှီကျော် ဆိုပြီး မတင်မိုးလွင်ကြေငြာတဲ့အသံကို အိမ်မက်ထဲမှာ ကြားရသလိုမျိုး ကြားလိုက်ရတယ်။ လမ်းသာလျှောက်နေရတာ ခြေထောက်နဲ့ ကြမ်းပြင်ထိတယ် မထင်မိဘူး။ အဲဒီအချိန်မှာ ကြောက်တာကလေ လမ်းလျှောက်ရင်းနဲ့ စင်အောက်ကို ပြုတ်ကျသွားမလားစိုးရိမ်နေတာ။ အဲဒီအချိန်မှာ မအေးမြတ်သူက Crown လာဆောင်ပေးတော့ အစ်မလက်ကို အတင်းဆုပ်ပြီး ကိုင်ထားမိတယ်။ မအေးမြတ်သူကလည်း မငိုနဲ့၊ မငိုနဲ့ မျက်ရည်အမည်းတွေ ကျလာမယ်၊ နောက်မှငိုဆိုပြီးတော့ ပြောပေးနေတာ။ ငိုရမလို၊ ရယ်ရမလိုနဲ့ပေါ့။

 

        

Miss People ပွဲကရရှိခဲ့တဲ့ အတွေ့အကြုံကောင်း

Miss People ပွဲတစ်ခုလုံးရဲ့ အစီအစဉ်တိုင်းမှာတော့ သမီးအတွက် သဘောကျစရာတွေချည်းပါပဲ။ အဲဒီအထဲတွေကမှ တစ်ခုကို ထုတ်ပြရမယ်ဆိုရင် လေ့ကျင့်နေတဲ့ ရက်တွေမှာ လှော်ကားကိုသွားပြီး အပင်စိုက်ခဲ့ရတာပါပဲ။ တစ်ခါမှမလုပ်ခဲ့ဖူးဘူး။ လုပ်ရမယ်ဆိုတာ သိပေမဲ့ မလုပ်ဖြစ်ခဲ့ဘူး။ Team နဲ့ လုပ်ကြရတာဆိုတော့ တစ်ဦးတစ်ယောက်တည်းနဲ့လည်း လုပ်လို့မရနိုင်တဲ့ အရာလေ။ သမီးတို့ပတ် ၀န်းကျင် ကမ္ဘာမြေကို စောင့်ရှောက်ရမယ်ဆိုတာကို နားလည်ပေမဲ့ လုပ်ဖြစ်ဖို့အတွက် မကြိုးစားမိဘူး။ အခု Miss People ပြိုင်ပွဲဝင်ပြိုင် ရင်းနဲ့ လုပ်ရမယ်၊ လုပ်နိုင်တယ်ဆိုတဲ့ အသိစိတ်လေး သွင်းပေးလိုက်တာကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ပြီးတော့ သစ်ပင်မှာချိတ်မဲ့ စာ ရွက်ကလေးမှာ ကိုယ့်ရဲ့စိတ်ဆန္ဒကိုရေးပြီး ချိတ်ခွင့်ရခဲ့တာကိုလည်း ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ကိုယ်လုပ်လိုက်တဲ့ သေးသေးလေး ကနေစပြီး ငါလုပ်ဖြစ်သွားပြီဆိုတဲ့ ပီတိလေးကိုရခဲ့တာ အရမ်းကိုဂုဏ်ယူမိတယ်။

Miss People ဆုရရှိပြီးနောက်

သေချာတာကတော့ နေရာပိုပေးခံလာ ရတယ်။ အလုပ်တွေ ပိုလုပ်လာရတယ်။ အလုပ်တွေက ကိုယ့်ကိုအချိန်ပေးပြီး စောင့်လာ တယ်။ မီဒီယာတွေကလည်း ပိုပြီးသတိထားမိလာပြီး အင်တာဗျူးတွေကနေတစ်ဆင့် လုပ်ငန်းရှင်တွေကသိလာပြီး ကြော်ငြာတွေ ရိုက်ခွင့် ရလာတယ်။ ကိုယ့်ကိုကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူတွေ ရှိနေနိုင်တာလည်း သိခွင့်ရလာတယ်။ အရင်ကနဲ့ လုံးဝမတူတော့တာတော့ သေချာပါတယ်။ သမီးအတွက်တော့ အနုပညာအလုပ်တွေလုပ်ဖို့ အားတွေအများကြီး ရလာစေပါတယ်။

