Primary tabs

ဖြူဖြူကျော်သိန်းနဲ့ Change

    People ရဲ့ နိုဝင်ဘာလ Theme လေးဖြစ် တဲ့ Musical Instrument Theme လေးကို ခမ်းနားထည်ဝါလှပတဲ့ မြန်မာမှုလက်ရာမြောက်တဲ့ မြန်မာ့ ဂီတ တူရိယာပစ္စည်းများ၊ လှပပြီးဆွဲဆောင်မှုရှိတဲ့ ဂီတပစ္စည်းများနဲ့ ပေါင်းစပ်ဖန်တီး ရိုက်ကူး အပြီး ‘‘ဒီနှစ်က ဖြူဖြူ့အတွက် ထူးခြားပါတယ်။ မင်္ဂလာရှိပါတယ်။ Magazine Cover လေးတွေ အများကြီးရိုက်ရတဲ့ထဲက People ကလည်း အမှတ်တရဖြစ် တဲ့ အမှတ်တရပါ။ ၁၂ နှစ်တာ အနုပညာသက်တမ်း မှာ People နဲ့ လက်တွဲခဲ့တာ အများကြီးပဲ။ ဒီတစ် ခေါက်ကတော့ Cover အနေနဲ့ ပထမဆုံးစပြီး လက် တွဲရတဲ့အတွက် ကျေးဇူးတင်ပါတယ်’’လို့ People Magazine Cover Photo Shooting နဲ့ ပတ်သက် ပြီး စကားဆိုခဲ့ပါတယ်။ People ရဲ့ ထူးထူးခြားခြား စိတ်ကူးလေးတွေကို အကောင်အထည်ဖော်ဖို့ အတွက် တောင်ဒဂုံမှာရှိတဲ့ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကို ခြေလှမ်းတွေ ရွှေ့လျားဖြစ်ခဲ့ပါ တယ်။ ရိုက်ကူးမယ့် Instrument တွေအတွက် ထူးခြားမှုဖြစ်အောင် မြန်မာ့အနုပညာ လက်ရာ မြောက် ဆိုင်းဝိုင်း၊ ဗုံတို့အပြင် Cello Instrument နဲ့ ပန်းပုရုပ်ထုလေးတွေကို စိတ်ကြိုက်ရွေးချယ်ကာ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအတွက် မမောနိုင် မပန်းနိုင် အပြုံးမပျက် ပျော်ရွှင်သွက် လက်စွာ ရိုက်ကူးပေး ခဲ့တဲ့ တေးသံရှင် ဖြူဖြူ ကျော်သိန်း၊ သူမရဲ့ မိတ်ကပ်၊ ဆံပင်အတွက် အလှပ ဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့တဲ့ Makeup Artist၊ အလှအပဆုံး ရိုက်ချက်များကို ပုံဖော်ပေးတဲ့ Photographer ၊ အလှပဆုံးဝတ်စုံများနဲ့ အကောင်းဆုံးဒီဇိုင်းအဖြစ် ဖန်တီးချုပ်လုပ်ပေးတဲ့ Designer ၊ လှပတဲ့ ၀တ်စုံများနဲ့ အလိုက်ဖက်ဆုံး အတွဲအစပ် များကို ခေါင်း အစခြေအဆုံး စီစဉ်ပေးပြီး အကောင်းဆုံး အကြံ ဉာဏ်များကိုပေါင်းစပ်ပေးတဲ့ Stylist... ဒါတွေအားလုံးရဲ့ အဆုံးသတ်မှာတော့ People ရဲ့
စာမျက်နှာ တွေက အခုလိုပဲ အသက်ဝင်လာခဲ့ပါတယ်။

