Primary tabs

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်

ပုဏ္ဏမီ

    ကိုယ်က ဆယ်လီ တစ်ယောက်လည်းမဟုတ်ဘူးဆိုတော့ “ခုလောလောဆယ် စိတ်ထဲရှိနေတဲ့ စိတ်ခံစားချက်” ဘာညာ ဆိုတာမျိုးလည်း လာမေးလာဗျူးမယ့်သူ မရှိပေဘူးပေါ့ ။ ရှိများရှိရင် လား။ “မန္တလေးက အဒေါ်ဖြစ်သူအပျိုကြီးကို အ
ရမ်းအသည်းယားပြီး စိတ်အနှောက်အယှက်ဖြစ်နေ မိပါတယ် ခင်ဗျာ” ဆိုတာမျိုး... အော်လို့တောင် ဖြေလိုက်မိဦးမည် ထင်ပါရဲ့။ ဘယ့်နှယ့်ဗျာ။            
    “ အန်တီလေး... အဲဒါက ဘာလုပ်တာလဲ ”
    “ဟင်... သားက ရန်ကုန်မှာရှိနေတာလား...အိမ်မှာလား”
    “ကျွတ်... ကိုယ့်အိမ်မှာကိုယ်မရှိလို့ ဘယ်မှာရှိနေရမှာလဲ”
    “ဟဲ့... မင်းက ရန်ကုန်ပြန်ဝင်လာလိုက်.. ဘယ်နိုင်ငံမှန်းမသိ ထထွက်သွားလိုက်၊ ကိုယ့်နိုင်ငံ ထဲ ပြန်ရောက်နေလို့မှ အဒေါ်လုပ်တဲ့လူကို ရောက် နေကြောင်း လှမ်းအကြောင်းမကြား၊ သားမပြော ရင် အန်တီလေးက ဘယ်လိုလုပ် သားဒီမှာ ရှိမရှိကို သိနိုင်မှာလဲ”
    အဲဒါနဲ့ပဲ... အဲဒါနဲ့ပဲပေါ့ဟုတ်လား။ ကျွတ်!။
သို့သော်... ကျေသာမကျေနပ်တာ၊ အဒေါ်လုပ်သူက ကောင်းပြီကောင်းရဲ့နဲ့ “ရန်ကုန်မှာတော့ ငါ့အိမ်ရှိလေရဲ့... သွားတည်းချေ”လို့ လောကွတ်ချော် လွှတ်လိုက်တဲ့ သူ့မိတ်ဆွေဆိုတာတွေကို “မရဘူး ဗျာ... ကျွန်တော်လည်း ရှိနေတဲ့ဥစ္စာ... လာမတည်းကြနဲ့... ပြန်” လို့ နှင်လွှတ်လို့ရနိုင်ပါ့မလား။ ကိုယ့်မိဘတွေမရှိကြတော့ကတည်းက ဒီအဒေါ်နဲ့ဒီတူ နှစ်ကောင်ကြွက်ဟာ တစ်ယောက်က သူ့အလုပ်ကိစ္စနဲ့ မန္တလေးမှာ၊ တစ်ယောက်ကတော့ ပင်လယ်ပျော်ဘ၀ ဆိုတော့ကာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းတောင် သေချာမဆိုင်ဖြစ်ကြရတဲ့ အချိန်တွေကခပ်များများ။ ဒါပေမယ့် အမျိုးကတော့ အရင်းကြီးလေ။ ပြီးကျ ရန်ကုန်က အဖိုးအဖွားပိုင်
အိမ်သည် အဒေါ်လုပ်သူလည်းပိုင် ကိုယ်နဲ့လည်း ဆိုင် ဆိုတော့။ ၀ှူး ... ။
    “သားရယ်... ဆောရီးပါ... အစောင့်အဖိုးကြီး ပဲ လာနေနေပြီး သားရှိမနေဘူးမှတ်လို့။ သူတို့က လည်း သိပ်မကြာပါဘူး။ ဘန်ကောက်မှာဆေးသွားကုမလို့တဲ့။ ပတ်စ်ပို့ရတာနဲ့ ချက်ချင်းတန်းထွက်ကြ မှာပါ။ ခု ပတ်စ်ပို့တွေကလည်း သိပ်စောင့်စရာမှ မလိုတာ။ ကျန်းမာရေးကြောင့် ဟိုတယ်တွေမှာ မနေချင်ဘူးဆိုတာနဲ့ အန်တီလေးက ကူညီစီစဉ်ပေး လိုက်တာပါ။ လူအေး တွေပါ။ အပေါ်ထပ်မှာလည်း အိပ်ခန်းအပိုတွေ ရှိနေသေးတာပဲ မဟုတ်လား။ သား အဆင်မပြေတာ ရှိရင်တော့ ပြောလေ”
