Primary tabs

စာ

မနေ့က သင်္ကြန်အတက်နေ့။

နောက်ဆုံးနေ့၊ နောက်ဆုံးပျော်ခွင့်ရတဲ့နေ့ပဲဆိုတဲ့အသိနဲ့ လူတွေဟာ ညမိုးချုပ်တဲ့အထိတောင် ရေပတ် ချင်ကြတုန်း။ အော်ဟစ်ပျော်ရွှင်နေကြတဲ့ အသံတွေဟာ ခပ်ဝေးဝေးမှာရှိတဲ့ လမ်းမပေါ်ကနေ လွင့်ပျံလာတာ ဒီဆေးရုံပေါ်ကနေတောင် ကြားရတယ်။

မနေ့ကညဟာတော့ ဆေးရုံမှာ အလွန်အလုပ်ရှုပ်ခဲ့ကြရတဲ့ညပဲ။ သင်္ကြန်နီးလာရင် စစ္စတာကြီး ပြောနေ ကျစကား “လူတွေအပျော်ရဆုံးနေ့တွေဟာ ငါတို့ဆေးရုံမှာတော့ စိတ်အညစ်ရဆုံးနေ့တွေ ဖြစ်တတ်တယ်ဟေ့” ဆိုတာ သိပ်မှန်တာပဲ။

မနေ့ကညနေနဲ့ ညဦးပိုင်းလေးမှာတင် ကားပေါ်ကအမူးလွန်ပြီး ပြုတ်ကျတာက (၃)ယောက်၊ ရန်ဖြစ်ပြီး ပုလင်းခါးကျိုးနဲ့ အထိုးခံရတာက (၁)ယောက်၊ ကားတိုက်ခံရတာက(၁)ယောက်။ ကိုယ့်ဆီမှာရတတ်သမျှ ကုသ ပေးရတဲ့အပြင် ရဲနဲ့ဆိုင်တဲ့ဟာတွေအတွက် ရဲဆေးစာကိစ္စတွေ၊ အမှုဖွင့်ရတဲ့ဟာတွေ ရှိသေးတယ်။ ရန်ကုန် ဆေးရုံကြီးကို လွှဲပို့ရတာတွေ ရှိတယ်။ မနေ့ညကတော့ သူနာပြုဆရာမလေးတွေကစလို့ တာဝန်ခံဆရာဝန် ကျွန်တော်အထိ၊ ဘယ်သူမှကောင်းကောင်း မအိပ်ခဲ့ကြရပါဘူး။

ကျွန်တော့်ရဲ့သင်္ကြန်ဂျူတီဟာ ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ အထိပါ။ တစ်ကိုယ်တည်းသမား ဖြစ်လေတော့ သင်္ကြန်တွင်း မဆင်းနိုင်တဲ့ မဆင်းချင်တဲ့ အိမ်ထောင်သည် ဆရာဝန်တွေကိုဦးစားပေးလိုက်ရတာ ထုံးစံ ပဲ။

ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ ကျွန်တော်ဟာ ဆေးရုံမှာပျော်တတ်တယ်။ အဆင်ပြေတယ်။ ဆေးရုံမှာ က မီးလည်းပျက်လေ့ မရှိဘူးလေ။

အခုဆို ကျွန်တော်ဟာ ဆရာဝန်နားနေခန်းထဲမှာ စာထိုင်ရေးနေတယ်။ Air-con အေးအေးနဲ့ တစ်ယောက်တည်း ဘယ်လောက်ငြိမ့်သလဲ။ အခုမွန်းလွဲ(၂)နာရီရှိပြီ။ ဘာကေ့စ်မှကြီးကြီးမားမား ရောက်မလာ တော့ အရေးပေါ်ဌာနတစ်ခုလုံး ၀မ်းသာနေကြတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်းတာတွေချည်းပဲ ကြုံတွေ့ ရမှာ တစ်နှစ်စာ အတိတ်နိမိတ်ကောင်းတာလို့ စစ္စတာကြီးက မနက်အစောကြီးအော်နေတာ ကြားရသေးတယ်။

ဒီညနေတော့ ဆေးရုံရှေ့က တမာပင်ကြီးအရိပ်မှာ နှစ်သစ်ကူး၊ အန္တရာယ်ကင်း ပရိတ်ရွတ်ကြမယ်။ ညနေ(၅)နာရီ ဘုန်းကြီးတွေကြွဖို့ပင့်ပြီးပြီ။ ဒါက စစ္စတာကြီးနဲ့ လက်ထောက်ဆရာဝန်လေးတွေ ၀ိုင်းစီစဉ်ကြတာပါပဲ။ ခုလေးပဲဆေးရုံအလုပ်သမားလေးတွေ ပရိတ်အိုးတွေ၊ လှူဖွယ်ပစ္စည်းတွေ သယ်သွားကြတာ မြင် လိုက်တယ်။

