Primary tabs

သိဒ္ဓိစစ် နှင့် သူ၏မေမေ

မယ်လိုဒီ….။ အရင်ကတည်းက ကင်မရာနဲ့ မစိမ်းတဲ့သူ...။ ဒါပေမဲ့ သားသား သိန္ဓိစစ်ကတော့ အရွယ်နဲ့ မလိုက်အောင် ကင်မရာကို တရင်းတနှီးနဲ့ အိုက်တင်ပေးတတ်တဲ့သူ။ သူတို့ သားအမိနဲ့ နွေရဲ့ အပူဆုံးလ ဧပရယ်မှာ ရိုက်ကွင်းတည်ခဲ့ပေမဲ့ အေးအေးလူလူပဲ မျက်နှာဖုံးစာမျက်နှာတွေကို ရိုက်ကူးပေးခဲ့ကြတယ်။

သင်္ကြန်အငွေ့အသက်တွေနဲ့ စိမ်းလန်းစိုပြေ၀န်းထဲမှာ မျက်နှာဖုံးစာမျက်နှာအတွက် ကြိုးစားရိုက်ကူးတဲ့ ဧပရယ် (၇) ရက် နေ့မှာ သားသား သိန္ဓိစစ်က (၂) နှစ်နဲ့ (၄) ရက်ပဲရှိပါသေးတယ်။ “သားသားအဖေက ကြော်ငြာတွေဆို ရိုက်ခွင့်ပြုတာမဟုတ်ဘူး။ အဓိကက သားပင်ပန်းမှာစိုးလို့။ အခုကတော့ မဂ္ဂဇင်းမျက်နှာဖုံးဖြစ်လို့ သားအတွက်လည်း အမှတ်တရဖြစ်လို့ ရိုက်ဖြစ်တာပါ”လို့ မေမေ မယ်လိုဒီက ဆိုပါတယ်။ 

နွေနေ့လယ်နေက ပြင်းလွန်းလို့ တစ်ချက်ချက် ပင်ပန်းသွားတဲ့အခါတိုင်း “ဖိုက်… ဖိုး… သရီး… တူး… ၀မ်း… အက်ရှင်..”လို့ ဆိုလိုက်တာနဲ့ သိန္ဓိစစ်တစ်ယောက် မျက်လုံးတွေလက်ကနဲဖြစ်ခါ ကင်မရာကို ပြုံးပြုံးလေး ကြည့်တတ်ပြန်ပါတယ်။ ကလေးဖြစ်ပေမဲ့ စိတ်ရှုပ်လို့ ငိုတာ၊ ဂျီကျတာ လုံးလုံးမရှိခဲ့ပါဘူး။

ဝတ်စုံတစ်စုံကို ရိုက်ပြီးသကာလ မေမေ မယ်လိုဒီ အလှပြင်တာထိုင်စောင့်ရင်း သားသား သိန္ဓိစစ် တစ်ရေးတစ်မော အိပ်ပျော်လေသောအချိန်မှာ…

မယ်လိုဒီ    - “၀တ်စုံတွေက အရမ်းတိုနေလားမသိဘူး”
People    - “ အရမ်းကြည့်ရမဆိုးပါဘူး။ မျိုးက ၀ိတ်ကျနေတာပဲ”
မယ်လိုဒီ    - “အရင်တုန်းကတော့ ကိုယ့်စိတ်ထဲရှိတာ၊ လုပ်ချင်တာကို အကုန်လုပ်တယ် အစ်မရေ...။ အခုသားသားရှိလာတော့… သိန္ဓိစစ် အမေက ဘယ်လို… ဆိုတာမျိုး အပြောမခံချင်တော့ဘူး”

People    - “အမေ တစ်ယောက်လုပ်ရတာ မလွယ်ဘူးပေါ့”
မယ်လိုဒီ    - “အမေ တစ်ယောက်ဘ၀က ကိုယ်ဝန်ဆောင်တဲ့ အချိန်ကစတယ်ဆိုပေမဲ့ ဗိုက်ထဲမှာ လွယ်ထားရတာနဲ့ မွေးရတာက အဲ့လောက်မခက်ဘူး။ အပြင်ကိုရောက်လာတဲ့ ဒီ ကလေးလေးကို ခန္ဓာပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုမရှိဘဲ ရှင်သန်အောင်မွေးမြူရတာက အင်မတန်ခက်ပါတယ်။ ငယ်ငယ်က စာတစ်ပိုဒ်ကျက်ရလို့ ဒီတစ်ပုဒ်ရ ပြီးရောဆိုတာမျိုး မဟုတ်ဘူးလေ။ မဆုံးနိုင်တော့တဲ့ ပုံပြင်တစ်ပုဒ်လိုပဲ။ သူ့တစ်သက်လုံးစာ ပူပန်ရမှာ။ ငယ်တဲ့အချိန်မှာလည်း ငယ်တဲ့အလျောက်၊ ကြီးတဲ့အချိန်မှာလည်း ကြီးတဲ့အလျောက် ပူပန်ရဦးမှာပဲ”


