Primary tabs

အိချောပိုဆိုတဲ့ သူမ

အားနာတတ်တယ်၊ စကားနည်းတယ်၊ ကိုယ်ဝါသနာပါရာ အနုပညာကို ဇောက်ချလုပ်တယ်၊ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးတွေကို ကျော်လွှားပြီး ဦးတည်ချက်အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်... သူမ... အိချောပို...

လတ်တလောအနုပညာလှုပ်ရှားမှု
အခု မလေးရှားဒါရိုက်တာရိုက်တဲ့ ကိုမြင့်မြတ်နဲ့ သရဲကား ရိုက်နေပါတယ်။ ဒါပြီးရင်တော့ မန္တလေးမှာ ရုပ်ရှင်ကားကြီး၊ ပြီးရင် ပုပ္ပါးမှာ ရိုက်ဖို့တွေရှိပါတယ်။

အိချောပို ဝါသနာပါတဲ့အနုပညာ
ဒီအနုပညာအလုပ်လုပ်တာ ကိုယ်ဝါသနာပါတဲ့၊ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရတာဖြစ်တဲ့အတွက် အမြဲတမ်းလုပ်နေရရင် ပျော်တယ်။ အခက်အခဲဆိုတာလည်း ရှိတယ်၊ အနှောင့်အယှက်တွေ၊ အတားအဆီးဆိုတာတွေလည်း အများကြီး
ရှိတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ဦးတည်ချက်အတိုင်း ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။

အနုပညာနဲ့ပတ်သက်ရင် မိမိကိုယ်ကို သုံးသပ် မိတာက
ကိုယ်လုပ်ခဲ့တဲ့အလုပ်၊ ဥပမာ - ကိုယ်ဒီတစ်ကားရိုက်လိုက်လို့ ဒီတစ်ကားက ပရိသတ်ကြိုက်လား၊ ပရိသတ်ဆီက ဘယ်လိုအသံပြန်ကြားရလဲ ဆိုတာကိုတော့ အမြဲတမ်း နားစွင့်နေပါတယ်။ ကိုယ့်ဘက်က လိုအပ်တာရှိတယ် ဆိုရင်လည်း ပြင်
ရတာပေါ့။ တချို့ကျတော့လည်း လိုအပ်တာ မဟုတ်ဘဲ သပ်သပ်ကြီး ပြောနေတာဆိုရင်တော့လည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်ရတာပေါ့။

ကောလာဟလတွေ ကြုံလာခဲ့ရင်
ကောလာဟလတွေ ကြုံလာရင်တော့ သိပ်ပြီး ဖြေရှင်းလေ့မရှိဘူး။ ကိုယ့်ဘက်က ကိုယ့်ခံစားချက်ရှိသလို၊ တခြားကိုယ့်ကို အားပေးတဲ့သူတွေကလည်း ခံစားချက်မျိုးစုံ ရှိမှာပဲ။ ကိုယ့်ကို ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့ သူလည်း ရှိတယ်ဆိုတာကို အိချောကတော့ နားလည်တယ်။ ကြိုက်တဲ့သူကျတော့လည်း ဘာလေးပဲဝတ်ဝတ်၊ ဘာလေးပဲလုပ်လုပ် ကြိုက်နေမှာပဲ။ မကြိုက်တဲ့ သူကလည်း ကောင်းတာပဲဝတ်ဝတ်၊ ဆိုးတာပဲဝတ်ဝတ် ဝေဖန်နေမှာပဲဆိုတော့ အဲဒါတွေကို မဖြေရှင်းချင်ဘူး။

