Primary tabs

Colorful သက်မွန်

Thet Mon Myint
Designer - Ma Pont (My Favourite Collection)
Makeup - Htay Min (U Soe)
Hair - Ma Soe (Nature Spa)
Fabric - KAY (Fabric House)
Photo - Ko Lin Tun (Life Photography)
Retouch - Life Photography

Decoration - Eternal Flowers

    

    ကာလာတွေနဲ့ ယှက်ဖြာခဲ့တဲ့ People ရဲ့ ဒီဇင်ဘာမှာ သူ့အပြုံးလေးတစ်ချက် တောက်ပလိုက်ရင် ကာလာစုံတွေအလှတရားတွေ ယှက်ဖြာသွားသလို ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးတစ်ယောက်ကို ကာလာစုံခြယ်မှုန်းလို့ ကာဗာစာမျက်နှာတွေကို အသက်သွင်းဖြစ်ခဲ့ပါတယ်။
    ဒီလို စာမျက်နှာတွေထက်မှာ လှပတဲ့ပုံရိပ်လေးတွေ အရောင်အသွေးစုံလင်စွာ ဖူးပွင့်ဝေဆာလာဖို့အတွက် People ရဲ့ စိတ်ကူးကို ၀ိုင်းဝန်းကူညီ ဖန်တီးပေးခဲ့ကြသူတွေကို ဒီနေရာလေးကနေ ကျေးဇူးစကားဆိုပါရစေ...
    မဂ္ဂဇင်းဓာတ်ပုံတွေ မရိုက်တော့ဘူးဆိုပေမဲ့ ဒီကာဗာအတွက် နံနက်ကနေ ညအထိ တစ်နေ့လုံး တစ်ရက်လုံး အချိန်ပေးပြီး အေးအေးဆေးဆေး စိတ်ရှည်လက်ရှည်... People ရဲ့ ဂျီတိုက်သမျှကို သည်းခံပြီး အလှဆုံးပုံရိပ်တွေဖြစ်ပေါ်လာအောင် ရိုက်ကူးပေးခဲ့တဲ့ Photographer - Ko Lin Tun (ကျားသစ်)...
    ကိုလင်းထွန်းနဲ့အတူ ရိုက်ကွင်းမှာ တစ်လျှောက်လုံးအတူ ရှိနေပြီး ဓာတ်ပုံတွေကို ပိုပြီးအလှဆုံးဖြစ်လာရလေအောင် ပြင်ဆင်ပေးခဲ့တဲ့ Graphic Designer - Ko Su Yar
    People ရိုက်ကွင်းအတွက် လိုချင်တဲ့ Decoration ပစ္စည်းတွေအားလုံးကို ရရှိစေဖို့ ကူညီပေးခဲ့တဲ့အပြင် ဘယ်လိုပုံစံ ဆင်ချင်တဲ့ဆိုတဲ့ People ရဲ့စိတ်ကူးအတိုင်း ref ပုံ မမြင်ရဘဲ လက်တန်း ဆင်ယင်ပေးခဲ့တဲ့ Eternal Flowers
    Hair Design တွေကို ဆန်းလည်းဆန်းအောင်... လန်းလည်းလန်းအောင် ၀တ်စုံတွေနဲ့လည်း လိုက်ဖက်မှုရှိအောင်ချိန်ဆပြီး ပြင်ဆင်ပေးခဲ့တဲ့ Nature Spa က Ma Soe
    လှပသွက်လက်တဲ့ မိတ်ကပ်လက်ရာနဲ့ ခင်မင်စရာကောင်းလှတဲ့ မိတ်ကပ်ပညာရှင် Htay Min (U Soe)
    အထူးအနေနဲ့ ကျေးဇူးတင်ရတဲ့ အစ်မ Designer Ma Pont (My Favourite) ... ကာလာတွေနဲ့ လိုချင်တဲ့ People အတွက် တခြားသောကဏ္ဍတွေနဲ့ ကွဲပြားအောင်စဉ်းစားပြီး ကာလာစုံဒီဇိုင်းတွေကို ဖန်တီးတီထွင်ပေးခဲ့တာကအစ...
    မိတ်ကပ်အတွက်၊ ဆံပင်အတွက် Atrist တွေကို ချိတ်ဆက်တာကအလယ်...