အေးအေးဆေးဆေး အချိန်ရတော့ စာကိုဖွဲ့ခါနွဲ့ကာ အကြာကြီးပဲ ရေးတယ်။ စာရေးတယ်လို့ပြောရင် ဒီခေတ်ကြီးမှာ လူတွေဟာ ၀တ္ထုရေးတာလား၊ ဆောင်းပါးရေးတာလားလို့ ထင်ကြမှာပဲ။ မဟုတ်ဘူး။ ကျွန်တော် က မန္တလေးကချစ်သူ“ထား”ဆီကို စာရေးနေတာ။

ဒီခေတ်မှာ အီးမေးလ်တွေ တယ်လီဖုန်းတွေဘယ်လောက်လွယ်ကူလွယ်ကူ၊ ကျွန်တော်ဟာ ချစ်သူဆီ က သူ့လက်ရေးနဲ့စာလေးကိုကိုင်ပြီး ဖတ်ရတဲ့အရသာကို ကြိုက်တယ်။ စာတိုက်ကစာပို့သမားလာပို့တဲ့စာကို ကပ်ကြေးနဲ့ညှပ်ပြီးဖောက်ရတဲ့ ရင်ခုန်မှုကိုကြိုက်တယ်။ ထားကလည်း ကျွန်တော့်လိုပဲ။

“ပေးစာတွေတိုင်း တစ်ပွင့်စပယ်ထည့်ကာရယ်” ဆိုတဲ့ ရေဒီယိုသီချင်းလေးကို ဆိုညည်းတတ်တယ်။ တစ်ခါတရံ အဲဒီသီချင်းလေးထဲကလိုပဲ စပယ်ပန်းခြောက်၊ ခရေပန်းခြောက်လေးတွေတောင် ပါတတ်သေး တယ်။ ထား မန္တလေးဆေးရုံကြီးကို ပြောင်းသွားပြီးကတည်းက အပတ်စဉ်စာအပြန်အလှန် ရေးကြလေ့ရှိတာမို့ ဟောဒီ အင်းစိန်ဆေးရုံမှာ စာပို့သမားကလာပို့တဲ့ စာဟာ ရုံးစာတွေအပြင် ကျွန်တော့်စာပဲရှိတယ်ဆိုတာ အားလုံးသိပြီးသား။ ဒါကြောင့် သူငယ်ချင်းတွေက မဟာသိပ္ပံတက်တော့မှ အ.ထ.က ကျောင်းတုန်းက အလုပ် ကိုလုပ်နေကြတဲ့ နှစ်ယောက်လို့စစနေကြတာ။

စာကိုအပြီးသတ်ရေးပြီးတဲ့အခါ စာအိတ်ထဲထည့်ပိတ်၊ လိပ်စာရေးပြီး ကြိုဝယ်ထားတဲ့ တံဆိပ်ခေါင်း ကပ်၊ ဖိုင်ထဲမှာ သေချာညှပ်ရတယ်။ ဒီညနေတော့ အန္တရာယ်ကင်းပရိတ်ရွတ်တာပြီးရင် အိမ်ပြန်ရင်းစာတိုက် ရှေ့က စာတိုက်ပုံးထဲမှာဝင်ထည့်ခဲ့မယ်၊ ဆက်တိုက်တွေးရင်း ဖိုင်လေးကိုကိုင်ပြီး ထိုင်ရာကလည်း ထလိုက် ရော၊  တံခါးခေါက်ခွင့်တောင်းသံနဲ့အတူ သူနာပြုဆရာမလေးကေသီဝင်လာတယ်။

“ဆရာရေ...ကျွန်မတို့ဆုတောင်းမပြည့်ဘူး။ အခုပဲပိုလိုသောက်တဲ့ကေ့စ် ရောက်လာပြီဆရာ”

“ဟာ...ဒုက္ခပါပဲ၊ နှစ်ဆန်းတစ်ရက်နေ့ကြီးမှာများကွာ”

ကျွန်တော်ဟာ လက်ထဲကဖိုင်ကို စားပွဲပေါ်ပြန်ထား၊ နားကြပ်ကိုကောက်ကိုင်ပြီး ကေသီနောက်လိုက်ဖို့ ပြင်ရပါတယ်။ ဒီတိုင်းဆို ညနေတရားနာမသွားနိုင်လောက်တော့ဘူး။ အိမ်ပြန်တာလည်း နောက်ကျပြီ၊ သေချာ တာပေါ့။

အရေးပေါ်ဖက်သွားတဲ့ စင်္ကြန်လမ်းမှာ ခပ်သွက်သွက်လျှောက်ကြရင်း ကေသီကသူသိသလောက် လူနာရဲ့ အချက်အလက်တွေကို ပြောပြနေတယ်။

“ကောင်မလေးက (၂၂)နှစ်ပဲ ရှိသေးတာတဲ့။ ရွှေပြည်သာက အထည်ချုပ်စက်ရုံမှာ လုပ်တာ၊ ယောက်ျားကတော့ (၃၀)လောက် ရှိမယ်၊ ဆိုက်ကားသမားတဲ့၊ မိန်းမကိုအတော်ချစ်ပုံရတယ်ဆရာ။ ပြောလိုက် ငိုလိုက် အရူးတစ်ပိုင်းပဲ။ ကောင်မလေးအမေတောင် အဲလောက်မငိုဘူး။

