Primary tabs

မိုးဟေကိုနဲ့ မိနစ် (၃၆၀)

Model - Moe Hay Ko

Photo - Naing Naing (R2)

Hair & Makeup - May Oo

Dress - Ma Gyi & Ma Lay (Kool Fashion)

တူ..တူ..တူ...“အစ်မရေ...မိုးမိတ်ကပ်လိမ်းတာ ပြီးတော့မယ်နော်”

“မိုးရေ..အစ်မတို့ နေပြည်တော်အမြန်လမ်းကို သွားနေပြီ။ Toll Gate အကျော်က ၄ မိုင် ၄ ဖာလုံမှာ ဆုံကြမယ်”

“ဟုတ်ကဲ့...ဟုတ်ကဲ့”

ဖုန်းချပြီး နာရီကြည့်လိုက်တော့...နံနက် (၆)နာရီခွဲ...

People မေလ ကာဗာအတွက် ၀ဲလွင့်နေတဲ့ ဖက်ရှင်တွေဖန်တီးဖို့ အားလုံး ကြိုးကြိုးစားစား...

ပြီးတော့ နေရောင်နုနု၊ အဲဒီကနေမှ နေရောင်ကျဲကျဲ... နောက်ဆုံးတော့ နေရောင်ရင့်ရင့်အောက်မှာ... သူမကလဲ တစ်စုံပြီး တစ်စုံလဲ၊ ဓာတ်ပုံဆရာကလည်း တစ်ပုံပြီးတစ်ပုံ ရိုက်လိုက်ကြတာ...

နွေနေ့လယ်ခင်းကြီးကို နာရီဝက်ကျော်သွားတဲ့နောက် ဓာတ်ပုံရိုက်ခြင်းက ပြီးစီးသွားခဲ့တော့တယ်...

People အတွက် ပေးခဲ့တဲ့မိနစ် (၃၆၀) မှာ မင်းသမီးလည်း ချွေးတပြိုက်ပြိုက်၊ အဖွဲ့သားအားလုံးလည်း မောတဟိုက် ဟိုက်...

ဒီလိုနဲ့ လတ်တလော သူမရင်ထဲက အကြောင်းအရာများကို စပ်စုမိသမျှကတော့...

အကြိုက်ဆုံးအရောင်

အခုတလောကတော့ ပန်းဆီနီယွန်ရောင်လေးကို ကြိုက်နေတယ်။

အကြိုက်ဆုံးဖက်ရှင်

ရှပ်အင်္ကျီအကွက် လှလှလေးတွေဆို အရမ်းကြိုက်တယ်။ အဲဒါကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရတာ အကြိုက်ဆုံးပဲ။ ဒါပေမဲ့ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်နဲ့လိုက်အောင် ၀တ်စားရတယ်။

အကြိုက်ဆုံးရှုခင်း

စိမ်းလန်းတဲ့ တောင်ပေါ်ဒေသကို အရမ်းကြိုက်တယ်။ ရာသီကလည်းအေးချမ်းပြီး ကြည့်လိုက်သမျှအရာရာက စိမ်းစိမ်းစိုစိုနဲ့ ပန်းလေးတွေကလည်း အရောင်စုံနဲ့ဆို လူကိုကြည်နူးစေတယ်။ အဲဒီလို ဒေသမျိုးမှာလည်း နေချင်တယ်။

အသွားချင်ဆုံး ခရီး

အသွားချင်ဆုံး ခရီးတွေကို သွားပြီး အမှတ်တရဖြစ်အောင် စီစဉ်ထားတာတွေ ရှိပါတယ်။ အဲဒါကို ပရိသတ်ကြီးကို မကြာခင် ချပြမှာပါ။

အကြိုက်ဆုံးရုပ်ရှင်

ရုပ်ရှင်ကားဆိုရင် တစ်ကားတည်း ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက် ဖြစ်နေ တဲ့အတွက် ပြည်တွင်းကရော၊ ပြည်ပကရော ရုပ်ရှင်တွေကို ကြည့်တယ်။ သူတို့အနုပညာကို ကိုယ်ချင်းစာပြီး အားပေးတယ်။ တစ် ကားတည်း ကြိုက်တယ်လို့ ပြောဖို့ခက်ပါတယ်။

အကြိုက်ဆုံးသီချင်း

သီချင်းလည်းအဲလိုပဲ။ တစ်ပုဒ်တည်းရယ်လို့ မပြောတတ်ဘူး။ သီချင်းချိုချိုအေးအေးလေးတွေကို ပိုကြိုက်တယ်။ ဆူဆူ ညံညံ သီချင်းဆိုရင်တော့ စိတ်ကိုပိုတိုစေတယ်လို့ ခံစားရတယ်။

အမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်

စိတ်ထားကောင်းရင် ကံကောင်းတယ်တဲ့။

ရင်ထဲက အယူအဆ

ဘယ်သူတွေက ဘယ်လိုတွေ ပြောနေပါစေ။ ကိုယ်ကမေတ္တာထားလိုက်တာ အကောင်းဆုံးပါပဲ။

အကြိုက်ဆုံး စာရေးဆရာ

မိုးက အချစ်ဝတ္ထုတွေတော့ သိပ်မဖတ်ဖြစ်ဘူး။ ဗဟုသုတရတဲ့ အကြောင်းအရာနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို ဖတ်ရတာ ကြိုက်တယ်။ တစ်ယောက်တည်းပြောဖို့ကျ ခက်နေတယ်။

အကြိုက်ဆုံး အဆိုတော်

နီနီခင်ဇော်လည်း ကြိုက်တယ်။ အိုင်းရင်းဇင်မာမြင့်လည်း ကြိုက်တယ်။ ခင်စုစုနိုင်လည်းကြိုက်တယ်။ မဖြူဖြူကျော်သိန်း လည်း ကြိုက်တယ်။ ဘယ်လိုလုပ်ကြမလဲ။ အများကြီးဖြစ်ကုန်တော့မယ်။

အကြိုက်ဆုံး ရတနာ

လက်ဝတ်ရတနာကိုတော့ ကြိုက်တယ်။ အကြိုက်ဆုံးကတော့ စိန်ပေါ့။

အကြိုက်ဆုံး မျက်နှာအစိတ်အပိုင်း

အမှန်အတိုင်းပြောရရင် တစ်ခုမှမကြိုက်ဘူး။ သူများတွေပြောကြတာတော့ မျက်ခုံးနဲ့ မျက်လုံးတဲ့။ ကိုယ့်ကိုယ်ကိုတော့ ပြည့်စုံတယ် မထင်လှဘူး။

အမြတ်နိုးဆုံး အရာ

မိဘနှစ်ပါးနဲ့ မိသားစုကတော့ မိုးအတွက် တန်ဖိုးအထားရဆုံးနဲ့ အမြတ်နိုးဆုံးပါပဲ။

အဖြစ်ချင်ဆုံးဆန္ဒ

လက်ရှိမှာ မိုးဖြစ်ချင်တာတွေကိုပဲ ရွေးပြီး လုပ်ဖြစ်နေပါတယ်။ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ မိုး ရဲ့ မောင်လေးကို ဆုံးရှုံးလိုက်ရတယ်။ အဲဒါက ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ဒါပေမဲ့ မိုးဖြစ်ချင်တာတွေကို အကောင်းဆုံး လုပ်နေပါ တယ်။

ပရိသတ်ကို အပြောချင်ဆုံးစကား

ဒီ ၂၀၁၄ မှာ မိုး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်လို့။

ဒီနေ့အတွက် ကာဗာ ဖီလင်

အရမ်းပျော်တယ်။