    
    ရုပ်ရှင်ရိုက်ကွင်းနဲ့ ချောင်းသာမှာ ရက်ရှည်ရောက်နေတဲ့ သက်မွန်ဆီက People ရဲ့ Deadline အမီ ရိုက်ရက်ကိုရအောင် ညှိယူပေးခဲ့တာက အဆုံး...
    အားလုံးကို သူမရဲ့များပြားလှတဲ့ အလုပ်တွေကြားက အချိန်လုဆောင်ရွက်ပေးခဲ့ပြီး သကာလမှာ တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက်တွေ၊ ဒီပါဝလီပိတ်ရက်တွေပါမကျန် People ဘက်ကနေ  အလိုက်မသိ ဖုန်းတွေဆက်ပြီး အလုပ်ကိစ္စ ဆွေးနွေးတာတွေကိုပါ မငြီးမညူ အပြစ်မတင်ဘဲ အစစအရာရာ ကူညီပေးခဲ့တဲ့ ဒီဇိုင်နာ & ရိုက်ကွင်းစီစဉ်သူ ဖြစ်ခဲ့ပါတယ်။
    People မဂ္ဂဇင်းအတွက် ကာဗာဝတ်စုံတွေဖန်တီးပေးခဲ့တဲ့ မပုံ့ရဲ့ အဓိကစိတ်ကူးလေးကတော့…
    “ December Issue ဖြစ်တဲ့အတွက် Winter နဲ့လည်း လိုက်ဖက်အောင် လက်ရှည် Dress နဲ့ Over Coat စတိုင်လ်မျိုးစဉ်းစားလိုက်ပြီး Colorful Theme အတွက် ပြောင်မသုံးဘဲ အမြင်ဆန်းသွားအောင် Brocade Floral အပွင့်ကြီးကြီးတွေနဲ့ ကာလာစုံကို မရိုင်းအောင်... သက်မွန်နဲ့လည်း လိုက်ဖက်အောင် ဖန်တီးပေးထားပါတယ်” လို့ သိရပါတယ်။
    ရုပ်ရှင်ရိုက်ကွင်းတွေဆက်ပြီး ရက်ကျပ်နေလို့ သက်မွန်ကို ဒီဇင်ဘာရယ်လို့မဟုတ်ဘဲ မှီတဲ့လမှ ရိုက်ပါလို့ပြောခဲ့တဲ့ နိုင်ငံကျော် အကယ်ဒမီသရုပ်ဆောင် သက်မွန်မြင့်ကလည်း  Cover ရယ်၊ အတွင်းကဏ္ဍရယ်ဆိုတဲ့ ခွဲခြားမှုမထားဘဲ သူမအချိန်ရှိရင်ရှိသလို ချစ်ပရိသတ်များအတွက် People မှာ ပါဝင်ကူညီပေးနေကျ အနုပညာရှင် တစ်ယောက်ပါ။
    ဒီရိုက်ကွင်းမှာလည်း နံနက် ၁၀ နာရီကစလို့ ည ၈ နာရီကျော်အထိ ပျော်ပျော်ရွှင်ရွှင်နဲ့  အပြုံးမပျက်အလုပ်လုပ်ပြီး အားလုံးကို စိတ်ချမ်းသာမှုပေးခဲ့တယ်။ အလုပ်လုပ်နေရင်း သူမရင်ထဲမှာ  သူမရဲ့သားလေးကို လွမ်းနေတာ၊ သားအနားမှာ ရှိချင်နေတာတွေကို ဖွင့်မပြောပေမဲ့ မြင်နေရပါတယ်။
    မိတ်ကပ်ပြင်ပြီးလို့ ဆံပင်ပြင်နေတဲ့ ကြာချိန်အတွင်း ဖုန်းထဲမှာထည့်ထားတဲ့ သားလေးရဲ့ ဗီဒီယိုဖိုင်လေးတွေ ဖွင့်ကြည့်လို့ အလွမ်းဖြေနေတာ တွေ့ရတယ်လေ...

