Primary tabs

သက်မွန် အရေးကြီးတဲ့အရာ...

၂၀၁၇ နဲ့ သက်မွန်
၂၀၁၇ ဟာ သက်မွန်အတွက် ဘယ်လိုနှစ်တစ်နှစ် ဖြစ်ခဲ့ပါသလဲ။
၂၀၁၇ က သက်မွန်အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ဖြတ်သန်းရတဲ့နှစ်ပါ။ သားနဲ့ သမီး ကလေးနှစ်ယောက်နဲ့လည်း ဗျာများရတယ်။ နှစ်ယောက်လုံးက အမေအရမ်းကပ်တော့ ဒီ အမေ ပျာတာပေါ့။ ကလေးဆိုင်ကလည်း ဖွင့်ခါစဆိုတော့ 
စီးပွားရေး မလုပ်ဖူးတဲ့သူအတွက် သင်ယူရင်း အောင်မြင်အောင် ကြိုးစားရတယ်။ ကျန်းမာရေးလည်း အရင်လိုမကောင်းတော့ အနုပညာအလုပ်လည်း ပြန်လုပ်ချင်နဲ့ အကုန်မျှမျှတတနဲ့ အောင်မြင်အောင် ကြိုးစားရတဲ့နှစ်ပါ။

၂၀၁၇ ကိုဖြတ်သန်းခဲ့သော စိတ်ခံစားချက်၊ ကျေနပ်အားရခဲ့သော လုပ်ဆောင်ချက်များ
စိတ်ခံစားချက်ကတော့ ပျော်ရွှင်ရတဲ့ ရာခိုင်နှုန်းများပါတယ်။ ကိုယ်လိုချင်ခဲ့တဲ့ သမီးလေးလည်း ကိုယ့်ဆီရောက်လာခဲ့ပြီ။ အနုပညာပိုင်းမှာလည်း ခုချိန်ထိ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက အခိုင်အမာနဲ့ ကြောက်ရွံ့နေခဲ့တဲ့ စီးပွားရေးလည်း စနိုင်ခဲ့ပြီ။ ခရီးလည်း မထင်မှတ်တဲ့နေရာတွေ ရောက်ခဲ့တယ်။ မိသားစုခရီးတွေလည်း ထွက်ဖြစ်တယ်။ အခက်အခဲတွေနဲ့ စိတ်ရော လူရော ပင်ပန်းမှုတွေ ဖိစီးမှုတွေ ရှိနေပေမယ့် ကျေနပ်ပါတယ်။

၂၀၁၇ ကို သက်မွန်နှုတ်ဆက်ချင်တဲ့ပုံစံ
၂၀၁၇ ကို ကျေနပ်ပျော်ရွှင်စွာပဲ နှုတ်ဆက်ချင်ပါတယ်။ လူ့လောကအကြောင်း၊ ဘဝအကြောင်း၊ လူတွေအကြောင်းလည်း အရင်နှစ်တွေထက် ပိုသိခဲ့ သင်ယူခဲ့ရတော့ ၂၀၁၇ ကို Thank You ပါလို့ ပြောချင်ပါတယ်။

၂၀၁၈ နဲ့သက်မွန်
၂၀၁၈ မှာ ပရိသတ်များတွေ့မြင်ရမယ့် သက်မွန်ရဲ့ အနုပညာခြေလှမ်းများ
၂၀၁၈ မှာ အနုပညာပိုင်းမှာ ပိုပြီးခြေလှမ်း စိပ်နိုင်အောင်၊ လွမ်းနေရတာတွေအတွက် အတိုးချပြီး ကြိုးစားသွားပါ့မယ်ရှင့်။

၂၀၁၈ အတွက် ကိုယ်ပိုင်စိတ်ကူးရည်ရွယ်ထား ခြင်းများနဲ့ To Do List
To Do List:... အများကြီးပဲ။ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျဖို့ အများကြီးလိုသေးတယ်။

အခုအသက်အရွယ်မှာ ပိုလုပ်ချင်လာတဲ့အရာတွေ
အသက်အရွယ်ဆိုတာထက် အခြေအနေတွေကို အသက်အရွယ်နဲ့ မလိုက်ဘဲ ပါးနပ်စွာ၊ ထိန်းချုပ်တတ်ချင်လာတယ်။ အရာရာကို ဟန်ဆောင်ကင်းတဲ့ အပြုံးကလေးနဲ့ အောင်မြင်စွာ ဖြေရှင်းတတ်ချင်လာတယ်။