People    - “သားသားနာမည်က အရင်က ဘုန်းပြည့်သာကောင်း မဟုတ်ဘူးလား”
မယ်လိုဒီ    - “အဲဒါက မျိုးပေးထားတဲ့ နာမည်။ အခု သိန္ဓိစစ်ဆိုတဲ့ နာမည်ကတော့ ဘုန်းဘုန်း (ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ)က ချီးမြှင့်တာဆိုတော့ ဒီနာမည်က အတည်ပဲ”

People    - သရုပ်ဆောင်“မယ်လိုဒီ” က မေမေ “မယ်လိုဒီ” အဖြစ် ပြောင်းသွားချိန်မှာ ခံစားချက်က ဘယ်လိုရှိလဲ။
မယ်လိုဒီ    - အဓိကကတော့ မိခင်တစ်ယောက်ဖြစ်သွားချိန်မှာ အရင်လို လှပမှုတွေမရှိတော့ဘူး။ ကိုယ်ခန္ဓာ ပြောင်းလဲသွားတယ်။ အဲဒီ့အချိန် ကိုယ့် ကိုယ်ကိုကြည့်ပြီး ပထမတော့ တော်တော်စိတ်ညစ်ရတယ်။ မျိုးက အရင်ကတည်းက ပြင်လို့ လှတာမျိုးမဟုတ်ဘဲ နဂိုအတိုင်းလှချင်တဲ့သူ။ အပြင်ထထွက်မယ်ဆိုရင်တောင် ဆံပင်လေးတစ်ချက်သပ်ပြီး ကောက်လိုက်သွားရင်တောင် လှချင်တဲ့သူ။ ဒါပေမဲ့ အဲဒီ့စိတ်ညစ်မှုတွေက သားလေးမျက်နှာကို ကြည့်လိုက်တာနဲ့ လုံးဝ ပျောက်သွားတာက ဆန်းတယ်။ ၀ိတ်ချချင်စိတ်လည်းမရှိဘူး။ သြော်…  ငါ့မှာ ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးရှိနေတာပဲဆိုတဲ့ စိတ်နဲ့ အားလုံးကို လက်ခံနိုင်သွားတယ်။

People    - သားသားက ဂျီမကျနော်။ အေးတယ်။
မယ်လိုဒီ    - ငယ်ငယ်ကတည်းက အေးတယ်။ မျိုးက အရင်ကတည်းက အချစ်ခံချင်တဲ့သူဆိုတော့ သားကို အရမ်းချစ်တယ်။ အဲဒီတော့ တစ်ခါတလေ အိုဗာတင်းတွေ ဖြစ်ဖြစ်သွားမှာစိုးလို့ထိန်းရတယ်။ (ရယ်လျက်) 

People    - သားသားနဲ့ အတူတူ မျက်နှာဖုံးရိုက်ရတော့ ဘယ်လိုခံစားရလဲ။
မယ်လိုဒီ    - ပျော်ပါတယ်။ ပျော်တာထက် အမှတ်တရ ပိုဖြစ်ပါတယ်။ သူ့မေမေက သရုပ်ဆောင်။ အဲဒီတော့ သူကလည်း အမေနဲ့တူတူ မျက်နှာဖုံးရိုက်တယ်ဆိုတဲ့ သူ့ဘ၀အတွက် အမှတ်တရတစ်ခု ဖြစ်စေတယ်။ ဘယ်တော့မှလည်း မမေ့နိုင်ဘူး။ ဖျောက်ဖျက်လို့လည်းမရတဲ့ အမှတ်တရပေါ့။ 


People    - အခု အနုပညာအလုပ်တွေ ပြန်လုပ်နေတော့ စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
မယ်လိုဒီ    - စိုးရိမ်စိတ်တော့ နည်းနည်းရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုလာကမ်းလှမ်းကြတယ်ဆိုတော့ရလာတဲ့ အခွင့်အရေးအပေါ်မှာ အကောင်းဆုံးကြိုးစားသွားမှာပါ။ အနုပညာအသိုင်းအ၀ိုင်းကတော့ ကိုယ်နဲ့ မစိမ်းတဲ့အတွက် ကျန်တာတော့ ထွေထွေထူးထူးမရှိပါဘူး။

People    - မေလထဲမှာ အမေများနေ့ရှိတော့ အမေတစ်ယောက်ရဲ့ အမှတ်တရစကားလေး ပြောပေးပါဦး။
မယ်လိုဒီ    - မိခင်ဖြစ်ရတာ ဂုဏ်ယူတယ်။ မိခင်တိုင်းကိုလည်း လေးစားတယ်။ သားလေးကို ပြုစုပေးရတဲ့အချိန်တိုင်းမှာ၊ ပင်ပန်းတဲ့အချိန်တိုင်းမှာ၊ အိပ်ရေးပျက်တဲ့အချိန်တိုင်းမှာ၊ စိတ်ညစ်ရတဲ့ အချိန်တိုင်းမှာ ကိုယ့်အမေ အပါအ၀င် အမေတိုင်းကို ပိုလေးစားစိတ်ဖြစ်ရတယ်။ အမေအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒ ပြည့်ကြပါစေ။ 

Model - Melody & Siddhi Sitt
Photo - Pyay Han (Colour Max)
Hair & Makeup - Khin San Win
Desiger - Myo Min Soe
Venue - Seinn Lan So Pyae