Primary tabs

၂၀၁၅ ၀တ်မှုန်ရွှေရည်

    ‘‘ဟယ်လို...မဂ္ဂဇင်းကာဗာအတွက်...ရိုက်ပေးမှာပေါ့အစ်မရဲ့ ’’ ဆိုတဲ့ ၂၀၁၅ ခုနှစ်ရဲ့အစဇန်န၀ါရီလ မျက်နှာဖုံးရှင်အဖြစ် ဖုန်းထဲကစကားသံချိုချိုလေးနဲ့အတူ စတင်ခဲ့တဲ့ သူမ... မြင်နေကျပုံစံတွေက ခွဲထွက်လို့ ချစ်စရာဆွဲဆောင်မှုတစ်မျိုးနဲ့ မင်းသမီးလေးအဖြစ် ဖန်တီးထားတဲ့ ၀တ်စုံတွေနဲ့အတူ သူမရဲ့အလှကို  အမြင်တစ်မျိုးဆန်းစေမယ့် ပြင်ဆင်ခြယ်မှုန်းမှုများနဲ့ ပုံဖော်ထားပါတယ်။

Photo- Jason(Sense Photography)

Model- Wutt Hmone Shwe Yee
Makeup& Hair- May Oo
Dress- Steven Oo
Shoes- Charles & Keith

ဝတ်မှုန်ရွှေရည်နှင့် အနုပညာခရီးအစ ခြေလှမ်းများ
    ၂၀၀၅-၀၆ ခုနှစ်မှာ ဓာတ်ပုံလေးတွေ စမ်းစမ်းစမ်းစမ်း စရိုက်တယ်။ မဂ္ဂဇင်းတွေရိုက်လိုက်၊ ဓာတ်ပုံကြော်ငြာလေးတွေ ရိုက်လိုက်ပေါ့။ အဲဒီကနေ ကားရိုက်ကိုလက်မခံသေးဘဲ TV ကြော်ငြာလေးတွေ တောက်လျှောက်ရိုက်ရတယ်။ တကယ်
တမ်း ဇာတ်ကားတွေရိုက်ဖြစ်တာက ၂၀၀၈ ခုနှစ်ကုန်ခါနီးလောက်မှ လက်ခံပြီး ရိုက်ဖြစ်သွားတာပါ။

ဝတ်မှုန်ရွှေရည်နှင့် သရုပ်ဆောင်ခြင်းအစ
    သရုပ်ဆောင်လုပ်ဖို့ကို ကိုယ့်ကိုယ်ကိုလည်းပြန်ပြီးစဉ်းစားလိုက်တာက ဘာဆက်လုပ်မှာလဲပေါ့။ ပရိသတ်တွေကလည်း ပြောကြတယ် ကြော်ငြာတွေ၊ ဓာတ်ပုံတွေပဲ တောက်လျှောက်ရိုက်တော့မှာလား မေးကြတယ်။ ကစ်စဉ်းစားတာက ကြော်
ငြာလိုင်းနဲ့ ရုပ်ရှင်လိုင်းနဲ့ကလည်း မတူဘူးလေ။ ရုပ်ရှင်ကျတော့ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်ရမှာလေ။ အဲဒီတော့ ကိုယ့်ကိုယ်လည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုပြီး ကိုယ့်ကိုယ်ကိုမယုံကြည်ရဲတာလည်းပါတယ်။ အဲဒါကြောင့် ဇာတ်
ကားတွေ လက်မခံဖြစ်ခဲ့ပဲ ကိုယ်နိုင်တဲ့အပိုင်းတွေဖြစ်တဲ့ ကြော်ငြာတွေပဲ လက်ခံဖြစ်ခဲ့တယ်။နောက်ပိုင်းမှာ ပရိသတ်ရဲ့ တောင်းဆိုမှုလည်းပါတယ်။ ကိုယ်ဒီအလုပ်ကို လုပ်ပြီဆိုကတည်းက ရပ်လို့မရတော့ဘူး၊ ကြုံလာမယ့်ဟာတွေကိုလည်း အများကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပြီး ဒီအလုပ်ကို ရွေးချယ်ခဲ့တယ်။