အိချောပိုရဲ့ စိတ်နေစိတ်ထား
အိချောရဲ့ အဓိကအချက်က အားနာတတ်တာ။ အရင်ကတည်းကလည်း စကားနည်းတယ်။ မိသားစုမှာလည်း စကားအပြောအဆို နည်းတယ်။  ကိုယ့်ကိုသပ်သပ်ကြီး အပြစ်ပြောတယ်ဆိုလည်း ကိုယ်ကနားမလည်ဘူး။ ကိုယ့်အပေါ်ကောင်းတယ် ထင်ပြီး ပေါင်းနေတာပဲ။ ဘေးကလူက နင့်အပေါ်ကောင်းတာမဟုတ်ဘူး ဒါသပ်သပ်ကြီး ပြောသွားတာဆိုမှ ဟုတ်လားဆိုပြီး သိတာ။ ဗြုန်းခနဲဆို လည်း ကိုယ့်ကိုလာပြောနေလား၊ တိုက်ခိုက်နေလား နားမလည်ဘူး။ ရိုးရိုးရှင်းရှင်းပဲ စိတ်ကိုထား
လိုက်တယ်။ တစ်ဖက်လူအပေါ်မှာလည်း ကိုယ့်လိုပဲ စေတနာနဲ့ လုပ်တာဆိုပြီးပဲ ထားလိုက်တယ်။ အေးအေးဆေးဆေးပဲနေတယ်။ အိချောရဲ့ We Love ပရိသတ်တွေလည်း အိချောရဲ့စိတ်ကို သိတယ်။ အပြင်မှာ မတွေ့ဖူးတဲ့ ပရိသတ်ကတော့ 
မာနကြီးတယ်၊ ချေတယ်ဆိုပြီး ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ အိချောစိတ်ထဲမှာ အဲ့ဒီလိုမျိုးလည်း မရှိပါဘူး။ ကိုယ့်ဘာကိုယ်လေးပဲ နေတတ်တာ ရှိပါတယ်။

ငယ်ငယ်တုန်းက ဖြစ်ချင်တာ
အိချော ၉ တန်းလောက်ကတည်းက အနုပညာအလုပ်တွေကို စလုပ်တာ။ ၉ တန်းဖြေပြီးတော့လည်း Miss People ၀င်ပြိုင်လိုက်သေးတယ်။ Title တွေလည်း ရလိုက်သေးတယ်ဆိုတော့ ငယ်ငယ်ကတည်းက အနုပညာအလုပ်ကို ၀ါသနာ
ပါတယ် ပြောရမယ်။ State ကျောင်းက Augustine မှာတက်တယ်။ ဆယ်တန်းအောင်ပြီးတာနဲ့ အမျိုး သားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ တက်တယ်။ အဲဒီမှာတော့ အသစ်ဖွင့်တဲ့ ရုပ်ရှင်မေဂျာစတက်ပြီး B.A(Actor) နဲ့ ဘွဲ့ရတယ်။ ပညာရေးကိုလည်း ဘွဲ့ရတဲ့အထိ လုပ်တယ်၊ ပညာရေးလုပ်နေတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေ လုပ်ရတော့ ပညာရေးကိုခဏနားပြီး လုပ်တယ်။ အဲ့လိုလေးနဲ့ပဲ အေးအေးဆေးဆေး လုပ်လာခဲ့တာပါ။

အနုပညာနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု အတိုင်းအတာ
ကိုယ်အရမ်းတော်နေပြီ တတ်နေပြီလို့ တစ်ခါမှမတွေးသလို၊ ကိုယ်လိုချင်တဲ့ နေရာရောက်နေပြီလို့လည်း တစ်ခါမှ မတွေးခဲ့ဘူး။ ဒီအလုပ်ကို လုပ်နေရရင်ကို ပျော်တယ်၊ အမြဲတမ်းလည်း ဒီအလုပ်ကိုလည်း လုပ်ချင်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုဆရာကြီးပုံစံမျိုး တစ်ခါမှ မတွေးဘူး။ အိချောနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆိုလည်း သိပါတယ်။ ကိုယ်နဲ့တန်းတူတဲ့သူပဲဖြစ်ဖြစ်၊ Supporting ပဲ ဖြစ်ဖြစ်၊ စက်အဖွဲ့တွေပဲဖြစ်ဖြစ် သူတို့အကြံဥာဏ်ပေးရင်လည်း တလေးတစားနဲ့ ဆက်ဆံဖြစ်ပါတယ်။

