Primary tabs

အချစ်နဲ့တွဲသုံးသင့်တဲ့ ဘ၀အစာများ

လူတွေ နေ့စဉ်ပျော်ရွှင်စွာ နေထိုင်ဖို့အတွက်  ၁၅၀၀-၅၂၈ အချစ်တွေသည် မရှိမဖြစ်တဲ့ အရာလို့ဆိုပေမဲ့ သူတို့နဲ့အတူ ကျန်းမာအသက်ရှည်ဖို့ကလည်း ဘ၀ရဲ့ နေထိုင်ပြုမူပုံ၊ လှုပ်ရှားမှု၊ စိတ်နေသဘောထား၊ အစားအသောက်နဲ့ကိုယ့်ကိုယ်ကို ကာကွယ် စောင့်ရှောက်တတ်ခြင်းတွေက အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ။  အရွယ်သုံးပါးမှာ ကိုယ်ဘယ်နေရာပဲရောက်ရောက် နေ့စဉ်မျှတ တဲ့အစီအစဉ်တွေ ရှိမှာသာ လူ့ပတ်ဝန်းကျင်မှာ တကယ့်ပျော်ရွှင်မှုစစ်စစ်ကို ရရှိနိုင်မယ်။

ကိုယ်တစ်ယောက်တည်း ပျော်နေရုံနဲ့ မပြီးတာမို့ ကိုယ့်ပတ်ဝန်းကျင်က မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ဝေမျှပေးပါ။ လူတွေဟာ ဒီအချက်ကို မေ့လျော့နေကြတယ်။ အရာရာမှာ တက်ကြွလန်းဆန်းနေဖို့ဆိုတာ ဟန်ဆောင်လုပ် ယူလို့ မရပါဘူး။ လက်တွေ့မှာတော့ မွန်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေဟာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အပြုံးကိုနှလုံးသားထဲထိ သယ်ဆောင်ပြီး သက်ရှည်ဆေး ဖော်နေကြတာပါ။ တကယ်လို့ ဘ၀မှာ ရှိရင်းစွဲအသက်ထက် ပိုအိုဇာနေသလို ခံစားနေရပြီလား၊ အသက်နဲ့မလိုက်တဲ့ စိတ်ဖိစီးမှုတွေ များနေပြီလား၊ ဘယ်သူနဲ့မှ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ စိတ်ပျက်နေပြီလား ဒီအချက် တွေကို ထိုင်ငြီးနေရုံနဲ့ သင့်အတွက် ဘာမှဖြစ်မလာနိုင်ဘူးနော်။ ဒါကြောင့် သင်လည်းကိုယ်တိုင် ဆေးဖော်ကြည့်နိုင်သလို ပတ်ဝန်း ကျင်ကိုလည်း လက်တို့နိုင်ဖို့ အချစ်ရှိနေရုံနဲ့ မပြီးတဲ့ ဘ၀အစာလေးတွေကို တင်ဆက်လိုက်ပါတယ်။

အချစ်

အချစ်သည် လူကို သေစေနိုင်သလို။ အသက်ဆက်နိုင်အောင်လည်း ဖန်တီးနိုင်စွမ်းတဲ့ အရောင်မရှိ၊ အငွေ့ပြန်ခြင်းမရှိ၊ မြင်နိုင်စွမ်းမရှိ ပေမဲ့ နှလုံးသားတွေ ခုန်အောင် စွမ်းနိုင်သူ၊ စိတ်အာရုံတွေကို လွှမ်းမိုးသိမ်းပိုက်နိုင်သူ၊ အမှန်တွေကို လမ်းပြသူ၊ အမှား တွေကို ကျူးလွန်စေသူ နတ်ဆိုးပါ။ လောကကြီးမှာ အချစ်မရှိရင် ဘယ်သူမှ အသက်မရှင်နိုင်ကြဘူး။ အနည်းဆုံးတော့ မိဘ၊ မိသားစု၊ သူငယ်ချင်းစတဲ့ အခြေခံအချစ်တွေနဲ့တော့ ရစ်ပတ်နှောင်တွယ်ကြရစမြဲပဲ။ ဒီ့ထက် ပိုသာတာက ရဲဆေးတင်ပေးတဲ့သဘော အားလုံးကို ခွန်အားအပြည့်နဲ့ ခုခံနိုင်စွမ်းရှိတဲ့ ကျား၊ မ ချစ်စိတ်တွေပဲ။ ဒီအချစ်ကို ကောင်းကောင်းထိန်းသိမ်းထားနိုင်မှ သင့်အတွက် ဘ၀အထောက်အကူပြုလှေခါးဖြစ်နိုင်မယ်။ အချစ်ကို မထိန်းသိမ်းတတ်ဘဲ ပြဿနာတွေ ပတ်ရှာမိနေတဲ့ သူအဖို့ကတော့ တစ်နေ့ ထက်တစ်နေ့ အပူမိပြီး အိုစာသွားလိမ့်မယ်။ နေ့ရက်တွေလှဖို့ ချစ်တတ်ဖို့လိုသလို လက်တွေ့အချစ်ကို အကောင်းဆုံး တန်ဖိုးထား ထိန်းသိမ်းပြီး ရှေ့ဆက်တတ်ဖို့လည်း လိုအပ်တယ်။