K2O
Photo- Aung Zaw(Love Space)
Model- Phyu Phyu Kyaw Thein
Makeup & Hair- Htoo Htoo(Htet- Pop Soul)
Dress- Ahlatt Lumyang
Stylist- Swannie Dean
Venue- Yangon University of Art & Culture

ဖက်ရှင်ဆိုတာ
    ဖက်ရှင်ဆိုတဲ့ သဘောသဘာဝက ဖြူဖြူ့ အမြင်မှာဆိုရင် အမြဲတမ်းပြောင်းလဲနေတဲ့ သဘော သဘာဝလို့ ခံယူပါတယ်။ လူရှေ့ထွက်ရတဲ့ စင်ပေါ် က အနုပညာရှင်တစ်ယောက်အနေနဲ့ဆိုရင် ဖက်ရှင်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ ဖြူဖြူတို့လို အဆိုတော် ဖျော်ဖြေရေးသမား၊ ဂီတ၊ သီချင်းအပြင် ဖျော်ဖြေရေးသမားလည်း ဖြစ်တဲ့အ တွက်ကြောင့် ဖက်ရှင်က အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်။ ဖက်ရှင်ဆိုတာ ရေစီးကြောင်း၊ ပြောင်းလဲရတဲ့ဟာကို ငယ်ငယ်ကတည်းက လက်ခံတယ်။ အဲလိုမျိုးလည်း ကိုယ်ကအမြဲ လုပ်ခဲ့တယ်။

ဖက်ရှင်အပြောင်းအလဲများနဲ့ သူမ
    ဖက်ရှင်ဆိုတာကို သေသေချာချာ အာရုံစိုက် ပြီး ခွဲခြမ်းစိတ်ဖြာ ပြောရမယ်ဆိုရင် ဟိုးအရင် တုန်းက ဖြူဖြူ့ကိုဆိုရင် အတောင်အလက်တွေနဲ့ အထူးအဆန်း ဖက်ရှင်တွေကို မြင်တွေ့ရတယ်။ အဲဒါက Stage Fashion။ စင်ပေါ်မှာလုပ်တဲ့ ဖက်ရှင်။ အခုမလုပ်တော့ဘူးလားဆိုရင် မဟုတ်ဘူး စင်ပေါ်ကဖက်ရှင်ဆိုတာ အမြဲရှိတယ် အမြီး တွေ၊ အတောင်တွေ၊ ဂါဝန်ဖားဖားကြီးတွေ၊ မျက်နှာ ဖုံးတွေတပ်တာ အဲဒါတွေလုပ်တယ်။ နောက် ဖြူဖြူ့ မှာ Daily Fashion ဆိုတာရှိ တယ်။ ကျောင်းသွားရင် ရိုးရိုးသာမန် မိန်းကလေးတစ်ယောက်လိုပဲ ၀တ်စားဆင်ယင်ပါတယ်။  ဒါပေမဲ့ အခု ဘာကွာသွား တာလဲဆိုတော့ အရင်နဲ့အခု ၂၀၁၀ နောက်ပိုင်းမှာ မီဒီယာအားကလည်း ပိုကောင်းလာတယ်။ Social Media ကလည်း အားကောင်းလာတယ်။ ဖြူဖြူ စပေါ်ခါစ အချိန်တုန်းက Stage Fashion ဆိုတာ အကျယ်တ၀င့်ကြီး တအားမရှိတော့ ဖြူဖြူဝတ် စားဆင်ယင်တဲ့ အ၀တ်အစားဖက်ရှင်တွေကို ပိုပြီး အာရုံစိုက်ကြတဲ့အခါ စာမျက်နှာမီဒီယာ ညီအစ်ကိုမောင်နှမတွေ ကလည်း အဲဒီလိုအထူး အဆန်းဖက်ရှင်တွေနဲ့ ပိုပြီးရိုက်စေချင်ကြတယ်။ အဲဒီတော့ စာမျက်နှာတွေထက်မှာ ဆိုရင်လည်း ဖြူဖြူ့ရဲ့အဲဒီပုံတွေပဲ လွှမ်းမိုးတယ်။ ဒီဘက်၂၀၁၀ နောက်ပိုင်းမှာကျတော့ စာမျက်နှာထက်ကအပြင် Social Media ဆိုတာရှိလာတော့ ကိုယ်နေ့စဉ် ၀တ်ဆင်သွားလာနေတဲ့ Daily Fashion ကလည်း ပရိသတ်ကြားထဲကို တနည်းတဖုံနဲ့ ပျံ့နှံ့လာတယ်။ အဲဒီနောက်ပိုင်းမှာ ရိုးရိုးသာမန်မိန်းကလေးလို နေ့ စဉ်သွားလာနေတဲ့ ပုံစံမျိုးလေးတွေနဲ့ ရိုက်ပေးပါ
ဆိုတာရှိလာတယ်။
    နောက်တစ်ခုကတော့ ဖြူဖြူရဲ့သွင်ပြင် လက္ခဏာမှာ ပြောင်းလဲသွားတာကတော့ ဆံပင် အရှည်ထားတာပေါ့နော်။ အရင်က ဆံပင်အတို တွေရော၊ အကောက်တွေရော၊ အတိတွေရော၊ ကတုံးဆံပင်ပုံစံတွေရော အကုန် လျှောက်ထား
တယ်။  စင်ပေါ်တက်ရင်လည်း အဲဒီဆံပင်အတိုလေး ကိုမှ ဖြူဖြူ့ရဲ့မိတ်ကပ်ဆရာတွေက ဆံပင်တွေကို မျိုးစုံထုံးဖွဲ့မှုတွေ လုပ်ပေးတယ်။ အခုနောက် ပိုင်းကျတော့ ဆံပင်အရှည်ထားလိုက်တယ်။ မိန်းကလေးတစ်ယောက်က ဆံပင်အရှည်ထား လိုက်ရင် ပုံစံလေးပြောင်းသွားတယ်။ ဖြူဖြူကြား ဖူးတာရှိတယ်။ ရိုးရိုးသာမန်ရုပ်ရည်ပဲ ရှိရင်တောင် မှ မိန်းကလေးက ဆံပင်အရှည်နဲ့ဆိုရင် သိပ်ကြည့် ကောင်းတယ်တဲ့။ ဖြူဖြူကအဲဒီအမျိုးအစားထဲမှာ ပါတာနေမှာပါ။ သိပ်ချောတဲ့သူတွေ ဆံပင်အရှည် ထားလိုက်ရင်တော့ ပိုပြီးလှသွားစေတာပေါ့။ ဖြူဖြူကတော့ အစကတည်းက ချောတယ်လှတယ်လို့ နာမည်ကြီးတဲ့ အနုပညာရှင်ထဲမှာ မပါပါဘူး။ အဆိုကောင်းတယ်၊ အသံကောင်းတယ်၊ သီချင်းဆိုကောင်းတယ်လို့ နာမည်ကြီးတဲ့သူ အဲဒီမှာမှ ကိုယ် ကဆံပင်အရှည် ထားလိုက်တော့ ပရိသတ်တွေရဲ့ မျက်စိထဲမှာ အမြင်ဆန်းသွားတယ်၊ မိန်းကလေး ဆန်သွားတယ် အဲဒီလိုမျိုးလေး ဖြစ်သွားတော့ နူးညံ့ သိမ်မွေ့တဲ့ အရသာလေးကို ခံစားရတယ်ဆိုပြီး တော့ သဘောကျကြတယ်။ အဲဒါလေးကိုလည်း ကျေးဇူးတင်ပါတယ်။

Life Style
    နောက်တစ်ခုကကျတော့ ဖြူဖြူစာအုပ်တွေ ဖတ်ပြီး သိပ်သဘောကျတဲ့အရာ၊ ကိုယ်တိုင်လည်း လိုက်ကျင့်သုံးနေတာက ဟောလိဝုဒ်မင်းသမီး တစ် ယောက်ပြောတာ TV ဖန်သားပြင်ပေါ်မှာပဲဖြစ် ဖြစ်၊ စာမျက်နှာပေါ်မှာပဲဖြစ်ဖြစ် မြင်ချင်တဲ့ ကိုယ်
