Primary tabs

ပျော်ရွှင်ခြင်း... နွေ

နွေ... 
နွေဦးလို့ ဆိုချင်တယ်... ကိုယ့်ရာသီမှာ နွေဦးရယ်လို့ သီးသန့် သတ်မှတ်မှုရှိမနေပေမဲ့ ဒီ အချိန်လေးက နွေရာသီကို စဝင်လာတဲ့ အဦးအစကာလလေးပါပဲလေ...။

နွေရဲ့ နွေးထွေးမှုဆီဦးတည်လာပေမဲ့ နွေဦးက အေးမြခြင်းအကြွင်း လေးနဲ့ နေခြည်ရဲ့တောက်ပခြင်းတွေ ရောယှက်စုံ လို့ အလှပဆုံးပန်းချီကားတစ်ချပ်လိုပါပဲ။

အဲဒီလိုလှနေတဲ့ နွေကို သူမချစ်တယ်။ နွေရာသီရောက်တိုင်း ပျော်စရာတွေကလည်း အများကြီးရှိနေတယ်။ ငယ်ငယ်တုန်းကဆို ကျောင်းပိတ်လို့ ပျော်တယ်။ ပြီးတော့ မြန်မာလူမျိုးတိုင်းပျော်တဲ့ ချစ်စရာဓလေ့ ရိုးရာသင်္ကြန်ပွဲတော်ကြီးရှိနေလို့ နွေရာသီက ပျော်စရာကောင်းတယ်။ နွေရာသီနဲ့ ကမ်းခြေအပန်းဖြေခြင်းကလည်း လူအတော်များများနှစ်သက်တဲ့ အရာတစ်ခုမို့ နွေရာသီဟာ သူမအတွက် အပန်းပြေလွတ်လပ်ခြင်းကို ခံစားရစေတယ်။

သူမက ပင်လယ်ကမ်းခြေမှာ အပန်းဖြေရတာကို နှစ်သက်တယ်။ ဟိုးငယ်ငယ်လေးတုန်းကတော့ တောင်ပေါ်သူလေးပီပီ ကမ်းခြေကို မသိခဲ့ဘူး။ ခုတော့ ကမ်းခြေတွေဆီ အပန်းဖြေသွားရင်းနဲ့ ပိုမိုနှစ်သက်လာခဲ့တယ်။ ဒီနွေမှာတော့ သူမရဲ့ဇာတိဖြစ်တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့လေးဆီ တစ်ခေါက်ပြန်ဖို့ အစီအစဉ်ဆွဲထားသလို ထုံးစံမပျက် နွေခရီးတစ်ခုလည်း ထွက်ဦးမယ်။

ခုချိန်မှာတော့ အနုပညာရှင်မော်ဒယ်လ်တစ်ယောက်အနေနဲ့ People Magazine ရဲ့ March Cover ရိုက်ကွင်းလေးမှာ ရောက်ရှိလို့နေတယ်။ နွေရာသီဖက်ရှင်နဲ့ ဆက်တင်အပြင်အဆင်တွေကြောင့် Mood အရမ်းကောင်းပြီး ရိုက်ရတာ အရမ်းပျော်စရာကောင်းတဲ့ ရိုက်ကွင်းတစ်ခု ဖြစ်ခဲ့တယ်။ Summer Style ကာလာစုံဖက်ရှင်ကို သစ်ရွက်စိမ်းစိမ်းတွေနဲ့ အေးမြစေသလို အသွေးအရောင် အစိုအဖျော့အမျိုးမျိုးနဲ့ နွေရာသီသဏ္ဍာန်ကို ပေါ်လွင်စေတာကြောင့် မြင်သူအားလုံးလည်း နှစ်သက်ကြမယ်လို့ မျှော်လင့်မိတယ်။

