Primary tabs

မိုးစက်ဝိုင် နဲ့ အမှတ်တရများစွာ…

မိုးစွေတဲ့ ဇူလိုင်လရဲ့ နောက်ဆုံးရက်…
မုန်တိုင်းရှိလို့ တစွေတည်းစွေနေတဲ့မိုး…
ရွေးချယ်လိုက်တဲ့ မျက်နှာဖုံးရှင်က မိုးစက်ဝိုင်…

စက်တင်ဘာလ မျက်နှာဖုံးကို အသက်သွင်းဖို့ မိုးများတဲ့ ဇူလိုင်လမှာပဲ အောက်ဒိုးရိုက်ဖို့ စွန့်စွန့် စားစား ဆုံးဖြတ်ခဲ့ကြတယ်..

ဒါကြောင့် ဒီမျက်နှာဖုံးနဲ့ ပတ်သက်ရင် အမှတ်တရတွေအများကြီးရှိခဲ့တယ်…

အဖျားပျောက်ခါစ..ချောင်းတဟွပ်ဟွပ်နဲ့ မျက်နှာဖုံးရှင် မိုးစက်ဝိုင်ရယ်…

ဖျားနေရင်းနဲ့ အားထည့် ချုပ်ပေးထားတဲ့ ဒီဇိုင်နာ မင်းသက်စံ ရယ်…

ခရီးမထွက်ခင်လေး အမီလိမ်းပေးခဲ့တဲ့ မိတ်ကပ် ဒီဇင်ဘာနှင်း ရယ်…

အစာအိမ်အနာပြင်းနေပေမဲ့ ဒီမျက်နှာဖုံး ရိုက်ပြီးမှ ဆေးခန်းသွားမယ်ဆိုတဲ့ ဓာတ်ပုံ ကိုပြည်ဟန်ရယ်…

အားလုံးဟာ အမှတ်တရ….

မျက်နှာဖုံးရှင်ရဲ့ ရင်ထဲမှာရော...ဘယ်လိုအမှတ်တရတွေရှိမလဲလို့ မေးမြန်းကြည့်လိုက်တဲ့အခါ….

အမှတ်တရ (၁)

ငယ်ငယ်တုန်းက အရမ်းကြောက်တတ် တယ်။ အဲဒါကြောင့် ကျောင်းတုန်းကဆို ဆရာမတွေ သတိထားမိတဲ့ ကျောင်းသူထဲမှာ မိုးစက်မပါ ဘူး။ သင်္ချာဆိုညံ့တယ်။ ဒါပေမဲ့ ကြိုးတော့ကြိုးစားတယ်။ အဲဒီမှာ (၅)တန်းတုန်းက မှတ်မှတ်ရရပဲ။ လပတ်စာ မေးပွဲတစ်ခုမှာ သင်္ချာကို ကောင်း ကောင်းဖြေနိုင်တယ်။ အမှတ်ခြစ်ပြီးသား အဖြေလွှာ တွေကို ပြန်ကြည့်ဖို့ပေးတော့ ဆရာမ က အမှတ်ပဲခြစ်ထားပြီး အမှတ်ကိုပေးမထားဘူး။ အဲဒါနဲ့ အရမ်းကြောက်သွားပြီး ကြောက်ကြောက်နဲ့ ဆရာမ ကို သွားမေးတော့ ဆရာမက အဲဒါ နင်ဖြေထားတာ မဟုတ်ဘူးတဲ့။

မိုးစက်က မဟုတ်ဘူး၊ အဲဒါကိုယ်တိုင်ဖြေထားတာပါဆိုတာကို ဆရာမက မယုံဘူး။ အနီးအနားမှာ ထိုင်တဲ့သူငယ်ချင်းတွေရော၊ အတန်းပိုင်ဆရာမအထိပါ သူ့လက်ရေး ဟုတ်ရဲ့လားဆိုပြီး လိုက်မေးတာ။ နောက်ဆုံး အားလုံးက ဟုတ်ပါတယ်၊ အဲဒါ မိုးစက်ကိုယ်တိုင် ဖြေတာပါဆိုမှ အမှတ်ပေးတယ်။ အမှတ်က ဂုဏ်ထူးမှတ်။ သင်္ချာ က ကိုယ့်အတွက်ခက်တော့ ဂုဏ်ထူးမှတ်ရဖို့ မလွယ်တဲ့အပြင် ဆရာမက မယုံ မကြည်ဖြစ်တာတော့ တကယ့်အမှတ်တရပါ။