အလေးချိန် ၅ ပေါင်(သို့) ၁၀ ပေါင်ကို အပြင်မှာ လျော့ထားရတယ်တဲ့။  အဲဒါ တော်တော်တော့ လွယ် တဲ့ကိစ္စမဟုတ်ဘူး။ ပြောရတာတော့လွယ်တယ်။ လူကြည့်ရင် အရမ်းလှတယ်။ ဒါပေမဲ့ နေ့စဉ်အမြဲ တမ်း စနစ်တကျဂရုစိုက်ပြီးတော့ စားသောက်ရ တယ်၊ နေထိုင်ရတယ်၊ Life Style Changes ကို လုပ်ရတယ်။ အဲဒါလေးကို ဖြူဖြူလိုက်နာကျင့်သုံး ဖြစ်နေတယ်။
    ဖြူဖြူခုနကပြောသလိုပဲ TV ပေါ်မှာ၊ စာမျက် နှာပေါ်မှာ မြင်ချင်တာက ဒီလိုပုံစံဆိုရင် အဲဒီထက် ၅ ပေါင်လောက် လျှော့ချရတာပေါ့နော်။ အစား အသောက်၊ အနေအထိုင် ထိန်းသိမ်းရတယ်။ အစား အသောက်မှာဆိုရင် အရွက်နဲ့အသားနဲ့ မျှအောင် စားတယ်။ ကာဗိုဟိုက်ဒြိတ်လျော့စားတာမျိုး၊ ညနေ ပိုင်းဆို တအားအများကြီး မစားတာမျိုး၊ အဲဒါနည်း နည်းတော့ လုပ်ရခက်တာပေါ့နော်။ ဖြူဖြူတို့က အဆိုတော်တွေဆိုတော့ ညဘက်တွေမှာ သီချင်း ဆိုရတယ်။ သီချင်းဆိုပြီးရင် သိပ်ဆာတယ်။ ကိုယ်ဆာတဲ့အချိန်မှာ စားတဲ့အစားအသောက်ပုံစံ ကို ပြောင်းရတယ်။ အရင်တုန်းကဆို ခေါက်ဆွဲ ပြုတ်၊ ကြာဇံပြုတ်တို့ စားတာကို အဲဒီအစား အသီးအနှံကို ပြောင်းစားတာမျိုး၊ ညသန်းခေါင်လောက်မှ ထမင်းစားတယ်ဆို လျှော့စားလိုက်တာမျိုး၊ Jucie ဆိုလည်း Fresh Jucie ကို နေ့တိုင်းသောက်တယ်။ မာမီက နေ့တိုင်း Jucie ကို အသီးကနေ လိမ္မော်၊ သံပုရာ၊ ပန်းသစ်တော်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ အဲဒါလေးတွေ ဖျော်တိုက်တယ်။ ကိုယ်အေးအေး လူလူရှိတဲ့လတွေဆို ညနေ ၆ နာရီနောက်ပိုင်း ထမင်းမစားတာမျိုးလေးတွေ လုပ်တယ်။ နောက်ထပ် လုပ်သင့်တာက လေ့ကျင့်ခန်းလုပ်သင့်တယ်။ Gym သွားတာမျိုးက အချိန်ပေးနိုင်ရင် လုပ်ကိုလုပ်သင့် တဲ့အရာ။ လောလော ဆယ်မှာ ဖြူဖြူမလုပ်နိုင်သေးဘူး။
    အသားအရေထိန်းသိမ်းတာကတော့ တခြား မိန်းကလေးတွေလိုပါပဲ။ ကိုယ်အသားအရေနဲ့ လိုက်ဖက်တဲ့၊ ကိုယ်နှစ်သက်တဲ့ Skin Care ၊ Lotion တို့ကို ပုံမှန်သုံးဖြစ်တယ်။

မိန်းကလေးများနဲ့ အလှအပ
