Primary tabs

ဖေဖော်ဝါရီအချစ်မှတ်စုများနဲ့ စိုင်းစိုင်း၊ မေဂရေ့စ်

Model- Sai Sai Kham Leng ၊ May Grace Parry

Photo- La Min Naing

Makeup & Hair- Gucci Aung (NNM)

Dress- Yone Yone

 

ပျော်ရွှင်နူးညံ့မှုတွေနဲ့ လွှမ်းခြုံနေတဲ့ ဖေဖော်ဝါရီလလေးမှာ People ရဲ့ ပရိသတ်တွေ မမြင်တွေ့တာကြာပြီဖြစ်တဲ့ အတွဲကဏ္ဍ လေးကို မြင်တွေ့ခွင့်ရဖို့အတွက် ဖေဖော်ဝါရီလရဲ့ မျက်နှာဖုံးရှင်နှစ်ဦးကို စုံတွဲရိုက်ကူး တင်ဆက်ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီလလေးရဲ့ ချစ်စရာကောင်းတဲ့ နူးညံ့ပျော်ရွှင်မှုလေးတွေနဲ့အတူ မျက်နှာဖုံးရှင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မေဂရေ့စ်တို့ရဲ့ ချစ်စရာကောင်းတဲ့၊ ပျော်ရွှင်နူးညံ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်လာရင် ဒဏ္ဍာရီတွေထဲကလို အာဒံ၊ ဧ၀ကစလို့ ရိုမီယို၊ ဂျူလိယက် စသဖြင့် အချစ်ဇာတ်လမ်းလေးတွေနဲ့အတူ ခေတ်အဆက်ဆက် ပြောင်းလဲလာပေမဲ့ ဘယ်တော့မှ ပြောင်းလဲမသွားနိုင်တဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ အချစ်ကိုလူသားတိုင်းရဲ့ နှလုံးသားတိုင်းနဲ့ ခံစားကြည်နူးမိကြမှာပါ။ အချစ်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြသလို စိုင်းစိုင်းနဲ့ မေဂရေ့စ်တို့ကလည်း အချစ်ကို ဘယ်လိုဖွင့်ဆိုထားကြသလဲဆိုတာ ဖတ်ရှုခံစားရင်း.......

စိုင်းစိုင်းခမ်းလှိုင်

Valentine Day နဲ့ စိုင်းစိုင်းအမြင်

Valentine Day နဲ့ ပတ်သက်ပြီး လူတွေမှာ မြင်ထောင့်အမျိုးမျိုး ရှိကြတယ်။ တစ်ချို့လည်း ကိုယ်ပိုင်ယဉ်ကျေးမှု မဟုတ်ဘဲနဲ့ အနောက်တိုင်းက ထိုးဖောက်ဝင်ရောက်လာတဲ့ ယဉ်ကျေးမှုလို့ မြင်ကြတယ်။ တစ်ချို့ကလည်း ဒီရက်မှမဟုတ်ဘူး နေ့တိုင်းက ချစ်သူတွေ အတွက် Valentine Day ပါပဲလို့ ပြောကြတယ်။ ကျွန်တော်ကတော့ Valentine Day ကို ကြိုက်တဲ့သူ စာရင်းထဲမှာ ပါပါတယ်။ ချစ်သူ တွေက သာမန်အချိန်တွေမှာလည်း တွေ့ကြသလို မွေးနေ့တို့၊ တစ်လပြည့်တို့၊  တစ်နှစ်ပြည့်တို့စသဖြင့် အထူးအမှတ်တရတွေနဲ့ သေချာ ပြင်ဆင်ပြီး တွေ့ကြတဲ့အထဲက နောက်ထပ်အပိုဆောင်းထပ်ရတဲ့ လက်ဆောင်နေ့လေးတစ်နေ့လို့ မြင်ပါတယ်။