ဝတ်မှုန်ရွှေရည်နှင့် ဇာတ်ကားများအကြောင်း
    ပထမဆုံးကားက ၀တ်မှုန်မျှော်တဲ့လိပ်ပြာဆိုတဲ့ကားကို ကိုစိုင်းနဲ့ ရိုက်ခဲ့တယ်။ ပြီးတော့ ဘာဘီရုပ်ကလေး၊ ဖေချစ်၊ ပင်လယ်ပြောတဲ့ချစ်ပုံပြင် အဲဒီကားတွေကတော့ ကစ်ရဲ့ ပထမဆုံးသရုပ်ဆောင်တဲ့ ကားတွေပေါ့။ ဇာတ်ကားရိုက်တဲ့ အစ
ပိုင်းတုန်းကတော့ အခက်အခဲတွေရှိခဲ့တယ်။ ကိုယ်ကဓာတ်ပုံတွေ၊ ကြော်ငြာတွေပဲ ရိုက်တာများတော့ ဒီဘက်ပိုင်းကို မကျွမ်းကျင်ဘူး။ ရိုက်နေရင်းနဲ့ပဲ လေ့လာရင်းနဲ့ပဲ တတ်သွားတာ။ ဒါပေမဲ့ ခုအချိန်ထိလည်း ကိုယ့်ကိုယ်ကို တတ်နေ တယ်လို့မထင်သေးဘူး။ လွန်ခဲ့တဲ့နှစ်တွေထက် စာရင်တော့သိလာတယ်။ စစချင်းရိုက်တုန်းကဆို ကိုယ်ကစမ်းတ၀ါးဝါးနဲ့ တတ်သလောက် မှတ်သလောက်လေး လုပ်ကြည့်တယ်။ အဲဒါကိုမှ ဒါရိုက်တာတွေ၊ ကိုယ်နဲ့တွဲသရုပ်ဆောင် တဲ့သူတွေက ပြောပြတယ်။ သူတို့ဆီက လေ့လာထားတာလေးတွေရှိတယ်။ အဲဒီလိုမျိုးပဲ လေ့လာရင်း၊ သင်ယူရင်းနဲ့ပဲ အတွေ့အကြုံတွေ ရသွားတာပေါ့။

အနုပညာသမားတစ်ယောက်ရဲ့နောက်ကွယ်
    လွတ်လပ်မှုကတော့ လုံးဝကိုမရှိတော့တာ။ လူမှုရေးတွေလည်း ဆုံးရှုံးတယ်။ အိမ်မှာနေတဲ့အချိန်ဆိုတာ အိပ်တဲ့အချိန်လောက်ပဲ ရှိတော့တယ်။ မျက်စိနှစ်လုံးပွင့်တာနဲ့ ရှုတင်သွား၊ ညမိုးချုပ်မှအိမ်ပြန်၊ တစ်ခါတလေ ၂ နာရီ၊ ၃ နာရီထိ
ရိုက်ရတာတွေလည်းရှိတော့ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူး။ အလုပ်ကပိုင်သွားတယ်။ လူမှုရေးပွဲတွေ ပျက်ကွက်တာမျိုးတွေရှိတော့ အားနာဖို့လည်းကောင်းတယ်။ စစလုပ်တုန်းကတော့ ကိုယ်ကဒီအနုပညာအလုပ်ကို ၀ါသနာလည်းပါတယ်၊
လုပ်ကြည့်ချင်တယ်ဆိုတဲ့ စိတ်ကလေးနဲ့။ ဒါပေမဲ့အခုတော့ အဲလိုမဟုတ်တော့ဘူး။ ကိုယ့်အနောက်မှာ ပရိသတ်တွေလည်း ရှိလာပြီဆိုတော့ ဒီအလုပ်ကို ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရတော့မယ်။ ရပ်လို့မရတော့ဘူး။ ပြီးတော့ Teamwork ပေါ့။ တစ် ယောက်တည်းလုပ်လို့မရတဲ့ အလုပ်ဆိုတော့ ပျက်ကွက်လို့မရဘူး။ အလုပ်ကပဲ သင်သွားတာပါတာပေါ့။ ပတ်ဝန်းကျင်ကပဲ သင်သွားပေးတာပေါ့။ မသိတာတွေလည်း သိလာတယ်၊ မသိသေးတာတွေလည်း ရှိသေးတယ်။ တစ်နှစ် ထက်တစ်လည်း ပိုပြီးတာဝန်ကြီးလာသလို၊ ကိုယ့်အလုပ်အပေါ်မှာလည်း ပိုတန်ဖိုးထားတတ်လာတယ်။ အစကတည်းကလည်း ဒီအလုပ်ကို ရွေးချယ်ရင် ဒီလိုမျိုးတွေဖြစ်မယ်ဆိုတာသိပေမဲ့ ဒီအလုပ်ကို ကိုယ်က၀ါသနာပါတာကိုး။ ဒီအလုပ် ကတဆင့် ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလည်း ဖြစ်လာတယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ကျေကျေနပ်နပ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တာကြောင့် ကစ်မှာ ငြီးငွေ့သွားတာမျိုးတွေ၊ မကျေနပ်တာမျိုးတွေ မရှိပါဘူး။