    နောက်တစ်ခုကတော့ ဖက်ရှင်နဲ့ ဆက်စပ် နေတဲ့အရာ။ အလှအပဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ ဖြူဖြူ ဖတ်ဖူးတာလေး တစ်ခုရှိတယ်။ အဲဒါလေးကို တကယ်လည်း ယုံ ကြည်လက်ခံတယ်။ ကမ္ဘာပေါ်မှာမလှတဲ့ မိန်းကလေးဆိုတာ မရှိဘူး။ လှအောင်မပြင်တတ်တဲ့ မိန်းကလေးဆိုတာပဲ ရှိတယ်တဲ့။ အဲဒါ ပြင်သစ် စကားပုံ။ အဲဒါတကယ်မှန်တယ်။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို လှဖို့အတွက် ကြိုးစားပြင်ဆင်ယူတဲ့ မိန်းကလေးက တခြားမိန်းကလေးထက် ပိုလှတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းက လေးက တခြားမိန်းကလေးတွေထက် ပိုလှတယ်။ ကိုယ့်ဘ၀ကို အသိဉာဏ်ပညာနဲ့ခြံရံတဲ့ မိန်းကလေး က တခြားမိန်းကလေးထက် ပိုလှတယ်။ စိတ်ဓာတ်မြင့်မားသော၊ စိတ်ထားကောင်းသော၊ သူတပါးအပေါ်ဝန်တို မစ္ဆိရိယ မရှိသောမိန်းကလေး က တခြားမိန်းကလေးထက် ပိုလှတယ်။ ကိုယ်ပိုင် အရည်အချင်းရှိတဲ့ မိန်းကလေးက တခြားမိန်းက လေးတွေထက် ပိုလှတယ်။  ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးက တခြားမိန်းကလေးတွေ ထက် ပိုလှတယ်။ အမှန်တရားကိုသိပြီး၊ ရပ်တည်ပြီး ရိုးဖြောင့်ခြင်းဂုဏ်၊ ဖြောင့်မတ်ခြင်းဂုဏ်ကို တန်ဖိုးထားတဲ့သူက တခြားသူတွေထက် ပိုလှတယ်။ အဲဒါကတော့ ဖြူဖြူ့ဘ၀မှာ  ရှင်သန်ရင်း
နဲ့ သိလာတာကို ပြန်လည်ဝေမျှတာပေါ့။ လူတွေက ပြောကြတယ်။ အလှအပရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ အမှန်တကယ်တော့ အလှတရားမှာ လျှို့ဝှက်ချက်ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်ရယ်၊ ဉာဏ်ပညာရယ်ပေါ်မှာ မူတည်ပြီးတော့ အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်တာပဲ။ ဖြူဖြူကတော့ ဖြူဖြူရဲ့ချစ်ပရိသတ် မိန်းကလေးတွေကို ကိုယ်သိလာတာလေးတွေကို မေတ္တာနဲ့ဖြန့်ဝေတာပါ။ အဲဒါတွေက အလှတရား အတွက် ဘွင်းဘွင်းရှင်းရှင်းကြီး ပေါ်နေတဲ့အရာ
တစ်ခုပဲ။

အခုလက်ရှိ အကြိုက်ဆုံးဖြစ်နေတဲ့ ဖက်ရှင်