ကံကောင်းချင်တော့ လူနာလာပို့တဲ့ အချိန်မှာရဲကိုလည်းတွေ့ပြီး ပြောခဲ့လို့ အခုရဲကလည်း လာမယ်တဲ့ ဆရာ”

ကေသီပြောတာတွေ နားထောင်ရင်း ခုလောက်ဆို ပိုလိုသောက်တဲ့ လူနာကို အားလုံးက၀ိုင်းမေတ္တာပို့ သနေကြတော့မှာပဲလို့ တွေးမိပါတယ်။ ပိုလိုကြမ်းပိုးသတ်ဆေးဟာ သိပ်အနံ့ပြင်းတာ။ လူနာအန်ထားခဲ့တာကို ဆေးကြောပစ်လည်းအခန်းထဲမှာ အနံ့ကြီးကကျန်ခဲ့တတ်တယ်လေ၊ ဒီတော့သန့်ရှင်းရေး အလုပ်သမားက အရင်ဆုံးဗျစ်တောက်ဗျစ်တောက် ပြောတာပဲ။ တွေးရင်းပဲအရေးကြီးတာကို အရင်မေးရတယ်။

“Atropine ပေးထားလားကေသီ”

“ဟုတ်... ဆရာ။ စစ္စတာကြီး(၂)လုံးယူသွားပါတယ်။ လူနာရှင်ကိုလည်း ထုံးစံအတိုင်း ပြောပြီးပါပြီ”

အဆိပ်သင့်လူနာအတွက် ပထမဆုံးထိုးရမယ့် ဒီဆေးဟာ ဆေးရုံကဆောင်ထားတာကို အရင် ကျွန်တော်တို့က စိုက်ထိုးပေးထားရတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းဆိုတာကတော့ လူနာရှင်ကို ဆေးရုံရှေ့ဆေး ဆိုင်ကနေ အဲဒီဆေးအစားပြန်ဝယ်ထည့်ခိုင်းရမှာ။ ပြန်ဝယ်မပေးနိုင်တဲ့လူနာဆိုရင်တော့လည်း မတတ်နိုင်ဘူး၊ ဆေးရုံဖက်က စိုက်ရုံပေါ့။

ဒီလူနာဟာ ဆေးရည်ကိုအများကြီး မသောက်မိဘူး။ ဗိုက်ထဲဝင်သွားတဲ့ ဆေးရည်ကို အန်ပစ်လိုက်လို့ အပြင်ကိုအတော်ပြန်ထွက်သွားတယ်ဆိုရင်တော့ သူ့အစာအိမ်ကို ဆေးပစ်လိုက်ရုံပဲ။ ဒါဆို အသက်ချမ်းသာ ရာရမှာပဲ။

“ဘယ်လောက်သောက်လိုက်တာတဲ့လဲ ကေသီ” ပါလာတဲ့ယောက်ျားက ဘာပြောသလဲ””

“ပုလင်း(၂)လုံး ပါလာတယ်ဆရာ။ တစ်လုံးကသောက်ပြီးသား ပုလင်းခွံ၊ နောက်တစ်လုံးက အသစ်၊ အရည်အပြည့်ပဲ ရှိသေးတယ်။ ယောက်ျားကထမင်းစား ပြန်လာတော့မှ အမြှုပ်တစီစီနဲ့ လဲနေတာတွေ့တာတဲ့။ သူတို့က လင်မယား(၂)ယောက်တည်း နေတာတဲ့ဆရာ။ ကောင်မလေးအမေကရပ်ကွက်က အကြောင်းကြားလို့ နောက်မှရောက်လာတာ၊ သပ်သပ်နေတာတဲ့။”

အင်း၊ အခုလောက်ဆို စစ္စတာကြီးကတော့ “သောက်ရင်လည်း ထိထိရောက်ရောက် သောက်ကြတာ မဟုတ်ဘူးတော်၊ ပိုလိုဟာတစ်ပုလင်းနဲ့ သေဖို့မလွယ်ဘူး၊ (၅)ပုလင်းလောက်မှ သေချာတာ၊ တစ်ပုလင်းချင်း ဖွင့်သောက်နေလို့ ဘယ်ပြီးမှာလဲ။ ပုလင်းအားလုံးခွက်တစ်ခုတည်းကို အကုန်သွန်ထည့်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်နိုင်မှပဲ အကုန်ဝင်မှာပေါ့။

ဒီလောက်နံတာ။ တစ်ပုလင်းမှာတင် စိတ်ကပြောင်းပြီး နောက်တစ်ပုလင်းရှေ့မဆက်နိုင်တော့ ငါတို့ ဒုက္ခရောက်တာပဲ အဖတ်တင်တယ်”ဆိုတာမျိုးတွေ လွှတ်နေလောက်ပြီ။

ကျန်းမာရေးဝန်ထမ်းဟာ ရောက်လာတဲ့ လူနာရှေ့မှာ ဒါမျိုးတွေမပြောရဘူးဆိုတဲ့ စည်းကမ်းက စည်း ကမ်းပဲ။ တကယ်တမ်းကျတော့ မပြောမိအောင် ထိန်းဖို့က အတော်မလွယ်ဘူး။