အတိုက်အခိုက်နဲ့ ကောလဟာလတွေ ကြုံလာတဲ့အခါ
    အတိုက်အခိုက်တွေကတော့ နေရာတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ ကစ်တို့အနုပညာသမားတွေ ဆိုတာကတော့ ပြည်သူလူထုရဲ့ စိတ်ဝင်စားခြင်းကို ပိုခံရတာဆိုတော့ သာမန်လူတစ်ယောက်ဖြစ်တဲ့ကိစ္စဆိုသိလိုက်မှာ မဟုတ်ပေမဲ့ အနုပညာသမား
ကျ တော့ မဟုတ်ဘူးဆိုရင်တောင် ဟုတ်တယ်ဆိုတာမျိုး ဖြစ်တာပေါ့။ ကိုယ့်ကိုတိုက်ခိုက်ချင်လို့ တမင်မဟုတ်တာတွေရော၊ ဟုတ်တာတွေရော သွားပုတ်လေလွင့် အပြောခံခဲ့ရတာပဲ။ ဟိုးအရင်အနုပညာအလုပ်ကို စလုပ်ချင်းတုန်းကတော့ မခံစားနိုင်ဘူး။ သေးသေးလေးကအစ လိုက်ခံစားတတ်တယ်။ ပတ်ဝန်းကျင်ပြောတာတွေကို ယူတတ်တယ်။ ဒါပေမဲ့ ကြာလာတဲ့ အခါကျတော့ စိတ်ထားတတ်သွားတယ်။ ဒီအလုပ်လုပ်ရင် ဒီလိုပဲပြောခံရမှာပဲ။ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့နဲ့ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသားလုပ်ဖို့ပဲလိုတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အလုပ်တွေဆက်လုပ်ဖြစ်ခဲ့တာပါ။

ဝတ်မှုန်ရွှေရည်နှင့် ပြောင်းလဲလာတဲ့ဖက်ရှင်
    အရင်တုန်းကဆိုရင် အလှအပနဲ့ပတ်သက်ရင် အပြင်သွားတဲ့အခါ ၀တ်စုံအပြည့်ဝတ်ချင်တယ်။ အခုကျတော့ ကိုယ့်ကို တကယ်သက်တောင့်သက်သာရှိစေမယ့်၊ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အ၀တ်အစားမျိုးကို ရွေးပြီးဝတ်ဖြစ်တယ်။ ဘာလို့
လဲဆိုတော့ ရိုက်ကွင်းမှာလည်း ကိုယ်မဟုတ်တဲ့တခြားကာရိုက်တာကနေ ပုံစံမျိုးစုံဝတ်စားနေရတာ။ ဒီအလုပ်ကို စလုပ်တုန်း က ကစ်ပုံစံက Cute ဘက်သွားတဲ့ပုံစံမျိုးလေးတွေ ၀တ်တယ်။ ဇာတ်လမ်းရွေးရင်လည်း ဖန်စီဆန်တာလေးတွေ၊ cute
ဖြစ်တဲ့ပုံစံလေးတွေ ရွေးဖြစ်တယ်။ နောက်ပိုင်းကျတော့ အဲဒီလိုမျိုးချည်းမဟုတ်တော့ဘဲ နည်းနည်းချင်းစီ ပြောင်းကြည့်တယ်။ ဇာတ်ကားရွေးတာကအစ လူကြီးဘက်သွားတာလေးတွေ၊ ဗီလိန်ဘက်သွားတာလေးတွေကို ရွေးတယ်။ ဖက်ရှင်ကို လည်း မတူအောင်၊ ပရိသတ်လည်းရိုးမသွားအောင် ကစ်ကိုယ်ကစ်လည်း နည်းနည်းနည်းနည်းပြောင်းကြည့်တယ်။ တကယ်တမ်း ကစ်ကြိုက်တာကတော့ ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံမျိုးလေးတွေပဲ ကြိုက်ပါတယ်။ ဒါပေမဲ့ ပရိသတ် အတွက် တစ်ခုခုလေး ကြည့်စရာဖြစ်နေအောင်၊ ၂၀၁၅ မှာအပြောင်းအလဲလေးဖြစ်အောင် ဖက်ရှင်ကို change လုပ်ပေးမှာပါ။