    သြ !  ဟုတ်တယ် ။ အဆင်မပြေတာရှိရင်တဲ့။သူ့သူငယ်ချင်းဖြစ်ဟန်တူတဲ့ မိန်းမကြီးရဲ့ သဘောသဘာဝကို အန်တီလေးတစ်ယောက် တကယ်ပဲ မသိတာလား... ဘာလဲ။ ဘယ့်နှယ့်ဗျာ။ ကိုယ့်အိမ်မှာ တစ်ပတ် ဆယ်ရက် အတူနေရမယ့် ဧည့်သည် ဆိုတဲ့ သားအမိနှစ်ယောက်မှာ သမီးကလေးက တော့ တော်ပါသေးရဲ့ (တော်တာကတော့ အတော်လေးကိုတော်တာပါ။ ခေတ်လူငယ် လူပျိုတစ် ယောက်အတွက် “အင်း” ကနဲ တန်းလက်ခံလောက် စရာရုပ်ရည်လေးနဲ့ကိုး) သို့သော် အမေကြီးကတော့ဗျာ။ လုပ်ထားလိုက်တဲ့ရုပ်က ခုနေခါမှာ ဒီအိမ်က သူ့အိမ်လား... ကိုယ့်အိမ်မှဟုတ်သေးရဲ့လားဆို တာမျိုးကို သံသယတောင်ပြန်ရှိရတော့မယ့် ရုပ်မျိုးနဲ့။ အိမ်ကြီးတစ်လုံးလုံးထဲမှာ သူတို့ သားအမိ နှစ်ယောက်တည်း မဟုတ်ဘဲ အိမ်ရှင် အရွယ်ကောင်းယောက်ျားလေးတစ်ယောက်ပါ အတူရှိနေမှာဆိုတာကိုလည်းသိလိုက်ရော ဖြစ်ပျက်သွားလိုက်တဲ့ရုပ်က။
    မထူးပါဘူး။ သားနားလှပသောရုပ်ရည် ပိုင်ရှင် သမီးကလေးသည်လည်း ဖြစ်ပျက်သွားတဲ့ ရုပ်မှာတော့ တစ်ချိုးတစ်ချိတ်တည်းပဲဥစ္စာ။ “ ဖြစ်ပါ့မလား မေမေ... မဖြစ်ဘူးထင်တယ်” ဆိုတာကို ချည်း အပ်ကြောင်းထပ်။ ကိုယ်လား ! ကိုယ့်ကြည့်
လိုက်၊ မသင်္ကာသလိုလို စိတ်အနှောက်အယှက်ဖြစ်ရသလိုလိုဖြစ်လိုက် ဖြစ်နေကြတဲ့ သားအမိနှစ်ယောက်ကိုလေ... ကိုယ်လား ! ဟန်တွေ မာန် တွေချီပြီး ဘာများပြောလိုက်မယ် ထင်ပါသလဲ ။

            “အန်တီတို့တွေ ဒီမှာ စိတ်အနှောက်အယှက် ကင်း ကင်းနဲ့သာ နေကြပါ။ ကျွန်တော်ကတော့ ခြံထဲက Out House ကားဂိုဒေါင်လေးမှာပဲ သွားနေလိုက် ပါ့မယ်။ အဲဒီမှာ အခန်းလည်း သပ်သပ် ရှိပါတယ်။ အဆင်ပြေပါတယ်။ အန်တီလေးမိတ်ဆွေတွေ ဆိုတော့ ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့။ ကိစ္စမရှိပါဘူး”
    ကိုယ့်အဒေါ် ကိုယ်ဆိုရင်တော့ ခုနစ်ရက် ခုနစ်လီ မနားတမ်း ဂျစ်ကျရင်လည်းကျမှာပေါ့။ ဒီရုပ်ဒီရေလေးနဲ့ ကလေးမလေးမျိုးကိုတော့ မျက်နှာပျက်ခံစရာလား။ အင်း... သို့သော်... ပြောသာပြော ရ၊ ကိုယ့်စကား အဆုံးမှာ သူကပဲအထက်စီးနဲ့
“ကောင်းပြီလေ... ဒါဆိုလည်း အန်တီတို့နားပါတော့ မယ်”လို့ နှင်မလွှတ်ရုံ၊ တွန်းမထုတ်ရုံတမယ် အမေကြီးရဲ့အပြုအမူကိုတော့ အောင့်သီးအောင့် သက် မဖြစ်ဘဲနေပါ့မလား။

x x x x x x x x x

    “ဟောဗျာ” အိပ်မပျော်လေတိုင်း တောင်တွေးမြောက်တွေး၊ ကိုယ့်အိမ်ပေါ်အခန့်သား စံ မြန်းနေကြတဲ့ ညနေက ဧည့်သည်သားအမိနှစ် ယောက်အကြောင်းတွေး၊ လူးလိုက်လှိမ့်လိုက်ရှိ နေတုန်း အိပ်ပျော်ပြီဆိုရင်တော့ အသေကောင်လို တုန်းကနဲ၊ မဟုတ်ရင်တော့လည်း အမဲလိုက်ခွေး ထက်တောင် နားပါးဖြတ်လတ်နေတတ်တဲ့ ၀သီက “ချွတ်” ကနဲအသံ တစ်ခုမှာ ငုတ်တုပ်ထထိုင်မိရက် သားဖြစ်နေပြီ။ ပြတင်းကနေ ခြံထဲအမြန်လှမ်း ကြည့်လိုက်တော့ နိုင်ငံခြားရုပ်ရှင်ခွေ သရဲကားတွေထဲကအတိုင်း ချွတ်စွပ်။ ည၀တ်အင်္ကျီဖြူလွလွတလွင့်လွင့်နဲ့ ပိန်ပိန်ပါးပါးသဏ္ဍာန်ဟာ ဟိုနှစ်ယောက်တည်းက သမီးကလေး မဟုတ်လို့ ဘယ်သူတုန်း။ ဘာသဘောပါလိမ့်။