 

Miss မှသည် သရုပ်ဆောင်အဖြစ်သို့

သမီးက သရုပ်ဆောင်လုပ်ရမှာကို ၀ါသနာပါတယ်။ လုပ်ဖို့လည်း အစီအစဉ်ရှိတယ်။ လောလောဆယ်မှာတော့ Photo Model အနေနဲ့ပဲ သွားချင်သေးတယ်။ ပရိသတ်သိအောင် နည်းနည်းလုပ်ပြီးမှ သရုပ်ဆောင်လမ်းကြောင်းပေါ် လျှောက်ချင်ပါတယ်။ Queen Of Beauty ပြိုင်ပြီး Queen ရကတည်းက အဲဒီပွဲကိုလုပ်ခဲ့တဲ့ ဒါရိုက်တာကိုပြည်ဟိန်းသီဟက ရိုက်မလားလို့ မေးခဲ့သေးတယ်။ အဲဒီတုန်း ကလည်း ကျောင်းကတစ်ဖက်၊ အတွေ့အကြုံကလည်း မရှိသေးတော့ မလုပ်သေးဘူးဆိုပြီး မရိုက်ဖြစ်ခဲ့ဘူး။ အခု Miss People ရပြီးတော့ အခုရိုက်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ ထပ်ပြီးမေးပါတယ်။ သမီးက တစ်နှစ်လောက် အချိန်ယူပြီး အတွေ့အကြုံယူပြီးမှ ရိုက်ချင်တယ်လို့ ပြောထားပါတယ်။ သမီးဘက်က ဘာမှအဆင်သင့် မဖြစ်သေးဘူးလေ။

 

Miss ပွဲတွေပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို ပေးချင်တဲ့ စကားလက်ဆောင်

သမီးက အောက်ခြေကနေ စလှမ်းခဲ့ရတဲ့ သူပါ။ နောက်ထပ်ပြိုင်ပွဲဝင်လာမဲ့ ညီမလေးတွေကိုပြောချင်တာက ကိုယ့်ထက်ရှေ့က စီနီယာတွေပြောတဲ့ အကောင်းအဆိုး အကုန်လုံးကို ခံနိုင်ရည်ရှိဖို့ပါပဲ။ ပြိုင်ပွဲမှာကြုံရလေ့ရှိတာတွေက ကိုယ့်ရဲ့စီနီယာတွေနဲ့ တွေ့ကြုံခွင့် ရခဲ့ရင် ကိုယ့်ကိုဦးစားပေးမခံရဘူးလို့ ခံစားရတာမျိုးတွေရှိခဲ့ရင် စိတ်မလျှော့ခဲ့ပဲ တစ်နေ့မှာဖြစ်ရမယ်လို့ အကောင်းဘက်ပဲ တွေးစေချင် တယ်။ စိတ်ဓာတ်ခိုင်မာဖို့၊ ရေရှည်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်သွားနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုနှိမ်ချတဲ့သူ၊ အတင်းပြော တဲ့သူ ဘယ်လိုလူမျိုးကိုမဆို ပြုံးပြနိုင်ရမယ်။ ဆုရသွားရင်တော့ ငါ့ကို ဒီလိုလုပ်လို့ နင့်ကိုဒီလိုလုပ်မယ်ဆိုတဲ့ စိတ်မျိုးလုံးဝမထားသင့်ဘူး။ အဓိကက ပတ်ဝန်းကျင်ကြောင့် ကိုယ့်ရဲ့လမ်းကြောင်းကို မကွေ့ကောက်စေချင်တာပါပဲ။