သူမ ဖြတ်သန်းလာခဲ့တဲ့ အနုပညာလမ်းတစ်လျှောက်မှာ ကိုယ်ယုံကြည်တဲ့အလုပ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်သွားချင်တဲ့လမ်းကို တစိုက်မတ်မတ်သွားရင်း ပရိသတ်ဘယ်လောက် လက်ခံမလဲ အားမပေးမလဲဆိုတာမသိဘဲ လူတွေမမြင်တဲ့ နောက်ကွယ်မှာ ကိုယ့်ရဲ့ကြိုးစားမှုလေးကို ပရိသတ်တွေ အသိအမှတ်ပြုလာတဲ့အတွက် အများကြီး ကျေးဇူးတင်မိတယ်။ လမ်းအစမှာ Miss Kose' ဆိုတဲ့ Title တစ်ခုရပြီးနောက်ပိုင်းမှာ မော်ဒယ်လ် အွန်ဆိုင်းကို မီဒီယာတွေကသိပြီး ဓာတ်ပုံတွေရိုက်တယ်။ အင်တာဗျူးတွေလုပ်တယ်။ ကြော်ငြာရှင်တွေသိပြီး မော်ဒယ်လ်အလုပ်ကို စလုပ်ဖြစ်လာခဲ့တယ်။ နောက်ပိုင်းဗီဒီယိုဇာတ်ကားလည်း အစမ်းရိုက်ကြည့်ခဲ့ဖူးပေမဲ့ သူမရဲ့ ပျော်ရွှင်မှုနဲ့ သူမပိုလုပ်ချင်တဲ့အလုပ်ကို ရွေးချယ်တဲ့အခါ အဲဒီအချိန်က မော်ဒယ်လ်အလုပ်ဟာ သိပ်မတွင်ကျယ်သေးပေမဲ့ ဒီလမ်းကြောင်းကိုသာ ရွေးချယ်ပြီး တစိုက်မတ်မတ် လျှောက်လှမ်းလာခဲ့တယ်။ ခုထိလည်း ဆက်ပြီး ကြိုးစားနေဆဲပါပဲ။ 

အခက်အခဲကို မကျော်ဖြတ်ရဘဲ ပန်းတိုင်တစ်ခုဆီဦးမတည်နိုင်တဲ့ ဘဝရဲ့ပုံသေနည်းအတိုင်း သူမလည်း အခက်အခဲဆိုတာတွေကို ကျော်ဖြတ်ခဲ့ရတယ်။ သူမဘဝမှာ လွယ်လွယ်လေးနဲ့ရခဲ့တာဘာမှမရှိခဲ့သလို အတားအဆီးတွေရှိခဲ့သော်လည်း အခက်အခဲကြုံတိုင်း အခက်အခဲကို ပုံကြီးမချဲ့တတ်တဲ့ စိတ်ဓာတ်နဲ့ပဲ သူမဖြတ်သန်းခဲ့တယ်။

နောက်ထပ် သူမကို ခွန်အားပေးတဲ့အရာက စာပေ... အတ္ထုပ္ပတ္တိစာအုပ်တွေဖြစ်တယ်။ ဒီစာတွေထဲကနေ အောင်မြင်သူတွေရဲ့ အခက်အခဲ ကျော်လွှားမှုတွေက သူမရဲ့အတုယူစရာ စိတ်ဓာတ်ခွန်အား များစွာရရှိခဲ့တယ်။ စာထဲကအတွေ့အကြုံ တွေကိုယူရင်း ကိုယ်ကြုံတဲ့အခက်အခဲဟာ ဘာမှမဟုတ်ပါဘူးဆိုတဲ့ စိတ်နဲ့ပဲ ဒီနေ့ ဒီနေရာအထိ လျှောက်လှမ်းနိုင်ခဲ့တယ်။

ဒီနေ့ ဒီနေရာမှာ ဖြစ်တည်မှု ရပ်တည်မှုအတွက်တော့ အကောင်းမြင်စိတ်ကို လက်ကိုင်ထားတဲ့ သူမမှာ ကျေနပ်မှုတွေကိုသာ ပိုင်ဆိုင်ထားတယ်။ "ကိုယ့်ရဲ့ လက်ရှိအခြေအနေလေးကို ကိုယ်ပျော်တယ်"ဆိုတဲ့ စစ်မှန်သော ပျော်ရွှင်ခြင်းနဲ့သာ သူမ နေထိုင်ပါတယ်။

Awn Seng
Makeup & Hair - May Oo
Designer - Shartra
Fabric - Kay
Stylist - A Nge Lay
Decoration - Flower Shop
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)