Primary tabs

ရွှေရောင်အပြုံးတစ်ပွင့်... အ၀င့်...

AAK

Photo - Pyay Han (Color Max)

Designer - Ma Pont (My Favourite)

Makeup - Htet (Pop Soul)

Shoes – Lily

 

 

 

 

 

 

 

 

 

 

 

“.....ရေ ...သနပ်ခါးလူးမယ်...လာ...”

“ဟင့်အင်း .....သားလူးချင်ဘူး...လာဘူး..လာဘူး..”

လူကြီးခေါ်သံကတော့

“သမီးရေ””လို့ခေါ်လိုက်တာပင်။

“သားလူးချင်ဘူး”ဆိုပြီး ငြင်းဆန်နေတဲ့ ကလေးသံသြရှရှလေး ကြားလိုက်ရပြီး မရှေးမနှောင်းမှာပဲ အိမ်ကြီးထဲက တ၀ုန်းဝုန်း တဒိုင်းဒိုင်း ပြေးထွက်လာတဲ့ ကလေးလေးနှစ်ယောက်။

စွပ်ကျယ်ဆင်တူ ဘောင်းဘီတိုဆင်တူ ဘိုကေခလယ်ခွဲ ဆင်တူလေးတွေကိုယ်စီနဲ့...။

အရိပ်အာဝါသကောင်းလှတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ မျောက်ရှုံးအောင်ဆော့တတ်တဲ့ ဒီကလေးနှစ်ယောက်ကို မသိတဲ့သူတွေက အမြွှာညီအစ်ကိုလေးတွေလို့ ရုတ်တရက် ထင်တတ်ကြတယ်။

တကယ်တော့ သနပ်ခါးလိမ်းဖို့ခေါ်ရင် အိမ်ပတ်ပြေးပြီး ကော့လန်နေအောင် ငြင်းဆန်တတ် တဲ့၊ ဆံပင်ကို ဆီလူးပြီး သပ်သပ် ရပ်ရပ်လေး ဘေးခွဲပေးထားရင် သူ့ဘာသာသူဘီးယူပြီး အစ်ကိုဖြစ်သူလို ခလယ်ခွဲပြောင်းဖီးတတ်တဲ့ ကလေးလေးက ဒီအိမ်ကအငယ်ဆုံး သမီးလေး “ချောစုလှိုင်”ရယ် ပါ။

အဖေဖြစ်သူက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မေမေအိမ်ရှင်မရဲ့ အုပ်ထိန်းမှုအောက်မှာ သူမတို့ မိသား စုလေးက အေးချမ်းလို့ ပျော်ရွှင်စရာ ကောင်းလှတယ်။ အားလုံးပေါင်း မောင်နှမလေးယောက်ထဲမှာ အစ်မအကြီးနှစ်ယောက်ပါရှိပေမဲ့ အသက်ကွာတဲ့အစ်မ တွေထက် သူမထက် အသက်(၂)နှစ်သာကြီးတဲ့ အစ်ကိုဖြစ်သူကို အရွယ်တူကစားဖော်ကစား ဖက်ဖြစ်နေတော့ ပိုပြီးခင်တွယ်တယ်။

အစ်မတွေလို မနေချင်တဲ့ ဒီကလေးမက အစ်ကိုဝတ်သလိုဝတ်၊ အစ်ကိုကစားသလို ကစား၊သူကိုယ့်သူ နာမ်စားသုံးတာတောင် သား..သား နဲ့ ယောက်ျားလေးတစ်ပိုင်း ဖြစ်ခဲ့တာ အထက်တန်းအောင်ပြီး တက္ကသိုလ်ရောက်သွားတဲ့ အထိပါပဲ။တက္ကသိုလ်ကျောင်းသူကြီး ဖြစ်လာတဲ့အထိ မပြင်မဆင် ယောက်ျားလေးပုံစံ ၀င်နေသေးတဲ့သူမကိုအမေနဲ့အစ်မတွေက မိန်းကလေးပီပီ သသလှလှပပ နေထိုင်တတ်ဖို့ ပြောဆိုတိုက်တွန်းကြပေမဲ့ ခေါင်းမာပြီး သူစိတ်ထဲရှိရာသာ လုပ်ချင်တတ်တဲ့ ကလေးမကို ဘယ်လိုမှပြောမရတဲ့အတူ ယောက်ျားလျာလေး ဖြစ်မသွားရင်ပဲ တော်ပါပြီဆိုပြီး လက်လျှော့လို့သာ ကြည့်နေလိုက်ကြရတော့တယ်။

