Primary tabs

မမေ့နိုင်သူပါ - ၂

ကျွန်မက စိမ်းပေမယ့် မစိမ်းတာက ဦးညို။ ခါတိုင်းလိုပဲ ဟိုလိုက်မလား သည်လိုက်မလား မေးသည်။ မုန့်ဝယ် လာတတ်သည်။ မျက်နှာဖုံးပုံကို ခေါင်းချင်းဆိုင်ရွေးဖို့ အတင်းခေါ်သည်။ ကျွန်မ ငြင်းလွန်းအားကြီးလျှင် ကောင်းပါ့မလား။ လိုက်လိုက်လျောလျော နေရသောအခါတိုင်း ကျွန်မရင်ထဲမှာ ၀မ်းနည်းနေလေသည်။ ဓာတ်ပုံတွေဆီ ပို့ထားရသော မျက်ဝန်းတို့က နီးကပ်သောနေရာမှာ စီးကရက်ဖွာရှိုက်ရင်း ထိုင်နေသော ဦးညိုထံဖျတ်ခနဲ ခိုးရောက်နေသည်။

သည်အဖြစ်တွေကို ကျွန်မစက်ဆုပ်လွန်းပါဘိ။ ကိုယ့်ကိုယ်ကို သတိထားမိကာ ကျွန်မ ရှက်လည်း ရှက်သည်။ ကြောက်လည်း ကြောက်သည်။ မဖြစ်တော့ပါဘူး ဦးညိုရယ်... ကျွန်မ တစ်ယောက်ယောက် သိပ်ချစ်မှဖြစ်တော့မှာဟု တီးတိုးရေရွတ်ရင်း မျက်ရည်တွေ ကျခဲ့ရဖူးသည်။

ထင်လင်းကို ကျွန်မသစ္စာရှိစွာချစ်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မသိတာပေါ့။ ထင်လင်းဆိုသည့် ကောင်ကလေး မျက်နှာပေါ်မှာ လေးနက်ခိုင်ကြည်ခြင်း ရှိသင့်သလောက် မရှိတာ။ ပါးစပ်က တတွတ်တွတ်နှင့် ချစ်ရကြောင်းတွေ လွမ်းရ ကြောင်းတွေ ရွှန်းရွှန်းဝေနေပေမဲ့ ကွယ်ရာမှာ သူနေပုံ ထိုင်ပုံတွေက ကျွန်မဆီသတင်းရောက်နေတာပဲ။

ကျွန်မထက် အလျင် ကောင်မလေးသုံးယောက်လောက်နှင့် ချစ်ခဲ့ဖူးတာ၊ နှစ်လလောက်စီနဲ့ ပြတ်သွားတာတွေ ကြားပေမယ့် ကျွန်မ၀န်တိုခြင်း မဖြစ်မိတာကြောင့် ကြိုးစားသ၀န်တိုကြည့်သည်။ မတတ် တတတ် စကားနာထိုးကြည့် သည်။ တစ်ခါတစ်ရံတော့ သူ့ကိုဒီလောက်ကြိုးစားပမ်းစား ချစ်ကြည့်နေရင်း မပျော်ပိုက်နိုင်သော ကိုယ့်ဘ၀ကိုယ်နာကျင် လွန်း အားကြီးတာမို့ ကျွန်မမျက်ရည်တကယ်ကျလာသည်။

ထိုအခါ ထင်လင်း ပျာပျာသလဲ ဖြစ်တတ်သည်။

“မငိုပါနဲ့ ငယ်ရယ်...၊ တို့က ငယ်ငယ့်ကိုပဲ အချစ်ဆုံးပါ။ ငယ်က နောက်ဆုံးလူဖြစ်ရရင် မကျေနပ်ဘူးလားဟင်...။ ငယ့် နောက်မှာ နောက်ထပ်ဆိုတာ လုံးဝ လုံးဝ မရှိစေရဘူးကွာ၊ နော်... ငယ်... နော်”

ထင်လင်း ချော့မော့စကားဆိုလျှင် တစ်ခါတစ်ရံတော့လည်း ရင်တွေငြိမ်သက်နေလျက်၊ တစ်ခါတလေတော့လည်း ရင်ခုန်သည်။ ရင်ခုန်တတ်စ,ပြုတာကိုပင် ကျွန်မမှာ ၀မ်းပန်းတသာ ဖြစ်ရသည်။ ချစ်လိုက်ချင်ပါတယ်လေ။ တကယ်ပဲ ချစ် တတ်ချင်ပါတယ်။

ထင်လင်းနှင့် ကျွန်မသုံးလလောက် လူ ကြီးတွေ မသိအောင် ပိရိနိုင်ခဲ့သည်။ နောက် တစ်နှစ်ကူးသည့် ဇန်န၀ါရီလ လဆန်းတစ်ရက်မှာတော့ လူကြီးတွေသိသွားကြလေသည်။

ကျွန်မတို့နှစ်ယောက် ကျောင်းမတက်ဘဲ စက်ဘီးတစ်စီးနှင့် နေရာအနှံ့လျှောက်သွား ဖြစ်ကြသည်။ ထင်လင်းရဲ့ စက်ဘီးကယ်ရီယာပေါ်မှာ ကြည်နူးတတ်အောင် ကျွန်မကြိုးစားသည်။ အဖြူအစိမ်းဝတ်စုံတွေနှင့် ကျွန်မတို့နှစ်ယောက်ကို အလုပ်ကိစ္စတစ်ခုဖြင့် ကျောင်းမတက်သော ဒုတိယကျောင်းအုပ်ဆရာကြီးက တွေ့သွားသည်။ ထင်လင်းတို့ကျောင်းက ဆရာမို့ ထင်လင်းကို လက်ဆွဲကာ မေးမြန်းစစ်ဆေးရင်း ကျွန်မကျောင်းပါ သိရှိသွားခဲ့လေသည်။