အလှအပနှင့် ကျန်းမာရေး
    ကစ် Gym ဆော့နေတာ ၁ နှစ်ခွဲ၊ ၂ နှစ်လောက်တော့ရှိသွားပြီ။ အဓိကကတော့ Stressတွေ ပြေလျော့တယ်။ တစ်ခါတလေကျတော့ ညောင်းတာညာတာရှိတယ်။ ပုံမှန်ဆော့တဲ့အခါကျတော့ စိတ်လည်းကြည်တယ်။ ကျန်းမာရေး
အတွက် ဆော့ဖြစ်တာလည်းပါတယ်။ အစားအသောက်ကိုတော့ ညစာတွေ တစ်ခါတလေ ရှောင်တယ်။ အဆီအစိမ့်တွေကိုတော့ မစားဘူး။ Gym ဆော့ပြီးရင်လည်း တစ်ခုခုစားလိုက်ရင် ကိုယ်ဘယ်လောက်စားတာ ကယ်လိုရီဘယ်လောက် တက်သွားပြီ ကိုယ်အပင်ပန်းခံပြီး ဆော့ထားတာ အလကားဖြစ်သွားမယ်ဆိုတဲ့စိတ်နဲ့ သိပ်မစားဖြစ်တော့ဘူး။ Gym ဆော့တဲ့အတွက် ပိုပြီးလည်းအပင်ပန်းခံနိုင်လာတယ်။ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို စိတ်ကြည်ကြည်သာသာနဲ့ လုပ်
နိုင်တယ်။ စိတ်ရော၊ လူရောနေလို့ကောင်းတယ်။ အလုပ်မအားလို့ မဆော့ဖြစ်တာ ၄၊ ၅ ရက်လောက်
ဖြစ်သွားရင် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်ပြီး စိတ်အာရုံနောက်တယ်။

ပရိသတ်တွေမသိသေးတဲ့ အကျင့်
    ကစ်ကိုချစ်တဲ့သူတွေအပေါ်မှာ ကစ်ကဆိုးတတ်တယ်။ ဆိုးတယ်ဆိုတာကလည်း နွဲ့ဆိုးဆိုးတာပါ။ ဂျီကျတယ်၊ ရစ်တယ်။ အားနည်းချက်ကတော့ အားနာတတ်တာပါ။

ဝတ်မှုန်ရွှေရည်ပြောတဲ့ အောင်မြင်မှုဆိုတာ
    အောင်မြင်မှုဆိုတဲ့စကားက ၃ လုံးတည်းရှိပေမဲ့ ဒီအောင်မြင်မှုကိုရဖို့အတွက် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရတယ်။ ပေးဆပ်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်။ စိတ်ရော၊ လူရောအားလုံး နှစ်ရတယ်။ ဒါတွေအကုန်လုံးပေါင်းလိုက်တော့မှ ဒီအောင်မြင်
မှုဆိုတာ ဖြစ်လာခဲ့တာပါ။ လွယ်လွယ်နဲ့တော့ မရဘူးပေါ့။

ပရိသတ်အတွက်
    ကစ်ပရိသတ်တွေ ရှိနေသရွေ့ ကစ်ရှိနေမှာပါ။