    ဖြူဖြူ့ဘ၀ကြီးကိုက ၂ ခုစပ်ထားလို့လား မသိဘူး။ ပြောရတာ နည်းနည်းခက်တယ်။ အမြဲ တမ်း ၂ ခုတွဲပြောရတယ်။ ကိုယ်က ဖျော်ဖြေရေး သမားဖြစ်တာကြောင့် စင်ပေါ်မှာဆိုရင် ထူးခြားတဲ့၊ ဆန်းပြားတဲ့ အ၀တ်အစားမျိုးကို ၀တ်လိုက်တယ်။ ရိုးရိုးသာမန်တီရှပ်၊ ဂျင်းဘောင်းဘီတို့နဲ့တော့ စင် ပေါ်တက်မှာ မဟုတ်ဘူး။ ပွဲသေးသေးလေးကအစ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ Daily Fashion လေးတွေ ဂျင်းပန်၊ တီရှပ်၊ စကပ်၊ ဂါဝန်လေးတွေ ၀တ်လေ့ရှိပါတယ်။ နောက်တစ်ခု သဘောကျတာ က ဖက်ရှင်ထဲမှာဆိုရင် Elegant ဖြစ်တာမျိုး၊ Classic ဖြစ်တာမျိုး၊ Vintage ဆန်တာမျိုး အဲဒါ မျိုးကိုတော့ အမြဲတမ်းအတွက် သဘောကျတတ် တယ်။ ဖြူဖြူက ကိုယ့်ရဲ့အတွေ့အကြုံ၊ ခံစားချက်၊ ရာသီဥတု၊ အသက်ရွယ်၊ အတွေးအခေါ် စိတ်ခံ စားချက်ပေါ် မူတည်ပြီး ပြောင်းလဲတယ်။

မှတ်မှတ်ရရ ငယ်ဘဝ
    ဖြူဖြူ့ရဲ့ ငယ်ဘ၀က စာတွေနဲ့ လုံးပမ်းနေ တယ်။ ကိုယ့်ကို High School တုန်းက ဆရာ၊ ဆရာ မတွေ၊ သူငယ်ချင်းတွေက ဒီလိုအဆိုတော် ဖြစ်လာတာ အရမ်းအံ့သြကြတယ်။ ဘယ်လိုဖြစ်ပြီး ဒီလို ဒိုးဒိုးဒန့်ဒန့် ဖြစ်ရတာလဲပေါ့။ ဘာလဲဆိုတော့ အတန်းထဲမှာဆိုရင် မျက်မှန်နဲ့ဝက်ခြံနဲ့ စာကြမ်းပိုးမ လေးဆိုပြီးပဲ သိကြတယ်။ ဘ၀ရဲ့ ၃ ပုံ ၂ ပုံမကက စာနဲ့ပဲ လုံးပမ်းလာခဲ့တာ။ ဒါပေမဲ့ ဖြူဖြူက ဟိုးငယ် ငယ်လေးကတည်းက သီချင်းဆိုတာ အရမ်းဝါသနာ ပါတယ်။ ၂ နှစ် ၃ နှစ် အရွယ်ကတည်းက သီချင်း ၁ ပုဒ်ဆိုရင် စာ ၁ ပုဒ်ထက် ရတာမြန်တယ်။ ဖေဖေ တို့၊ မေမေတို့ သီချင်းတွေကစလို့ မမညိုတို့အရွယ် သီချင်းတွေကအစ ငယ်ငယ်တည်းက ကိုယ့်ပါးစပ် ထဲမှာ စွဲနေတာ။ တစ်နေ့ကျရင် အဆိုတော် အရမ်း ဖြစ်ချင် တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ကူးယဉ် အိပ်မက် ကမ္ဘာကြီး။ နေမြင့်လေ အရူးရင့်လေဖြစ်လို့ မိဘက ဒါကို ပံ့ပိုးပေးလိုက်တာ။ နောက်တစ်ခုက ငယ်ငယ် ကတည်းက ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါ တယ်။ ကိုယ်က မော်ဒယ်လ်၊ သရုပ်ဆောင်၊ မင်း သမီးမဟုတ်ပေမဲ့ အဆိုတော် အနုပညာရှင်ဖြစ်တဲ့ အတွက် မီဒီယာတွေ၊ ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းတဲ့ အခါ ကိုယ်လည်းဝါသနာတော့ အားလုံးနဲ့လက် တွဲပြီး အလုပ်လုပ်ဖြစ်တယ်။ မှတ်မှတ်ရရဆိုရင် ပထမဦးဆုံး အဆိုတော်လောကကို စရောက်တဲ့ ၂၀၀၃၊ သြဂုတ် ၁၆ Strand Hotel IC ပွဲ၊ အဲဒီပွဲ မှာ ပထမဦးဆုံး မိတ်ကပ် အောင်အောင်(တောင် ကြီး) နဲ့ စပြင်ဖူးတယ်။ လုံးဝမသက်ဆိုင်တော့ပါ ခွေကာဗာကို ဦးပီတာနဲ့ ရိုက်တယ်။