အမှတ်တရ (၂)

မိုးစက်တော်တော် ငယ်ငယ်တုန်းက မိသားစု လိုက် သြစတြေးလျကို ပထမဆုံးအကြိမ် ခရီး သွားကြတယ်။ အစ်မအကြီးဆုံး ဘွဲ့ယူတာကို မိသားစုလိုက် သွားကြတာ။ ကိုယ်တွေကိုင်ထားတဲ့ Passport က လက်ရေးနဲ့ ရေးထားတဲ့ဟာလေ။ အဲဒီတော့ ဟိုနိုင်ငံလေဆိပ်လည်းရောက်ရော Immigration မှာ တော်တော်ကို တအံ့တသြနဲ့ ကိုယ်တွေရဲ့ Passport ကို တစ်ယောက်နဲ့တစ် ယောက်လက်ဆင့်ကမ်းပြီး ဟုတ်သလား၊ မှန်သ လား လုပ်ကြတာလေ။ မိသားစုလိုက်လေဆိပ်မှာ အချိန် တော်တော်ကြာကြာ သောင်တင်သွားတယ်။ အဲဒါကလည်း ခုထိမှတ်မိနေတဲ့အမှတ်တရတစ်ခု ပေါ့။

အမှတ်တရ (၃)

တစ်နေ့မှာ စကားစုလေးတစ်ခု ဖတ်မိတယ်။ “သင့်ကိုနာကြင်စေတဲ့အရာတွေကိုမေ့လိုက်လို့ရ တယ်။ ဒါပေမဲ့ အဲဒီ့အတွေ့ အကြုံကရတဲ့ သင်ခန်း စာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့” တဲ့။ မိုးစက်အ တွက် ထူးခြားမှုလည်းရှိပြီး အမြဲအမှတ်တရတဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ မိုးစက်က တစ်ခုခုဆို မလုပ်ရဲ မကိုင်ရဲဖြစ်တတ်တယ်။ ဒါပေမဲ့ လုပ်မှ ပဲ တိုးတက်မှုကရှိမယ်။ အဲဒီ့လို တစ်ခုခုအသစ် လုပ်လိုက်တဲ့ အခါတိုင်းမှာလည်း ကောင်းတာဖြစ်လာ နိုင်သလို၊ ဆိုးတာလည်း ဖြစ်လာနိုင်တယ်။

နာကြင်စရာလည်း ရှိချင်ရှိမယ်။ ကြောက်လန့်တကြား ဖြစ်ရတာမျိုးလည်း ရှိကောင်းရှိမယ်။ အဲဒီ့ခံစားရ တဲ့ခံစားချက် တစ်ခုမဟုတ်တစ်ခုကို သင်ခန်းစာ ယူနိုင်ရမယ်။ ကိုယ့်ကိုနာကြင်စေတဲ့ အရာကိုတော့မေ့လိုက်လို့ရတယ်ဆိုတဲ့ အသိတစ်ခုရသွား တယ်။ အဲဒီတော့တစ်ခုခု အသစ်စကြည့်မယ်ဆိုတဲ့ အချိန် တိုင်း ကြိုးစားဖို့ အင်အားတွေရှိလာတယ်။

အမှတ်တရ (၄)