Valentine Day နဲ့ စိုင်းစိုင်းဖြတ်သန်းမှု

ကျွန်တော်တို့ အနုပညာသမားတွေကတော့ Valentine Day တို့၊ New Year ၊ သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့က ကိုယ် ပိုင်နေ့တွေ မဟုတ်ဘူး။ တစ်နှစ်စာ ပြက္ခဒိန်တွေမှာ ပရိသတ်တွေအတွက် ဖယ်ထားလိုက်ရတာပါ။ ချစ်သူတွေအတွက် သူတို့ပျော်ရွှင်ဖို့ ဖယ်ထားပေးရတဲ့နေ့တွေပါ။ ကိုယ်မပိုင်ခဲ့တာလည်း ကျွန်တော်အဆိုတော်ဖြစ်တဲ့ တစ်သက်ပါပဲ။ အရင်တုန်းကဆိုရင် နှစ်တိုင်းရည်းစားနဲ့ စကားများရတယ်။ ရန်ဖြစ်ရတယ်။ မိန်းကလေးဘက်ကလည်း အများသူငါလိုပဲ Valentine Day မှာ သူများတွေလို အင်္ကျီဆင်တူလေး ၀တ်ပြီး ချစ်သူနဲ့ လျှောက်လည်ချင်တာပေါ့နော်။ ကျွန်တော့်ဘက်ကလည်း စတိတ်ရှိုးနေ့ဆိုတော့ တစ်နေ့လုံးလျှောက်လည်နေရင် ညဘက် သီချင်းမဆိုနိုင်တော့ နားရမယ်။ ဟိုးခါတိုင်းနှစ်တွေမှာဆိုရင် နှစ်တိုင်းပဲ ကျွန်တော့်အတွက် Valentine က ရန်ဖြစ်ရတဲ့နှစ်ပဲ။

စိုင်းစိုင်းပြောတဲ့ အချစ်ဆိုတာ

လူတွေကလည်း အချစ်နဲ့ပတ်သက်ရင် အမျိုးမျိုးပြောခဲ့ကြတယ်။ ကျွန်တော်လည်း အချစ်ဆိုတာ ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါ တယ်ဆိုပြီး မျိုးစုံပြောခဲ့တာပဲ။ အချစ်က သူ့ချည်းပဲထားရင် ကောင်းတယ်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားတယ်၊ မြတ်နိုးတယ် ဆိုတာက မုန်းတာထက်စာရင်တော့ ကောင်းတာပဲ။ တခြားဟာတွေနဲ့ မတွဲရင်ကောင်းတယ်။ ပိုင်ဆိုင်တာတို့၊ အတ္တတို့၊ မာနတို့ ပါလာရင် တော့ ပြဿနာတက်တော့တာပဲ။ မပြောတတ်ဘူး။ အချစ်ဆိုတာတော့ အချစ်ပဲပေါ့။ သူ့အသက်အရွယ်နဲ့သူတော့ အတွေးအခေါ်၊ ဆင်ခြင်တုံတရား၊ အချစ် ပြောင်းလဲနိုင်တာပေါ့။ စိုင်းစိုင်းအနေနဲ့ကတော့ ကျွန်တော်ဟာ အချစ်မှာမှမဟုတ်ဘူး။ ဟိုအရင်ကတည်းက လူအားဖြင့်ရော၊ အတွေးအခေါ်ရော၊ ခံစားမှုတို့ရော ပြောင်းလဲလာတယ်လို့ မထင်ဘူး။

Chemistry ကိုက်တဲ့ သူတို့နှစ်ယောက်

မေဂရေ့စ်နဲ့ တွဲပြီး ဓာတ်ပုံပဲရိုက်ရိုက်၊ ကြော်ငြာပဲရိုက်ရိုက် ကျွန်တော်တို့နှစ်ယောက်က Chemistry ကိုက်တယ်လို့ ထင်တယ်။ အပြန်အလှန် လေးစားမှုလည်းရှိတယ်၊ ခင်မင်ရင်းနှီးမှုလည်း ရှိတယ်ဆိုတော့ အဆင်ပြေပါတယ်။