လူတွေကလည်း လူတွေပဲ။ တစ်ချို့က ဆေးရုံရောက်ပြီး လူတွေဝိုင်းသနားတာခံချင်လို့၊ အကယ်ခံပြီး သူလိုရာဆန္ဒကို အိမ်ကလိုက်လျောပေးမှာနဲ့ လဲလှယ်ချင်လို့သာ နှုတ်ခမ်းမှာပေရုံကလေး သောက်လာတာ။

တစ်ချို့ကကျတော့ တကယ်သေချင်လို့သောက်ပေမယ့် ပထမဆုံးတစ်ငုံစာမှာတင်ပဲ ဆိုးရွားလှတဲ့ အနံ့ အရသာကြောင့် ပျို့တက်အန်ထွက်ပြီး မ၀င်တစ်ချို့၊ ၀င်တစ်ချို့နဲ့ ပုလင်းလွှတ်ချဆေးရုံရောက်လာတာ။

ဘယ်လိုပဲရောက်ရောက် ရပ်ကွက်က တတ်သမျှ၊ မှတ်သမျှ ကန်စွန်းရွက်ထောင်းတိုက်ထားပြီး ဆေး ပုလင်းနဲ့ပိုးသတ်ဆေး မှားသောက်မိတာပါ လို့ လိမ်ပြောတတ်ကြခြင်းမှာတော့ တူညီလေ့ရှိပါတယ်။

ဒါဟာသေကြောင်းကြံစည်မှုပဲ။ သေသေ၊ မသေသေ၊ ရဲနဲ့ပတ်သက်ရတဲ့ ကိစ္စဆိုတာလောက်တော့ လူတွေဟာ သိကြတယ်။ ဒီတော့ အပြစ်ပေါ့လိုပေါ့ငြား လိမ်ကြတာဟာ လူ့သဘာဝပဲပေါ့။

တလောကပဲ အသက်(၆၀)လောက် အဖိုးကြီး၊ ရေသန့်ဘူးလွတ်နဲ့ထည့်ထားတဲ့ ဆာလ်ဖျူရစ်အက်စစ် ကိုရေမှတ်ပြီး မှားသောက်တယ်ဆိုတာ ရောက်လာသေးတယ်။ အဘရယ်၊ နှာခေါင်းပိတ်နေလို့ အနံ့မသိရင် တောင် လျှာကိုအက်စစ်တစ်စက်ထိတာနဲ့ သိရမယ့်ဟာ ဘူးတစ်ဝက်စာ ၀င်သွားတယ်ဆိုတော့ မှားတာမဟုတ် နိုင်ပါဘူး။ တမင်ပါလို့ချည်းဆိုကြတဲ့ အချိန်မှာ သမီးလုပ်သူကတော့ သူ့အဖေမှားသောက်တာပဲ။ မလျှော့ဘူး။ အဖိုးကြီးသေသွားတဲ့အထိ မှားသောက်တယ်ပြောတုန်းပဲ။ ခုလည်းဒီပိုလိုသောက်တဲ့ လူနာဟာမှားသောက် တယ်ပဲ ပြောမယ်ထင်ပါရဲ့။

အခန်းဝမှာကတည်းကပဲ ပိုလိုဆေးနံ့ဟာ စူးစူးဝါးဝါးရတယ်။ လူနာကခုတင်ပေါ်မှာ၊ ကောင်မလေး ဟာ ချောချောလေး။ ဘေးမှာမျက်ရည်တွေနဲ့ အသားညိုညို အရပ်မြင့်မြင့် အညာသားလို လူကတော့ ခင်ပွန်းနဲ့ တူပါရဲ့။

ဆရာကြီးလာပြီလို့ ဆရာမတစ်ယောက်ကဆိုလိုက်တော့ သူဟာကျွန်တော့်ဘေးကို ချက်ချင်းရောက် လာပြီး အားကိုးတကြီး ရှိုက်ငင်သံတစ်ဝက်နဲ့ တောင်းပန်ရှာတယ်။

“ဆရာရယ် ကျွန်တော့်မိန်းမကို ကယ်ပါခင်ဗျာ။ မတော်တဆသောက်မိတာနဲ့ တူပါတယ်။ သူသေလို့ မဖြစ်ပါဘူး။ ဟို... ကိုယ်ဝန်လည်းရှိစအချိန်ပါ ဆရာ”တဲ့။

လာပြန်ပြီ။ ထင်တဲ့အတိုင်းပဲ။ ပိုးသတ်ဆေးပုလင်း(၂)လုံး သက်သေခံပါလာတာကို  သူကမတော်တဆ လို့ ကာကွယ်ချင်သေးတယ်။

လူနာမိန်းကလေးဟာတော့ စမ်းသပ်တဲ့အခါ သတိလစ်ပြီး ခြေလက်တွေအေးစက်လို့၊ နှလုံးခုန်သံက တော့ နှေးနှေးပဲ။ အသက်ရှူသံပြင်းတယ်၊ မြန်တယ်၊ ပါးစပ်က အမြှုပ်တွေချွဲတွေကို ဆရာမက သန့်ရှင်းရေး လုပ်ပေးနေတယ်။