    ခြံထဲအမြန်ပြေးဆင်း၊ နောက်ကနေပြေး လိုက်၊ “ဟေး... ဘာဖြစ်လို့လဲ... ဘာအကူအညီ လိုလို့လဲ”လို့ အော်မေးလိုက်ပေမယ့် နားပဲနည်း နည်းလေးလေတာလား။ ဒီလောက်အသံ အကျယ်ကြီးကို လုံးဝမကြားပုံနဲ့ လှည့်လို့ကိုမကြည့်ပါ။ ဒီ တော့လည်း ခြံပေါက်ဝအထိဆက်လှမ်းနေတဲ့ သူ့ထက် ရှေ့ရောက်အောင်ကျော်တက်၊ နောက် တစ်ချီ “ဟိတ် ! ” ကနဲ ထပ်အော်အပြီးမှာတော့ ပါးစပ်အဟောင်းသားနဲ့ ကိုယ့်ကားဂိုဒေါင်ဆီကိုယ် ကိုယ့်ဘာသာပဲ ခပ်မဆိတ် အူကြောင်ကြောင် ပြန် လျှောက်လာခဲ့ရတော့တာ။
    လုံးဝကိုနော် လုံးဝကြီးကို... ပြူးဝိုင်းဝိုင်း မျက်လုံးကြီးတွေက ပွင့်ရက်သား၊ ဒါပေမယ့် ကြောင်တောင်တောင်။ တစ်ခုခုကို စိုက်ကြည့်နေ သလိုလိုရှိနေပေမယ့် သူ့အကြည့်တွေက ဘာအဓိပ္ပာယ်မှမပါ၊ ပြီးကျ ကိုယ့် ခန္ဓာကိုယ်တစ်ခုလုံးကိုပါ မှန်သားပြင်တစ်ချပ်အလား ဟိုးအဝေးကြီး အထိကို ဖောက်ထွက်သွားတော့ပုံနဲ့။
    ဘယ်လိုလုပ်များ ပြန်အိပ်လို့ရတော့မှာလဲ။ မနက် (၁)နာရီကျော်ရုံလေးမကလို့ ဘာပဲဖြစ်ဖြစ် ဖုန်းကိုဖွင့် အင်တာနက် Google ထဲ Sleep Walking ဆိုတဲ့ စကားလုံးကိုရိုက်ထည့်။ ဘယ်လို များ ဖြစ်ရရှာတာပါလိမ့်။ အဲဒါကြောင့်များ သူ့ အမေကြီး လိုတာထက်ပိုပြီးတော့ အသည်းပို အမြင်ကပ်စရာလိုလို ဖြစ်နေရရှာတာလား။ သူများ အိမ်လည်းလာနေသေး၊ နှင်လည်းထုတ်သေး၊ တစ်အိမ်လုံးက ပြတင်းပေါက်မှန်သမျှ သံပန်းသံတိုင်တွေ လုံခြုံခိုင်ခန့်မှု ရှိမရှိ လိုက်စစ်လိုစစ်၊ “ရှိရှိ သမျှ တံခါးသော့တွေအကုန်လုံး အန်တီ့ကိုပဲပေး ထားပါ” လို့ အားနာသမှုမရှိဘဲ ခပ်တည်တည်ပြောလိုပြော၊ အကြောင်းရင်းက ဒါလား၊ အဲဒီလောက် ကဲကဲဆတ်ထားပါရက်နဲ့ သင်းကလေးကကော ဘယ်အပေါက်ကနေ ဘယ်လို လွတ်မြောက်ထွက် လာနိုင်တာပါလိမ့်။
    ကြားပဲကြားဖူးထားတာ၊ လက်တွေ့မြင်ဖူး လိုက်တာတော့ ဒါပထမဆုံးပါ။ လူက အူကြောင်ကြောင် ဖြစ်သွားရတော့ သင်းလေး ဘယ်အထိများ ဆက်ထွက်သွားသလဲ၊ ဒီပုံအတိုင်းဆို သူများတစ်မြို့တစ်ရွာမှာ အန္တရာယ်မှ ကင်းပါ့မလား၊ ဘယ်
အချိန်က အိမ်ထဲပြန်ဝင်သွားသလဲ၊ ဘာများဖြစ်သွားသေးသလဲ ဆိုတာတွေ လိုက်တွေးပေးကြည့်ဖို့တောင် မနက်မိုးစင်စင်လင်းတော့မှပဲ သတိရ တော့တာ။ “လုံးဝ သွားမပတ်သက်ဘဲ ခပ်ကင်း ကင်းပဲနေမယ်” ဆိုတဲ့ အစီအစဉ်လည်း ခေါင်းထဲ ကနေ ကြက်ပျောက်ငှက်ပျောက်။
    “ဘာများ လိုအပ်တာ ရှိဦးမလဲလို့ပါ”
    ခပ်တင်းတင်းအမေကြီးကို မျက်နှာပြောင် တိုက်ပြီး မျက်နှာချိုသွားသွေးတော့ “ပြည့်စုံပါ တယ်။ မလိုပါဘူး။ ကိုယ့်ဘာသာ နေတတ်သလိုပဲ နေပါ” ဆိုတဲ့ စကားမျိုးပြန်ရပြီး သမီးကလေးကတော့ ညကတည့်တည့်ကြီး မျက်နှာချင်းဆိုင်ကြီး တိုးထားတဲ့ အဖြစ်အပျက်ကို ဘာမှမမှတ်မိပုံ၊ မသိပုံနဲ့ တုံဏှိဘာဝေသာ။

x x x x x x x x x