x   x   x   x   x

Belarus နိုင်ငံ၊ Minks မြို့ စင်မြင့်လျှောက်လမ်းကြီးထက်မှာ စည်းချက်ညီညီ လျှောက်လှမ်းလာတဲ့ ခြေလှမ်းတစ်စုံက ကိုယ့် ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလှတယ်။ အချိုးအဆစ်လှပတဲ့ ကိုယ်ဟန်သွယ်သွယ်လေးက ကမ္ဘာသူတွေကြားမှာ အနည်းငယ်များ ညှက်လို့ နေမလား...ဒါပေမဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံရဲ့အင်အားနဲ့ လှပတဲ့နှုတ်ခမ်းလေးထက်က ချစ်စရာအကောင်းဆုံး အပြုံးတစ်ပွင့် ကမ္ဘာပေါ်ကိုခြေချလိုက်တဲ့အခါ ကမ္ဘာ့နိုင်ငံပေါင်း (၉၂)နိုင်ငံက အလှသရဖူဆောင်းထားတဲ့ ဘုရင်မတွေကြားမှာ လွှမ်းမိုးအုပ်စိုးသွားတာ “Myanmar ... Myanmar ... Myanmar” တဲ့...။ မြန်မာဆိုတဲ့ အသိအမှတ်ပြု အားပေးသံတွေနောက်မှာ ရွှေမြေကို ကိုယ်စားပြု သယ်ဆောင်လာနိုင်ခဲ့တဲ့ ဆုတံဆိပ်တွေက-

Most Beautiful Girl in the World

Face of Suprenational

Miss Internet

People's Choice

Missoso-logist 2013...

ဒီလို ရွှေရောင်လွှမ်းခဲ့တဲ့ အပြုံးပိုင်ရှင်လေးကတော့ ... ရွှေမြန်မာတို့အားလုံး တစ်ခဲနက်ချစ်ခင်အားပေးခဲ့ကြပါသော... ခင်ဝင့်ဝါ

ချောစုလှိုင်ဆိုတဲ့ ယောက်ျားလျာလေး ပုံစံဘ၀ကနေ ပြောင်းလဲမယ့် ပြောင်းလဲတော့လည်း အလှကြိုက်ချက်က သာမန်မိန်းကလေး တွေထက်တောင် ကျော်သွားပါရောလားနော်လို့ ဆိုလိုက်တော့ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးက သဘောတကျရယ်တယ်။ ပြီးတော့မှ...

“ဒီလိုအမရဲ့.. တက္ကသိုလ် ပထမနှစ်အထိ မပြင်မဆင် လျှောက်လျှောက်သွားနေတာ။ တစ်နေ့ကျတော့ မျက်နှာမှာမှဲ့ခြောက် လေးနည်းနည်းဖြစ်နေတာကို မှန်ကြည့်ချိန်မှာ မြင်လိုက်မိပြီး လန့်သွားတာ။ ယောက်ျားလေးလို ဘယ်လောက်နေချင်နေချင် မသိစိတ်ထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ လှချင်စိတ်ဆိုတာ ရှိနေတာဖြစ်မယ်။ မှဲ့ခြောက်မဖြစ်အောင် ဘာလုပ်ရမလဲလို့ အစ်မတွေကိုမေးတော့ မျက်နှာ ပြောင်နဲ့ လျှောက်မသွားနဲ့။ အသားအရေကိုဂရုစိုက်ပြီး မိတ်ကပ်ကောင်းကောင်းလေး သေချာလူးပြောတာနဲ့ ဒုတိယနှစ်မှာ မိတ်ကပ်စလူး လာတာ။ ပြီးတော့..သမီးက ကိုယ့်ကိုယ်ကိုသာမသိတာ အဲ့အချိန်ကတည်းက ရုပ်ရှင်၊ တီဗီ အရမ်းကြည့်တယ်။ ၀ီရိယစိုက်ပြီးတော့ကို ကြည့်တာ။ ကျောင်းကပြန်လာတာ ရေမိုးချိုးပြီးတာနဲ့ ရီမုတ်တစ်ခုကိုင်ပြီး တီဗီရှေ့တောက်လျှောက်ထိုင်ပြီပဲ။ မော်ဒယ်ရှိုးတွေ ၊ ဇာတ်ကား တွေ၊ စီးရီးတွဲတွေကို ထမင်းမေ့ ဟင်းမေ့အားပေးတာ။ ပြီးရင် ဇာတ်ကားထဲက ကိုယ်သဘောကျတဲ့ သရုပ်ဆောင်ကွက်တွေကို မှန် ရှေ့မှာ ပြန်ပြီးလုပ်ကြည့်တယ်။ ကိုယ်ဒီလိုတွေလုပ်နေတာ ၀ါသနာပါနေတာရယ်လို့တော့ စိတ်ကမသိဘူး။ အဲလိုနဲ့ ကျောင်းတက်နေရင်း မော်ဒယ်လ်သင်တန်းတက်ချင်စိတ် ဖြစ်လာတော့ သူငယ်ချင်းတွေကို တက်ကြမလားဆိုပြီး တိုင်ပင်တယ်။ သူငယ်ချင်းတွေကလည်း သဘော တူတော့ အဖော်ကောင်းပြီး အမှန်တကယ် အကောင်အထည် ဖော်ဖြစ်သွားရော။ အဲလိုနဲ့ စဖြစ်ခဲ့တာ”လို့ ပြောပြခဲ့တယ်။