မျိုးဆက်သစ်လူငယ်များနဲ့ စိုင်းစိုင်းအမြင်

သီချင်းဆိုတဲ့အချိန်မှာ ကျွန်တော်တို့ဆိုတာက အဖွဲ့လိုက်ဆိုသလို၊ အတွဲတွေလည်း ဆိုရတာဆိုတော့ လူကြီးတွေဖြစ်တဲ့ ဦးချစ်ကောင်းတို့နဲ့လည်း တွဲဆိုဖြစ်သလို လူငယ်တွေ၊ လူသစ်တွေနဲ့လည်း တွဲဆိုဖြစ်တယ်။ ရုပ်ရှင်ရိုက်တဲ့နေရာမှာတော့ လူသစ်တွေနဲ့ အများကြီးတွဲပြီး မလုပ်ဖြစ်ဘူး။ ဒါပေမဲ့လည်း ကားသစ်တွေ ရိုက်တဲ့အချိန်မှာတော့ တတ်နိုင်သလောက် မင်းသမီးအငယ်၊ အသစ်တွေ နဲ့တွဲပြီး သရုပ်ဆောင်ဖြစ်တယ်။ အမှန်တော့ အတူတူလက်တွဲပြီး Team Work နဲ့ အလုပ်လုပ် ကြတာပါ။ ဒီလောကထဲကို အရင်ရောက် လို့ စီနီယာဖြစ်တိုင်း ကျွန်တော်ပိုတော်တာမဟုတ်ပါဘူး။ ကျွန်တော့်ထက် ပိုတော်တဲ့လူငယ်တွေ ရှိပါတယ်။ တချို့လူတွေက ငယ်ငယ် လေးနဲ့ စဉ်းစားပိုင်းခြားနိုင်တဲ့ ဉာဏ်ရှိတယ်။ ကြိုးစားကြတယ်၊ တစ်ချို့လူတွေကလည်း မိဘပံ့ပိုးမှုတွေ ရှိတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး။ ကျွန်တော်မြင်ရသလောက်ကတော့ မကြိုးစားတဲ့သူနဲ့ ကြိုးစားတဲ့သူမှာ ကြိုးစားတဲ့သူကတော့ အောင်မြင် တာပဲ။

ကိုယ့်ကိုယ်ကိုသုံးသပ်မိခြင်း

ဒီလိုပါပဲ မနက်အိပ်ရာနိုးလာတယ် ဒီနေ့တစ်နေ့တာ ဖြတ်သန်းမယ် ညအိပ်ရာဝင်တယ် စဉ်းစားမိတယ် နောက်တစ်ရက်တော့ ဖြတ်သန်းရဦးမယ်ဆိုသလိုပါပဲ ကျွန်တော် အနုပညာလုပ်တယ်၊ သီချင်းတစ်ပုဒ်ရေးတယ်ပြီးသွားရင် ကိုယ့်ကိုယ်ကိုကျေနပ်တယ်၊ ဒီဟာ ကိုထုတ်လုပ်ဖြန့်ချိမယ် ပြီးသွားရင်နောက်တစ်ပုဒ် ထပ်ရေးမယ်။ ရုပ်ရှင်တစ်ကားရိုက်တယ် ကြိုးစားတယ် ရိုက်ကူးပြီးစီးတယ် ထုတ်လုပ် တယ် ပြသတယ်။ နောက်တစ်ကားထပ်ရိုက်ရဦးမယ်။ လူတွေဟာ နေ့စဉ်နဲ့အမျှ နေ့တိုင်းကို ဖြတ်သန်းနေသလို ကျွန်တော်လည်း နေ့စဉ်နဲ့အမျှ နေ့တိုင်းကို ဖြတ်သန်းနေပါတယ်။ ပြီးရင်လည်း ဖြတ်သန်းရဦးမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒီအလုပ်ကို လုပ်ချင် တာကိုး။