အနုပညာရှင်နဲ့ Social Media
Media တွေရှိတာ ကောင်းပါတယ်။ Media တွေရှိလို့လည်း အိချောတို့အနုပညာအလုပ်တွေကို ပရိသတ်တွေဆီ ချပြတဲ့အခါမှာ အထောက်အကူဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ တစ်ချို့အရာလေးတွေကျတော့လည်း နားလည်မှုလေးတွေ လွဲသွားတာ ရှိပါတယ်။ ကိုယ့်ဘက်ကယူဆတဲ့ ခံစားချက်ကတစ်မျိုး၊ ပရိသတ်ကိုချပြတဲ့အချိန်မှာတစ်မျိုး အဲဒီလိုမျိုးလေးတွေ လွဲတဲ့အခါ အိချောဘက်ကလည်း မဖြေရှင်းတတ်တဲ့လူဆိုတော့ သိပ်ပြီးမဖြေရှင်းတော့ဘူး။ Face-book မှာဆိုလည်း ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်တင်လိုက်တဲ့အရာလေး၊ ဟိုဘက်မှာတစ်မျိုး ပြန်ပြီးပြောလိုက်တဲ့အခါကျတော့ ကိုယ်ကလည်း ပြန်ပြီးတော့ မဖြေရှင်းတတ်တော့ဘူးဆိုတော့ ပရိသတ်ဘက်က တစ်မျိုးလေးအထင်လွဲသွားနိုင်တော့ ကိုယ့်စိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားတာမျိုးလေးတွေရှိတာကလွဲပြီး ဘာမှတော့ ဖြေရှင်း မနေတော့ပါဘူး။ အိချော Facebook သုံးတယ်ဆိုတာက အိချောရဲ့တစ်နေ့တာအလုပ်ကလေးတွေ၊ အနုပညာအလုပ်ကလေးတွေကို အမှတ်တရအနေနဲ့ ပြီးတော့ ကိုယ့်ရဲ့ဝါသနာနဲ့ ကိုယ်ချစ်မြတ်နိုးတဲ့အနုပညာကို တန်ဖိုးထားတဲ့အနေနဲ့ ဒီနေ့မှာ ဒီအလုပ်လေးလုပ်နေတယ်၊ ဒီလမှာတော့ ဘယ်ကားလေး ရိုက်နေတယ်ဆိုတဲ့အနေနဲ့ ပရိသတ်ကို အသိပေးတဲ့သဘောပါပဲ။ ကျန်တာ
ထွေထွေထူးထူး စိတ်ထဲဘာမှမရှိဘူး၊ ကိုယ်လုပ်နေတဲ့အလုပ်ကလေးတွေကို ပရိသတ်ကိုချပြတယ် ဒီလောက်ပါပဲ။

အိချောပိုနဲ့ Facebook ထဲက Troll
တချို့ Troll လေးတွေချတော့လည်း အိချောကိုယ်တိုင် ပြန် Share ပေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို Troll ပေးတယ်ဆိုတော့လည်း ကျေးဇူးတင်ပါတယ်။ တချို့အရာတွေ ကျတော့လည်း သပ်သပ်ကြီး ပုတ်ခတ်ပြောသလိုလည်း ရှိတာပေါ့လေ။ အဲဒီအခါကျရင်လည်း ပရိသတ်တွေ အထင်အမြင် မလွဲစေချင်ပါဘူး။ စပြီးရေးတာလည်းရှိသလို၊ နောက်ပြီးရေးတာလည်း ရှိတယ်။ အဲဒါကိုလည်း အိချောက အပြစ်မမြင်ပါဘူး။