ခေါင်းရင်းဖက်မှာတော့ အမေဖြစ်ဟန်တူတဲ့ မိန်းမကြီးတစ်ယောက်နဲ့ အဖော်မိန်းမနှစ်ယောက် တီးတိုး ပြောနေကြတာတွေ့တယ်။ ရဲဝန်ထမ်းတစ်ယောက် ရောက်လာတာတွေ့တယ်။ အလုပ်သမားနဲ့ ကေသီပြော နေကြတာကတော့ ဒါကဆိုက်ကားသမားနဲ့ ခင်တဲ့ရဲတဲ့။ တခါတည်း ပါလာတာတဲ့။

“အင်း... ရဲနဲ့ဆိုက်ကားသမား ခင်ကြမှာပေါ့လေ။ သူတို့က စီးပွားဖက်တွေပဲ၊ ဟင်း..ဟင်း”လို့ ဆေးထိုး ပေးနေတဲ့ စစ္စတာကြီးက နောက်သလိုလိုနဲ့ အတည်ပြောတော့ အခန်းထောင့်က ကုလားထိုင်မှာ ထိုင်နေတဲ့ ရဲက မသိမသာမျက် စောင်းလှမ်းထိုးတယ်။

အင်း၊ အဆင်သင့်လိုက်လေခြင်း။ ဒါဟာ ဆေးကုပြီးရင် ဆက်အမှုဖွင့်ရမယ့် ကိစ္စပဲ။ ရဲနဲ့ ချိတ်ဆက်ပြီး သားဖြစ်တော့ ကောင်းတာပေါ့။

ရဲနားကိုရောက်လာပြီး စကားပြောနေတဲ့ မိန်းမ(၂)ယောက်ဆီက နားစွန်နားဖျား ကြားရတာကတော့ ဒီ ဆိုက်ကားသမား ထွန်းကျော်နဲ့ လူနာမနွယ်နွယ်ဝင်းတို့ဟာ ရတာ(၂)နှစ်လောက်ရှိပြီ။ တစ်ခါမှစကားများ ရန် ဖြစ်တာမတွေ့ဖူးဘူးတဲ့။ ဒီလူဟာ သူ့မိန်းမကိုသိပ်ချစ်တာ၊ ဆိုက်ကားသမားဆိုပေမယ့် အရှုပ်အပွေ၊ အပေ အတေ မဟုတ်ဘူးတဲ့။ အသောက်အစားလည်း မရှိဘူးတဲ့။ ကောင်မလေးနဲ့သူဟာ သူတို့ချင်းကြိုက်ပြီး ယူကြ တာတော့ မဟုတ်ဘူး။ ကောင်မလေးမိဘတွေက သဘောကျလို့ သားမက်ဖမ်းလိုက်တာ။ ဆိုက်ကားသမားက ညောင်ဦးသား၊ ဒီအင်းစိန်မှာ သူ့အခန်းနဲ့သူငှားနေကြတာတဲ့။

သင်္ကြန်တွင်းတုန်းက စက်ရုံပိတ်လို့ အလုပ်မဆင်းရတဲ့ မနွယ်ကို သူတို့က ရေပတ်ခံထွက်ဖို့အဖော်စပ် တော့ မလိုက်ချင်ဘူးလို့ ငြင်းသတဲ့။ ကိုထွန်းကျော်ကတော့ သင်္ကြန်တွင်းလည်း မနားဘဲဆိုက်ကားထွက် တာပဲတဲ့။ မနွယ်ကိုတော့ ငှားနေတဲ့ အခန်းရှေ့မှာ တစ်ယောက်တည်းထိုင်မှိုင်နေတာ မြင်မိကြတယ်။ သူတို့မှာ ကလေးမရသေးဘူး။ အခုကိုယ်ဝန်ရှိသလိုလို ဆိုတာတော့ ကိုထွန်းကျော်ပြောမှပဲ ကြားရတာပါတဲ့။

“စစ္စတာကြီးရေ...၊ ဆေးရုံကြီးပို့ဖို့ ကား ရော”

“မနေ့ညက သင်္ကြန်လူနာသွားပို့ပြီးတော့ အပြန်စံပြဆေးရုံတစ်ချက် ၀င်ရသေးလို့ ဆရာ။ ခုပြန်လာနေ ပါပြီ၊ ရောက်ပါတော့မယ် ဆရာ။”

စစ္စတာကြီးကရောက်ပါတော့မယ် ဆိုပေမယ့် ကျွန်တော်ကတော့ စောင့်မနေချင်ပါဘူး။ ဒီဆိုက်ကား သမားဟာ တက္ကစီခတော့ တတ်နိုင်မှာပါ။ ဆေးရုံကြီးကို တက္ကစီနဲ့ပဲ လွှတ်လိုက်တာကောင်းမယ်။ ကိုယ့်ဖက်က လုပ်စရာရှိတဲ့ အရေးပေါ်ကုသခြင်း အပိုင်းတွေလုပ်ပေးပြီးပြီ။ ဆေးရုံကြီးအတွက်လွှဲစာတစ်စောင် ရေးရမယ်။

