Primary tabs

“ သက်ဆိုင်သူများအတွက် ”

စောရနက္ခတ်နဲ့ယှဉ်ပြီး မွေးထားတာလည်းမဟုတ်။ သူခိုးကြီးပွဲတော်နေ့မှာမှ အမေက ဗိုက်န လာတာလည်း မဟုတ်ရပါဘူး။ ကံငါးပါးထဲက အဒိန္နဒါနာကံ အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ မသိမဟုတ် သိသိကြီးနဲ့ကို အတိတ်ကံအကြောင်းကိုက ဒီလိုဖြစ်ဖို့ကံကပါလာပြီးသားဆိုတော့လည်း ရှောင်လွှဲချင်လို့ မရနိုင်ဘူးပေါ့။

ကိုးတန်းနှစ်မှာအတန်းဖော် အတူထိုင်သူငယ်ချင်းမဆီက ခဲဖျက်စုတ်တစ်တုံးကို စယူလိုက်မိတဲ့ ရယ်စရာ ပြောင်စရာ ပြောစရာ လေး တစ်ခုကစလို့ ကျောင်းအုပ်ဆရာမကြီးရုံးခန်းကို တစ်ခါကနှစ်ခါ၊ အခါခါအလီလီ လက်မှတ်သွားထိုး၊ ၀န်ချတောင်းပန် အလျော်ပေးရ တာတွေများလာတဲ့အခါ သမီးငယ်ရဲ့အကြောင်းကို တစ်အိမ်သားလုံး တစ်စထက်တစ်စသိ။ ဆယ်တန်းအောင်ပြီးသွားချိန်မှာတော့ စိတ် ရောဂါအထူးကု ဆရာဝန်ကြီးကိုယ်တိုင်က ကလက်ပ်တိုမေးနီးယား (Kleptomania) လို့ သေသေချာချာ့ကို ရောဂါနာမည် တပ်ပေးလိုက် တော့တာပါပဲ။

“စာရိတ္တမကောင်းတာတို့၊ ပြုပြင်လို့မရနိုင်တဲ့ အပျက်အစီးအလေအပေတို့ အဲဒီလိုမျိုးတွေ စွပ်စွဲခံရပြီး ကလေးရဲ့စိတ်ဓာတ်ကို ဒီ့ထက်ဒီ ကျဆင်းစေတာမျိုး၊ ပိုဆိုးသွားစေတာမျိုးတွေ မဖြစ်စေသင့်ဘူး။ မိဘတွေအနေနဲ့ တကယ့်ကို စစ်စစ်မှန်မှန် ယုံကြည်နားလည် ထားဖို့က သူခိုးနဲ့ ကလက်ပ်တိုမေးနီးယားနဲ့ ဘာမှမဆိုင်ဘူး။ သူခိုးဆိုတာမျိုးက ခိုးယူမယ့်ပစ္စည်းရဲ့ အသုံးဝင်မှုနဲ့ အဖိုးထိုက်တန်မှုတွေ ကြောင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်တိုင်သုံးစွဲဖို့ ဒါမှမဟုတ် ပိုက်ဆံအတွက် အဲဒီပစ္စည်းကို ခိုးယူတာ။

ဒီလို ရောဂါရှင်လေးတွေခမျာကျတော့ သူတို့သုံးဖို့ ဒါမှမဟုတ် ပိုက်ဆံအတွက် မဟုတ်ဘူး။ အဲဒီပစ္စည်းလေးကိုပဲ ခိုးဝှက် ယူလိုက်ချင်စိတ်ကို ဘယ်လိုမှ စိတ်ထိန်းလို့မရနိုင်လို့ပါ။ သူတို့ ခိုးဝှက်ယူလိုက်တာမျိုးမလုပ်ခင်မှာ ရုတ်တရက် ယူလိုက်ချင်စိတ်က စဖြစ် လာ၊ ပြီးကျတော့ အကြိမ်ကြိမ်အထပ်ထပ် ဒီတစ်စိတ်တည်းပဲစွဲနေ၊ တဖြေးဖြေး အရှိန်ကမြင့်တက်လာပြီး သူတို့မှာ မခိုးလိုက်ရမချင်း tension တွေနဲ့ ဖိစီးနေရော။ အဲဒါလေးကို ခိုးယူလိုက်ပြီးသွားရင်တော့ စိတ်ထဲကကို ကျေနပ်ပြီး တာဝန်ကျေသွားသလိုလို အရည်အချင်း ပြည့်မီသွားသလိုလို ခံစားနေကြရတာ။

အဲဒါ ဘာ့ကြောင့်ဖြစ်လာသလဲ ဆိုတာကတော့ အတိအကျပြောလို့ မရဘူးဗျာ။ First  degree relatives တွေကနေ Genetic Disorder ကြောင့်လည်း ဖြစ်နိုင်ချေတော့ရှိတာပေါ့။ တခြားစိတ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေ တွဲခံစားနေရရာကနေ ဒါပါဖြစ်လာတာ မျိုးလည်း ရှိနိုင်တယ်။ မေမေတို့ ဖေဖေတို့ သိထားကြဖို့ကတော့ ရှင်းရှင်းကြီး ပြန်ပျောက်နိုင်မယ်လည်းမဟုတ်၊ လုံးဝမပျောက်နိုင်တော့ ဘူးလို့လည်း ပြောလို့မရနိုင်ပါဘူး။ ကံပေါ့ဗျာနော်။ ကျွန်တော်တို့ ဆေးလေးတွေပေးပြီး ထိန်းထားကြမယ်။ နောက်ပြီးတော့ ကြိုတင် ကာကွယ်မှုလေးတွေပေါ့။ ကျန်းမာရေးကောင်းအောင်နေမယ်။ လူမှုဆက်ဆံရေးတွေ တိုးတက်လာအောင် လုပ်ပေးထားမယ်။ ကလေးကို Stress ပိနေစေမယ့် အနေအထားတွေကနေ ရှောင်ထားမယ်။