ဂီတနဲ့ သရုပ်ဆောင်ကြား ဖြတ်သန်းမှု

ကျွန်တော်အချိန် စီမံခန့်ခွဲမှုကို အဲလောက်ထိ မကျွမ်းကျင်ပါဘူး။ အဆင်ပြေသလို၊ စိတ်အားထက်သန်ရင် ထက်သန်သလို လုပ်တာပါပဲ။သီချင်းပဲတစ်လလောက် ထိုင်ရေးနေပြီး ရုပ်ရှင်မရိုက်ပဲနေတဲ့လတွေ ရှိသလို၊ ရုပ်ရှင်ပဲ ၄၊ ၅ လလောက် ရိုက်ပြီးတော့ သီချင်း မရေးတဲ့လတွေလည်း ရှိပါတယ်။

အနုပညာလှုပ်ရှားမှုများ

လောလောဆယ်မှာ ““ဒိတ်ဒိတ်ကြဲ”” DVD ရိုက်နေတာ အဲဒါလေးဖြန့်ချိဖို့ရှိမယ်။ ဖျော်ဖြေရေးတွေမှာလည်း တစ်နှစ်နဲ့တစ်နှစ် ပရိသတ်တွေ ကြည့်ရတာ မပျင်းရအောင်၊ ကြည့်ပျော်တဲ့၊ သာယာနာပျော်တဲ့ တင်ဆက်မှုတွေဖြစ်အောင် တင်ဆက်မှုတွေ လုပ်ချင်တယ်။ ဒါကိုလည်း တကယ်ဝါသနာပါတဲ့အတွက် သီချင်းရေးတာ၊ ဆိုတာတင်မဟုတ်ဘဲ တင်ဆင်မှုအပိုင်းရော၊ Entertain လုပ်တဲ့အပိုင်းရောကို နေ့တိုင်းစဉ်းစားနေပါတယ်။ အဓိကကတော့ ဂီတကိုကျွန်တော် ရပ်လို့မရနိုင်ဘူး။ မွေးကတည်းက အဆိုတော်ပဲ လုပ်ချင်တာကိုး။ ရုပ်ရှင် လည်းရိုက်ရင်းနဲ့ တော်တော်ကို စိတ်ပါလက်ပါ ထဲထဲဝင်ဝင် ၀ါသနာပါတယ်လို့ ပြောလို့ရတယ်ဆိုတော့ ဂီတလည်း ဆက်လုပ်ဖြစ်မှာပဲ၊ ရုပ်ရှင်လည်း ဆက်လုပ်ဖြစ်မှာပဲ။ အခြေအနေပေးလို့ အခါအခွင့်သင့်ရင် အားရင်လည်းအားသလို လူမှုရေးနဲ့ဆိုင်တဲ့၊ တိုင်းပြည်နဲ့ဆိုင်တဲ့၊ ကိုယ်တတ်နိုင်တဲ့ တာဝန်လေးတွေ နည်းနည်းပါးပါး ယူချင်ပါတယ်။

စိုင်းစိုင်းပြောတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး

ဘာမှထူးခြားမှုမရှိဘူးလို့ဖြေရင် စိတ်ဝင်စားစရာကောင်းတဲ့အဖြေမျိုးဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အဖြေ မျိုးဖြေမယ်ဆိုရင် ကျွန်တော်ကြိုးစားနေပါတယ်ပေါ့။ အိမ်ထောင်ပြုတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့ သူတွေလုပ်တဲ့ အလုပ်ဗျ။ ကျွန်တော် ကိုယ့်ကိုယ်ကို အရွယ်မရောက်သေးဘူးလို့ ခံစားရတယ်။ အသက်အားဖြင့်တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံအားဖြင့်၊ ဖြတ် သန်းမှုအားဖြင့် အရွယ်မရောက်သေးဘူးလို့ ထင်တာပဲ။

မေဂရေ့စ်

Valentine Day နဲ့ သူမရဲ့အမြင်

Valentine Day ဆိုတာ ချစ်သူသမီးရည်းစားတွေမှ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူ ဘယ်သူနဲ့မဆို အတူတူနဲ့ပျော်ရတဲ့ နေ့လေး တစ်နေ့လို့ မြင်မိပါတယ်။

အချစ်နဲ့ သူမ ခံစားချက်

(၅၂၈) မိသားစုဆီက အချစ်ကတော့ တစ်ချိန်လုံးရနေတာပေါ့နော်။ (၁၅၀၀)အချစ်နဲ့ ပတ်သက်ရင်တော့ Romantic ဆန်ဆန် အချစ်ဇာတ်လမ်းလေးတွေတော့ ကြိုက်တယ်။ “ Love is to value someone else’s happiness as if it’s your own.”