    “ငယ်တုန်းမှာ ပိုဖြစ်တတ်တာကွ ။ ဒါပေမယ့် ကြီးလာလည်း ဆက်ဖြစ်ရင် ဖြစ်နေနိုင်တာမျိုးပဲ။ အဓိကကတော့ မျိုးရိုးကြောင့်တို့၊ Stress တွေ အများကြီးရှိနေတဲ့သူ၊ အိပ်ချိန်တွေက ဆိုးဆိုးရွား ရွားကို ပုံမှန်မဟုတ်ဘဲ မအိပ်ရတဲ့သူတို့၊ စိတ်ငြိမ် ဆေးတို့ ဘာတို့ ပုံမှန်စွဲသောက်နေရတဲ့သူ၊ ဒါမှမဟုတ်ရင်တော့ ရောဂါအခံတစ်ခုခုပေါ့ Obstru-ctive Sleep Apnea တို့၊ Nighttime Seizures တို့ ဒါမှမဟုတ်လည်း Psychiatric Disorders ဘာညာ ရှိနေတဲ့သူမျိုး”
    “မင်းဟာကလည်း တစ်ခုမှ မကောင်းပါ လား... ပယ်ပယ်နယ်နယ်တွေချည်းပဲ”
    “မင်းပဲသိချင်တယ်ဆိုလို့ ရှင်းပြရတာလေ။ ဘာကောင်းတာ ရွေးပြောရမှာလဲ။ ဆက်ပြောရင် ဒီ့ထက်တောင်ဆိုးတာတွေ ရှိချင်ရှိလာဦးမယ် ပြော ရမှာလား”
    သူငယ်ချင်းဆရာဝန်ကောင်ကို ခေါင်းညိတ် ပြလိုက်ရပေမယ့် ရင်ထဲမှာတော့ တစ်မျိုးကြီးပါ။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့။ ငါဘာဖြစ်နေ တာလဲ။ အဲဒီလောက် စွမ်းစွမ်းတမံ စူးစူး နစ်နစ်ကြီး ဖြစ်နေဖို့လိုလို့လား။
    “ငါတွေ့ဖူးတဲ့ ကလေးတစ်ယောက်ဆိုရင် ကွာ ကလေးတန်မဲ့နဲ့ အဲဒီလိုညဘက်တွေ အိပ် ပျော်နေရာက ယောင်ပြီးလမ်းထလျှောက်ပြီဆိုရင် တစ်အိမ်လုံးက ကုလားထိုင်စားပွဲတွေကို နေရာ လျှောက်ရွှေ့ပြီး ပြင်တော့တာပဲ။ မသိစိတ်က သူ့
မိဘတွေထားထားတဲ့ အထားအသိုပုံစံကို လုံးဝ မကြိုက်နိုင် ဖြစ်နေသလားမှ မသိတာ။ အလေးကြီး တွေနော်၊ သူမို့ လွယ်လွယ်နဲ့လျှောက်ရွှေ့နိုင်တယ်။ နောက်တော့ မိဘတွေက သူညဘက်လုပ်လုပ်ထား တဲ့ပုံစံကို ပြန်မပြောင်းဘဲ ဒီတိုင်းပဲ ထားထားတော့ တာ၊ ဒါလည်း ထပ်ပြင်တာပဲ။
    များသောအားဖြင့်ကတော့ (၁၀)မိနစ်ကနေ အလွန်ဆုံးနာရီဝက်လောက်ပါပဲ။ ဘာ အနှောက် အယှက်မှ မရှိရင် သူတို့ဘာသာအလိုလို အိပ်ရာထဲ ပြန်ရောက်သွားကြမှာ။ နိုးလာရင်လည်း ဘာမှမ မှတ်မိကြတော့တာ ပုံမှန်ပဲ။ တစ်ခုခု တစ်ယောက်ယောက်ကြောင့် ပုံမှန်မဟုတ်ဘဲ နိုးသွားရ ရင်တော့ ခဏတဖြုတ် ကြောင်တောင်တောင်ဖြစ်ရင်ဖြစ်နေ ဒါမှမဟုတ် ဒေါသတွေဖြစ်ပြီး Aggressive ပုံစံ ပေါ့။ တစ်ချို့ကတော့ အဲဒီအချိန်မှာ နှိုးလိုက်ရင် ရူးသွားမလား၊ ကြောင် သွားမလား စိုးရိမ်ကြတယ်။ မဟုတ်ပါဘူး။ သူ့မှာ အန္တရာယ်တစ်ခုခုကြုံတော့မယ်ဆိုရင်တော့ မရရအောင် နှိုးရတော့ မှာပေါ့ ။ Accident တွေ ဘာတွေဖြစ်နိုင်တယ်ကွာ ။ Injury တွေ ရနိုင်တယ်ကွာ။ တစ်ချို့ဆို ကားတွေဘာတွေ တောင် မောင်း ထွက်သွားတာကိုး။ အင်း... မိန်းကလေး ငယ်ငယ်ရွယ်ရွယ်ဆိုရင်တော့ မသမာသူတွေ ဘာညာတွေ့နိုင်”
    သူငယ်ချင်းရဲ့စကားကို ရုတ်တရက်ဖြတ်ပစ် ပြီး “ဒါဆို ဘာလုပ်ရမှာလဲ။ ဆေးကုလို့ရလား” လို့ ခပ်လောလောမေးလိုက်မိတော့ သတ္တ၀ါက မျက်ခုံးကြီးနှစ်ဘက်မြင့်တက်ပြီး လာကြည့်နေရင်း...