ဆရာကြီးက သူ့ကားနှင့် ကျွန်မတို့ နှစ်ယောက်ကိုခေါ်သွားတာမို့ ကျွန်မကြောက်လန့်ပြီး ပါသွားရသည်။ ပထမ ထင်လင်းတို့ကျောင်းကို အလျင်သွားပြီးမှ သူ့ရုံးခန်းထဲမှတစ်ဆင့် ကျွန်မတို့ကျောင်းအုပ်ထံ ဆက်သွယ်အကြောင်းကြား သည်။ ကျွန်မကျောင်းမှ ဆရာမနှစ်ယောက်ရောက်လာပြီးတော့ မိဘတွေကို ဆက်အကြောင်းကြားသည်။

ကျွန်မကြောက်လန့်လွန်းသည်မှာ သတိ လစ်မတတ်ပါပဲ။ ခဏနေတော့ ဖေဖေရော၊ မေမေရော ပါမလာဘဲ ဦးညို ရောက်လာသည်။ ဦးညို လိုက်လာတာမြင်တော့ ရင်ထဲဘယ်လိုဖြစ်သွားရမှန်းမသိ။ ဘာတွေပြောကြမှန်းလည်း မကြားမိ။ ကျွန်မ သတိလစ်သလိုလို ဖြစ်သွားခဲ့ရသည် ထင်သည်။

အပြန်ကျတော့ ကားပေါ်အထိလည်းကောင်း၊ ကားပေါ်မှ အဆင်း အိမ်ပေါ်တက်စဉ်၌ လည်းကောင်း ကျွန်မကို ဦးညိုချီပွေ့တင်ရလေသည်။

(၅)

အဲဒီနှစ်က ကျွန်မကျောင်းပြန်မတက်ရတော့ဘဲ စာမေးပွဲဖြေချိန်ကျမှ သွားဖြေရသည်။ ဆယ်တန်းနှစ်ကစ,ပြီး မေမေက ကျွန်မကို ဘွားဘွားတို့အိမ် ပို့လိုက်လေသည်။ ဘွားဘွားက စည်းကမ်းကြီးလှသည်။ အဆူအမာန်လည်းများ လှ သည်။ ဒါပေမဲ့ ကျွန်မပျော်သည်။ ဘာဖြစ်လို့လဲဆိုတော့ ဦးညို မျက်စိအောက်က လွတ်ခဲ့ရလို့ပါ။

ကျွန်မကို ထင်လင်းတို့ကျောင်းမှာ လိုက်ခေါ်ရသောနေ့က “မိငယ်ရယ်...” “မိငယ်ရယ်...” ဟု မချိတင်ကဲ ညည်း တွားရင်းက အသက်များစွာ အိုသွားသလို သူမျက်စိပျက်၊ မျက်နှာပျက်ဖြစ်နေတာမြင်တော့ ကျွန်မပြောမပြတတ်သော ခံစားချက်နှင့် မျက်ရည်ကျရသည်။

ဖေဖေရော မေမေရော ခွင့်လွှတ်ကာ ဆုံးမစကားသာ ပြောကြားရှာကြတာပါ။ သို့သော် ဦးညိုကတော့ အဲဒီနေ့က စ,ပြီး ကျွန်မကိုအရိပ် တကြည့်ကြည့်။ မျက်စိဒေါက်ထောက် ကြည့်နေသည်။ စိတ်ဆိုးမာန်ဆိုး ရှူးရှူးရှားရှားထ,ဖြစ်ကြ သော အစ်ကိုနှစ်ယောက်ကိုလည်း ဦးညိုက တီးတိုးဆုံးမတာမြင်ရသည်။

ကျွန်မကို အဲသလိုကြည့်နေတာကို ကျွန်မ အနေရခက်ဆုံးပဲ။ ကျွန်မအမှန်အတိုင်း ပြောတာပါ။ ကျွန်မ ဦးညိုအိမ် ထောင်ကျသွားပြီးတဲ့နောက် ဗုဒ္ဓဘာသာတို့ရဲ့ တရားတော်နဲ့အညီ ကံငါးပါးထဲက ကျွန်မအဖြစ်နဲ့ ပတ်သက်နေတဲ့တစ်ပါးကို လုံခြုံစေရမယ်လို့ သစ္စာပြုခဲ့မိပါသည်။

ကျွန်မ မိန်းမယုတ်လည်း မဖြစ်ချင်ဘူး ဦးညိုရယ်...။ ဦးညိုဒီလိုကြင်နာဖေးမ အရိပ်ကြည့်နေတာကိုလည်း မခံယူ နိုင်ဘူး။ ရင်ထဲမှာ ငိုချင်သလို ဖြစ်လာတာတော့ အမှန်ပါပဲ။ တစ်ခါတစ်ရံ ဦးညိုက ထမင်းဝိုင်းမှာ ထမင်းစားကြရင်း အစား နည်းသော ကျွန်မကို လှမ်းကြည့်နေတတ်သည်။ ကျွန်မဦးညိုကြည့်နေတာကို သိပေမဲ့ ပြန်မကြည့်မိအောင် ထိန်းမရဘူး။ မျက်လုံးက ရောက်သွားမိခဲ့တာချည်းပဲ။

ထိုအဖြစ်ကို ကျွန်မလုံးဝမဖြစ်ချင်။ တစ်ခါတစ်ရံ အောက်ထပ်က ဦးညိုရဲ့ရယ်မောသံ စကားသံတို့ကို နားစွင့်ငြိမ် သက်နေမိသောအဖြစ်ကိုလည်း စက်ဆုပ်မုန်းတီးသည်။ ဒီတော့ အဲဒီအိမ်မှ ကျွန်မခွာတာ အကောင်းဆုံးပါပဲ။

