Primary tabs
ဝိုင်းစုခိုင်သိန်း နှင့် သူမ၏ ပထမဆုံးများ…
    ဧပရယ်အတွက်လို့ဆိုလိုက်တော့… ပထမဆုံး..မြင်ယောင်တာက… ပိတောက်ပန်း…
    ပိတောက်ပန်း…ဆိုတာကို စိတ်ကူးယဉ်လိုက်ပြန်တော့…အ၀ါရယ်၊ အစိမ်းရယ်၊ ခပ်ညှို့ညှို့ကောင်မလေးတစ်ယောက်ရယ်…
    ဒီလိုနဲ့ အမျိုးမျိုးသော အ၀ါရောင် ၀တ်စုံတွေကို အထွေထွေသော သစ်ရွက်ခပ်စိမ်းစိမ်းတွေနောက်ခံထားလို့...၀ိုင်းစုခိုင်သိန်းဆိုတဲ့ ပရိသတ်ချစ်တဲ့သူမနဲ့… People ရဲ့ မြန်မာနှစ်သစ် မျက်နှာဖုံးမှာ ပုံဖော်ပေးလိုက်ရပါတယ်..
    “၀ိုင်းစုလုပ်လိုက်တဲ့ အရာတစ်ခုက အရာထင်တယ်ဆို အပျော်ဆုံးပဲ။ အခုဆိုရင်တော့ အနုပညာပေါ့။ ၀ိုင်းစုလုပ်လိုက်တဲ့ အနုပညာတစ်ခုကိုအားလုံးက အသိအမှတ်ပြုတယ်ဆိုရင် ၀ိုင်းစုအပျော်ဆုံးပဲ။ အနုပညာပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အသေးအဖွဲ လေးကအစပေါ့။ ဟင်းချက်တာဆိုရင်လည်း ကိုယ်ချက်လိုက်တဲ့ဟင်းကို စားလို့ကောင်းလိုက်တာလို့ ပြောခံရရင် အပျော်ဆုံးပဲ။ အခွေဆိုလည်း အခွေလေးက နားထောင်လို့ကောင်းလိုက်တာ။ သီချင်းဆိုလည်း သီချင်းလေးကကောင်းလိုက်တာလို့ ပြောတာမျိုးပေါ့။ အဲလိုမျိုးပြန်ကြားရချိန်ကတော့ အပျော်ဆုံးပဲ” လို့ ခပ်အေးအေးပြောနေသူက ချိန်းထားတဲ့ ရိုက်ကွင်းကို ၀ီရိယ
ကောင်းစွာရောက်ရှိနေတာမို့…သူမရဲ့ပထမဆုံးများအကြောင်း တီးခေါက်ကြည့်လိုက်တဲ့အခါ….
ပျော်ရွှင်တဲ့အခါ ၀ိုင်းစု ပထမဆုံးသတိရတဲ့သူက…
    အရင်ကတော့ အဖေနဲ့ အမေပေါ့။ ခုတော့ တစ်ယောက်တိုးလာပြီ။
စိတ်ညစ်တဲ့အခါ ပထမဆုံးသတိရတဲ့သူကရော…
    ဒီလူတွေပါပဲ။
ပထမဆုံး မဂ္ဂဇင်းကာဗာ ရိုက်ကူးဖြစ်ခဲ့တာက…။
    ၂၀၀၃ ခုနှစ်လောက်မှာ စရိုက်ဖြစ်ပါတယ်။ အပျိုစင် မဂ္ဂဇင်းအတွက်ပါ။
ပထမဆုံး ဗီဒီယိုဇာတ်ကား နဲ့ ရုပ်ရှင်ကရော…။
    ကိုရာဇာနဲ့  ချစ်ချစ်နဲ့သူငယ်ချင်း ၂  ယောက်ဆိုတဲ့ကားက ပထမဆုံးရိုက်ဖြစ်တဲ့ ဗီဒီယိုဇာတ်ကားပါ။ မခိုင်ကြီးရယ်၊ ဦးကျော်သူရယ်၊ ဖိုးသောကြာရယ်၊ မပုလဲဝင်းရယ်ပါတဲ့ ရတနာဇာတ်
ကားကတော့ ကားကြီးအနေနဲ့ ပထမဆုံး ရိုက်ဖြစ်တာပါ ။
ပထမဆုံး ဆိုဖြစ်တဲ့သီချင်းက…။
    ကိုဆောင်းဦးရေးပေးတဲ့ မိန်းကလေး တစ်ယောက်အကြောင်းကို ပထမဆုံး ဆိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂီတရပ်ဝန်းမှာဆိုတဲ့အခွေထဲမှာပါခဲ့တာပါ။
အနုပညာလောကထဲ ရောက်တဲ့အချိန် ပထမဆုံးထားခဲ့တဲ့ရည်မှန်းချက်က…