နေ့စဉ်ချွေးထုတ်ပါ

ရုံးနဲ့အိမ်၊ အလုပ်ပြီးအလုပ် ဖြစ်နေတဲ့ လူတွေအတွက် လေ့ကျင့်ခန်းလုပ်ပြီး ချွေးထုတ်ဖို့ အထူးလိုအပ်ပါတယ်။ ကိုယ် ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ဘယ်သူနဲ့မှ အဖော်ညှိမနေပါနဲ့ ကိုယ့်ကိုယ်ကို စိတ်ခေါ်လိုက်ပါ။ မနက် စောစောထ လေကောင်းလေသန့်ရမယ့် နေရာကိုသွားမယ်။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပြီး ချွေးစေးတွေကို ဖွင့်ထုတ် ပစ်ပါ။ သင့်အန္ဓာကိုယ် အနေအထားကို ပုံမှန်ထက် ပိုကောင်းအောင် လုပ်နိုင်ဖို့စိတ်နဲ့ ခန္ဓာနှစ်မျိုးလုံး သက်တောင့်သက်သာ ဖြစ်နိုင် မယ့် နေရာမျိုးမှာလုပ်ပါ။ ကြာလာရင် လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်လာမယ်။ နေ့စဉ် ချွေးထုတ်လေ့ကျင့်ခန်းလေးမှ မလုပ်ရ ရင် မနေနိုင်ဖြစ်လာလေလေ သင့် Stress (စိတ်ဖိစီးမှု)တွေ ပြေလျော့လာလေလေပါပဲ။ ပုံမှန်ထက်ပိုပြီးအလုပ်ခွင်မှာ အားသစ်တွေ လိုချင်တယ်ဆိုရင်တော့ ၀ိတ်ချပါ၊ လမ်းပြင်းပြင်းထန်ထန် လျှောက်ပေးပါ။

ကျောင်းသားဘ၀ကို ပြန်သွားပါ

ငယ်ဘ၀ ကစားခဲ့တဲ့ အမှတ်တရတွေဟာ လူတစ်ယောက်ချင်းစီမတူနိုင်သလို ပြန်တွေးလိုက်တိုင်းနုပျိုတဲ့ ခံစားချက်တွေကို အလျှင်အမြန်ရစေတဲ့ အချက်ပါ။ ကျောင်းသားဘ၀မှာ သူငယ်ချင်းတွေနဲ့စုပြီး ဘောလုံးကန်ခဲ့တာတွေ၊ ကြိုးခုန်ခဲ့တာတွေ၊ အပြေး ပြိုင်ခဲ့တာတွေ၊ စက်ဘီးအတူစီးခဲ့တာတွေ စတဲ့ ကဘေးဘ၀ ဆော့ကစားနည်းမျိုးစုံနဲ့အတူ သူငယ်ချင်းတွေကို ပြန်တွေ့ခဲ့ရင် ၀မ်းပမ်း တသာ ဖိတ်ခေါ်ပါ။ သူတို့ဆီကနေ ကိုယ့်ရဲ့နုပျိုမှုကို ရှာဖွေနိုင်တယ်။ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသာ ဘ၀မှာ ပျော်ရွှင်ခဲ့ရတာ တွေကို ပြန်တွေးမိမယ်ဆိုရင်လည်း အခုလက်ရှိအသက်နဲ့မတူတဲ့ ခွန်အားသစ်တွေကို ရရှိလာလိမ့်မယ်။ သင့်ကွန်ပျူတာ စားပွဲမှာ တစ်ချိန်လုံးထိုင်နေမယ့်အစား အတွေးတွေကို ဟိုဟိုဒီဒီ လှုပ်ရှားကြည့်ပါ။ ဒီလိုမှမဟုတ်ရင် လူစုလူဝေးရှိရာ Fitness Class ၊ ရေကူး အသင်းနဲ့ အခြား ကိုယ်ဝါသနာပါရာ အုပ်စုလိုက် အသင်းအဖွဲ့တွေ နဲ့ ချိတ်ဆက်ပြီး နုပျိုမှုကို ရယူပါ။