ဘွားဘွားတို့အိမ်မှာက ဘွားဘွားရယ် ဖေဖေ့အစ်မရယ်၊ ခိုင်းသည့်ကောင်မလေး တစ်ယောက်ရယ် ဒါပဲရှိတာ။ ကျွန်မပျော်ပါသည်။ ဦးညိုရဲ့ကွယ်ရာ ဖြစ်နေသည့်အတွက် ပျော်ရသောအပျော်ပါပဲ။

ကျွန်မ စာကိုလည်း သေချာကျက်ဖြစ်သည်။ ဖေဖေ့ အစ်မကြီးက ဆယ်တန်း မြန်မာစာပြတာမို့ ကျွန်မအခြေ အနေကို အမြဲစောင့်ကြည့် ကြပ်မတ်နေတာမို့ ကျွန်မထိုနှစ်က ဂုဏ်ထူးနှစ်ဘာသာနှင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ ပါသည်။ နွေကျောင်းပိတ်ရက်မှာ ကျွန်မအိမ်ကိုမပြန်။ ဘွားဘွားတို့အိမ်နားက အိမ်နီးနားချင်း ကောင်မလေးတွေနှင့်လည်း ခင်မင်နေကာ ဒီမှာပဲဆက်နေသည်။

ကျွန်မတို့အိမ်မှာ ဖုန်းရှိပေမဲ့ ဘွားဘွားတို့အိမ်မှာ ဖုန်းမရှိတော့ တကူးတကမှမလာလျှင် အဆက်အသွယ်မရနိုင်။ ကျွန်မက လုံးဝသွားမလည်ပေမဲ့ အိမ်ကလာလည်တတ်ကြသည်။ ဦးညိုလာလျှင် ပျော်လည်း ပျော်သည်။ စိတ်လည်း ညစ် သည်။ အန်တီစိုးက တစ်ခါတစ်ရံသာပါလာပေမဲ့ အန်တီစိုးပါလာလျှင် အရမ်းအနေကျုံ့နေရသည်။

အန်တီစိုးက ဘာမှမဖြစ်၊ ဘာမှမသိပါ။ အဲလို အန်တီစိုးမသိဘဲ ဦးညိုကို ကျွန်မချစ်ခဲ့ဖူးတာကိုသာ ကျွန်မဘာသာ နာကျင်အနေခက် နေခဲ့ရသည်။ ကျွန်မစာမေးပွဲအပြီး တစ်ခေါက်အလာမှာ အန်တီစိုးပါလာတော့ ကျွန်မအံ့သြသွားရသည်။ ပထမဆုံးအကြိမ် သိလိုက်တာမို့ အံ့လည်းသြ ရင်ထဲမှာလည်း တစ်မျိုးကြီး၊ ၀မ်းသာ ၀မ်းနည်းသလိုပါပဲ။ အန်တီစိုးဝတ်ထား သော ကိုယ်ဝန်ဆောင်အင်္ကျီဖြူဖွေးဖွေးကလေးကို ငေးကြည့်နေမိရင်း လူကထုံဆေးထိုးထားသလို ထုံထုံအအကြီး ဖြစ်နေ ခဲ့ရသည်။

(၆)

အန်တီစိုး ကလေးမီးမဖွားနိုင်လို့ ဆေးရုံမှာ ဆုံးပြီဆိုသည့်သတင်းကို ကိုကြီးလာပြောပြောချင်း ကျွန်မအ၀တ် အစား ထုပ်ပိုးကာ ချက်ချင်းပြန်လိုက်ခဲ့သည်။ ရင်ထဲမှာ ကတုန်ကယင်ကြီး။ အန်တီစိုးအလောင်းကို ရင်ခွဲတိုက်မှာ သွား ကြည့်ရင်း ကျွန်မအရမ်းငိုရှိုက်ဖြစ်ခဲ့သည်။

အသုဘရက်တွေအတွင်း ဆံပင်ပွပွ၊ မုတ်ဆိတ်နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင်နှင့် ဦးညိုကို ကျွန်မပဲဘေးက တကပ်ကပ်အားပေး ယုယခဲ့မိသည်။ ဦးညိုမျက်နှာကိုပန်းလိုရှုကာ အရိပ်တကြည့်ကြည့်နှင့် နေဖြစ်ခဲ့တာတွေသည် ပူဆွေး နေသည့် ဦးညိုကိုအနည်းငယ်မျှ အေးမြခြင်းဖြစ်စေမည်ဆိုလျှင်ပဲ ကျွန်မကျေနပ်ပါပြီ။

ဦးညိုနှင့် အန်တီစိုး လက်ထပ်ထားတုန်းက ကျွန်မအိပ်ရာထဲလဲအောင် ဖျားခဲ့ရသည်အထိ ဖြစ်ခဲ့ပေမဲ့ ဒီလိုဇာတ် သိမ်းမျိုးကိုတော့ အိပ်မက်နှင့်ပင် ယောင်လို့မျှဆန္ဒပြုမိခဲ့တာ အမှန်ပါပဲ။

ဒါပေမဲ့ အန်တီစိုးမရှိတော့သည့်အတွက် ကျွန်မဦးညိုကို တိတ်တခိုးပြန်ပြီးချစ်ရဲခဲ့တာမို့ သည်အခြေအနေကို ကံတရားက ကျွန်မအတွက် ဖန်တီးပေးခဲ့တာပဲဟု ကျွန်မနှစ်သိမ့်ကြည်နူးမိခဲ့တာသည် ရိုင်းစိုင်းမှားယွင်းနေမလား ဦးညို ရယ်။

ဘွားဘွားတို့အိမ်ကို ကျွန်မမပြန်တော့။ ဘယ်တော့မှလည်း ပြန်မသွားချင်တော့။ ခုတော့ ပိုင်ရှင်မဲ့နေပြီဖြစ်သော ဦးညိုရှိရာ အိမ်က ကျွန်မ တစ်ဖ၀ါးမခွာချင်တော့ပါ။