    “များသောအားဖြင့်ကတော့ မလိုဘူး။ တစ်ချို့ကတော့ Tranquilizer တစ်မျိုးမျိုး ပေးထား တတ်ကြတာမျိုးတော့ရှိတယ်။ ဒါမျိုးတွေက အရွယ်ရလာရင်တို့၊ သူ့ရဲ့ Emotional  Problems တွေ၊ ပြင်းပြင်းထန်ထန် စိတ်အနှောက်အယှက် ရှိ နေရတဲ့ အကြောင်း ရင်းတွေကို ပြုပြင်နိုင်လိုက်ရင် သူ့အလိုလို အကြိမ်ရေကျဲကျဲလာပြီး ပြန်ပျောက် ရင်လည်း ပျောက်သွားနိုင်တာမျိုးပဲလေ။ အကြိမ်စိတ်လာရင်တော့ တတ်သိနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ရတော့မှာပေါ့။ အဓိကကတော့ ကြိုတင် ကာကွယ်ရမှာတွေပဲကွ ။
    ပလပ်ပေါက်တွေဘာတွေ Tape တွေနဲ့ ပိတ်ရင်ပိတ်ထား။ လေးလံပြီး လွတ်ကျ နိုင်တာတွေ သိမ်းထား၊ လှေခါးထိပ်တွေဘာတွေရှိရင် တံခါးတပ်ထား၊ အိမ်ထဲကနေ အိမ်ပြင်ရောက်မသွား အောင် တံခါးတွေသေချာ ပိတ် သော့တွေဖွက်ထား၊ ကားသော့တွေ ဘာတွေသိမ်းထား။ ကိုယ့်ကိုကိုယ်ပါ အဲဒီလိုဖြစ်တတ်မှန်း ကိုယ်တိုင်သိထား ရင်တော့ အရက်မသောက်နဲ့၊ Anti - depressant အပြင်းတွေရှောင်၊ ပင်ပင်ပန်းပန်းအလုပ်တွေ၊ Stress တွေ အဖြစ်မခံနဲ့ပေါ့။ အခံရောဂါတစ်ခုခု ရှိလို့ ဖြစ်နေတာဆိုရင်တော့ သူ့မူလရောဂါအခံကို ပျောက်အောင် အရင်ကုရမှာပေါ့”
    “ဘန်ကောက်မှာ ဆေးသွားကုကြမလို့ ပတ်စ်ပို့လာလုပ်တာ။ ပြီးရင်တန်းထွက်မှာ” ဆိုတဲ့ အန်တီလေးရဲ့စကားကို ပြန်ကြားယောင်ပြီး “၀ှုး” ကနဲ သက်ပြင်းတောင်ချလိုက်မိ။ ဆေးကုမှာဆို တော့ ပိန်ရှုံ့ရှုံ့ ညှိုးလျော်လျော်အမေကြီးလို့ပဲ ထင်မိတာပေါ့။ အရွယ်ကောင်း လှတပတ ဒီသမီး လေးလို့တော့ ဘယ်သူကထင်မိပါ့မလဲ။ ဒါတွေကို အဒေါ်လုပ်သူကကော သိရက်နဲ့ သူများအတွင်း ရေးမို့ နှုတ်မဖွာချင်တာလား။ တစ်ခါမှမကြုံဖူးလို့ လုံးဝကို သိမထားတာလား။ ဟား... နေရင်း ထိုင် ရင်း ပြဿနာထုပ်က ကိုယ့်ခေါင်းပေါ်ရောက်။ အင်း... ပြဿနာထုပ် ရယ်လို့လည်းပဲ မဟုတ်ပါဘူး လေ။ ကိုယ့်ကိုက မနေနိုင်မထိုင်နိုင် ၀င်ပါဖြစ်ဖို့ ကိုပဲ စိတ်အားက ထက်သန်နေခဲ့ပြီပဲဟာ။
    “ကောင်းတာလေးတွေလည်းပဲ ရှိပါတယ် ကွ။ နာမည်ကျော်ပန်းချီဆရာ တစ်ယောက်ဟာ မနက်ဆိုရင်တော့ Male Nurse ယောက်ျားသူနာပြု လုပ်တာကွ၊ ညကျမှ လူမသိတဲ့ အရည်အချင်း တွေပေါ်လာပြီး ပန်းချီတွေ ထထဆွဲတာ။ စစချင်း ကတော့ နံရံတွေ ကြုံရာမှာ ဆွဲတာပေါ့။ နောက်ပိုင်းသိလာကြတော့ ဆွဲစရာပစ္စည်းတွေ တစ်အိမ်လုံးအနှံ့ချထားကြတာ။ သူ့မှာ Masterpiece နာ မည်ကျော်ပန်းချီကားတွေ အများကြီးရှိနေပြီနော်။ အားလုံး  Nighttime Sleep Walking လုပ်နေ တုန်း ဆွဲထားတာချည်းပဲတဲ့”