    အစကတည်းက အဆိုတော်လုပ်မယ်လို့ ရည်ရွယ်ထားတာ။ ဘယ်လိုဖြစ်ပြီး ရုပ်ရှင်ဘက်ကို ရောက်သွားလဲမသိဘူး။ (ရယ် လျက်) သရုပ်ဆောင်ကို ၀ါသနာပါနေတာ ကိုယ့်ကိုယ်ကိုမသိတာလည်း
ဖြစ်နိုင်တယ်။ နှစ်ခုလုံးကတော့ ကိုယ်ဝါသနာပါ တာတွေပါပဲ။
ဒါဆိုရင် ငယ်ဘ၀ရဲ့ ပထမဆုံး စိတ်ကူးအိပ်မက်ကရော…။
    သီချင်းတွေကို စနားထောင်တတ်တဲ့ ၄/၅ နှစ် အရွယ်ကတည်းက မေကြီးကို သီချင်းဆိုချင်တယ်လို့ စပြောခဲ့တယ်။ မေကြီးက ဆိုလေဆိုတော့ အဲလိုဆိုချင်တာ မဟုတ်ဘူးဆိုပြီး ကိုယ်ကြိုက်တဲ့
အခွေ ကာဗာကိုပြပြီး ဒီလိုဆိုချင်တာ၊ အခွေထုတ် ချင်တယ်လို့ပြောခဲ့တာ။ ကျောင်းမှာဆိုလည်း Fun Fair ဆို သီချင်းတက်ဆိုတာပဲ။  တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ အခွေကို ထုတ်မယ်လို့ စိတ်ကူးယဉ်
ခဲ့တယ်။ ဘယ်အသက်အရွယ် ရောက်ရင်တော့ဖြင့် ဘာလုပ်လိုက်မယ်ဆိုတာမျိုးပေါ့။ ဘယ်လိုခရီးမျိုးကို သွားချင်တယ်ဆိုတာမျိုး။ ၀ိုင်းစုက ကိုယ်စိတ်ကူးယဉ်ထားတာတွေကို လိုက်ပြီးအကောင်အထည် ဖော်ဖြစ်တာများတယ်။ အသက်ဘယ်လောက်မှာ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားတဲ့အတွက် အဲ့ဒီအတိုင်းရအောင်လုပ်တယ်။
ဒါဆို ၀ိုင်းစုရဲ့ ပထမဆုံးအချစ်ကရော။
    (ဟက်ဟက်ပက်ပက်ရယ်လျက်) အဲဒါက တော်တော်ကြာခဲ့ပြီ။
ကျောင်းကပွဲတွေမှာ ပါခဲ့တယ်ဆိုတော့ ပထမဆုံးစင်ပေါ်ကိုတက်ပြီး ဖျော်ဖြေတဲ့အချိန်က အသက်ဘယ်နှနှစ်လဲ။
    (၇) တန်း နှစ်မှာ ပထမဆုံး စင်ပေါ်ကိုတက်ပြီး သီချင်းဆိုတယ်။ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဒဂုံ (၁)မှာတုန်းက ၀ိုင်းစုရဲ့ ကျောင်းနေဘက် သူငယ်ချင်း ထိုက်ထိုက်လေ။ အခုတော့ သူက Me N Ma Girls အဖွဲ့မှာပါတယ်။ သူနဲ့အတူတူ သီချင်းဆိုတာ။ ထိုက်ထိုက်ရော၊ ၀ိုင်းစုရော သီချင်းဆိုတာကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ၀ိုင်းစုတို့ အခွေလုပ်ကြမယ်ဆိုတော့ သူ့ကိုခေါ်သေးတယ်။ သူ့အိမ်က ခွင့်မပြုဘူးဆိုပြီး
သူက ချန်ခဲ့တာ။ ၀ိုင်းစုကတော့ ကိုယ်လုပ်ချင်တာကို ဆက်လုပ်ခဲ့တာပေါ့။
ပထမဆုံး တစ်ကိုယ်တော်ခရီး။
    တစ်ဦးတည်းသော သမီးဆိုတော့ မေကြီးက အမြဲအရိပ်လိုပဲပါတယ်။ မေကြီးမပါဘဲ ပထမဆုံးသွားဖြစ်တဲ့ခရီးက နီးနီးလေးပဲနော်။  အမေရိကားလေ။ (ရယ်လျက်)
အခုလောလောဆယ်မှာ အဖြစ်ချင်ဆုံးဆန္ဒဆိုရင်…။