အချိန်ပြောင်းလာတာနှင့်အမျှ ပုံမှန်ပြန်ဖြစ်လာသော ဦးညိုကိုကြည့်ကာ ကျွန်မစိတ်ချမ်းသာရသည်။ ဦးညိုလန်း လျှင် လန်းသလို ဦးညိုနွမ်းလျှင် နွမ်းသလို မှန်ကလေးတစ်ချပ်ကဲ့သို့ ရောင်ပြန်ဟပ်တတ်ခဲ့သည်အထိ အရိပ်ကြည့်နေ သော ကျွန်မနှင့် ဦးညိုဟိုးတုန်းကလိုပဲ ပျော်စရာကောင်းခဲ့သည်။

မျက်နှာဖုံးဓာတ်ပုံရိုက်လျှင် ကျွန်မပြန်လိုက်ချင်တတ်ပြီ။ ဦးညို စ,မခေါ်လျှင်တောင်မှ လိုက်မယ် ဦးညိုဟုစွတ်ဆို ကာ လိုက်လာတတ်သော ကျွန်မကြောင့် သက်ပြင်းမချပါနဲ့ ဦးညိုရယ်။ ပထမတစ်ခါတုန်းက ကျွန်မက စ,စိမ်းသွားခဲ့ပေမဲ့ ဒီတစ်ခါစိမ်းချင်နေတာက ဦးညို။

ဒါပေမဲ့လည်း ကျွန်မရင်ထဲက အရှိန်အဟုန်ပြင်းထန်လှသော မေတ္တာတရားကို ဦးညို ဘယ်လိုတော်လှန်နိုင်ခဲ့မှာ တဲ့လဲ။ ကျွန်မဦးညိုကို ချစ်မြတ်နိုးခဲ့ရတာဟာ မသိနားမလည် ကလေး တစ်ယောက်ရဲ့ စိတ်လှည့်စားမှုမျိုးနှင့်မှ မဟုတ် တာဘဲ။ မသိတတ် သိတတ်နှင့်ကတည်းက အမြစ် စ,တွယ်ကာ သိတတ်လာလေ ဖွဲ့ဖြိုးများပြားလာလေသော တွယ်တာ ခြင်းမျိုးနဲ့ပါ။

လက်မထပ်ရသေးခင်က ဦးညိုကို ခိုးချစ်ခဲ့ရသော ကျွန်မနှလုံးသားသည် မုဆိုးဖို ပူပူနွေးနွေး ဦးညိုကို နောက် တစ်ကြိမ်ခိုးချစ်ရပြန်သောအခါ ခံစားချက်ပေါင်းစုံနှင့် မွတ်သိပ်မူးရီနေခဲ့လေသည်။ မသိဘူးလား ဦးညိုရယ်... ကျွန်မ ချစ် နေရတာကို မသိဘူးလား။

ဒါမှမဟုတ် သိသာလွန်းလို့ပဲ ရှောင်ဖယ်ချင်နေတာများလား။ ဦးညိုနံဘေးကပ်ကာ စကားမရှိစကားရှာရင်း တရှိုက်မတ်မတ် ကျွန်မငေး မောကြည့်နေတတ်ခဲ့တာတွေကို ဦးညိုက အနေရခက်ပုံ ပြလေသည်။ ဟိုတုန်းက ကျွန်မအချစ် ကို သတိမပြုမိခဲ့သော ဦးညိုခုတော့ နားမလည်ပါးမလည်နှင့်ပင် မယုံရခက်၊ ယုံရခက် တစ်စွန်းတစ်စတော့ မြင်တတ် နေပုံရသည်။

မေမေတို့ရှေ့ဆို ဦးညိုစကားပိုနည်းနေတတ်သည်။ ကွယ်ရာမှာ ပိုပြီးအရောတ၀င်လုပ်ကာ ရယ်စရာတွေပြော၊ နောက်ပြောင်ကာ ကပ်မခွာဖြစ်နေသော ကျွန်မကို ဦးညိုက ပြန်လည်နွေးထွေးစွာ တုံ့ပြန်တတ်သည်။ ကျွန်မကြောင့် ဦးညို ရယ်မောပျော်ရွှင်နေရတာတွေသာ ရှိခဲ့တာပါ။ ကျွန်မအတွက် ဦးညို စိတ်ဆင်းရဲနာကျင်ရတာမျိုး တစ်ကွက်ကလေးတောင် ပြစရာရှာတွေ့လို့လား ဦးညို။

(၇)

တက္ကသိုလ်ရောက်လာတော့ အထက်တန်းကျောင်းထက်ပိုပြီး လွတ်လပ်မှုတွေ ရှိလာတာလည်း အမှန်ပင်။ ကျွန်မ က ကြည့်မ၀နိုင်လောက်အောင် ချောမောမနေပေမဲ့ လူကြားထဲရော ပျောက်နေတတ်သည့် ရုပ်ရည်မျိုးမှလည်း မဟုတ် တာ။ ငယ်ရွယ်နုပျိုသူတွေအဖို့ တက္ကသိုလ်ကျောင်းဆိုတာ ပညာလည်းပေးတဲ့အပြင် ပျော်ရွှင်စရာ၊ ရင်ခုန်စရာတွေလည်း ပေးတတ်တဲ့ ပတ်ဝန်းကျင်ပါပဲ။

ရွယ်တူတန်းတူထဲက လက်ခံနိုင်လောက်စရာတွေ အများကြီးရှိပါလျက်နဲ့ ကျွန်မနှလုံးသားက အေးတိအေးစက် ဖြစ်နေခဲ့တာ ကျွန်မအတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး ဦးညိုရယ်။ ကျွန်မဘယ်သူ့ကိုမှ မချစ်တတ်တော့ပါဘူး။ ဒါ ပေမယ့် ဦးညိုက ကျွန်မကိုမယုံသင်္ကာရှိနေခဲ့လေသည်။