    ကိုယ့်မျက်နှာက ဘယ်လောက်များ အခြေအနေပျက်ယွင်းနေပြီမသိ၊ သူငယ်ချင်းဆရာဝန်က  “ကောင်းတာလေးတွေလည်း ရွေးပြောဦးမှ” လို့ ခုမှပဲ အကြံရလာပုံနဲ့ပါ။ ငါလည်း မင်းလောက်သာအကုန်မသိ နိုင်တာ၊ ဖတ်သင့် သလောက်တော့ လျှောက်ဖတ်ထားပါတယ် ဟေ့ကောင်ရာ။ နာမည် ကျော်သွားတဲ့ ပန်းချီဆရာလည်း ရှိသလို ပြတင်း ပေါက်ကခုန်ချ ခြေကျိုး လက်ပဲ့ပြီးမှ နိုးလာတဲ့သူတို့၊ အပြင်ထွက်သွားပြီး လမ်းဘေးတင် ပြန်အိပ်ပျော် သွားလို့ အေးခဲ ပြီး သေတဲ့ လူတို့၊ ကိုယ့်သမီးကိုယ် မဟုတ်တာပြန်လုပ်လိုက်မိလို့ Child Abuse နဲ့ အဖမ်းခံရတဲ့သူတို့၊ သူ့ဘာသာပဲ အိမ်ရှေ့မြက်ခင်း ကို ထထရိတ်ပြီး မနှိုးရဲ ပြန်မရှင်းပြရဲတဲ့မိန်းမကို သံသယနဲ့ကွာပစ်တဲ့ ယောက်ျားတို့၊ အဲဒါမျိုး ပေါက် တတ်ကရ ဥပမာတွေကလည်း တစ်ပုံကြီး ရယ် မဟုတ်လား။
    အင်းပေါ့... ဘယ်တတ်နိုင်မလဲ။ သူလေးနဲ့ ကိုယ်နဲ့ရေစက်က ဘယ်လောက်ထိပါလာမလဲ ကိုယ်တိုင်တောင်မသိနိုင်သေးပေမယ့် ကိုယ့်အိမ် ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ တစ်ခဏမှာတော့ ဘေးမသီ ရန်မခ အစစအ၀၀လုံခြုံစိတ်ချ ရရေးသည် ကိုယ့်တာဝန်။ အားလုံးဖွင့်ပြောပြတိုင် ပင်ပြီး အားကိုးအဖော်ညှိတာမျိုးလား၊ ဖြစ်လာရင်တော့ ကောင်းတာပေါ့။ တွေ့ကြရတာဖြင့် တစ်ပတ်ဆယ်ရက်နဲ့ သူစိမ်းယောက်ျားပျိုတစ် ယောက်ကို အဲလောက်ထိ လွယ်လွယ်ကူကူ ယုံ
ကြည်စိတ်ချနိုင်မယ့်ရုပ်မျိုးတော့ ဒီသားအမိမှာ တစ်စက်မှ မပေါ်တာအမှန်ပါ။ အလကားနေရင်း သံသယတွေနဲ့ ဒေါသ၊ သောကတွေမထိမ်းနိုင် ဖြစ်နေတဲ့ ပုံမျိုးတွေပဲ ပေါက်နေတာ။
    ကိုယ်ကလည်း အဲဒီလိုအခြေအနေမျိုးကိုပဲ ဇွတ်တိုးပါ့မယ်လို့ ဆုံးဖြတ်လိုက်မိပြီကိုး။ Night-time  Sleep  Walking ဆိုပေမယ့် စိတ်ကသူ့ အလိုလိုမချနိုင်ဘဲ နေ့ငုတ်တုပ် ညငုတ်တုပ် လုပ်ရ ဖန်များလာတော့ လူလည်း သူတို့သား အမိလိုပဲ ဖြူလျော်လျော်ပိန်လှီလှီတောင် ဖြစ်ချင်လာပြီ။ တစ်ချို့ညတွေမှာ သရဲကားကြည့်နေရသလို ကိုယ့်ရှေ့အဖြူရောင်လေးက အတောင့်လိုက်ရွေ့ပြီး မနက်ကျ ဘာမှမသိတဲ့ပုံနဲ့ ကိုယ့်တစ်ယောက် တည်း တိတ်တခိုး၊ သက်တော်စောင့် အိပ်ဖန်တော်စောင့် ဖြစ်နေရတာလည်း ကျေးဇူးတင်မယ့်လူက မရှိ။ ခုထိ ကိုယ်နဲ့ ကောင်မလေးသာ မျက်နှာချင်း တွေ ဆိုင်ဆိုင်နေတယ်၊ အမေကြီးနဲ့ကတော့ တစ်ခါမှကို မတိုးလေသေးတော့ ကိုယ်တောင်အဲဒီ လောက် လိုက်စိတ်ပူပေးနေ ပါရက်နဲ့ သော့တွေသာ အသေခပ်ပြီး သမီးလုပ်တဲ့သူ လွတ်လွတ်ထွက် လာတာကို တစ်စက်မှ သိလိုက်ပုံလည်းမရ၊ ကုလားသေကုလားမောပဲ ဖြစ်နေပုံရတဲ့ အဘွားကြီးကိုလည်း စိတ်နာ။