    အခုလောလောဆယ်မှာ လုပ်ဖြစ်မယ့် ၀ိုင်းစုရဲ့ ပထမဆုံး One Lady Show မှာ ဘာအထစ်အငေါ့၊ အတားအဆီးမှ မရှိဘဲ၊ ၀ိုင်းစုရဲ့ ပွဲတစ်ပွဲလုံးကို ၀ိုင်းစုရဲ့ ပရိသတ်ကြီးက ကျေကျေနပ်နပ်နဲ့ ဒီပွဲလေးက ကောင်းတယ်၊ ကြည့်ရတာ တန်လိုက်တာဆိုတာမျိုး ဖြစ်သွားစေချင်တယ်။ ၀ိုင်းစုရဲ့ Perfor-mance ပိုင်းရော၊ Stage စင်ပိုင်းရော၊ ရှိရှိသမျှ အရာအားလုံး ဘာအမှားအယွင်း တစ်ခုမှမရှိဘဲ အောင်အောင်မြင်မြင်နဲ့ ပြီးသွားချင်တယ်။
ပထမဆုံးလုပ်မယ့် one Lady show အတွက် ရင်ခုန်မှု။
One Lady Show အတွက် ပထမဆုံးကြုံရတဲ့ အခက်အခဲက…။
    ရှိုးအတွက် အကောင်းဆုံးဖျော်ဖြေမှု လုပ်ချင်လို့ ၀ိုင်းစု လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ခါးနာသွားခဲ့တယ်။ ဒဏ်ဖြစ်နေတာပေါ့။ မင်းရာဇာနဲ့ ကားတစ်ကားရိုက်ရင်း ခါးကိုမြင်းနင်းခံရတဲ့ ဒဏ်ကရှိနေတယ်။ ဒါပေမဲ့ နာတာကိုအောင့်ခံပြီး လေ့ကျင့်ခန်းလုပ်လိုက်တာ ပိုဆိုးသွားတယ်။ လှုပ်လို့ကိုမရတော့ဘူး။ ကားခုန်ရင်တောင် ခေါင်းက မူးချင်သလိုလိုဖြစ်လာတယ်။ အခု ဆေးသောက်နေရတယ်။ အကလည်း ညတိုင်းမဖြစ်မနေ တိုက်နေရတယ်။ ရှိုးနေ့ရောက်လို့မှ မသက်သာဘူးဆိုရင်တော့ ဆေးထိုးပြီး စင်ပေါ်တက်ရမှာပဲ။ (ပြုံးလျက်)
ဧပရယ်အပေါ်မှာခံစားမှု။
    ဧပရယ်မှာ မျှော်တာတော့ သင်္ကြန်ပေါ့။ ၀ိုင်းစုကတော့ ဧပရယ်မပြောနဲ့၊ မတ်လလောက်ကတည်းက သင်္ကြန်ကိုတွေးပြီး ပျော်နေပြီ။ ဘယ်နှရက်ပဲလိုတော့တယ်ဆိုပြီး တွက်နေပြီ။ သင်္ကြန်ဆိုတာနဲ့ ပျော်ပြီးသားပဲ။
မြန်မာနှစ်သစ်အတွက် ဆုမွန်စကား။
    အရင်နှစ်က ကိုယ်မလိုချင်တဲ့အရာ၊ မဖြစ်ချင်တဲ့ အရာတွေအားလုံး ချန်ထားခဲ့နိုင်ပြီး နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာအားလုံး ဖြစ်နိုင်ပါစေ။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးပါတယ်။
    မေးခွန်းတွေ တစ်ခုပြီးတစ်ခုဖြေရင်း၊ ၀တ်စုံတွေတစ်စုံပြီးတစ်စုံလဲရင်း ဓာတ်ပုံတွေ မညည်း မညူ ရိုက်ရင်း ကာဗာရိုက်ကွင်းက ည(၁၀)နာရီ မှာ အဆုံးသတ်သွားခဲ့တယ်။ ‘‘၀ိုင်းစုရှိုးပွဲအတွက် Billboard ထောင်ဖို့ ဒီဇိုင်းမရသေးလို့ ဒီဇိုင်နာဆီပြေးလိုက်ဦးမယ်’’လို့ ပြောရင်း လက်ပြနှုတ်ဆက်သွားတဲ့ သူမရဲ့ကျောပြင်ကိုကြည့်ရင်း ‘‘အောင်မြင်ပါစေ...၀ိုင်းစုရေ’’လို့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။