ကျွန်မတို့ သူငယ်ချင်းအုပ်စုကတစ်ယောက် ကားလာကြိုလျှင် အားလုံးကိုပြန်ပို့ဖြစ်ကာ အလှည့်ကျကားမှာသည်။ ကျွန်မကားလာ ကြိုရသည့်တစ်ရက်မှာ ကိုကြီးမအားတာမို့ ဦးညို ရောက်လာသည်။ ကျွန်မတို့အုပ်စု ကောင်လေးတစ် ယောက်နှင့် ရပ်စကားပြောနေတာကို ဦးညို လှမ်းကြည့်နေလေသည်။

ဦးညိုမှန်းသိသိချင်း ကျွန်မစကားဖြတ်ကာ ကားဆီပြေးလာခဲ့သည်။ ဦးညိုက ထုံးစံအတိုင်း ခပ်ပြုံးပြုံးပဲရှိနေပေမဲ့ အပြုံးကတစ်မျိုးကြီးပါပဲ။

“အတန်းတွေ ဘာတွေ မှန်မှန်တက်ရဲ့ လား မိငယ်”

“တက်ပါတယ် ဦးညို”

“စာရော စုံရဲ့လား”

“စုံပါတယ်၊ ဦးညို စစ်ကြည့်ပါလား”

လက်ထဲပိုက်ထားတဲ့ စာအုပ်နှစ်အုပ်ကို အမှတ်တမဲ့ထိုးပေးရင်းပြောလိုက်တာ ဖြစ်ပေမဲ့ ဦးညိုကတကယ်ပဲ ဆွဲယူ ကြည့်လေသည်။ စာအုပ်တဖျပ်ဖျပ်လှန်ရင်း အလယ်စာမျက်နှာကို ရောက်သွားရ၏။

ကျွန်မရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး ဦးညိုရယ်။ ဒါပေမယ့် အလယ်စာမျက်နှာက ရှုပ်ပွနေတဲ့စာတွေကို ဦးညိုတွေ့သွားတယ်။

“ကျွန်မ သူ့ကို ဟိုတုန်းကလည်း ချစ်ခဲ့တယ်၊ ခုလည်း ချစ်နေတုန်းပါပဲ”

“ကျွန်မ အချစ်က မသိနားမလည်တဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ကစားမှုမျိုး မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ဆင်ခြင်တုံတရားပြည့်ဝတဲ့အရွယ်ကို ရောက်လာပါစေ၊ တဖြည်းဖြည်း ပိုပြီးခိုင်မာလေးနက်လာဖို့သာ ရှိတယ်”

“ကျွန်မကို သတိပြုလိုက်စမ်းပါလား”စတဲ့ စတဲ့... စာကြောင်းတွေကို ဦးညို မြင်သွားပြီမို့ ကျွန်မမျက်နှာလွှဲကာ ငြိမ် သက်နေလိုက်သည်။

“ထင်လင်းနဲ့ ပြန်တွေ့နေသလား မိငယ်”

“သြော်... ဦးညိုရယ်...။ လွဲမှားလိုက်လေခြင်း။ ဟိုတုန်းက ချစ်ခဲ့တယ်ဆိုတာဟာလည်း ဦးညိုပါပဲ။ ခုထိ ချစ်နေ တုန်းဆိုတာလည်း ဦးညိုပါပဲ။ ကျွန်မကို သတိပြုမိလာစေချင်တာလည်း ဦးညိုကိုပါပဲလို့ နှုတ်ကဖွင့်ပြောမှ သိမှာလား။

ကျွန်မ မျက်ရည်ရစ်ဝိုင်းကာ အားငယ်နှုတ်ဆိတ်နေမိသည်။

“ရည်းစားထားနေပြန်ပြီလား မိငယ်”

ကျွန်မခေါင်းခါပြလိုက်ရင်း မျက်ရည်တွေကျလာရသည်။ ဦးညိုရယ် အစ်ကိုတစ်ယောက်က ဆုံးမပုံမျိုးထက်ပိုစမ်း ပါ။

“ဒါတွေ ဘာဖြစ်လို့ လျှောက်ရေးထားတာလဲ၊ အဲဒါ ဘယ်သူလဲဟင်...”

ဦးညိုကို ကျွန်မနစ်မောစွာ ငေးစိုက်ကြည့်လိုက်မိလေသည်။

“ဦးညို မသိပါဘူး”

“သြော်... ဦးညို မသိတဲ့ တစ်ယောက်ယောက်ဆိုပါတော့”

“ဟုတ်တယ်၊ သူ့ကို မိငယ်အရမ်းချစ်တယ်၊ စိတ်လေတာ၊ စိတ်ကစားတာမျိုးလည်း မဟုတ်ပါဘူး၊ တကယ်ချစ်တာ ပါ ဒါပေမယ့် သူနဲ့ရည်းစားတွေလည်း ဖြစ်မနေပါဘူး။ သူက သိတောင်မှ မသိပါဘူး”

“မိငယ်ရယ်... ဘယ်တုန်းကတည်းကများချစ်နေတာလဲ၊ ကိုယ်က ကလေးပဲရှိသေးတာ၊ ဟိုဟို ဒီဒီ စိတ်မပျံ့စမ်း ပါနဲ့၊ စိတ်ကူးလဲ မယဉ်စမ်းပါနဲ့၊ အချိန်တန်တော့ သူ့ဟာနဲ့သူဖြစ်လာမှာပေါ့”

“အချိန်တန်ရင် တကယ်ပဲဖြစ်လာမယ်လို့ ဦးညို အာမခံလား”

“ခက်လိုက်တာ မိငယ်ရယ်”