ဒါမျိုးကလေးတွေက လူမှုရေးခွဲခြား ဆက်ဆံခံရပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အထင်သေးစော်ကားမှုတွေ ခံစားကြရတာများတော့ အဲဒါမျိုးလေးတွေကတော့ သူတို့အတွက် ပိုပိုဆိုးလာစေတဲ့ အဓိကအချက်လေးတွေပေါ့။ သနားဖို့ တကယ်ကောင်းပါတယ်။ သူတို့မှာ သူတို့ရဲ့အဲဒီအပြုအမူတွေအတွက် စိတ်ဖိစီးနေတာ၊ အပြစ်မကင်းသလိုခံစားနေရတာနဲ့ နောင်တတွေလည်းရနေကြရက်သားနဲ့ ဆက် ဆက်ပြီးတော့ပဲ ဒါမျိုးတွေကို ထပ်ထပ်ကျူးလွန်မိနေကြရတာ။ ပြစ်မှုမြောက်တဲ့အထိ အကြီးအကျယ်ကြီးတွေ လျှောက်ဖြစ်မကုန်ဖို့ကို တော့ မိဘတွေကပဲ ဂရုစိုက်ကြပ်မတ်ပေးကြပေါ့ဗျာ”

ဆရာဝန်ကြီးရဲ့စကားကို တိပ်တွေ စီဒီတွေနဲ့သွင်းထားပြီး လူတိုင်းကို လိုက်ဖွင့်ပြနေလို့မှ မရနိုင်တာ။ ပြဿနာရယ်လို့ ဖြစ်လာ ရင် မျက်နှာငယ်အောက်ကျခံပြီး လိုက်သာရှင်း။ တော်သေးတာတစ်ခုက မိဘတွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ဆွေစဉ်မျိုးဆက်အဆက်ဆက် လူရာဝင်နာမည်ကောင်းခဲ့တဲ့ ဂုဏ်သတင်းအချက်အလက်က သမီးငယ်ရဲ့ အမဲစက်ကလေးကို အတော်အသင့်တော့ ဖုံးအုပ်ကာကွယ် ထားနိုင်ခြင်းပဲပေါ့။

“(---) က သူဌေးရဲ့သမီး ဆိုင်ထဲဝင်လာရင် မျက်စေ့ဒေါက်ထောက် လိုက်ကြည့်မနေကြနဲ့။ လွှတ်သာထားလိုက်ကြ” လို့ ညွှန် ကြားပေးထားတတ်တဲ့ Department  Store ကြီးအချို့မှာ သမီးငယ်ဟာ ဘာမဟုတ်တာလေးတွေကို အောင်အောင်မြင်မြင်နဲ့ ယူဆောင် သွားလိုက်၊ သူ့ဘာသာသူ စိတ်တွေကျေနပ်ပြီး တိတ်တဆိတ်သိမ်းရင်သိမ်းထား၊ ဒါမှမဟုတ် ခိုးကြောင်ခိုးဝှက်နဲ့ ပြန်လာထားလိုက်။ မိဘ တွေက လူသိများတဲ့သူတွေ ဖြစ်နေပေမယ့်လည်း သမီးငယ်ကတော့ ကလက်ပ်တိုမေးနီးယားလို့ အမည်တပ်ခံထားရတဲ့ နာမည်ကျော် “လင်းဆေးလိုဟန်” လည်းမဟုတ်၊ “၀ိုင်နိုနာရိုက်ဒါ” လည်း မဟုတ်တဲ့အတွက် ဒီလိုပြဿနာနဲ့တော့ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းတွေထဲပါ လာပြီး မကောင်းသတင်းနဲ့ ဟိုးဟိုးကျော် ဒုက္ခရောက်စရာလည်း မရှိနိုင်ပါဘူးလို့ပဲ ဖြေသိမ့်ထားခဲ့ကြတယ်။

x x x x x x

 “ဟာ”

ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းက ယုံတောင်မှမယုံချင်ပါ။ ရုပ်ရည်လေးနဲ့မှ မလိုက်၊ ၀တ်စားပြင်ဆင်ထားတာတွေနဲ့မှ မလိုက်၊ အကျင့်က တန်လှချေလား။ ဖြတ်ကနဲ၊ လှစ်ကနဲ လျှင်လျှင်မြန်မြန် လှုပ်ရှားလိုက်ပုံကလည်း လုံး၀၀ါရင့်တစ်ယောက်ဆိုတာ သိသာလို့နေတာ။ သူလုပ်ချင်တာကို ပိပိရိရိ အောင်မြင်ပြီးသွားချိန်မှာ လုပ်ထားလိုက်တဲ့ မျက်နှာပေးလေးကိုလည်း ကြည့်ဦး။ သူ့ သွားစွပ်စွဲရင် စွပ်စွဲမိသူသာလျှင် မုသာဝါဒါနဲ့ ကံကြီးထိုက်ရတော့မယ့် အပေါက်မျိုး။ ပကတိကြည်လင် အေးချမ်းနေတဲ့ဟန်က ဘယ်တုန်း ကမှ ဘယ်တစ်ချက်မှာမှ မဟုတ်တာမလုပ်ဖူးတဲ့သူပါဆိုတဲ့ အကယ်ဒမီရွှေစင်ရုပ်ထုပါ တန်းရသွားနိုင်တဲ့ မျက်နှာပေးမျိုးနဲ့။