ဒါကြောင့် ကျွန်တော်ဟာကပ်လျက်က သူနာပြုခန်းကို သွားတယ်။ လွှဲစာရေးဖို့ ခေါင်းစီးပဲတပ်ရသေး တယ်။ အခန်းဝမှာ ဆေးရုံအလုပ်သမားလေးရဲ့ ခေါင်းကပေါ်လာတယ်။

“ဘုန်းကြီးတွေကြွလာပြီဆရာ၊ ဆရာတရားနာမှာလား”

“ဟာ...မင်းမြင်တဲ့အတိုင်းပဲ၊ ဟိုဖက်ခန်းကိုကြည့်လိုက်ဦးလေ၊ သွားသွား၊ လက်ထောက်ဆရာဝန်တွေ ကို သွားပြောချည်၊ ပြီးရင် ငါ့အခန်းကို ပရိတ်ပန်းအိုးတစ်လုံးသာ လာပို့ပေး”

ဟုတ်ကဲ့ ဆရာဆိုပြီး ကောင်လေးလှည့် ထွက်သွားမှ ဆက်ရေးရတယ်။ မြန်မြန်ရေးမှ၊ အင်းစိန်ကနေ ရန်ကုန်ဆေးရုံကြီးဟာ နှစ်ဆန်းတစ်ရက်နေ့ ကားရှင်းတယ်ဆိုပေမယ့် နာရီဝက်လောက် ကြာနိုင်တယ်ဆိုပြီး အမြန်ရေးတယ်။ လက်မှတ်ထိုးပြီးလို့ ဘောပင်တောင် မချရသေးဘူး။ စစ္စတာကြီးမျက်နှာက အခန်းဝမှာ ပေါ်လာပြန်ပြီ။ ပါးစပ်ကလည်း“စာ..ဆရာ..စာ”တဲ့။ ကဲ...စိတ်ကတိုသွားပြီ။

“စာ...၊ ဟာ... ဒီမှာ ရေးနေတယ်လေ၊ သုံးလေးမိနစ်တော့ ကြာမှာပေါ့ ဆရာမကြီးရဲ့”

ဒါဟာ ရိုးရိုးကေ့စ်မဟုတ်ဘူး၊ လူနာရဲ့အချက်အလက် ပြည့်စုံသေချာအောင် ရေးပေးမှဖြစ်မှာ၊ ရဲမှု၊ သေကြောင်းကြံစည်မှုဆိုတာ သိရဲ့သားနဲ့၊ ဘာလာလောနေတာလဲ မသိဘူး၊ ကျွန်တော့်ထက်တောင် လုပ်သက် ရင့်တဲ့ စစ္စတာကြီးကလည်း တစ်မျိုး။ ဒေါသကြောင့် လေသံတောင်နည်းနည်းမာသွားလား မသိဘူး။ (စစ္စတာ ကြီးဟာ ကျွန်တော့်ထက်အသက်လည်း အများကြီးကြီးရှာပါတယ်။

စစ္စတာကြီးဟာ မျက်လုံးပြူးပြပြီး ကျွန်တော့်ကိုပြန်ပြောတယ်။

“စာ...ဆိုတာ ဆရာရေးတဲ့လွှဲစာကို ပြောတာမဟုတ်ဘူးဆရာ၊ အခုလူနာက သတိနည်းနည်းရလာပြီး စာ... စာနဲ့ အတင်းမေးပြီး သူ့ကိုယ်ပေါ်မှာ ကယောင်ကတမ်းလိုက်စမ်းနေလို့ အင်္ကျီအိတ်ထဲနှိုက်လိုက်တာ စာတစ်စောင်ထွက်လာလို့၊ ခုပြန်သတိလစ်သွားပြန်ပြီ”

“သေတမ်းစာလားဟင်”

ပြောပြောဆိုဆို လက်ယပ်ခေါ်ပြီး ပြန်လှည့်ထွက်သွားတာနဲ့ ရေးပြီးသားလွှဲစာကို ဖိုင်လိုက်ကိုင်ပြီး ကျွန်တော်သူ့နောက်လိုက်သွားတယ်။

လူနာနဲ့မလှမ်းမကမ်းမှာတော့ ရဲဝန်ထမ်းဟာ စာတစ်စောင်ကို ဖတ်နေတယ်။ သူ့ဘေးနားမှာတော့ သူနာပြုမလေး ကေသွယ်ရယ်၊ လူနာရဲ့ခင်ပွန်း ဆိုက်ကားသမားလေးရယ်ဟာလည်း ဘေးက၀ိုင်းငုံ့ဖတ်နေကြ တယ်။

စစ္စတာကြီးနဲ့အတူ ကျွန်တော်လည်း လွတ်နေတဲ့ဖက်ကနေ ၀င်ရပ်လို့ ဖတ်မိပါတယ်။

စာကတော့ တစ်မျက်နှာပါပဲ။

“နွယ်”