မိဘတွေက အသာတကြည်ခွင့်ပြုပေးခဲ့လားဆိုတော့“သင်တန်းတက်မယ်ဆိုတော့ အိမ်ကိုမပြောရဲဘူး။ မယုံနိုင်စရာဖြစ်နေတော့ ၀ိုင်းရယ်မှာလည်း စိုးတယ်။ ကိုယ်ပုံစံပြောင်းလာတာကို  သိမှာလည်းရှက်တယ်။ မလုပ်ခိုင်းမှာလဲ ကြောက်တယ်။ အဲလိုဆိုတော့လေ ... သမီးအဒေါ်အပျိုကြီးတစ်ယောက်ကို တိတ်တိတ်လေး ပြောပြရတယ်။ အဒေါ်ကပထမတော့ မယုံဘူး။ သေချာပြောမှ လုပ်ချင်တာတကယ် သေချာလားတဲ့။ သေချာဖြစ်အောင် လုပ်နိုင်မှလုပ်နော်တဲ့။ သမီးကလည်း သေချာလုပ်မှာပါလို့ပြောတော့ အဒေါ်က အိမ်ကမသိအောင် လိုက်လုပ်ပေးခဲ့တယ်။ ၂၀၁၂ ဇွန်မှာ ဆရာဂျွန်လွင်ရဲ့ Stars & Model Int'l မှာ သင်တန်းတက်ခဲ့တယ်။ မော်ဒယ်လ်သင်တန်းဆိုတော့ ဒေါက်ဖိနပ်အမြင့်ကြီးစီးရပြီ။ ရယ်စရာကောင်းတာက သမီးကမိန်းကလေးဆန်ဆန် ဖိနပ်မျိုးစီးခဲ့တဲ့သူ မဟုတ်တော့ အိမ်ကမရိပ်မိအောင် ဒေါက်ဖိနပ်ကိုဝယ်။ အိတ်တစ်လုံးနဲ့ပတ်ပြီး လွယ်အိတ်ထဲကိုထည့်ထားရတယ်။ နဂိုကတည်းကလည်း လွယ်အိတ်ကို အကြီးကြီးတွေ လွယ် တတ်တာဆိုတော့ အဲဒီ့ချိန်မှာ အဆင်ပြေသွားတယ်။ ကျောင်းသွားတဲ့ အ၀တ်အစားကိုလည်း  အောက်မှာဘောင်းဘီတို ဒါမှမဟုတ် စကတ်ခံ ၀တ်ပြီး အဲဒီဘောင်းဘီတို့ စကတ်တို့နဲ့လိုက်မယ့်အင်္ကျီကို ရွေးဝတ်ပြီးမှ အပေါ်ကထမီထပ်ဝတ်သွားတာ။ သင်တန်းရောက်တော့ လုံချည် ခေါက်သိမ်း ဒေါက်စီးပြီး လျှောက်ရုံပဲပေါ့။ အဲလိုနဲ့ သင်တန်းကာလပြီးတော့ သင်တန်းက Fashion Week လူရွေးပွဲမှာ အရွေးခံရတယ်။ အလုပ်လုပ်ဖို့ စာချုပ်ချုပ်ရပြီဆိုတော့ သွားဖို့လာဖို့တွေ လိုအပ်လာပြီ။ အဒေါ်ကလည်း အမြဲတမ်းကျတော့လိုက်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒါနဲ့ အိမ်ကိုဖွင့်ပြောလိုက်တော့ သိသိချင်း အားလုံးအံ့သြကုန်ကြတယ်။ ပထမတော့ မကြိုက်ကြဘူး။ ဒါပေမဲ့သင်တန်းတောင်တက်ပြီး အရွေးခံရပြီဆိုတော့ လုပ်ပေါ့။ အဖေကတော့ တော်တော်ကြီးကိုခွင့်မပြုခဲ့ဘူး။ သမီးက သေချာလုပ်ပါမယ်ဆိုပြီး ခွင့်တောင်းလွန်း မှသာ လုပ်ချင်ရင်လည်း စည်းကမ်းရှိရှိနဲ့ နာမည်ကောင်းဖြစ်အောင်လုပ်ဆိုပြီး ခွင့်ပြုပေးခဲ့တာပါ”လို့ ဆိုတယ်။