အသစ်သစ်သော ဂီတအနုပညာများနဲ့
    ကိုယ်တိုင်က အသစ်အဆန်း ပြောင်းလဲရ တာကို သဘောကျတယ်။ ၀ါသနာလည်း ပါတယ်။ အဲဒီအတွက်ကို အမြဲလည်း ကြံစည်စဉ်းစားစိတ် ကူးနေတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ သီချင်းတွေအ ပြင် ဖက်ရှင်ကိုလည်း ဖျော်ဖြေရေးသမားတစ်
ယောက်အနေနဲ့ ၀ါသနာပါတော့ အမြဲတမ်းစဉ်း စားနေတယ်။ အမှန်ကန်ဆုံးပြောရရင် ဖြူဖြူတို့ အနုပညာသမားတွေမှာ ကိုယ်ပြောင်းချင်တာ၊ ဖန် တီးချင်တာ၊ ကိုယ်သွားချင်တာကို သွားမယ်ဆိုတာ အမှန်ကန်ဆုံးနဲ့ အရင်ဆုံးရှိတဲ့ အတ္တပါ။ အဲဒါနဲ့ အတူတူ နောက်ထည့်စဉ်းစားတာက ပရိသတ်ရော ကိုယ်ဖန်တီးတဲ့ အသစ်တွေကို ကြိုက်ပါ့မလားပေါ့။ ဖြူဖြူယုံကြည်တာက ကိုယ်ကိုယ်တိုင်မှ မကြိုက် ရင် ဖန်တီးတာ အလကားပဲလို့ ထင်တယ်။ တကယ် လို့များ ပရိသတ်က ကိုယ့်သီချင်း တစ်ပုဒ်ကို အစပ် အဟပ်မတည့်လို့ ကိုယ်မျှော်လင့်သလောက် မကြိုက်ရင်တောင် ကိုယ်ယုံကြည်ရာကို လုပ်လိုက်တဲ့အတွက် ခံသာသေးတယ်။ ကိုယ့်ဘ၀မှာ နောင်တမရှိဘူးလို့ လက်ခံတယ်။ တစ်ကိုယ်တော်ခွေဆိုရင် အရင်တုန်းက Copy သီချင်းလေးတွေ၊ နောက်ပိုင်းကျတော့ မိန်းကလေးတစ်ယောက် အသဲကွဲနေ တယ်၊ နာမည်ကျန်ရစ်နေမယ် ခွေတွေကို ကိုယ် ပိုင်သံစဉ် ထွက်ခဲ့တယ်။ ဒါ ဖြူဖြူရဲ့ ပြောင်းလဲမှု လေးတွေပေါ့။ အခု ၆ ခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ် Lazy Club နဲ့ လုပ်နေတယ်။

 

ဂီတပုံစံအပြောင်းအလဲများနဲ့
    ဖြူဖြူ ဂီတလောကထဲ ၀င်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က မမကော်နီနဲ့ ဆိုခဲ့တဲ့ အတွင်းကြေသီချင်း ဒါလေးက ဖြူဖြူလို့ တစ်နိုင်ငံလုံးပရိသတ် လက်ခံ ခဲ့တယ်။ ဒါဖြူဖြူရဲ့ အရေးကြီးတဲ့ မှတ်တိုင်ပေါ့။ အခု ၂၀၁၅ မှ Water Party ရေပါတီဆိုတဲ့ ကိုယ် ပိုင်သံစဉ်သီချင်း၊ Musicကိုလည်း အရင်ပုံစံမျိုး မဟုတ်ဘဲ ဒီဘက်ခေတ်သွားတဲ့ EDM Music မျိုး နဲ့ တစ်နိုင်ငံလုံးက ကိုယ့်ကိုအသိအမှတ်ပြု လက်ခံ ခဲ့တယ်။ ၁၂ နှစ်သက်တမ်းအတွင်းမှာ တစ်ကိုယ် တော် ၅ ခွေအပြင်၊ အတွဲခွေ သီချင်းလေးတွေမှာ လည်း Copy တွေ ရှိသလို Own Tune တွေ ဆို ထားခဲ့တာတွေလည်း အများကြီးရှိတယ်။ သီချင်းတစ်ပုဒ်ချင်းစီရဲ့ Music Video တွေမှာလည်း Fashion ကို သီချင်းပုံစံတစ်ခုနဲ့ တစ်ခုအပေါ် ပြောင်း လဲလာတာကိုလည်း ပရိသတ်ကြီး သတိထားမိ မှာပါ။ ၆ ခွေမြောက် တစ်ကိုယ်တော် သီချင်းတွေ မှာလည်း အချစ်သီချင်းပုံစံလေးတွေ စီစဉ်နေတယ်။ ကိုယ့်အသံလားရာ သီချင်းတွေကို ဆိုနေမယ်။ တစ်ခုတည်းမှာပဲ Rock ဆို Rock ထဲမှာပဲ မနေဘူး။
Pop ရော Latin ရော နောက်ထပ်တစ်ခု စိတ်ဝင် စားနေတာက Musical Song အနေနဲ့ ထွက်ခဲ့တဲ့ ငါရဲ့ရေဗက္ကာဆိုတဲ့ သီချင်းပုံစံလေးတွေကိုလည်း သဘောကျတယ်။

အချစ်ရေး
    လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး။ အိမ်ထောင်ပြုမယ်ဆို လည်း ဘယ်သူဘယ်ဝါဆိုတာ ပရိသတ်ကိုပြောပြ ပြီး ဘုရားရှေ့၊ လူရှေ့မှာ တင့်တင်တယ်တယ် လက်ထပ်မှာပါ။ ဖြူဖြူကိုယ်တိုင်က ဘယ်သူဘယ်
ဝါဆိုတာ မိတ်မဆက်သေးဘဲနဲ့ ယုံထင်ကြောင်ထင် မထင်ကြပါနဲ့။ ဆင်တူရိုးမှား အတုအပ အထူးသတိ ပြုပါ။ (ရယ်လျက်)

ပရိသတ်အတွက်
    ဖြူဖြူကို လွန်ခဲ့တဲ့ ၁၂ နှစ် IC ရဲ့ စင်တင် အမျိုးသမီး တေသံရှင်ဘ၀ကနေ အခုချိန်အထိ အားပေးခဲ့တဲ့ ပရိသတ်တွေ၊ ဒီ ၁၂ နှစ်အတွင်း တစ်ကိုယ်တော်ခွေကပဲဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ် ချင်းစီကပဲဖြစ်ဖြစ် ပရိသတ်ဖြစ်လာတဲ့သူတွေ၊ ဒီ နှစ်မှစပြီးတော့ Generaion အသစ်အနေနဲ့ ဖြစ်လာ တဲ့ ပရိသတ်အသစ်တွေ၊ ဂီတအပြင်ဖက်ရှင်ကိုပါ လိုက်ပြီး သီးသန့်အားပေးတဲ့ ပရိသတ်တွေ၊ အဲဒါ တွေအပြင် ဖြူဖြူရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်၊ ဖြူဖြူပြောတဲ့ အမှန်တရားတွေ၊ အင်တာဗျူးတွေ နားထောင်ပြီးဖြစ်လာတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။