မိတ်ဆွေ

လောကမှာ လူတော်တော်များများက ကိုယ်ဘာလိုချင်လဲဆိုတာကို ကွဲကွဲပြားပြား မသိဘဲ လက်ခံလိုက်မိတဲ့ ကိစ္စရပ်တွေ ပေါ်မှာ စိတ်ပျက်စရာတွေကြုံနေကြရတယ်။ တချို့ကျတော့လည်း ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာကိုပဲ မရမကရယူကြတာကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်မပြေ ဖြစ်ကြတယ်။ ကိုယ့်စိတ်ခံစားချက်တွေကို အမြဲတမ်းနောက်ချန်ထားပြီး သူများအလိုကိုပဲ လိုက်နေတဲ့ သူတွေကြတော့လည်း ကြာရင် ရင်မောလာရမယ်။ နောက်ထပ်လူတစ်မျိုး ရှိပါသေးတယ်။ သူကတာ့ ကိုယ်လည်းဘာမှမလိုချင်၊ သူများကိုလည်း ဘာမှမပေးချင်တဲ့  လူ့ဗလာမျိုးပါ။ ကြာလာရင် ပေါင်းသင်ဆက်ဆံရေးမှာ ဟိုးအောက်ဆုံးအဆင့်ရောက်ပြီး Lonely ဖြစ်လာမယ်။ ဒီလို လူအမျိုးမျိုး ရှိတာကြောင့် သင့်နဲ့တွေ့ဆုံမယ့်လူဟာ ဒီအမျိုးအစားတွေထဲက ဘယ်သူဖြစ်မယ်ဆိုတာ ကြိုမသိ နိုင်ဘူး။ အစကတည်းက လိုတိုးပိုလျော့ပုံစံနဲ့ အခြေအနေစောင့်ကြည့်သင့်တယ်။ တစ်ဖက်လူရဲ့ စိတ်အခြေအနေ၊ အနေအထိုင်၊ အပြုအမူတွေဟာ ရေရှည်မှာ သင်လက်ခံနိုင်လောက်တဲ့ အခြေအနေဖြစ်မှသာ သင့်စိတ်ခံစားချက်တွေကို ဖွင့်ဟတိုင်ပင်သင့်တယ်။ လက်တွဲသင့်တယ်။

သန့်ရှင်းစွာစားပါ

အသက်ရှည်ကျန်းမာဖို့ သန့်ရှင်းတဲ့ အစား အစာတွေကို ရွေးချယ်စားသုံးတတ်ရမယ်။ သကြားများတဲ့ အစာ၊ အဆီများတဲ့ အစာနဲ့ လူကို ၀စေနိုင်တဲ့ အစားအစာတွေကို တဖြည်းဖြည်း ရှောင်တတ်အောင် ကျင့်ယူပါ။ အသီးအရွက်နဲ့ အသားကို မျှတအောင် စားပြီး သဘာဝနည်းအရ ကျန်းမာရေးစောင့်ရှောက်တတ်ဖို့ ကိုယ်တိုင်သင် ယူလေ့လာပါ။ သင့်ရဲ့ တစ်ပတ်စာ သား၊ ငါး၊ အသီး အရွက် ချက်ပြုတ်စားသောက်မှုတွေကို ကြိုတင်စနစ်နဲ့ စီစဉ်ထားပါ။

အလုပ်လုပ်သလောက် အနားယူပါ

အလုပ်တွေနဲ့ပိပြီး ဦးနှောက်ကိုအနားမပေးဘူးဆိုရင် ကြာလာတာနဲ့အမျှ သင့်ဆီက အကြံအဉာဏ်ကောင်းတွေ ဆုတ်ယုတ် လာပါလိမ့်မယ်။ တစ်ပတ်တာ အလုပ်လုပ်သမျှအတွက် ပိတ်ရက်မှာ အပန်းဖြေပါ။ သူငယ်ချင်း၊ မိသားစု၊ ချစ်သူ၊ ဆွေမျိုးတွေနဲ့အတူ ခရီးထွက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ချက်ပြုတ်စားသောက်ခြင်းစတဲ့ အုပ်စုလိုက်လုပ်ငန်းဆောင်တာတွေမှာ ပါဝင် ပါ။ အိမ်မှာပဲ တစ်ချိန်လုံးနေပြီး အလုပ်ပြီးရင်းအလုပ် တွေးမနေပါနဲ့။ စိတ်ကို ထွက်ပေါက်ပေးပြီး အကြံဉာဏ်ကောင်းတွေကို မွေးဖွား ပါ။ လူကသာ အပြင်လောကို ရောက်နေပေမဲ့ စိတ်ကအလုပ်ကိစ္စတွေကို တွေးနေတာမျိုးကို အထူးရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ အချိန်ကုန်လူပမ်းပြီး အကျိုးရလဒ်ကောင်းတွေ မရနိုင်ပါဘူး။ Weekend မှာ အနားယူပြီး ရုံးပြန်တက်တဲ့သူနဲ့ အနားမယူလိုက်ရတဲ့ သူရဲ့ စိတ်အခြေအနေတွေ မတူညီနိုင်သလို နုပျိုသွက်လက်မှုရုပ်ပိုင်းဆိုင်ရာမှာလည်း ကွဲပြားသွားနိုင်ပါတယ်။ သင့်ရဲ့ ပျော်ရွှင်ကျန်း မာမှုဟာ သင်ကိုယ်တိုင်ပေါ်သာ မူတည်ပါတယ်။