သူမရဲ့ နာမည်နဲ့ ပတ်သတ်ပြီး ချောစုလှိုင်ကနေ ခင်ဝင့်ဝါ ဖြစ်လာပုံလေးကလည်း ထူးခြားသလိုရှိတယ်။ ပထမဗေဒင်တွက်ပြီး ပေးထားတဲ့ အနုပညာနာမည်က ဆုသျှားထက်။ အဲဒီနာမည်ကို သူမကိုယ်တိုင်က စိတ်တိုင်းကျမဖြစ်တော့ ဗေဒင်ကိန်းခန်းအရ တနလာင်္နံနဲ့စပြီး ဗုဒ္ဓဟူးနံနှစ်လုံးဆင့်နာမည်မျိုးက ကောင်းမယ်ဆိုတာနဲ့ ကိုယ်တိုင်ကလည်း ဒီပညာရပ်ကို စိတ်ဝင်စားမှုရှိသူပီပီ  က၊ ခ၊ ဂ၊ ဃ၊ င၊ ရ၊ ယ၊ လ၊ ၀ စာလုံးတွေထဲက ခင်၊ ခိုင် ၊ ရဲရင့်၊ ၀ါဝါ၊ ၀င်ဝင့် စတဲ့စာလုံးတွေကို သေချာစဉ်းစားပြီး ခင်ဝင့်ဝါဆိုတဲ့ နာမည်လေးကို စိတ်ကြိုက်ရွေးဖြစ်ခဲ့တယ်လို့ သိရတယ်။