Body နဲ့ ပတ်သက်ပြီး
အိချော Body နဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းတွေဘာတွေ သိပ်ပြီးတော့လည်း အထွေအထူးမလုပ်ဖြစ်ပါဘူး။ မနက်ဆိုလည်း ရှူတင်သွားတယ် ညနေပြန်ရောက်တယ်၊ တစ်ခါတလေလည်း Night Scene တွေ ရိုက်ရတယ်ဆိုတော့ အချိန်ပေးပြီးတော့ မကစားဖြစ်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ အစားအသောက်နဲ့ထိန်းတယ်။ နည်းနည်းလေးပြည့်လာပြီ၊ သူများတွေပြောလာပြီဆိုရင် အစားလျော့လိုက်တယ်။ ဒီလောက်ပါပဲ။ ဟိုးအရင်တုန်းက Miss People ပွဲတွေ ပြိုင်တုန်းက သေးသေးလေး၊ အဲဒီတုန်းက အရမ်းပိန်တော့ ဝချင်လို့ ထောပတ်တွေ၊ ပျားရည်တွေ မနက်တစ်ဇွန်း၊ ညတစ်ဇွန်းစားတော့ ဝလာတယ်။ ဝလာတယ်လို့ပြောရင် အစားအသောက်နဲ့ ပြန်ထိန်းလိုက်တယ်။ Gym ကိုကျတော့ အချိန်မပေးနိုင်လို့ ရပ်လိုက်ရင် တက်လာမှာစိုးလို့၊ အိချောက တက်တာမြန်တယ်၊ ကျတာမြန်တယ်ဆိုတော့လေ။

အိချောပိုကြိုက်တဲ့ဖက်ရှင်
အိချောက ပိတ်စအဆင်တွေဘာတွေဆိုရင် ရှင်းရှင်းလေးတွေ ကြိုက်တာများတယ်။ အရမ်းကြီး ရှုပ်ရှုပ်ယှက်ယှက်အပွင့်တွေဆိုရင် ၀တ်လိုက်တဲ့အခါ လှတော့လှပေမဲ့ တစ်မျိုးကြီးဖြစ်သွားတယ်။ ခန္ဓာကိုယ်ကလည်း ထွားတော့ ပိုပြီးထွားသလိုဖြစ်သွားလို့ အဲဒါမျိုးလေးတွေ နည်းနည်းရှောင်တယ်။ ကိုယ်နဲ့လိုက်မယ့်ဟာလေးတွေ အဓိကထားဝတ်တယ်။

ဖက်ရှင်ဆိုတာ
ဖက်ရှင်ကတော့ အနုပညာသမားမှ မဟုတ် ပါဘူး၊ လူတိုင်းအတွက် အရေးပါပါတယ်။ အခုဆိုရင် အပြင်ကမိန်းကလေးတွေ ဝတ်တဲ့ အဝတ်အစားကို တစ်ခါတလေ အိချောတို့ကတောင် ပြန်ပြီး ကြည့်ရတာရှိတော့ ဖက်ရှင်က လူတစ်ယောက်အတွက် အများကြီးအရေးကြီးပါတယ်။ အဝတ်အစားကြောင့်လည်း လူကိုဂုဏ်တက်စေသလို၊ အ၀တ်အစားကြောင့်လည်း လူကို ဂုဏ်ကျစေတာရှိပါတယ်။

ပရိသတ်အတွက်
အိချောကို ဒီလိုအခြေအနေအထိ အားပေးလာတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်ခါတလေ အမှားအယွင်းလေးတွေ၊ လိုအပ်တာလေးတွေ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးပါ။ အိချောက စကားလည်း နည်းတယ်၊ သိပ်ပြီးထွေထွေထူးထူးလည်း ပြန်ပြီးမဖြေရှင်းတတ်တဲ့အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

Model - Ei Chaw Po
Makeup & Hair - Lin Lin(Makeup Artist)
Designer - Ei Kyaw Zin (Vivid Fashion Taste)
Photo & Retouch - Fred 
Stylist - Wai
Outfits - Too Cool Girl’ Collection