“မိငယ် ကလေးမဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ကလေးကတည်းက ချစ်ခဲ့ရတာတော့အမှန်ပဲ၊ စိတ်ကူးယဉ်တယ်ဆို လည်း ယဉ်မိတယ်ပဲထားလိုက်ပါတော့ ဦးညိုရယ်၊ တကယ်ပဲ မိငယ် စိတ်ကူးယဉ်မိတာလည်း ဖြစ်ရင်ဖြစ်နေမှာပဲ”

ကျွန်မကို ဦးညိုငေးကြည့်နေပုံကို မျက်စိထဲက မထွက်။ ဘယ်တော့မှလည်း ထွက်နိုင်တော့မှာ မဟုတ်။ ကျွန်မ နှလုံးသားတွေ ကွဲအက်ပြီး သွေးရှင်ရှင်စီးကျနေရင်တောင်မှ ဦးညိုသိမှာ မဟုတ်ပါဘူး။ သိရင်တောင်မှလည်း မသိချင် ယောင်ဘဲဆောင်နေဦးမှာပဲ မဟုတ်လား ဦးညို။

(၈)

“အနေအထိုင် ဆင်ခြင်တော့သမီး၊ သမီး ကလေးမဟုတ်တော့ဘူး၊ တက္ကသိုလ်ကျောင်းသူတောင်မှဖြစ်နေပြီ၊ ဦးညို ဦးညိုနဲ့ ခေါ်နေပေမဲ့ တကယ်တမ်းက ဘာမှတော်တာမဟုတ်ဘူး။ သွေးမတော်၊ သားမစပ်နဲ့ ကိုယ်ကမိန်းကလေး နာမည်ပျက်စရာရှိ ကိုယ်ပျက်မှာ”

မေမေ့စကားကို နားက ဦးနှောက်က လက်သင့်ခံပေမဲ့ နှလုံးသားက လက်သင့်မခံနိုင်။ ကျွန်မ ဦးညိုကိုအလိုလိုက် အကြိုက်ဆောင် ဖေးမယုယကာ အရိပ်တကြည့်ကြည့်ဖြစ်နေတာကို မေမေဟန့်တားစကားဆိုလာပြီ။ ဒါတောင်မှ စက်ဘီး နောက်က လိုက်စီးတာအထိလောက်တော့ ကျွန်မ မလုပ်တော့တာကြာပါပြီ။

မေမေရယ်... ကျွန်မဆင်ခြင်တွေးတောတတ်နေပါပြီ။ ဆင်ခြင်ချုပ်ထိန်းထားသော နှလုံးသားနဲ့ပဲ ဦးညိုကိုချစ်ခဲ့ တာပါ။ အစကတော့ မေမေပဲ “မိငယ် အရွယ်ရောက်နေရင်”ဆို။ အခု ဦးညို မုဆိုးဖိုဖြစ်သွားလို့လား။ မုဆိုးဖိုနဲ့ လက်ထပ် ယူတဲ့ မိန်းကလေးကိုပတ်ဝန်းကျင်က စကားတင်းဆိုမည်ဆိုလျှင်လည်း ကျွန်မခံနိုင်ရည်ရှိပါသည်။

တစ်စစ ပိုပြီးကျပ်တည်းလာသော မေမေ့စကားများကြားမှာ ကျွန်မအနေခက်ခဲ့ရသည်။ မေမေက ပိတ်မယ့်ပိတ် ပင်တော့လည်း သိသိသာသာ။ ဦးညိုနံဘေးနားမှာ ကျွန်မရှိနေခိုက်တွေမှာ “မိငယ် ခိုင်းစရာရှိလို့ လာစမ်း”ဆိုတာမျိုးနှင့် လှမ်းခေါ်တတ်သည်။

ဒီအဖြစ်တွေကြောင့် ဦးညိုရော ကျွန်မပါ အနေခက်ခဲ့ရပါသည်။ ဦးညိုလည်းမျက်နှာမကောင်း၊ ကျွန်မလည်း စိတ မကောင်း။ ဦးညိုအိမ်ပြန်ချိန် နောက်ကျတတ်လာသည်။ အပြင်မှာပဲ အချိန်ဖြုန်းသည်။ အိမ်မှာရှိချိန်တွေမှာလည်း ကျွန်မကို ရှောင်ဖယ်သည်။ မျက်နှာကို အောက်ချကာ လုပ်စရာရှိတာလုပ်ပြီးသည်နှင့် အခန်းထဲအောင်းနေတတ်သည်။ မေမေ့ မျက်နှာကို ဦးညိုထောက်ရှာသည်။ မေမေ့စကားတွေကို ဦးညိုနားလည်ရိပ်မိမှာပေါ့လေ။ ကျွန်မကတော့ ဦးညိုကို အဝေး ကသာ ခိုးကြည့်ရင်း ကြေကွဲရသည်။ ဦးညိုနှင့် ကျွန်မကြားမှာ ပြောစရာစကားတွေ အများကြီး။ တစ်လုံးမှတော့ မပြောဖြစ် ကြ။ ဒါပေမဲ့ ပြောပြီးသား ဖြစ်နေလေသည်။

တစ်အိမ်တည်းမှာ အပေါ်ထပ်၊ အောက်ထပ်နေရင်း ဝေးကွာခွဲခွာနေရရင်းက နှစ်ယောက်စလုံးတစ်ဦးကိုတစ်ဦး နားလည်နေသလိုဖြစ်ခဲ့တာ ဦးညိုလည်းမငြင်းတော့ဘူး မဟုတ်လား။

မျက်နှာကိုယ်စီမကောင်းကာ အခန်းအောင်းနေသော ကျွန်မနှင့်ဦးညိုကို မေမေထိတ်လန့်လာပုံရသည်။ တကယ် က ဘာမှမဖြစ်သေးပေမဲ့ မေမေ့အဟန့်အတားတစ်ခုက ကျွန်မတို့နှစ်ဦးကြားကခံနေသော ကန့်လန့်ကာပါးပါးကို ဖျက်ဆီး လိုက်သလို ဖြစ်သွားရတာပါပဲ။