ဒီနာမည်လေးနဲ့ သူမရဲ့မော်ဒယ်ဘ၀မှာပထမ ဆုံးပြိုင်ပွဲဝင်ဖို့ ကြုံလာတာက Miss Christmas 2012 ရွေးချယ်ပွဲပါ။ ဒီပွဲမှာ ဆုမချိတ် ခဲ့တော့ ““ပထမဆုံးပြိုင်ပွဲမှာ ဆုတစ်ဆုတောင်မချိတ်ခဲ့တော့ တော်တော်အားလျော့သွားတယ်။ ဒါပေမဲ့ ၂၀၁၃ နှစ်ဦးပိုင်းမှာ ကျင်းပတဲ့ Miss Cotto ကို ၀င်ပြိုင်တော့ 2nd Runner Up နဲ့ Best Smile နှစ်ဆုရပြီး မတ်လရောက်တာ့ 5 Network ကလုပ်တဲ့ပြိုင်ပွဲမှာ Miss MK Gems ဆုရတယ်။ ဒီအလုပ်လုပ်တော့ သမီးစိတ်ထဲမှာ အခက်တွေ့ရတာက လူလူချင်းခွဲခြားခွဲခြား ဆက်ဆံတာတွေ၊ မောက်မာတာမျိုးတွေကို နဂိုကတည်းက အရမ်းမုန်းတယ် တကယ်တမ်း ဒီလောကမှာလျှောက်တော့  အဲလိုမျိုးကိုယ့်ကိုနှိမ်တာတွေ၊ မကြိုဆိုတာတွေ၊ ကိုယ်ကြိုးစားသ လောက် အသိအမှတ်ပြုမခံရတာတွေ အများကြီးကြုံရတော့ အရမ်းခက်ခဲတယ်။ အမှန်အတိုင်းပြောရရင် စိတ်ဓာတ်အရမ်းကျမိတယ်။  ဒီလောကနဲ့ အဆက်အသွယ် များများပြားပြားရှိတဲ့သူလည်း မဟုတ်တော့ မဂ္ဂဇင်းတွေ စာစောင်တွေမှာ တစ်ခါတစ်ရံကြိုကြားကြိုကြား ဓာတ်ပုံလေးရိုက်ရတာလောက်နဲ့ ဆက်မလုပ်တော့ဘူးဆိုတဲ့ စိတ်ထိဖြစ်သွားတယ်။ အဲဒီအချိန်မှာ Miss Suprenational 2013 လျှောက် လွှာခေါ်သံကြားရတော့ ဒီပြိုင်ပွဲကို နောက်ဆုံးအနေနဲ့ ၀င်ပြိုင်မယ်။ ကိုယ်လျှောက်မယ့်လမ်းကို ဒီပွဲနဲ့ဆုံးဖြတ်မယ်ပေါ့။ ဒီမှာအောင်မြင်ရင် ဒီအလုပ်ကို ဆက်လုပ်မယ်။ ဒီမှာဘာမှဖြစ်မလာရင် ရပ်လိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲလိုနဲ့ Miss Suprenational Myanmar 2013 ဆုကိုရခဲ့တော့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ယောက်အဖြစ် နိုင်ငံခြားကို သွားပြိုင်ခဲ့ရတယ်။ တစ်ယောက်တည်းသွားရ မှာဆိုတော့ မိတ်ကပ်လိမ်းနည်းကို မထက် (Pop Soul) သင်ပေးတယ်။ အရင်ကမအောင်(Gucci Aung)လည်း သင်ပေးတယ်။ ၀တ်စုံတွေကို မပုံ့ (My Favourite) နဲ့ ကိုပြည်စိုးအောင်တို့က စီစဉ်ပေးကြတယ်။ ဟိုရောက်တာ့  အလှမယ်တွေကလည်း နိုင်ငံပေါင်း(၉၂)နိုင်ငံတောင် ဆိုတော့ ဆုရဖို့မမျှော်မှန်းမိပေမဲ့  ကိုယ့်နိုင်ငံကို အကောင်းဆုံး ကိုယ်စားပြုနိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းထားပြီး အဲဒီတစ်ခုကိုပဲ အာရုံစိုက် ပြီး ပြိုင်ပွဲအဆင့်တိုင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”” ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒီဇာတ်လမ်းမှာ ကိုယ်တိုင်ဇာတ်လိုက်အဖြစ်နဲ့ တစ်ထောင့်တစ်နေရာကနေ လှိုက်လှိုက်လှဲလှဲ ပါဝင် ကပြခဲ့ကြတဲ့ ကျွန်မတို့ ပရိသတ်တွေလည်း ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးရဲ့ လှပတဲ့ရွှေရောင် ဇာတ်သိမ်းခန်းကို ကိုယ်တိုင်ကြုံတွေ့ သိမြင် ကြပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဖက်ခြမ်းကို တစ်ယောက်တည်း ခရီးနှင်ပြီး ဆုပေါင်းများစွာ ရင်ခွင်ပိုက်လို့ ပြန်လည်ရောက်ရှိလာတဲ့ ကမ္ဘာ့ အလှဆုံးမိန်းကလေးကတော့ လက်ရှိအချိန်မှာ အိမ်ကမှန်ရှေ့မှာ သရုပ်ဆောင်နေခဲ့တဲ့ ယောက်ျားလေးပုံစံနဲ့ ကောင်မလေး မဟုတ်တော့ဘဲ ဗီဒီယိုကင်မရာရှေ့က တကယ့်သရုပ်ဆောင် မင်းသမီးလေးအဖြစ် ဆက်လက်လျှောက်လှမ်းလျက်ရှိနေပါပြီ။

ဘယ်လမ်းကိုပဲလျှောက်လျှောက် ဘယ်နေရာကိုပဲရောက်ရောက် သူမရင်ထဲက အကြီးမားဆုံးသော အံ့သြ၀မ်းသာပျော်ရွှင်မှု၊ မမေ့ နိုင်တော့မယ့် အမှတ်တရနဲ့ သူမမြတ်နိုးတန်ဖိုးထား ဂုဏ်အယူရဆုံးသော အခိုက်အတန့်လေးကတော့ ချစ်စရာအကောင်းဆုံးသော ရွှေမြန်မာတို့ရဲ့ ကြောက်ခမန်းလိလိ အားပေးမှုနဲ့ သိမ်းပိုက်လိုက်နိုင်တဲ့ Miss Internet ဆု(သို့မဟုတ်)ရွှေရောင် Like အရေအတွက်ပေါင်း ၃၆၀၀ ပဲ ဖြစ်ပါတော့တယ်...။