၂၀၁၁ လောက်တုန်းက Youtube ပေါ်မှာ မိတ်ကပ်ပြင်နည်းအတိုလေးတွေ၊ အလှအပ ပစ္စည်း တစ်ခုဝယ်လာပြီးရင် review ပြန်လုပ်တာလေး တွေကို ကိုယ့်ဘာသာ အင်္ဂလိပ်လိုပြောပြီး ဗီဒီယို ဖိုင်လေး ရိုက်ရိုက်ပြီးတင်တယ်။ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းတွေကိုတောင် မသိစေချင်ဘူး။ ရှက်လို့ လေ။ နောက်ပိုင်းကျတော့ follower တွေ ဘာတွေ ရလာပြီး သူငယ်ချင်းတွေက ဘယ်လိုသိသွားတယ် မသိဘူး။ ကိုယ့်ကိုလည်း လာပြောရော၊ ရှက်ပြီး private လုပ်ပစ်လိုက်တယ်။ အဲဒါလည်း အမှတ်တရ ရှိတယ်။

အမှတ်တရ (၅)

မြန်မာပြည်အနှံ့ ခရီးသွားချင်တဲ့ စိတ်ကူး ရှိခဲ့တယ်။ အဲဒီ့စိတ်ကူးက amazing cities ရိုက်တဲ့ အချိန်မှာ ပြည့်ခဲ့တယ်။ မြန်မာပြည်အနှံ့ ခရီးတွေ သွားခဲ့ရတယ်။ အဲဒီ့ထဲမှာ အပျော်ဆုံးခရီးကတော့ ထားဝယ်၊ မြိတ်၊ ကော့သောင်းဘက်ကို သွားခဲ့တဲ့ ခရီးပဲ။ ကျွန်းတစ်ကျွန်းပေါ်ကိုရောက်ဖို့ ညလုံးပေါက် စက်လှေစီးပြီးသွားရတယ်။ (၁၀) နာရီလောက် အသက်ကယ်အင်္ကျီ ဝတ်ထားပြီး ပင်လယ်ထဲကို စက်လှေနဲ့ ဖြတ်ရတယ်။ တကယ့်ကိုစွန့်စားခန်း တစ်ခုလိုပဲ။ ညဘက်ကြီးစထွက်ပြီး မနက်ပိုင်းမှာမှ ကျွန်းပေါ်ကို ရောက်တာလေ။ တကယ်ကို မှတ်မှတ် ရရရှိခဲ့တဲ့ ခရီးတစ်ခုပါ။

အမှတ်တရ (၆)

အိမ်မွေးတိရိစ္ဆာန်ထဲမှာဆို ခွေးကို ချစ်တယ်။ ငယ်ငယ်ကတည်းက ခွေးအရမ်းချစ်တော့ မိုးစက် ကခွေးလေးတွေမွေးတယ်။ ဒါပေမဲ့ အဲဒီ့ခွေးအပေါ် အရမ်းတွယ်တာတော့ အဖေနဲ့အမေက မကြိုက်ဘူး။ မိုးစက်မသိတဲ့အချိန်မှာ အဲဒီ့ခွေးလေးတွေကို အမြဲပေးပေးပစ်တယ်။ တစ်ခါပေး တစ်ခါငိုပဲ။ အဲဒီ လိုနဲ့ နည်းနည်းအသက်ကြီးလာတော့ အစ်ကိုက Pug လေးတစ်ကောင် ကိုခိုးမွေးတယ်။ သူကသေး သေးလေးဆိုတော့ အစ်ကိုက သူ့အိပ်ခန်းထဲ ခိုးမွေးတာ။ ကိုယ်ပါသိတော့ ကိုယ်လည်း အလိုတူ အလိုပါ အဖြစ်ခံပြီး ကိုယ့်အခန်းထဲ ခိုးသိပ်တယ်။ နောက်ဆုံးကျ အဲဒီ့ခွေးလေးက သောင်းကျန်းတော့ အမေက သိသွားရော။ အဲဒီ့အခါကျတော့ သူများ ပေးမှာစိုးလို့ အမေကြည်ဖြူအောင် အမျိုးမျိုးကြိုး
စားသေးတယ်။ ဒါပေမဲ့ အမေက မရဘူး ကျန်းမာရေး နဲ့ မညီဘူးဆိုပြီး ပေးပစ်လိုက်တယ်။