နှစ်ဆန်းတစ်ရက်နေ့ ကားဂိတ်ကို မလာနဲ့တော့။

မောင်...ဆုံးဖြတ်လိုက်ပြီ။

နွယ် မောင်နဲ့ခိုးရာလိုက်ခဲ့ရင် နွယ်နဲ့မောင်ဘယ်လောက်ဝေးဝေး လွတ်အောင်ပြေးနိုင်ကြမှာလဲ။ နွယ့် ယောက်ျားကိုထွန်းကျော်ကြီးက အမှုလည်းဖွင့်၊ လိုက်လည်းရှာမှာပဲ။ နွယ်ကကိုယ်ဝန်ရှိနေပြီလို့ ဖွင့်ပြောတာကို မောင်တာဝန်မယူချင်လို့ မဟုတ်ဘူးနော်။ မောင်နဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ဘူးလို့ ငြင်းချင်လို့လည်း မဟုတ်ဘူး။ ဒီအတိုင်းပဲမွေးရင်လည်း အိမ်ထောင်ရှိပြီးသားမို့ အရေးမကြီးလို့ပါ။

ဒုစက်ရုံမှူးဒေါ်နန်းက မောင်နဲ့နွယ်ကို ရိပ်မိနေပုံရတယ်။ မင်းဝန်ထမ်းကြိုပို့ကား မမောင်းရတော့ဘူး။ အထည်ပို့တဲ့ကားပဲ မောင်းရမယ်။ ၀န်ထမ်းမိန်းကလေးတွေနဲ့လည်း အတူသွား၊ အတူလာ သတင်းမကြားချင် ဘူး။ ၀န်ထမ်းထဲမှာ အပျိုချည်းရှိတာ မဟုတ်ဘူး၊ အိမ်ထောင်သည်တွေလည်း ရှိတယ်လို့ခေါ်ပြောတယ်။

ဒါကြောင့် (၂)ယောက် အတူနေဖို့တော့ မဖြစ်နိုင်သေးဘူးနွယ်။ နွယ်နဲ့မောင် ခုလိုပဲနေကြဦးစို့နော်။ ခါတိုင်းချိန်းနေကျ “စိမ်းလဲ့မွန်” မှာပဲ စာကိုဖတ်ကောင်းနေတုန်းမှာ အခန်းဝက ဆေးရုံအလုပ်သမားရဲ့ အော်သံ ကိုကြားလိုက်ရတယ်။

“ကားရောက်ပြီ ဆရာမကြီး”

ဒီတော့မှ သတိဝင်လာတယ်။ တကယ်တော့ ကျွန်တော်တို့ဆေးဖက်ဝန်ထမ်းတွေ အနေနဲ့ ခုလိုလူနာရဲ့ အတွင်းရေးစာကို စပ်စုပြီး ဖတ်မိတာဟာ ကျင့်ဝတ်နဲ့မညီဘူး။ အထူးသဖြင့် ကျွန်တော်ဟာ ပိုပြီးမဖတ်သင့်ဘူး။ ကျွန်တော်က စပ်စုပြီးဖတ်တဲ့ ကေသီတို့လို ဆရာမလေးတွေကိုတောင် တားရ၊ ဆူရဦးမယ့်ဟာကို။

“ဟေ့၊ ဟေ့...ကေသီ။ အဲဒီစာကို မဖတ်ကြနဲ့၊ ငါတို့နဲ့မဆိုင်ဘူး။ ဟိုအစ်ကိုကြီးကို သွားပေးလိုက်၊ ဒါသူတို့ရဲနဲ့ပဲ ဆိုင်တယ်။ ကဲ၊ လူနာရှင်ခင်ဗျားလူနာနဲ့ခင်ဗျား သွားလို့ရပြီ။ ဒီမှာလွှဲစာ ပါတယ်နော်”

ပြောပြောဆိုဆို ဖိုင်ကြားထဲက လွှဲစာကို စစ္စတာကြီးဆီ လက်ကမ်းလိုက်တယ်။ စစ္စတာကြီးဟာ ရဲ လက်ထဲက ဖတ်လက်စစာကို ကျွန်တော့်ဟန့်ထားသံကြားလို့သာ ခွာခဲ့ရပေမယ့် ဆက်ဖတ်ချင်သေးတဲ့ဟန်နဲ့ လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ကျွန်တော့်ဆီက လွှဲစာကိုလာယူတယ်။ ရဲဟာစာကိုကမန်းကတန်း ခေါက်သိမ်း ပြီး ကိုထွန်းကျော်ကို ဟေ့ကောင်သွားကြစို့လို့ ခေါ်တယ်။

စောစောတုန်းက မျက်ရည်လည်ရွဲလို့ ပျာယာခပ်နေတဲ့ ဆိုက်ကားသမား ကိုထွန်းကျော်ဟာခုတော့ ငြိမ်သက်ပြီး ငူငူကြီးရပ်နေပါတယ်။ “အဲဒီစာ...ကျွန်တော့်ကိုပေး” လို့ ရဲဆီမှာတောင်းတယ်။

ရဲက “မပေးနိုင်ဘူး၊ ဒါဟာ အမှုနဲ့ဆိုင်ချင်ဆိုင်မယ့်စာပဲ၊ သက်သေခံစာပဲ၊ မင်းကိုပေးလို့ မရဘူး”တဲ့။ အလုပ်သမားက ခုတင်ပေါ်က လူနာကို တွန်းလှည်းပေါ်ရွှေ့တင်နေပြီ။