သူ့ကို ပြူးပြူးစူးစူးကြီး စိုက်ကြည့်နေတဲ့ ကိုယ့်ကို သမင်လည်ပြန်လေးတစ်ချက်နဲ့ သတိထားမိသွားတော့ “ တုန် ” ကနဲလေး (rodrom) တစ်ချက်တော့ ဖြစ်သွားလိုက်ပါသေးရဲ့။ သို့သော် Poker - Face လို့ ဆိုရလောက်တဲ့ တည်တည်ငြိမ်ငြိမ် မျက်နှာထား ကတော့ လုံးဝကို တစ်သမတ်တည်းရမလား။ နေရာတကာမှာ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားမှဝင်မကျောင်းရရင် စားမ၀င် အိပ်မ ပျော်တတ်တဲ့ အကျင့်နဲ့ မောင်မောင့်လိုလူမျိုးရဲ့ ရှေ့မှာမှ ဒါမျိုးကြီးဆိုတာကတော့ ကျားရှေ့မှောက်ရက်လဲတာထက် ဆိုးဆိုသလို။ ပြီးကျ ဒီ Deperment Store ကြီးက ပိုင်ရှင်ရဲ့သားကလည်း နောင်ဆိုကိုယ်နဲ့ လုပ်ငန်းတူပါတနာတွေအဖြစ် ဆက်ဆံသွားကြဖို့ စကားပြောဆို နေကြတာ။ သူတို့ဆိုင်က Sale Girl လေးတွေရဲ့ မျက်စေ့လျှမ်းအသုံးမကျမှုနဲ့ တာဝန်မကျေပွန်မှုတွေကို တိတိကျကျ ဖော်ထုတ်ပြောပြ ထားနိုင်ပါမှ နောင်သူလည်း ကိုယ့်ကို မလေးမစားမလုပ်ရဲတာမျိုး ရှိလာနိုင်မှာပေါ့။

“ဟို .. ဟို .. ထားလိုက်ပါ”

“ဘာဖြစ်တယ် ဍ ”

“ကျွန်မလည်းမြင်ပါတယ်။ ဒါပေမယ့် ထား လိုက်ပါ”

“ဘာကိစ္စလဲ ။ ဘာ့ကြောင့်လဲ”

“တမင်မှာထားတာပါ။ နောက်မှ ရှင်းပြမယ်”အဓိပ္ပာယ်မရှိတာ။ ကိုယ့်အင်္ကျီစကို မရဲတရဲလာဆွဲထားပြီး ကိုင်လှုပ်နေတဲ့ Sale Girl လေးကို အားတော့နာပါရဲ့။ ဒါပေမယ့် ဒါ သူ့တာဝန်လေ။ ထားလိုက်လို့ရမလား။ သူ့လက်ထဲက ကိုယ့်အင်္ကျီစကို ဖြတ်ကနဲ ပုတ်ထုတ်၊ ပိရိသေသပ်နေတဲ့ မျက်နှာပိုင်ရှင်နား ပြေးမတတ်ကို ကပ်သွား ...

“ပြန်ထားလိုက်၊ အကောင်းပြောနေတာ။ ဘာပြဿနာမှ မဖြစ်ချင်ရင် ခုနဟိုစင်လေးပေါ်ကနေ မင်းအိတ်ထဲ အကုန်ဆွဲချပြီး  ထည့်လိုက်တဲ့  Staples ဘူးလေးတွေလား မသိဘူး၊ ဘယ်နှစ်ဘူးလောက်ရှိမလဲ။ အကုန်သွားပြန်တင်ထားလိုက်ချေ။ ကိုယ်က ဒီဆိုင်ကမ ဟုတ်ဘူး။ ကိုယ်လည်းဈေးဝယ်လာတာပဲ။ ဒါပေမယ့် ဒါမျိုး မဟုတ်တာကြီးတစ်ခုကိုတော့ ကိုယ်လည်းမြင်လိုက်ရက်နဲ့ လက်ပိုက်ကြည့် မနေနိုင်ဘူး။ မင်းပုံစံလေးနဲ့ကွာ၊ ဒီဆိုင်ကလူတွေ အားလုံးသိကုန်ပြီး ရုတ်ရုတ်သဲသဲ မဖြစ်ချင်ဘူး မဟုတ်လား။ Staples ဘူးများ တစ်ဘူးမှ ဘယ်လောက်ရှိမှာမို့လဲ။ ကျွတ် ! သွားပြန်ထားလိုက်သွား”

ဒီတစ်ခါတော့ သူကပဲပြန်ပြီး ပြူးပြူးစူးစူးကြီး။ ကိုယ့်စကားကို အလွယ်တကူနဲ့ လက်သင့်ခံနားထောင်လိုက်မယ့်ပုံတော့ လုံးဝ မရချေ။ “သွားလေ.. အကောင်းပြောနေတာ” ဆိုလည်း မထုံတက်တေး မျက်နှာပေးကမလျော့။ ckeu Sale Girl လေးကလည်း ဘယ် လောက်များ တာဝန်ရှောင်ချင်နေလဲမသိ။ ကိုယ်နဲ့ကောင်မလေးတို့ရဲ့ အပြန်အလှန်တွေနား တစ်စက်ကလေးမှ ရောက်ရှိလို့မလာဘဲ ဘယ်တောင်ရောက်သွားပြီလဲ မသိနိုင်ပေ။

