Primary tabs

အိပ်မက်ထဲက လက်တွေ့ဘ၀ရယ်... သင်္ကြန်ရယ်... ယုသန္တာတင်ရယ်...

Photo - La Min Naing

Model - Yu Thindar Tin

Makeup - May Oo Maung (Taw Win Thu)

Dress - Myat Su (Shwe Yee Win)

Location - People's Park

 

သင်္ကြန် သင်္ကြန်ဆိုတာ မြန်မာတိုင်း ရင်ခုန်မျှော်လင့်ထားတဲ့ မြန်မာနှစ်သစ်ကူးပွဲတော် တစ်ခုဖြစ်တယ်။ ရက်ပေါင်း ၃၆၅ ရက်စောင့်ပြီးမှ ရောက်လာတဲ့ မြန်မာလူမျိုးတွေရဲ့ ပွဲတော်တွေထဲက တစ်ခု။ ဒီလိုနှစ်သစ်ကူးပွဲတော်ရှိတဲ့ April ရဲ့ People မဂ္ဂဇင်း Cover ကို လူငယ်သရုပ်ဆောင် ယုသန္တာတင်ကို ရွေးချယ်ခဲ့တယ်။

         

ပန်းတစ်ပွင့်လို လှပနေတဲ့ သူမရဲ့အလှ ပုံရိပ်များ။

သင်္ကြန်ရေတွေကြားက သူမရဲ့အလှ။

နူးညံ့သိမ်မွေ့ခြင်းတွေရဲ့ ဆန့်ကျင်ဘက် ခပ်မိုက်မိုက်သူမရဲ့အလှ။

ပိတောက်ပန်းတွေနဲ့ သင်္ကြန်မယ်လေး။

          

ကိုယ်အရမ်းကြိုက်တဲ့ အနုပညာရှင်တွေနဲ့တွဲပြီး အနုပညာအလုပ်တွေ လုပ်ရတယ်ဆိုတာ အရင်တုန်းကတော့ အိပ်မက်၊ အခုတော့ လက်တွေ့ဘ၀လို့ ကျေကျေနပ်နပ်ပြောတတ်တဲ့ အနုပညာရှင် ဆယ်ကျော်သက်သူမကို အခုလိုပဲ ပုံစံတစ်မျိုးနဲ့တစ်မျိုး မတူအောင် People မဂ္ဂဇင်း Cover ကို ဖန်တီးရိုက်ကူးခဲ့ပါတယ်။

ယုသန္တာတင်

သူမရဲ့ဇာတိက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်။ နယ်မြို့ကနေ အခုလိုအနုပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူမ ကိုယ်တိုင် မမျှော်လင့်ခဲ့ဘူး။ (၁၀)တန်းအောင်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ စင်္ကာပူမှာ ကျောင်းတတ်ဖို့ သင်တန်းတွေတက်ရင်း ဆရာဂျွန်ဆီမှာ မော်ဒယ်လ်သင်တန်းတက် ဖြစ်ခဲ့တယ်။ ဒါဟာ သူမရဲ့အနုပညာခရီး ပထမခြေလှမ်းပါ။ သင်တန်းတက်နေရင်း ဓာတ်ပုံ၊ ကြော်ငြာတွေ စရိုက်ခဲ့ရတယ်။ သူမကတော့ သူ့ရဲ့ အလုပ်ကံတရားနဲ့ ပတ်သက်ပြီး “ယု ကံကောင်းတယ်၊ စလုပ်လုပ်ခြင်းမှာ ပဲ ဆရာကောင်းတွေနဲ့ တွေ့ခဲ့တယ်။ ကူညီမဲ့သူတွေနဲ့ တွေ့ခဲ့တယ်။ သာမန်ဆိုရင် ယုက နယ်ကဆိုတော့ ဒီလိုအနုပညာ အလုပ်တွေ လုပ်ခွင့်ရဖို့ဆိုတာ တကယ့်ကိုအိပ်မက်ပါပဲ။ အခုထိလည်း တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုမယုံနိုင်သလို ခံစားနေရတုန်းပဲ။ ကိုယ် အရမ်းကြိုက်ခဲ့တဲ့ အနုပညာရှင်တွေနဲ့တွဲပြီး သရုပ်ဆောင်လုပ်ရတဲ့အခါ၊ အနုပညာအလုပ်တွေကို အတူဖန်တီးခွင့်ရတဲ့အခါ တစ်ကယ့် ကို အိပ်မက်လိုခံစားရတယ်”လို့ ပြောတယ်။