    
    ဒါပေမဲ့လည်း သူမရဲ့ ချစ်ပရိသတ်တွေအတွက် ဒီကာလာစုံရိုက်ကွင်းလေးနဲ့အတူ  People က မေးမြန်းသမျှ သူမရဲ့ ကာလာစုံခံစားချက်လေးတွေအကြောင်း ခုလို မျှဝေပေးသွားခဲ့ပါတယ်…
    “ကာလာတွေနဲ့ ပတ်သက်ရင် သက်မွန်မကြိုက်တဲ့အရောင်က ရှားပါတယ်။ အရောင်စိုတာနဲ့ ဖျော့တာက အ၀တ်အစားတွေမှာ ကြိုက်တာများတယ်။ Crazy Color တော့ မကြိုက်ဘူး။ အရောင်
အရမ်းစုံရင်လည်း မျက်စိနောက်တယ်။ စိတ်ရှုပ်တတ်တယ်။
    အကြိုက်ဆုံးအရောင်ကတော့ အ၀ါရောင်ပါ။ ပြီးရင် အဖြူတို့၊ အနီတို့ ကြိုက်တယ်။ ဒါပေမဲ့ ၀တ်တာရှားတယ်။ အ၀ါနဲ့ အနီကအရမ်းထင်းလွန်းတယ်။ သက်မွန်က အရမ်းထင်းထင်းကြီး ဖြစ်နေရင်မနေတတ်ဘူး။ အလုပ်အတွက် လိုအပ်မှပဲဝတ်တယ်။
    အ၀ါရောင်ကတော့ အရမ်းကြိုက်လို့လား မသိဘူး။ အ၀ါကိုမြင်ရင် ကြည်နူးတယ်။ ပျော်ရတယ်။
    အ၀ါပြီးတော့ အရောင်စိုစို... အရမ်းတောက်တာ မဟုတ်ဘဲ ငြိမ်ပြီးစိုနေတာ။ သူ့အရောင်သူ ပြတ်သားတာမျိုး ကြိုက်တယ်။
    သက်မွန်က ကိုယ့်ကိုယ်ကို ၀တယ်၊ အကောင်ကြီးတယ်ဆိုတဲ့ စိတ်စွဲကရှိနေတော့ လူကိုပိန်စေတဲ့ အရောင်တွေဝတ်ရင် နေလို့ထိုင်လို့ ပိုကောင်းတယ်။
    ကာလာတွေထဲမှာ ရှောင်တာမဟုတ်ဘဲ မကြိုက်တာက သခွားရောင်၊ ပုစွန်ဆီရောင်ပြီးတော့ အရောင်စူးစူးတောက်တောက်ကြီးတွေဆိုမကြိုက်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ဆို မ၀တ်ဖြစ်ဘူး။ အပြာလည်း သိပ်မကြိုက်ဘူး။ အပြာနုလေ။ အပြာစိုစိုနဲ့ နက်ပြာဆိုရင်တော့ ကြိုက်တယ်။ ၀တ်တယ်။ အရောင် အရမ်းနုတာတွေ မ၀တ်ရဲဘူး။ ကိုယ့်ကိုယ်ကို အရမ်းကြီးသွားသလို ခံစားရလို့။
    သက်မွန်နဲ့ အလိုက်ဆုံးအရောင် ဘာလို့ထင်သလဲဆိုတော့ လိမ္မော်ရောင်က အလိုက်ဆုံးထင်တာပဲ။ လူကိုဝင်းသွားစေတယ်။ မလိုက်တာသခွားနဲ့ အစိမ်းနု (ဖက်ဖူးစိမ်း) မည်းညစ်ညစ် ဖြစ်သွားစေတယ်လို့ ခံစားရတယ်။ (မှတ်ချက် - ဒီကာဗာလေးမှာ သက်မွန်ကို သူမနဲ့ မလိုက်ဘူးလို့ဆိုတဲ့ ဖက်ဖူးရောင်လေးတစ်စုံ ထည့်ရိုက်ထားတယ်။ ချစ်ပရိသတ်များ အကဲဖြတ်ပေးပါဦးနော်...)

    
    အသုံးအဆောင်တွေထဲမှာ ဆိုရင်လည်း အ၀ါပဲအကြိုက်ဆုံး။ အ၀ါမရမှ အနက်၊ အနီ၊ အဖြူရွေးတာ။ အိတ်တွေ ဖိနပ်တွေနဲ့ ပတ်သက်ရင်တော့ အလုပ်ဇောနဲ့ ဘယ်အရောင်အကြိုက်ဆုံးတောင် မသိတော့ပါဘူး။
    ပြီးတော့ သက်မွန်မှာ Lucky , Unlucky Color ရယ်လို့ မရှိဘူး။ အရောင်ဖျော့တာတို့ အဖြူတို့တော့ ဓာတ်ကျနေတယ်။ ဒါပေမဲ့  ခုလို ရောင်စုံလေးတွေ ၀တ်ရတော့လည်း ကြိုက်တာပါပဲ။ အလုပ်နဲ့ကတော့ လိုအပ်သလို ၀တ်နေရတာဆိုတော့လ... တစ်ခါ တစ်ခါ ကိုယ့်စိတ်ထဲ အရောင်ကြောင့် ခံစားရတာတွေကို မဖမ်းမိတော့ဘူး။
    သက်မွန်တို့ မိသားစုလေးမှာဆိုရင် သက်မွန်က အ၀ါ၊ ကိုစစ်က အပြာဆိုတော့ သားသားက အစိမ်းလေးပေါ့။ မိသားစုဘ၀ကို ကိုယ်စားပြုတဲ့ အရောင်ကို ရွေးရမယ်ဆိုရင် ကောင်းကင်ပြာရောင်ကို ရွေးရ မယ်။ အေးချမ်းပြီး စိတ်ကြည်နူးစေတယ်လေ။
    ဒါပေမဲ့ ကောင်းကင်ရဲ့သဘောက မိုးအုံ့ရင်အပြာရောင်လေးပျောက်ပြီး မှောင်တဲ့အချိန်လည်းရှိတာပဲ။ မိသားစုဆိုတာ ဒီလိုပဲ...ခံစားချက်အများကြီးရှိတယ်။ ပျော်ရွှင်ကြည်နူးရသလို ရင်ဆိုင်ရတာတွေလည်းရှိတယ်။ အားလုံးကို ချစ်ခြင်းမေတ္တာဆိုတဲ့ အရောင်နဲ့ လွှမ်းမိုးထားပါတယ်။
    လက်ရှိအချိန်မှာ သက်မွန်အတွက် အရေးအကြီးဆုံးကတော့ ဘာအရောင်မှ မဆိုးထားတဲ့ အရမ်းကိုဖြူစင်လွန်းတဲ့ အဖြူရောင်သားလေးပဲ။ သားသားက ဘ၀မှာ နံပါတ်(၁)။ ကိုယ့်ကိုမှီပြီး လူဖြစ်လာတဲ့ သားလေးက အရေးအကြီးဆုံးပါပဲ...”