မနက်ဆို အစောကြီးထွက်သွားတတ်ကာ ညမိုးချုပ်မှပြန်လာသော ဦးညိုကို အပေါ်ထပ် ကျွန်မအခန်းမှ ပြတင်း ပေါက်ကိုဖွင့်ကာ ကျွန်မ အသံတိတ်နှုတ်ဆက်မြဲ။ တစ်ခါတစ်ရံ ကျွန်မပြတင်းပေါက်ကို မော့ကြည့်သွားတတ်သည့် ဦးညို မျက်လုံးတွေက နားလည်ရခက်လှသည်။

ဦးညို အရမ်းသနားစရာကောင်းပါသည်။ ဖေဖေ့ဆို အလျင်ကထက်ကျိုးနွံကာ မေမေ့ကို ပျာပျာသလဲ ဦးစားပေး တတ်လာခဲ့သည်။ အမြဲတမ်းဦးညိုမျက်နှာက အပြစ်ရှိသူလို အောက်စိုက်နေတတ်တာ ဘာကြောင့်လဲ ဦးညိုရယ်။ ကျေးဇူး တရားကို ဟိုတုန်းကတည်းက သိတတ်ခဲ့သော ဦးညို။ အန်တီစိုးကို လက်ထပ်တာဟာလည်း မေမေ့စကားကို မပယ်ရှား ချင်တာသာ မဟုတ်လား။

ဘယ်သူမှ မပြောပေမဲ့ ကျွန်မနှလုံးသားက နားလည်နေလေသည်။ ပထမနှစ်စာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ မေမေကကျွန်မကို ဘွားဘွားတို့အိမ် ပြန်ပို့သည်။ ကျောင်းပိတ်ရက် အဲဒီအိမ်မှာ နေတဲ့။ အဲဒီနေ့က တနင်္ဂနွေနေ့။ ဦးညို လည်း အိမ်မှာရှိတယ်။

သတင်းစာတစ်စောင်ကို ဧည့်ခန်းမှာထိုင်ဖတ်နေတာဟာ ကျွန်မကိုနှုတ်ဆက်နေတာပဲ မဟုတ်လား ဦးညို။ မျက်ရည်လည်ရွှဲနဲ့ မသွားချင်ပါဘူးလို့ အတန်တန်တောင်းပန်မိတာဟာ မပို့မဖြစ် မေမေပို့ချင်လာအောင် ထိုးဆွသလိုဖြစ် ခဲ့ရသည်။

မျက်ရည်အရွှဲသားနှင့် “သွားမယ်ဦးညို” ဟု ကျွန်မနှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်သည်။ ဦးညိုတစ်ချက်မှ လှည့် မကြည့်ဘဲ “အေး... အေး...”ဟု သံမှန်ထိန်းဖြေလိုက်ပေမယ့် ဦးညိုကိုင်ထားတဲ့သတင်းစာ စာရွက်တွေက တဖျပ်ဖျပ်တုန် နေတာကို ကျွန်မမေ့နိုင်ပါတော့မလား ဦးညိုရယ်။

(၉)

ကျွန်မဘယ်တော့မှ မမေ့ပါဘူးဦးညိုရယ်။ ကျွန်မဦးညိုကို သိပ်ချစ်မိခဲ့တာ သစ္စာစကားအမှန်ပါ။ ဘွားဘွားတို့ အိမ်မှာ ဆယ်တန်းလာနေတုန်းက အခေါက်ခေါက်ရောက်သော ဦးညို ခုတော့ တစ်ခေါက်မှမရောက်လာ။ ကျွန်မထံကို မေမေရောက်သည်။ ဖေဖေရောက်သည်။ ကိုကြီးရော၊ ကိုလေးပါရောက်သည်။ ဦးညိုဘာကြောင့် ရောက်မလာတာလဲ။

ကျွန်မပျင်းရိငြီးငွေ့စွာ ခြောက်သွေ့လွမ်းဆွတ်စွာ တစ်ကိုယ်တည်း တမ်းတမျှော်ငေးနေရှာမယ်ဆိုတာ ဦးညိုသိခဲ့ တယ်မဟုတ်လား။

တစ်နေ့...။ အဲဒီတစ်နေ့ကတော့ ဘယ်လိုမှ မမေ့နိုင်မယ့် တစ်နေ့ပါပဲ။ ညရှစ်နာရီ လောက်ရှိနေပြီဖြစ်ပေမယ့် လမ်းမီးရောင်ကြောင့်ရော၊ လရောင်ကြောင့်ရော ဘွားဘွားတို့ ခြံရှေ့မြေလမ်းကလေးက နီပြေပြေကလေးနှင့် မလင်း မမှောင်ရှိနေသည်။

ကျွန်မအပေါ်ထပ် ၀ရန်တာမှာရပ်ကာ ကျွန်မတို့ အိမ်ရှိရာဘက် လည်ကလေးဆန့်ပြီး ဦးညိုကိုလွမ်းလှစိတ်နှင့် မျက်ရည်ရစ်ဝိုင်းနေခဲ့ သောအချိန်။ ဟိုးအဝေးကနေ မြေလမ်းကလေးတစ်လျှောက် စက်ဘီးတဖြည်းဖြည်းနင်းလာသော လူ သဏ္ဌာန်ကို တွေတွေကြီးကြည့်နေမိသည်။ ကျွန်မလွမ်းနေမှန်းသိလို့လာခဲ့တာလား ဦးညိုရယ်။