“ပြဿနာမဖြစ်ချင်နဲ့။ မင်းပိုက်ဆံအိတ်ထဲမှာ အဲဒါတွေရှိနေတာ ကိုယ်သိတယ်။ ပစ္စည်းတွေက ကုဒ်နံပါတ်မခွာရသေးရင် လုံခြုံ ရေးတွေ လက်ထဲက Detector နဲ့ ဆွဲလိုက်တာနဲ့ အသံကထမြည်မှာပဲ။ ခေါင်းမာမနေနဲ့”

မျက်လုံးတွေကတော့ ငိုပဲချတော့မလိုလို မျက်လုံးရွဲကြီးတွေနဲ့ ဖြစ်လာပါရဲ့။ လူကတော့ ဆံနွယ်လေးတွေတောင် ၀ဲကနဲဖြာ သွားမတတ် ကိုယ့်အပါးကနေရော၊ ဆိုင်ထဲကပါ ခပ်မြန်မြန်လှည့်ပြန်ပြေးသွားဖို့ ဟန်ပြင်လိုက်ပြီ။ ကိုယ်လား ! ကိုယ်ကလည်း အသည်း ယားသွားပြီဆိုရင် အလွယ်တကူနဲ့ ငြိမ်နေလိုက်တတ်တဲ့လူမျိုး မဟုတ်ဘူးလေ။ ကိုယ့်ရဲ့တကယ့်ဆန္ဒက ဒီကောင်မလေးကို အဲဒီလိုမျိုး ဘာမဟုတ်တဲ့ ပစ္စည်းမျိုးလေးကအစပြုပြီး အစရှိအနောင်နောင် သူလေးရဲ့ စိတ်ဓာတ်တွေပါ ပျက်စီးသွားတာမျိုး မဖြစ်စေချင်ရုံ သက် သက်ပါ။

အနားကို ပြေးလွှားရောက်လာတဲ့ လုံခြုံရေးတစ်ယောက်ဆီက Detector တုတ်ချောင်းကို ဖြတ်ကနဲဆွဲယူ၊ ခပ်သုတ်သုတ်  လှည့်ပြေးနေတဲ့ ကောင်မလေးဆီ အပြေးအလွှားလိုက်၊ သူ့ဘေးလွယ်အိတ်ကြီးကို တုတ်နဲ့ပွတ်ဆွဲ။ “တွီတွီတွီ” နဲ့ ထမြည်တော့ တစ်ဆိုင် လုံးလည်း အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲတွေဖြစ်။ လူတွေအားလုံးရဲ့ အကြည့်ပေါင်းစုံနဲ့ စကားသံ ဆူညံကျယ်လောင်တို့က ကိုယ်နဲ့ ကောင်မလေးဆီကို ချက် ချင်းကြီးရောက်လာတာပေါ့။

“ကျွတ် ! မင်းကွာ.. ဘာမှလည်း မသိဘဲနဲ့။ ပြဿနာကောင်ပဲ”

Sale Girl ကောင်မလေးနဲ့အတူ အပြေးအလွှားပြန်ရောက်လာတဲ့ သူငယ်ချင်းက ကိုယ့်ကိုစိတ်ပျက်လက်ပျက်လေသံနဲ့ ခေါင်းကုတ်ကိုယ်ကုတ် ရှုံ့ရှုံ့တွတွကြီးကို အပြစ်တင်လိုက်တဲ့အခါ ကိုယ့်မှာ ကိုယ့်အပြစ်ကိုယ် ဘာမှန်းကိုမရိပ်မိဘဲ ထူးဆန်းလို့သာနေရ ရော။ ဘာဖြစ်တာလဲ ! ။

x x x x x x

ကိုယ့်မှာ မိဘကစီမံပေးထားတဲ့ လုပ်ငန်းခွင်ထဲကိုဝင်ပြီး အခြေချအလုပ်စလုပ်ဖို့ထက် “အပါးတော်မြဲ၊ သက်တော်စောင့်” ရာထူး တစ်နေရာမှာ (ဘယ်သူကမှမခန့်ထားပါဘဲနဲ့) မြဲမြဲစွဲစွဲ အပတ်တကုတ် လုံ့လတွေထုတ်နေမိတာ။ ကောင်မလေးဘယ်သွားသွား တစ်ဖ၀ါးမှ မခွာဆိုရင်တော့ နည်းနည်းပိုရာကျမယ်ထင်တယ်။ ဒါပေမယ့် အဲဒီနီးပါးပါပဲ။ သူ့လူ ကိုယ့်ဘက်သားတွေကလည်း အပုံကြီးလေ။ သူက လေး အပြင်ထွက်တော့မယ်ဆိုရင် ဖုန်း message လေးတစ်ချက်တော့ ကိုယ့်ဆီ “တီ” ကနဲ ၀င်လာနိုင်ဖို့ သူ့အိမ်က အလုပ်သမား တစ်ဒါ ဇင်နီးပါးကြီးကို ပေးကမ်းထောက်ပံ့ထားရတာကပဲ နည်းလား။

ကောင်မလေးလား။ ဘာပြောကောင်းမလဲ။ ကျေးဇူးတင်ဖို့ဝေးလို့ အင်မတိအင်မတန်ကို မြင်ပြင်းကပ်၊ တအားကိုကြည့်မရ၊ ဘီလူးသူရဲနဲ့ရင်ဆိုင်လိုက်ရမှာမျိုးလို ကြောက်ကလည်း ကြောက်သေးဆိုပဲ။