    အင်း... ဗျာများလိုက်တာ ကိုယ့်ဘ၀။ ညှိ

x x x x x x x x x

    မနက်(၁၀)နာရီလောက်ကြီး မှေးကနဲအိပ် ပျော်သွားလိုက်တာ ရုတ်ရုတ်သဲသဲအသံတွေ ကြောင့် အလန့်တကြားပြန်နိုးလာရတော့ (၁၀)နာရီခွဲကျော်ကျော်။ အင်း... နာရီဝက်လောက် အိပ် လိုက်ရတာ အရသာရှိလိုက်တာ။ နို့မို့ဖြင့် သူငယ်ချင်းရဲ့အပြောအရ အိပ်ရေးပျက်ရလွန်း တာတွေကြောင့်လည်း ဒီလို Sleep Walking က ဖြစ် လာတတ်တယ်ဆိုတော့ တော်တော်ကြာကျ သူ့ကာကွယ်ရင်း စောင့်ရှောက်ရင်းနဲ့ ကိုယ်ပါအတူ ပူးတွဲလေး စုံတွဲယှဉ်ထွက် ရတဲ့ဘ၀ မျိုး ရောက်သွား မှ။ ဟက်ဟက်။
    “ ဒုန်း... ဒုန်း... ဒုန်း... မောင်ရဲရင့်... မောင်ရဲရင့်”
    “ဟုတ်... လာပြီခင်ဗျ”
    ဘာတွေဖြစ်ကုန်ပါလိမ့်။ တစ်ချိန်လုံး သင်္ဘောပေါ်ရောက်နေတော့ ရပ်ကွက်နဲ့က သိပ်မရင်းနှီးလှသလို ဖြစ်နေပေမယ့် ကိုယ့်ကို ဂိုဒေါင်တံခါးခေါက် လာနှိုးလေတဲ့ ဒီဘကြီး တစ်ယောက် ကိုတော့ ရပ်မိရပ်ဖ ရပ်ကွက်လူကြီး အရင်က အဖေ့
အသိမိတ်ဆွေအဖြစ် မှတ်မိနေသား။ ဟိုက် ! ရပ် မိရပ်ဖက တစ်ယောက်မကပါလား၊ ခပ်များများ။ ပြီးကျ ဟိုဟာတွေက ရဲတွေလား၊ ရဲမေတွေရော။
    ဘာဖြစ်ကုန်ပြီလဲ။ ဧကန္တ... ညက... ညက... ဟိုကောင်မလေး။ ဟင့်အင်း... မဖြစ်နိုင်ပါဘူး။ ညက ငါ တစ်မှေးမှမှ မမှေးလိုက်မိတာ၊ ခုလေးတင် မနက်(၁၀)နာရီထိုးကာနီးမှ အိပ်ပျော်သွားတာ။ ညကလည်း ကောင်မလေး ထွက်လာတာ မမြင်ပါ ဘူး။ ဘာတွေလဲ။
    “မောင်ရဲရင့်က ရန်ကုန်မှာရှိနေတာကိုး။ အန်ကယ်က သင်္ဘောပေါ်ရောက်နေမယ်ပဲ မှတ်တာ၊ ပြန်ရောက်နေတာကြာပြီလား။ ဒါနဲ့ အိမ်ကြီးပေါ်က ဧည့်သည်မိတ်ဆွေတွေလား။ မောင်ရဲရင့်က ဘာလို့ ဂိုဒေါင်ဘက် ရောက်နေတာလဲ။ သူစိမ်း ဧည့်သည်တွေ ညအိပ်ညနေရောက်နေတာလည်း အန်ကယ်တို့က သိမထားရသေးတော့”
    “ဟုတ်ကဲ့ခင်ဗျ... ကျွန်တော် ဧည့်စာရင်းလာ တိုင်ထားဖို့ ပျက်ကွက်မိတယ်ထင်တယ် အန်ကယ်။ ဟုတ်ကဲ့... ဟင်းဟင်း... ဒီလိုခင်ဗျ။ ကျွန်တော်
ကလည်း ဒီလိုမျိုးအကြောင်းကြားရမယ့်တာဝန်တွေ ဘာတွေ သိပ်မကြုံဖူးတော့ နားမလည်သလိုတော့ဖြစ်... ဟုတ်ကဲ့... အခုက ဧည့်စာရင်းလာစစ်တာလား အန်ကယ်”