ခြံရှေ့ တရုတ်စကားပင်ကလေးအောက်မှာ စက်ဘီးနှေးကာရပ်သွားတော့ ကျွန်မနှလုံးသားက မျက်နှာသဲကွဲစွာ မမြင်ရသော သူ့ကိုဦးညိုမှန်း နွေးထွေးစွာသိလိုက်သည်နှင့်တစ်ပြိုင်နက် “ဦးညို”ဟု တီးတိုးရေရွတ်ရင်း မျက်ရည်ပေါက် တွေ စီးကျလာရသည်။

ဦးညိုက ၀ရန်တာကို လှမ်းကြည့်နေသည်။ ကျွန်မရပ်နေမှန်း ဦးညိုသိတယ် မဟုတ်လား။ မြင်တယ် မဟုတ်လား။ ကျွန်မကိုရပ်နေကြည့်နေသော ဦးညိုကို ကျွန်မအိမ်ထဲကမထွက်ဘဲ ဘယ်လိုနေစိမ့်နိုင်ပါ့မလဲ။

အပေါ်ထပ်က အောက်ထပ်ကို တဒုံးဒုံးပြေးဆင်းကာ အိမ်ရှေ့တံခါးသော့ကိုရော၊ ခြံတံခါးသော့ကိုပါယူသည်။ ဘွားဘွားရော၊ ကြီးကြီးရော မတားနိုင်ခင် အိမ်ရှေ့တံခါးကြီးကို ဖွင့်ထွက်ကာ ခြံထဲတရစပ်ပြေးလာခဲ့သည်။ ကျွန်မကို ကြီးကြီးက တဖွဖွအော်ရင်းတားသည်။ ကျွန်မ ဘယ်ရပ်လိုက်နိုင်ပါ့မလဲ ဦးညိုရယ်။

ခြံတံခါးသော့ကို တုန်တုန်ယင်ယင်ဖွင့်ရင်း “ဦးညို” “ဦးညို”ဟု နှုတ်ကလှမ်းခေါ်နေမိသည်။ စက်ဘီးကို ကိုင်ထား သော ဦးညိုမျက်နှာကို ကျွန်မသဲသဲကွဲကွဲမြင်နေရပြီ။ ဦးညိုမျက်နှာက ချီတုံချတုံ။ မီးရောင်တစ်ချက်အဟပ်မှာ လက်သွား သော ဦးညိုမျက်ဝန်းထဲမှာ ကျွန်မလိုပဲ မျက်ရည်စတွေ ရှိနေမှာပဲထင်ပါရဲ့ ဦးညိုရယ်။

ခြံတခါးသောအဖွင့်မှာပင် ဦးညိုက စက်ဘီးပေါ်ဖျတ်ခနဲခုန်တက်ကာ အားကုန်နင်းလျက် ထွက်သွားတာမို့ ကျွန်မ ရင်ထဲမှာ ရူးသွားတဲ့ အတိုင်းပဲ။ ကြီးကြီးရောက်လာပြီး ကျွန်မလက်ကို ချုပ်ကိုင်လိုက်ပေမယ့် ကျွန်မအတင်းပဲရုန်းထွက် ကာ ငိုရှိုက်လျက် ဦးညိုကိုအော်ခေါ်ဖြစ်ပါသည်။

“ဦးညိုရေ”ဆိုတဲ့ ကျွန်မအသံကို ဦးညို မကြားဘဲမနေပါဘူး။ ဘာဖြစ်လို့ ပြန်လှည့်မလာခဲ့တာလည်း ဦးညိုရယ်။ ဦးညိုသာ စောင့်ခေါ်ရင် ကျွန်မ စွတ်လိုက်ခဲ့ချင်ပါတယ်။ ဒါပေမဲ့ ဦးညိုကသာတွေ့ချင်တဲ့ ဦးညိုရဲ့ဆန္ဒကိုသာ ဖြစ် အောင်လုပ်သွားခဲ့တာ။ ကျွန်မရဲ့ ဆန္ဒကိုတော့ လုံးဝထည့်ပြီး မတွက်ခဲ့ပါ။

ကျွန်မကို ခေါ်မသွားဘူးဆိုရင်တောင် “အိမ်က အပြီးထွက်လာတာပဲ”ဆိုတာလောက် သိခွင့်ပေးခဲ့ရင် ကျွန်မ ဦးညိုမျက်နှာကို တစ်သက်လုံးစာ အ၀ကြည့်လိုက်ချင်တာပေါ့ ဦးညိုရယ်။

ဦးညိုထွက်သွားသည့်နေ့က ကျွန်မရင်ကွဲအောင် အော်ဟစ်ငိုရှိုက်ခဲ့ရပါသည်။ ဦးညိုကို ဆယ့်သုံးနှစ်သမီးကတည်း က ကလေးလိုချစ်ခင်ဆိုးနွဲ့ခဲ့သောကျွန်မ ဦးညိုနှင့်ခွဲခွာရတော့ ဆယ့်ရှစ်နှစ်သမီး။ ငါးနှစ်တိတိ ကျွန်မနှလုံးသားထဲမှာ ရှိနေ ပြီး နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတာကို ကျွန်မဘယ်လိုမေ့ပစ်ရမှာတဲ့လဲ ဦးညိုရယ်။

အချစ်ဆိုတာ အတူတကွရှိနေခြင်း၊ မရှိနေခြင်းနဲ့လည်း မဆိုင်ပါဘူး။ ဦးညိုခွဲသွားပေမဲ့ ကျွန်မကတော့ မမေ့နိုင် အောင် ချစ်နေဆဲပဲမို့ ဦးညိုလုပ်သွားပုံက ကျွန်မကိုညှာတာရာ ရောက်ရဲ့လား။ ကျွန်မရင်ထဲက ခံစားမှုတွေကို ဘယ်သူမှ ဘယ်တော့မှ ချေဖျက်ပစ်နိုင်ကြလိမ့်မယ်မထင်ပါနဲ့ ဦးညိုရယ်။