၁၁.၁၁.၂၀၁၁ မှာအနုပညာပျိုးခင်ရဲ့ စင်တင်မှုနဲ့ သူမသရုပ်ဆောင်လောကထဲကို ရောက်လာခဲ့တယ်။ ဇာတ်ကားပေါင်း (၃၀)ကျော်နဲ့ ကြော်ငြာများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး  ဖြစ်ပါတယ်။

ဘ၀ဆိုတာ အလှည့်အပြောင်းများစွာ၊ လှေကားထစ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ်ဆိုရင်တော့ ယုသန္တတင်ရဲ့ ဘ၀ဟာ လည်း လက်ရှိသူမပိုင်ဆိုင်ထားတဲ့ ဘ၀ဟာ သူ့ဘ၀ရဲ့ စိတ်လှုပ်ရှားစရာ ဘ၀အလှည့်အပြောင်း တစ်ခုပဲဖြစ်မှာပါ။ နယ်မြို့လေးကနေ ရန်ကုန်မှာ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။ အနုပညာလောကမှာသူမလိုပဲ ရန်ကုန်လာပြီး အနုပညာအလုပ်တွေနဲ့ အောင် မြင်နေတဲ့ အနုပညာရှင်များစွာ ရှိပါတယ်။

“အလုပ်မှာတော့ အခက်အခဲပြဿနာဆိုတာ ရှိတာပါပဲ။ အပြိုင်အဆိုင်ဆိုတာလည်း ရှိတာပါပဲ။ ကိုယ့်ရဲ့အားနည်းချက်ကို မြင်အောင် ကြည့်တတ်အောင် လုပ်တယ်။ ပညာယူစရာရှိရင် ဘယ်လိုလူမျိုးတွေဆီကမဆို ပညာယူတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ပညာဆိုရင်လည်း ကိုယ့်ထက်ဝါရင့်အနုပညာရှင်တွေဆီကလည်း သင်ယူတယ်၊ ကိုယ်နဲ့ရွယ်တူတွေဆီကလည်း ပညာယူတယ်၊ ကိုယ့်ထက်ငယ်တဲ့သူတွေဆီကလည်း ပညာယူတယ်။ လူတိုင်းမှာ ကိုယ်သင်ယူလေ့လာရမဲ့ ပညာတွေရှိပါတယ်” ယုသန္တာတင်ရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ခံယူချက်ပါ။

သင်္ကြန် Cover ရိုက်ကူးမှုနဲ့ပတ်သက်ပြီး သင်္ကြန် Feeling ကို...

“ယုရဲ့သင်္ကြန် Feeling ကတော့ သင်္ကြန်သီချင်းတွေစပြီး ကြားနေတဲ့အချိန်ကတည်းက ပျော်နေတာ။ သင်္ကြန်အမှတ် တရကတော့ ငယ်ငယ်တုန်းက ရေကစားတယ်။ သူငယ်ချင်းတွေနဲ့ ရေအတူကစားရတာ အမှတ်တရဖြစ်တယ်။ အခုနောက်ပိုင်းကျ တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်သလို၊ အိမ်ထဲမှာနေတဲ့ နှစ်လည်းရှိတယ်။ သင်္ကြန်မုန့်ဖြစ်တဲ့ မုန့်လုံးရေပေါ်ကို ယု အရမ်း ကြိုက်တယ်။ မုန့်လုံးရေပေါ်ထဲမှာ ငရုတ်သီးထည့်၊ သူများကစားလို့ ငရုတ်သီးစပ်မိရင် အရမ်းပျော်တယ်။ ကိုယ့်ကိုအဲလို ပြန်လုပ်ရင် တော့ စိတ်ဆိုးတယ်”ဒါကတော့ ယုသန္တာတင်ရဲ့ သင်္ကြန်ခံစားချက်။

ပရိသတ်ကြီးရော သင်္ကြန်ရောက်တော့မယ်၊ ပျော်ဖို့အတွက် ကြိုတင်ရင်ခုန်နေကြပြီပေါ့။ သင်္ကြန်အငွေ့အသက်တွေကို ပုံစံ တစ်မျိုးနဲ့ဆန်းအောင် ဖန်တီးထားတဲ့ ယုသန္တာတင်ရဲ့ ပုံရိပ်တွေကို အားပေးဦးနော်။