 

အနုပညာခရီးလမ်းပေါ်က သူမ

၂၀၁၀ ခုနှစ်မှာ အနုပညာလောကထဲကို စပြီးရောက်ခဲ့တာပါ။ အဲဒီတုန်းက အသက်က (၁၅) နှစ်ပဲ ရှိသေးတယ်။ မေက လမ်း လျှောက်တာမလှတော့ အမေက ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်လ်သင်တန်း တက်ခိုင်းတယ်။ အဲဒီတုန်းကတော့ မော်ဒယ်လ်လုပ်ဖို့ စိတ်မပါသေးဘူး။ ဆရာဂျွန်ကတဆင့် Idea မျက်နှာဖုံးရိုက်ဖို့အတွက် ကမ်းလှမ်းခံရတော့ အဲဒီကနေစပြီး အနုပညာအလုပ်တွေ လုပ် ဖြစ်သွားတာပါ မေကတစ်ယောက်တည်း နေရတာကို ပိုသဘောကျတယ်။ လူတွေအများကြီး ကြားထဲမှာလည်း သိပ်မနေတတ်ဘူး။ မော်ဒယ်လ်ကျတော့ ငယ်ငယ်ကတည်းက ၀ါသနာပါပေမဲ့ မလုပ်ရဲဘူး။ ကိုယ့်ကိုယ်ကိုလည်း မယုံကြည်ဘူး။ မော်ဒယ်လ်ဖြစ်လာလိမ့် မယ်လို့လည်း မထင်ထားဘူး။ Idea Cover ရိုက်တော့ ကင်မရာရှေ့ မှာ ပထမဆုံးပို့စ်လုပ်ရတာ ဆိုတော့ မလုပ်တတ်ဘူး။ အဲဒီတုန်းက ဆရာဂျွန်ဆီမှာ သင်တန်းတက်ပြီး ပို့စ်လည်းမလုပ်တတ်ဘူးဆိုပြီး အပြောခံရသေးတယ်။

KTM သောက်ရေသန့်ကြော်ငြာနဲ့ သူမ

Idea Cover ရိုက်ပြီးတော့ ဦးအောင်ကိုလတ်ရိုက်တဲ့ KTM သောက်ရေသန့်ကြော်ငြာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကြော်ငြာ ရိုက်တော့ အခက်အခဲသိပ်မရှိခဲ့ပါဘူး။ ဦးအောင်ကိုလတ်ကလည်း ရိုက်ချက်တွေ အရမ်းမိုက်တော့ ပရိသတ်တွေလည်း ကြိုက်ကြတယ်။၂ ရက်ဆက်တိုက် ပြေးတဲ့အခန်းတွေရိုက်ရတာ အရမ်းမောတာပဲ ရှိခဲ့တယ်။ ရိုက်ပြီးတဲ့ ကြော်ငြာတွေကတော့ American Vision၊ Enjoy ၊ O2 ၊ J-Donus ၊ KTM သောက်ရေသန့်၊ JAS Phone တော်တော်များများတော့ ရိုက်ကူးဖြစ်ပါတယ်။

မေဂရေ့စ်နဲ့ သူမရဲ့အနုပညာ၊ ပညာရေး

၂၀၁၃ မှာ High School ပြီးသွားတော့ အချိန်အားသလို ဖြစ်သွားပြီဆိုတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖြစ်နေပါတယ်။ အနုပညာနဲ့ပညာရေး ၂ ခုစလုံးကို လုပ်ဖြစ်နေပေမဲ့ ပညာရေးကိုတော့ ပိုပြီးဦးစားပေးဖြစ်နေပါတယ်။ ဖေဖော်ဝါရီအဆုံးမှာ ကျောင်းသွား တက်ရတော့မှာပါ။ ၃ နှစ်လောက်တက်ရမှာ။ တစ်နှစ်ကို နှစ်ခါလောက်တော့ ပြန်လာဖြစ်မှာဆိုတော့ ပြန်လာတုန်းမှာ အနုပညာအလုပ် တွေ လုပ်ချင်တယ်။ လုပ်ဖြစ်ရင် ကောင်းမှာပေါ့။