“ကျွန်တော် မလိုက်ချင်ဘူး။ မလိုက်လို့ မရဘူးလား”

“မရဘူးလေ၊ ရှင်ကလူနာရှင်ပဲဟာ၊ ရှင့် မိန်းမရှင်မလိုက်လို့ ဘယ်သူကလိုက်မှာလဲ”

ဒါက နာ့စ်ကေသီရဲ့ဟောက်သံ။ အခန်းထောင့်မှာတော့ ကိုထွန်းကျော်ရဲ့ ယောက္ခမနဲ့ ပါလာတဲ့ မိန်းမ (၂)ယောက်က တွက်ထိုးနေကြ တယ်။

“အေးရီ... နင်လိုက်သွား၊ ငါနေခဲ့ဦးမယ်၊ ငါအဲဒီစိုးလွင်ဆိုတဲ့ကောင်ကို ခုသွားရှာမယ်။ ထင်တော့ ထင် သားပဲ။ ဟိုတလောက ငါနေမကောင်းလို့ ဆိုက်ကားအပ်ပြီး အိမ်ပြန်လာတော့ အိမ်ရှေ့မှာ အဲဒီစက်ရုံက ကား ရပ်ထားတာ တွေ့တယ်။ လှမ်းခေါ်လိုက်တော့ အဲဒီကောင်အိမ်ထဲက ထွက်လာတာတွေ့တယ်လေ။ ငါမေး ကြည့်တော့ မနွယ်ပြန်ချင်တယ်ဆိုလို့ လိုက်ပို့တာတဲ့၊ ဒါပဲပြောပြီး မောင်းထွက်သွားတယ်။ သင်္ကြန်မတိုင်ခင်က သူကိုယ်ဝန်ရှိနေပြီပြောလို့ ကျုပ်မှာဖြင့်ဝမ်းသာလိုက်ရတာ၊ လက်စသတ်တော့”

ယောက္ခမဖြစ်တဲ့ မိန်းမကြီးဟာ ဆတ်ခနဲခေါင်းထောင်လာတယ်။ မျက်စိမျက်နှာကတော့ ခပ်ပျက်ပျက် ပဲ။

“ဟေ့... မောင်ထွန်းကျော်၊ နွယ်နွယ့်အိတ်ထဲက ဒီစာတွေ့တယ်ဆိုတာနဲ့ မင်းလျှောက်တွေးပြီး ထင်ရာ တွေလျှောက်မလုပ်နဲ့ဦးကွဲ့။ သူနေပြန်ကောင်းလာရင် အားလုံးသိရမှာပေါ့။ သူများစာလည်း ဖြစ်ချင်ဖြစ်မှာ ပေါ့။ လာ၊ လာ၊ မင်းနဲ့ငါ လိုက်သွားရအောင်”

အိမ်နီးချင်းဖြစ်ဟန်တူတဲ့ မိန်းမတစ်ယောက်က ဒေါသတကြီးပြောနေတဲ့ ကိုထွန်းကျော်လက်မောင်းကို ဆွဲပြီး ဟုတ်သားပဲ၊ လာ..သွားကြစို့လို့ခေါ်တယ်။

တွတ်ထိုးနေတဲ့ မိန်းမ(၂)ယောက်ကတော့ တွက်ထိုးလို့ကောင်းတုန်း။

“ထွန်းကျော်ဟာ သနားစရာပါ။ သိပ်ရိုးတာပဲ။ ရိုးလွန်းလို့ အတယ်ဆိုတာသူပဲ။ အလုပ်လည်း သိပ်ကြိုး စားတာ။ သင်္ကြန်တွင်း မိန်းမက စက်ရုံပိတ်လို့နားတာတောင် သူကမနားဘူး။ ရေစိုခံပြီး ဆိုက်ကားထွက်နင်း သေးတာ။ ကလေးအဖေဖြစ်တော့မှာဗျို့၊ ရှာရမတဲ့၊ စုရမတဲ့၊ အဲဒီ လိုလူ”တဲ့။

ကျွန်တော်ကတော့ ဆက်နားမထောင်တော့ဘူး၊ ထွက်လာခဲ့တယ်။ ကိုယ့်အပိုင်းကပြီးပြီလေ။ ဒီအခန်း ထဲမှာလည်း ပိုလိုဆေးအနံ့က ခုထိရှိနေတုန်း။ အန်ဖတ်နဲ့ပိုးသတ်ဆေးရောတဲ့အနံ့ဟာ မသတီစရာ အနံ့ကြီး။

နားနေခန်းကို ပြန်မယ်။ သင်္ကြန်တစ်တွင်းလုံး ဆေးရုံမှာဝတ်ထားတဲ့ အ၀တ်တွေသိမ်းပြီး အိမ်ကိုအပြန် ယူသွားရမယ်။

သြော်... ရှိသေးတယ်။

စားပွဲပေါ်မှာ အသင့်တင်ထားတဲ့ ထားဆီကိုရေးထားတဲ့စာလေး၊ စာတိုက်ပုံးထဲထည့်ဖို့ ယူသွား ရဦးမယ်။