နဂိုတည်းကိုက အလကားနေရင်း စိုးရိမ်ပူပန်မှုတွေ ကြီးနေတတ်တဲ့သူမျိုးကို အပြင်ထွက်တိုင်း ဘယ်ညာဟိုဒီခေါင်းတွေလည် နေစေရအောင် တမင်ကြီးတော့ ဖန်တီးမထားချင်ပါဘူး။ သူ့ခမျာ ကိုယ်များသူ့နောက်မှာ ကပ်ပါလာတော့မလားဆိုတဲ့ စိုးရိမ်သောက က Department Store ကြီးတွေမှာ ပျော်ပျော်ပါးပါးလည်ပတ် သွားလာပစ်လိုက်ချင်တဲ့ဆန္ဒထက် အများကြီးကို ပိုနေရသေးတယ်ဆိုပဲ။

ဒါပေမယ့် ကိုယ့်ကိုရိပ်ကနဲ လှမ်းတွေ့လိုက်ရတာနဲ့ သွေးတွေခဲသွားတဲ့သူလို အေးစက်စက်ကြီး တောင့်တင်းမာကျောသွားပါစေ။ သူ့စိတ်သူမထိန်းနိုင်တဲ့ကိစ္စမျိုး ပေါ်ပေါက်မလာတာကိုကိုယ်က သဘောကျတယ်။ သူတို့လိုလူမျိုးတွေဟာ စောင့်ကြည့်နေတဲ့သူရှိနေ တယ်လို့ ခံစားရရင်တော့ တရိပ်ရိပ်တက်လာတဲ့ ဒီရေလို မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာတတ်တဲ့ အတွေးစိတ်တွေက အရှိန်ပြန်လျော့ကျ၊ သူတို့ဘာသာပဲ မသိမသာလေးတွေ ရှောင်ထွက်သွားတတ်တော့တာပဲ ဆိုတာကိုး။ ကိုယ်ပါနေရင် သူ့စိတ်က သူ့ကို ဘာဒုက္ခမှ မပေးနိုင် ဘူး။ သူ ဘာမှ အောင်မြင်မလာနိုင်ဘူး။

သူ့မိဘတွေက Department Store တွေ၊ Shopping Mall တွေ၊ Centre တွေ ဘယ်နှစ်ခုလောက်ကိုများ လိုက်အသိပေး အကူ အညီ တောင်းထားနိုင်မှာမို့လို့လဲ။ မထင်မှတ်တဲ့ တစ်ထောင့်တစ်နေရာရာမှာ သူဒုက္ခလှလှတွေ့သွားနိုင်တာ ကိုယ်က လက်ပိုက်ကြည့် မနေနိုင်ဘူးလေ။ ပစ်လည်းမထားနိုင်ဘူး။ ကောင်မလေးက Social Phobia (လူမှုဆက်ဆံရေး အသိုင်းအ၀ိုင်းကို စိုးရိမ်မကင်းကြောက် ရွံ့ခြင်း)ကလည်းရှိတော့ မိဘအသိုင်းအ၀ိုင်းကကြီးပေမယ့် အပေါင်းအသင်းသူငယ်ချင်းက တစ်ယောက်မှမရှိသလောက်ပဲ။ သူ့ဘေးက အထိန်းအဖော်၊ ဒရိုင်ဘာလိုလူမျိုးတွေကလည်း သူက ထိုင်ဆိုထိုင် ထဆိုထ၊ ကားပေါ်ကကို ဆင်းခွင့်မှမရှိကြတာ၊ အရေးကြုံရင် အကူ အညီကောင်းကောင်း ပေးနိုင်မယ့်သူ ဘယ်သူမှမပါဘူး။ အမြဲစွဲသောက်နေရမယ်ဆိုတဲ့ဆေးတွေကို ကားပေါ်ကနေ လမ်းမပေါ်ကို လွှင့်ပစ် လိုက်တာမျိုးအထိပါ နှစ်ခါလောက်တွေ့လိုက်ရပြီးချိန်မှာတော့ ကိုယ့်မိဘ၊ သူ့မိဘ၊ ကိုယ့်သူငယ်ချင်း အသိုင်းအ၀ိုင်း၊ လုပ်ဖော်ကိုင်ဖက် ဘယ်သူတွေ ဘာထင်ထင် ဘာပြောပြော ကိုယ်လည်းပဲ “စိတ်အစွဲအလန်းကြီးတဲ့ရောဂါမျိုး” ကိုယ်တိုင်ခံစားနေမိပြီပဲ ဆိုပါတော့ ။

“ရှင် .. ရှင် .. ဘယ်လိုဖြစ်လို့ သူများနောက်က တကောက်ကောက် ဖြစ်နေရတာလဲ”

မနေနိုင်တော့တဲ့အဆုံး ဂျန်းရှင်းစကွဲထဲက Gift Shop ဆိုင်လေးတစ်ဆိုင်ရှေ့မှာ သူကိုယ့်ဆီဖြတ်ကနဲ ရောက်လာတယ်။ မရဲ တရဲလေး တုန်တုန်ခိုက်ခိုက်ပြောချလိုက်တဲ့ စကားသံလေးအဆုံး “သွားပါပြီ” လို့ ကိုယ့်ကိုယ်ကိုယ်သိလိုက်မိတာက အဲဒီကောင်မလေးကို ကိုယ်အရမ်းကို ချစ်နေမိပြီပဲ။ သူကလေးမှာ တခြားတွဲဖက် Psychi-atric Disorder အနေနဲ့ အစွဲအလန်း ပြဿနာ (OCD) တစ်မျိုးဖြစ်တဲ့ Bulimia Nervosa လို့ခေါ်တဲ့ (အကြာကြီး မစားမသောက်ဘဲနေနေ၊ ပြီးမှ မနိုင်ရင်ကာ ထထစား။ အချိန်တိုလေးအတွင်းမှာ တအားကြီး စား၊ ပြီးတာနဲ့ဆေးသောက် ဒါမှမဟုတ် လက်ထိုးထည့်ပြီး ပြန်အန်ချ) စားသောက်ပုံ ပြဿနာတစ်ခုကလည်း ရှိနေသေးတဲ့အခါ ပိန်လှီ ဖျော့တော့နေတဲ့ ပုံသဏ္ဌာန်လေးနဲ့ တကယ်တော့ လှလှတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်သူ့ကို သိပ်ချစ်တယ် ။