မေဂရေ့စ်နဲ့ သူမပင်ကိုယ်စရိုက်

မေကရှက်တတ်တယ်။ ဒါပေမဲ့ အရမ်းရင်းနှီးသွားရင်တော့ မရှက်တတ်တော့ဘူး။ စကားအရမ်းများတယ်။ ကံကောင်းမှုများနဲ့ မေဂရေ့စ်ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ ထင်တယ်။ မေလုပ်ခဲ့ရတဲ့အလုပ်တွေ အများကြီးပဲဆိုတော့ ဒီအလုပ်တွေ လုပ်ခဲ့ရတာ တွေအတွက် အရမ်းကျေးဇူးတင်တယ်။

မေဂရေ့စ်နဲ့ ဇာတ်ကားများအကြောင်း

ကိုနေတိုးနဲ့ “ချစ်ခြင်းသီတဲ့လက်များ” DVD ဇာတ်ကားရိုက်တုန်းက ပရိသတ်က မေ့ကို နောက်တစ်ခါ ဇာတ်ကားရိုက်ရင် အသံ ကို အားပိုထည့်ပြီးပြောဖို့ ပြောကြတယ်။ အဲဒီကားမှာ ကိုနေတိုး ၃ ကိုယ်ခွဲနဲ့ မမိုးဟေကို၊ ချစ်သုဝေနဲ့ သမီးတို့သရုပ်ဆောင်ထားတယ်။ ကိုစိုင်းနဲ့ ရိုက်တဲ့ “အေဒင်ရဲ့နတ်သမီး”ရုပ်ရှင်ကားကြီးလည်း ရိုက်ထားပါတယ်။ မေက မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင်မရတော့ ဒိုင် ယာလော့ခ်ကျက်ဖို့ အရမ်းခက်တယ်။ ကြိုကျက်ထားလို့ မရတော့ ဒါရိုက်တာက ကားမရိုက်ခင်မှာ သင်ပေးရတာမျိုးရှိတယ်။ ဒါရိုက်တာ တွေကလည်း အမူအရာကို သေချာသင်ပေးတော့၊ မရမချင်းသင်ပေးတယ်၊ မကြိုက်မချင်း ပြန်လုပ်ခိုင်းတယ်ဆိုတော့ သရုပ်ဆောင်ရတာ အဆင်ပြေပါတယ်။ ကိုစိုင်းနဲ့ ဓာတ်ပုံရိုက်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ ကိုစိုင်းနဲ့က ဓာတ်ပုံတွေလည်း အများကြီးရိုက်ဖူးပါ တယ်။ ကိုစိုင်းကအစ်ကိုတစ်ယောက်လိုရော၊ ဆရာတစ်ယောက်လိုလည်း ဖြစ်နေပါတယ်။ ကြော်ငြာတွေ၊ ရုပ်ရှင်ကားကြီးတွေမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခွင်ရတယ်။ အမူအရာတွေရော၊ ဒိုင်ယာလော့ခ်တွေကအစ သေသေချာချာလည်း သင်ပေးပါတယ်။ အနုပညာ မိတ်ဆွေ အစ်ကိုတစ်ယောက် ဖြစ်သလို၊ ဆရာတစ်ယောက်လိုလည်း ဖြစ်တဲ့အတွက် အရမ်းလည်း လေးစားရပါတယ်။

ပရိသတ်အတွက်

အားလုံးကျန်းမာ ချမ်းသာကြပါစေ။ Valentine Day မှာ ကိုယ်ချစ်တဲ့သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် ဖြစ်ပါစေ။