ဘ၀အပေါ်အမြင်နဲ့ ပြောင်းလဲလာသော အတွေးအခေါ်၊ ခံစားချက်တချို့
လူတွေအကြောင်း ဘဝအကြောင်းကို ပိုသိလာတာနဲ့အမျှ လောကကြီးကို ပိုကြောက်လာတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က လူပဲလေ။ အဲ့တွက် ကိုယ်ကြောက်တဲ့ လူ၊ လူမျိုးမဖြစ်အောင် သတိထားရမယ်။ ဆင်ခြင်ရမယ်။ လူဆိုတာ အမှားမကင်းကြပါဘူး။ ဒါပေမယ့် စိတ်ထားကောင်းဖို့ ဖြူစင်ဖို့ အရမ်းအရေးကြီးတယ်လေ။ လောကမှာ လိပ်ပြာသန့်သန့်နဲ့ မျက်နှာမော်ပြီး ရပ်တည်နိုင်ဖို့ အဲဒါ့က အရေးကြီးတယ်။

ကိုယ့်ကိုခွန်အားဖြစ်စေသောအရာ
ကိုယ့်ကို ခွန်အားဖြစ်စေတာ မိဘ၊ မောင် နှမ၊ မိသားစု၊ သူငယ်ချင်း၊ ပရိသတ်၊ Customer တွေရယ် ဝန်ထမ်းတွေရယ်။ ခုခေတ်မှာ ငွေသည် လည်း ခွန်အားဖြစ်စေတာပါပဲ။

လက်ရှိဘ၀အတွက် ကျေနပ်အားရခြင်း/အားမရ ခြင်းများ
ဆန္ဒတွေက ပြည့်သွားလိုက်၊ အသစ်ဖြစ်သွားလိုက်နဲ့ဆိုတော့ ဘဝကို လုံးဝကျေနပ်အားရ သွားပြီဆိုတာတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မမျှော် မှန်းခဲ့တဲ့ ဘဝမျိုး ဖြစ်လာခဲ့တာတောင် ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့လို ကျေနပ်ပါတယ်။ သားသားနဲ့ သမီး လေးမျက်နှာကို ရှုမဝစွာကြည့်ခွင့်၊ ထွေးပိုက်ခွင့်ရ တဲ့ချိန်ကတော့ ဘဝကို ကျေနပ်ပီတိအဖြစ်ဆုံး အချိန်ပါပဲ။ မိဘကို ကိုယ်ထားချင်တဲ့ ပုံစံမျိုးမထားနိုင်သေးတဲ့အတွက် အဲ့ဒါတော့ ကိုယ့်ကိုကိုယ်ရော ကိုယ့်ရဲ့ ကံကိုရော အားမရဘူး။

အနုပညာရှင်တစ်ယောက်၊ အိမ်ရှင်မတစ်ယောက်၊ မေမေတစ်ယောက်ဘ၀နဲ့၊ Personal Life ကြားမှာ ဟန်ချက်မျှတအောင် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲမှု(များ)
ဒီလို ဘဝပုံစံတွေကို ဟန်ချက်ညီအောင် ကနိုင်ဖို့က ရွေးချယ်မှုတော့ လုပ်ရတာပေါ့။ အိမ်ရှင်မတစ်ယောက်အနေနဲ့တော့ ခုထိဝတ္တရားကျေတဲ့ ဇနီးတစ်ယောက် မဖြစ်သေးပါဘူး။ ယောက်ျားက ချစ်တော့ ဒါကို အခွင့်ရေးယူပြီး ပျက်ကွက်ထား တယ် ဟီးဟီး။ 

အနုပညာရှင်တစ်ယောက်အနေနဲ့တော့ အလုပ်ရှိပြီဆို အမေတစ်ယောက်အနေနဲ့ သား၊ သမီးနားကပ်ချင်တာကို စွန့်လွှတ်ရတာပေါ့။ သား၊ သမီး ငယ်သေးတဲ့အချိန်မှာတော့ အပြည့်အဝ မလုပ်နိုင်ဘူး။ ဒါပေမဲ့ စိတ်နှစ်ပြီး လုပ်စရာရှိတာ လုပ်တယ်။ 

အမေတစ်ယောက်အနေနဲ့တော့ အတတ်နိုင်ဆုံး သူတို့တွက် မိခင်ကောင်းဖြစ်အောင် ကြိုးစားပါတယ်။ ကိုယ်ဆိုတာ မရှိတော့ဘူး။ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တ၊ ကိုယ့်မာနဆိုတာ မရှိတော့တဲ့အတွက် Personal Life ဆိုတာ သူတို့တွေနဲ့ ပေါင်းစပ်ရတော့တာ။ 