ကိုယ် သူနဲ့ ပထမဦးဆုံးစတွေ့လိုက်ရတဲ့ အချိန်က ကိုယ့်ဘက်က ဘာမှကြိုသိမထားတဲ့သူမို့ သူ့အပေါ်မညှာမတာ အလွန်ကြီး လိုလိုဖြစ်သွားရတဲ့အတွက် အပြစ်မကင်းနိုင်သလိုလို၊ တာဝန်ပဲရှိသလိုလို ဆက်ခံစားနေမိတာက သပ်သပ်ပါ။ ချစ်ကိုချစ်သွားမိတာက သပ်သပ်ပဲ။ ဘယ်သူမှ မယုံကြည်နိုင်ကြဘူးဆိုလည်း ကိစ္စတော့ သိပ်မရှိပါဘူး ။

ကိုယ့်ဘက်က ဘာတုန့်ပြန်မှုမှ ပြန်မရတော့ “နောက်တစ်ခါထပ်တွေ့ရရင် ကျွန်မကိုအဆိုးမဆိုနဲ့တော့” တဲ့။ လာခြိမ်းခြောက်နေ တဲ့သူ ကိုယ်၌က ထိတ်ထိတ်လန့်လန့် ဖြစ်နေသေးတာ။ ချစ်စရာလေး။ “နောက်တစ်ခါ” ဆိုတာကြီးကို ခပ်မြန်မြန် ပြေးရင်ဆိုင်ပစ်လိုက် ချင်စရာလေး။

“ရဲတိုင်မှာကိုတောင်မှ မကြောက်သေးဘူးဆိုရင် ကျွန်မဘာလုပ်မလဲ .. ရှင်စောင့်ကြည့် ကြည့်လိုက်”       

 ကိုယ်က ချစ်စနိုးလေးနဲ့ ပြုံးပြီးစိုက်ကြည့်နေရင် သူက ပိုတောင်ကြောက်သေးတယ် ထင်တယ်။ ပြဿနာပဲ။

x x x x x x

ဒီ Supermarket ကြီးက Alarm လုပ်တဲ့ ဘဲလ်သံတွေလောက် (-) မြင်ကပ်စရာကောင်းတဲ့ အသံထွက်မျိုးတော့ ကြုံကိုမကြုံဖူး သေးဘူး။ “တွီ တွီ” ရော၊ “ဂွမ်ဂွမ်” ရော၊ “ပီးပေါ်.. ပီးပေါ်” ဆိုတာ ကလည်းပါလိုက်သေး။ အသံတွေကသာ နားမခံသာတာ၊ ကိုယ့်မှာ စိုးရိမ်စိတ်တော့ နည်းနည်းမှ မရှိပါဘူး။ ကိုယ့်ကောင်မလေးက ကိုယ့်မျက်စေ့ ရှေ့မှောက်အောက်တင် မျက်ခြေမပြတ် ရှိနေတာလေ။ ဘာတွေဘယ်လောက်မြည်နေနေ သူကလေးကြောင့်တော့ မဖြစ်နိုင်ဘူး။ အဲဒီလောက် အလန့်တကြား လူသိရှင်ကြား Alarm လုပ်ပြီး သူခိုးဖမ်းချင်တဲ့ပုံစံက ဈေးဝယ် Customer တွေကို စော်ကားနေသလိုတောင် ဖြစ်နေလို့ တော်တော်စိတ်ကုန်မိပေမယ့် ကိုယ့်ကောင်မ လေးက ထွက်ပေါက်ကနေ အပြင်ဘက်ထိတောင် ရောက်သွားပြီးပြီလေ။ ဘယ်သူသေသေ ငတေမာရင် စိတ်ချမ်းသာပါတယ်။

“ဒီမှာ ဆရာ .. ခဏလောက် ဒီဘက်ကို ကြပါ”

“ခင်ဗျာ”

“စိတ်မရှိပါနဲ့။ စက်ကအသံမြည်နေတော့ ပိုက်ဆံမချေရသေးတဲ့ ပစ္စည်းလေးတစ်ခုနှစ်ခုလောက် ကြားညပ်ပြီးပါသွားတာမျိုး လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ Casher က မိန်းကလေးတွေ ပေါ့လျော့ပြီး ကုဒ်ပြန်မဖြုတ်လိုက်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ .. ဟိုဒင်း .. ဒါပေမယ့် ဆရာက ဘာမှဝယ်မထားဘူးလား”

ကိုယ့်နံဘေးနားမှာ အပြာဝမ်းဆက်ဝတ် လုံခြုံရေးတွေ နှစ်ယောက်သုံးယောက်လောက် ဖြစ်သွားတယ်။ လူကို အင်္ကျီဘောင်းဘီ တွေပေါ်ကနေ တဘုန်းဘုန်းတဘိုင်းဘိုင်း ရိုက်စမ်းလိုစမ်း၊ အင်္ကျီအိတ်ထဲ ဘောင်းဘီအိတ်ထဲအထိပါ လက်တွေကရောက်မလိုလို ဖြစ် လာတော့မှပဲ ကျောချမှ ဓားပြမှန်းသိ ဆိုသလို သူတို့မသင်္ကာဖြစ်နေတဲ့ သူက ကိုယ်ပါလားဆိုတာ သဘောပေါက်လိုက်ရတော့တာ။ ဒေါသအရမ်းထွက်သွားမိတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ်ကရယ်လည်းရယ်ချင် နေလိုက်သေးတယ်။ ဒီလိုပြဿနာမျိုး ကိုယ့်ချစ်သူကောင်မ လေးတွေ့ကြုံလိုက်ရမှာကို အစိုးရိမ်ကြီးစိုးရိမ်ပြီး တကောက်ကောက် လိုက်စောင့်ရှောက်နေခဲ့တာလေ။ တွေ့မယ့်တွေ့တော့ ပြဿနာက ကိုယ်နဲ့။

 “ဟော.. ဟော.. တွေ့ပြီ၊ တွေ့ပြီ။ ဒီမှာပဲ”

“ဟယ်.. ပလက်တီနမ် ဟန်းချိန်းလား”

“အစစ်ကြီးလား။ ဘယ်ဆိုင်ကလဲ”

ပတ်ဝန်းကျင်ရဲ့အမြင်မှာတော့ အလူးအလဲပေါ့။ မျက်လှည့်ပြလိုက်သလိုပဲ။ ကိုယ့် ဘောင်းဘီအိတ်ထဲကနေ အဲဒီချိန်းကြိုးလေး တစ်ခုက တကယ်ပဲ ထွက်လာခဲ့တာနဲ့ လူမှာတစ်ခါတည်း သူခိုးကြီးလုံးလုံးကို ဖြစ်သွားရော ။

“မဟုတ်ဘူး။ ခင်ဗျားတို့ CCTV တွေထဲ ပြန်ကြည့်ကြဦးလေ။ အဲဒီပလက်တီနမ်ဆိုင်ရှေ့က ကျွန်တော်ဖြတ်တောင် မလျှောက်ခဲ့ ဖူးဘူး”

ဆူညံနေတဲ့ အသံတွေကိုလွှမ်းအောင် အော်လိုက်မိပြီးမှ ကိုယ့်ကောင်မလေးကို ကိုယ်ပြန်ပြီး သတိရလိုက်တာ။ ထိတ်လန့်တ ကြားကြီး ရှာဖွေလိုက်တော့ သူကကားပါကင်နေရာလောက်မှာ။ မျက်စေ့ချင်းမဆုံဆုံအောင်လာကြည့်နေပြီးမှ သူကလေးက အသံမထွက် ဘဲ ပါးစပ်လှုပ်ရုံလေးနဲ့...

“မှတ်ပြီလား ! ”

“ဟိုက်” ကနဲတောင် အသံထွက်သွားမိ သေးတယ်ထင်တယ်။ ဒီလိုဆိုရင်တော့ “CCTV တွေပြန်ကြည့်” လို့ စွတ်အော်နေလို့ ဘယ်လိုလုပ်ရနိုင်တော့မလဲ။ ဘယ်အချိန်က ဘယ်လိုလုပ်ထည့်လိုက်မှန်း (ပစ္စည်းက ကိုယ့်ဘောင်းဘီအိတ်ထဲတောင် လာရောက်နေ လိုက်သေး) ကိုယ်တောင်မသိလိုက်ပေမယ့် CCTV ကတော့ မသိမရှိ၊ မမိမရှိနိုင်။ ဘွားဘွားကြီး ထင်းကနဲကြီးပေါ်နေရင် ရုံးရောက် ဂါတ် ရောက်ဖြစ်ရမယ့်သူစာရင်းထဲ ကိုယ်တင်မက ကောင်မလေးပါ ပါလာရတော့မှာ။ ဒီလိုဆိုတော့လည်း သက်ပြင်းကြီးတစ်ခုနဲ့အတူ ကိုယ် ဘာမှ ထပ်အထွန့်တက် မနေနိုင်တော့ဘဲ “တာဝန်ရှိသလိုသာ လုပ်ကြပါ” လို့ တစ်ခွန်းပဲ ပြောဖြစ်လိုက်ပါတော့တယ်။

x x x x x x

ကိုယ်သူ့ကို မျက်ခြေပြတ်သွားမိတာ (၁၀) ရက် လောက်ပါပဲ။ အဲဒီ(၁၀)ရက်ကလည်း ဘာကြောင့်မှမဟုတ်ဘူး။ (-) မြင်ကပ်စ ရာကောင်းတဲ့ Supermarket ကြီးနဲ့က ပြေလည်ပါတယ်။ ကိုယ့်မိဘတွေကလည်း လိုက်မရှင်းနိုင်ကြမယ့်သူမျိုးတွေမှ မဟုတ်တာ။ ဒါပေ မယ့် အာမခံနဲ့ ပြန်ထုတ်လာရတဲ့ အဆင့်ဆိုတော့ “နင်” တာပေါ့။ (၁၀)ရက်လောက်  House Arrest  (အိမ်တင်အကျယ်ချုပ်) ဖြစ်သွား တယ်။ ကိုယ်လား ! ကောင်မလေးကို ဘယ်တစ်ချက်လေးမှာမှ စိတ်အနှောက်အယှက် မရှိပါဘူး ။ အဲဒီလောက် အတွေ့အကြုံများများ၊ ပညာရည်ပြည့်ပြည့်၀၀နဲ့ လက်သွက်လိမ့်မယ်လို့ထင်မထားလို့ ခံလိုက်ရတာကိုပဲ အသည်းယားပြီး ချစ်စနိုးတောင် ဖြစ်နေရသေးတာ။