လူမှုရေးကလည်း ပျက်ကွက်ရတာများပါတယ်။ သူတို့လေးတွေ အခြေနေပေးတော့မှ လူမှုရေးကို လုပ်နိုင်တာပါ။ အလုပ်နဲ့ လူမှုရေးနဲ့ ကလေးနဲ့ ချိန်ညှိရတာ တကယ်တော့ မလွယ်ပါဘူး။ နားလည်ပေးကြ ချစ်ပေးကြလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။

ချစ်စရာရင်သွေးလေးတွေရဲ့ ထူးထူးခြားခြား အမူအကျင့်လေးတွေနဲ့ မိသားစုလေးအကြောင်း ချစ်  ပရိသတ်များအတွက် အနည်းငယ်မျှဝေပေးပါ။
သားနဲ့ သမီးအကြောင်း ပြောရရင် ပြောမဆုံး ပေါင် တောသုံးထောင်ဖြစ်သွားလိမ့်မယ်။ သား နဲ့ သမီးရှိနေတာ ဘဝက တကယ်ပြည့်စုံပါတယ်။ ဘယ်လောက်ဖိစီးမှုတွေ ခက်ခဲမှုတွေ ရှိနေပါစေ သူတို့အတွက် အင်အားရှိတယ်။ ခုဆို သားသားက စကားမပီကလာလေးနဲ့ တော်တော်ပြောတော့ အရမ်းချစ်ဖို့ကောင်းတယ်။ အမေကို ကပ်ချင်တဲ့အခါ ကျရင်သာ ဂျီတာ။ သူ့ ညီမနဲ့ မတည့်တာ။ တစ်ခါ တစ်ခါ သူ့ညီမကို စကားပြောတာ ချစ်တာ တကယ့်လူကြီးလေးလိုပဲ။ ခေါင်းစိုတာ သုတ်ပေးတယ်။ ဖိနပ်စီးပေးတယ်။ ချော့ပေးတယ်။ သူ့ကိုယ်သူ ကိုကို ကိုကိုနဲ့ အရမ်းချစ်ဖို့ကောင်းတယ်။ တစ်ခါတစ်ခါကျရင်တော့ စိတ်တိုရတယ်။ ပြောစကား နားမထောင်ဘဲ လုပ်ချင်တာကောက်လုပ်တဲ့ အရွယ် လေ၊ မောရတယ်။ သမီးလေးကလည်း အပြုံးချိုချိုနဲ့၊ အားရပါးရမျက်လုံးပိတ်နေအောင် ပါးစပ်ကြီးဟပြီး ရယ်ပြတတ်တယ်။ သက်မွန်တို့ သားသမီးရ ကံကောင်းပါတယ်။ မျက်နှာချိုချို၊ အပြုံးချိုချိုလေးတွေဆိုတော့ မိဘရော မြင်သူတိုင်းက စိတ်ချမ်းသာရတယ်။ ချစ်ကြတယ်။ ခုဆို မတ်တပ်စရပ်နေပြီ။ လမ်းလျှောက်သင်နေပြီ။ စကားတွေ ပြောချင်နေပြီ။ အရမ်းချစ်စရာကောင်းတယ်။ သီချင်းသံကြားရင် ဒီမောင်နှမ မနေဘူး။ ကကြတယ်။ သူ့အစ်ကို မြင်ရင် မထဘဲလည်း မနေနိုင်ဘူး။ သူတို့ အရွယ်အလိုက် အမူအရာတွေကမျိုးစုံ တစ်နေ့တစ်နေ့ သူတို့နဲ့ ဘယ်လိုကုန်သွားလည်း မသိဘူး။

သက်မွန်ရဲ့ဘ၀ကို ပြည့်စုံတယ်လို့ ခံစားမိတဲ့ အချိန်
ဘဝဆိုတာက ပြည့်စုံတယ်ရယ်တော့ မရှိပါဘူး။ ဒါပေမယ့် အားငယ်တဲ့အချိန် စိတ်ဓာတ်ကျတဲ့အချိန်ကျရင် နောက်ပြန်လှည့်ကြည့်တဲ့အခါ ကိုယ်အများကြီး ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးပြီလေ။ ကျေနပ်စရာကြီးပါလို့ တွေးမိတယ်။

အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရှင်ဘ၀ကိုထူထောင်ထားနိုင်တဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ပိုင်မိသားစုဘ၀လေးတည်ထောင်ကြမယ့် မိန်းကလေးများအပေါ်အကြံပြုချက်
ကိုယ်တကယ် မေတ္တာရှိတဲ့သူ၊ ချစ်တဲ့သူ၊ ကိုယ့်ကို တကယ်ချစ်တဲ့ သူနဲ့ပဲ လက်တွဲစေချင်တယ်။ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးဟာ အခက်အခဲတွေ အဆိုးတွေ ကြုံလာရင်တောင် ရင်ဆိုင်ဖို့ ခွန်အားရှိပါတယ်။ သူစိမ်းနှစ်ယောက်ပေါင်းဖက်တာ အကောင်းအဆိုးအများကြီး ကြုံလာရမှာပဲ။ လူ့သဘောက အကောင်းကိုကြိုက်သလောက် အဆိုးတွေကြုံရင် လက်မခံချင်ကြဘူးလေနော်။ အဆင်ပြေနေတဲ့အချိန် ပြဿနာမရှိပေမဲ့ အခက်အခဲတွေကြုံလာရင် လက်တွဲနိုင်ဖို့ လိုပါတယ်။ အဓိက အိမ်ထောင်တစ်ခု မတည်ထောင်ခင် သေချာညှိနှိုင်းဆွေးနွေးဖို့ လိုသလို ညှိနှိုင်းထားတဲ့အတိုင်း အကုန်မဖြစ်ဘူးဆိုတာလည်း ကြိုတွေးထားဖို့ လိုပါတယ်။

ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်များအတွက် People ကတစ်ဆင့် စကားလက်ဆောင်
အနုပညာအလုပ်တွေနဲ့ အတော်ကြာဝေးကွာနေပေမယ့် မေတ္တာမပျက် ကားဟောင်းလေးတွေကြည့်ပြီး အလွမ်းဖြေရင်း အားပေးနေကြတဲ့ ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်က မပြောင်းလဲပါဘူး။ ကလေးနှစ်ယောက် အမေဖြစ်သွားပေမယ့် အနုပညာနဲ့ ပတ်သက်ရင် ခံယူထားတာတွေ ပရိသတ်ပေါ်ထားတဲ့ သဘောထားတွေ မပြောင်းလဲပါဘူးလို့ ပြောချင်ပါတယ်။ အားလုံး ကျန်းမာလို့ စိတ်ချမ်းသာကြပါစေရှင်။

ဒီမျက်နှာဖုံးလေးအတွက် ဒီဇိုင်နာ မပုံ့၊ မိတ်ကပ်၊ ဆံပင် Hello မချို၊ မခိုင်၊ ကိုအောင်ဇော်၊ ကိုညီတို့ အဖွဲ့သားများအားလုံးနဲ့ ပရိသတ်တွေကို ထိတွေ့ခွင့်ပေးတဲ့ People Magazine ကို ကျေးဇူး အထူးပါ။

People ချစ်ပရိသတ်တို့အတွက် ဒီဇင်ဘာကို ပိုမိုလှပအေးမြသွားစေဖို့ သဘာဝဆန်ဆန် အလှတရားများနဲ့ Cover Star ကို ၀န်းရံချင်ခဲ့တဲ့ People ရဲ့ စိတ်ကူးလေးကို အချိန်ပေးပြီး မေတ္တာအပြည့်နဲ့  အစစအရာရာ ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသော သက်မွန်၊ မပုံ့၊ မခိုင်၊ မချို နှင့် Hello မှ ညီမလေးများ၊ People ရဲ့ ဆန္ဒကို သက်ဝင်စေဖို့ တောအုပ်ကလေးနဲ့ အိုင်ဒီယာပေး ရိုက်ကူးပေးခဲ့တဲ့ ကိုအောင်ဇော်၊ ကိုညီ၊ တက်ဒီ နဲ့ အလှပဆုံး တောအုပ်ကလေး ဖန်တီးပေးခဲ့တဲ့ မာမီကျော်၊ သီဟနဲ့ အဖွဲ့သားများအားလုံးကို People မဂ္ဂဇင်းက ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ရှင်။

Model - Thet Mon Myint
Designer - Ma Pont (My Favourite)
Fabric - KAY
Makeup & Hair - Hello (Ma Khaing & Ma Cho)
Floral - Mommy Kyaw (Malaysia)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)