ဒါပေမယ့် ပြဿနာက အဲဒီမှာစတာပဲ။ ကိုယ်ပေးကမ်းထောက်ပံ့ထားတဲ့ သူ့အဆက်အသွယ်တွေအားလုံး တစ်ခုမှ Contact မရ တော့ဘူး။ အိမ်လိုက်သွားလည်း (၁၂)ပေလောက်မြင့်တဲ့ အုတ်တံတိုင်းကြီးတွေက လူမပြောနဲ့၊ အထဲကခြံစောင့်ခွေးတွေကိုတောင် မြင် ချင်လို့မရ၊ အသံပဲကြားနေရတာ။ နောက်ဆုံးတော့ ကိုယ့်ကို “မဖြစ်နိုင်ဘူး။ စိတ်ဖြတ်လိုက်” လို့ ကောင်းကောင်းအားပေးခဲ့လို့ သွားကို မတွေ့၊ အဆက်အဆံကို ထပ်မလုပ်တော့တဲ့ သူငယ်ချင်း အကောင်းစားကိုပဲ ပြန်ဆက်သွယ်ရတော့တာပေါ့။

“သူက SSRI ဆိုလား Antidepressant တွေနဲ့ တခြား Mood  Stabilizers တွေ သောက်နေရတာတော့ ငါသိထားတယ်။ Depression က တစ်ချိန်လုံးရနေတာကိုး။ အဲဒီလိုလူက ကိုယ့်ကိုယ်ကို မကောင်းကြံပစ်လိုက်ဖို့ Sutcidal  Tendency  တွေ အမြဲရှိနေ တာတဲ့”

“ဗဟုသုတတွေ၊ စာရှင်းပြတာတွေ ငါဘာမှ မကြားချင်ဘူး။ လိုရင်းပြော၊ သူ ဘာဖြစ်သွားပြီလဲ”

“မင်း ပြဿနာတွေတက်နေတုန်း သူ အဲဒီလိုလုပ်လိုက်တယ်။ မင်းကိုသူလုပ်ကြံလိုက်ပြီးတဲ့ အဲဒီညနေဘက်မှာပဲ။ တော်တော် စိတ်ဆင်းရဲ စိတ်ဓာတ်ကျသွားပုံပဲ”

“အခု ! ”

“အခုကတော့ ဆေးရုံမှာပဲ။ ICU ထဲမှာ၊ အထူးကြပ်မတ် စောင့်ကြည့်နေရတုန်းပဲ။ ငါ့ကိုအကူအညီမတောင်းနဲ့၊ မပေးနိုင်ဘူး။ သူ့မိဘတွေက မင်းအကြောင်းသိသွားကြတော့ သူတို့ကိုယ်တိုင်က ကလက်ပ်တိုမေးနီးယားဆိုတာကို ကျေကျေနပ်နပ်ကြီး နာမည်တပ်ခံ ယူထားပြီး ပျော်သလိုနေစေတာကို မင်းက ဘာမှမဆိုင်ဘဲနဲ့ ဘာလို့ကြားဝင်စွက်ဖက်ပြီး သူတို့သမီးကို စိတ်ဆင်းရဲအောင်၊ စိတ်အကျပ် အတည်းတွေတွေ့အောင် လုပ်ချင်ရတာလဲလို့ တော်တော်ဒေါသထွက်ကြတယ်။ သူတို့က ကောင်မလေးကို အဲလို ခိုးဝှက်ယူလိုက်မိပြီးမှ Guilty ဖြစ်နေရတာထက် စိတ်ကို အရမ်းတင်းကျပ် ထိန်းချုပ်ထားရပြီး ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရလို့ ဘ၀မှာ  Satisfaction (ကျေနပ် အားရခြင်း) မရတာက ပိုဆိုးတယ်လို့ ယူဆကြတယ် မောင်မောင်”

ပြဿနာက သေးသေးလေးတော့ မဟုတ်ဘူး။ ကိုယ့်မိဘ၊ သူ့မိဘတွေအပြင် ကာယကံရှင် ကိုယ်တိုင်နဲ့ပါ ကိုယ်အများ ကြီးညှိယူရဦးမှာ။ အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုး မဟုတ်ဘူးဆိုတာလည်း ကိုယ့်ဘက်က နားလည်ပြီးသားပါ။ အဲဒီနားလည်မှု တစ်ခုနဲ့ပဲ သူ့ရဲ့ရှေ့ဘ၀ တစ်လျှောက်မှာ ကိုယ်က အတူလက်တွဲ လိုက်ပါသွားလို့ မရနိုင်ဘူးလား။

ခုနေများတွေ့ခွင့်လေး ခဏဖြစ်ဖြစ်ရခဲ့ရင်တော့ မေးခွန်းလေးတစ်ခွန်းလောက် မေးကြည့်ချင်သား “မင်းအချစ်ဆိုတာကိုယုံလား။ မကြုံဖူးသေးပေမယ့် ယုံလို့ရတယ်ဆိုတာကော လက်ခံလား”လို့ပါ။ ဒါပေမယ့် ကိုယ်စောင့်မှာပါ။ ကိုယ်စောင့်နေတယ်၊ ဘယ်လောက်ပဲ ကြာကြာ ဆက်စောင့်နေမယ်ဆိုတာလေး အဲဒါလေးကိုလည်း သူရော၊ သူ့မိဘတွေကိုပါ သိစေချင်တာ။

x x x x x x