    ပြောရင်းဆိုရင်း အိမ်မကြီးဆီရောက်ကြ တော့ အမေရောသမီးပါ ဧည့်ခန်းကုလားထိုင်များ ထက်မှာ မျက်စိပျက်မျက်နှာပျက်။ သူတို့အနားမှာ ကတော့ ရဲမေနှစ်ယောက်လောက်က စောင့်ကြပ်လျက်။ ဟင် ! ဧည့်စာရင်းမတိုင်မိတာ အဲဒီလောက် ရဲတွေဘာတွေနဲ့ အပြစ်ကကြီးတာလား... ဒုက္ခ။ ကိုယ်အသုံးမကျတာနဲ့ သင်းကလေးတို့တော့ ပြဿနာပါလား ။
    “ ဒီလို .. မောင်ရဲရင့်ရဲ့”
    စိုးရိမ်မျှော်တွေး ပူပန်စောင့်ကြည့်နေရသမျှ တို့က တစ်ခုမှအရာမထင်တော့ပါ ။ သူကလေးရဲ့ ပြဿနာက သူတို့ကိုယ့်ဆီရောက်မလာကြခင် မန္တလေးမှာကတည်းက ဖြစ်ပွားပြီးခဲ့ပါပြီတဲ့။ ညဘက်ကြီး လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့
တာက လူသေမှုတစ်မှု။ ပြီးကျ အမှုမှန်ကို ရင်မ ဆိုင်ဘဲ ရန်ကုန်ထိ ဆင်းချထွက်ပြေးလာခဲ့သလို ရှိတာက တိမ်းရှောင်ဖုံးကွယ်မှု။ စုစုပေါင်းနှစ်မှု။ ၀ှူး ...။ အန်တီကြီးရဲ့ တိမ်းရှောင်လိုက်ချင်ပုံကတော့ ရက်ရက်စက်စက်ပင်။ ဆေးကုမယ်ဆိုပြီး ထိုင်းနိုင်ငံအထိတောင် တဝေးတလံကြီး သွားပုန်းနေလိုက်ချင်တာမျိုးပါလား။ သို့သော်... ဒီလိုကိစ္စမျိုး ဖြစ်ပွားလာခဲ့သော်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု လေ့လာထားမှုက ကိုယ့်မှာကော ရှိမနေရဘူးလား ။
    “အဲဒါကလေ... အန်ကယ်... ကျွန်တော်ပြော ချင်တာလေးတစ်ခုတော့ ရှိပါတယ်”
    အမှုကို အမှုအတိုင်းရင်ဆိုင်ပြီး ရောဂါသည်တစ်ယောက်အဖြစ် ထွက်ပေါက်ရှိနေနိုင် တာကို အသိကြွယ်မထားလေတဲ့ အမေကြီးရဲ့ ပညာမဲ့လုပ်ရပ်ကတော့ ကိုယ်လည်း အဲဒီလောက်ကြီးထိ လိုက်ကယ်နိုင်မည် မထင်။ အိပ်ပျော်နေရာ
ကနိုးလာပြီးရင် ဘာမှပြန်မသိနိုင်တော့တဲ့ ကောင်မလေးရဲ့ ဖြစ်အင်ကိုတော့ အမှန်အမှန်အတိုင်း အားလုံးသိထားဖို့ လိုတယ်ပဲမဟုတ်ဘူးလား။               
    “ဟုတ်ကဲ့... ဒီမှာလည်း မေးတော့မေးပြီးပြီမို့ ပြောပြကြတာတွေက အဲဒီလိုပါပဲ။ တကယ်တမ်းသက်သေသက္ကာရနဲ့တကွ ဆေးကုသမှုခံယူနေရတဲ့ မှတ်တမ်းတွေ၊ ဆရာဝန်တစ် ယောက်ယောက်နဲ့ တိုင်ပင်ထားတာမျိုးတွေ ရှိခဲ့ရင်တော့”
    “ဟာ... ရှိပါတယ်။ ရနိုင်ပါတယ် စခန်းမှူးကြီး။ ကျွန်တော့်သူငယ်ချင်း Psychiatrist တစ်ယောက်နဲ့ ကျွန်တော် တိုင်ပင်ထားတာလေးတွေ ရှိပါတယ်။ လိုအပ်ရင် သူ့ကို ရုံးတော်မှာ ထွက်ချက်လာပေးဖို့ သက်သေအဖြစ် ကျွန်တော်တင်ပြ နိုင် ပါတယ်”
    ကောင်မလေးဆီက ထူးဆန်းတဲ့အကြည့်တစ်ချက် ကိုယ့်ဆီရောက်လာတော့ ကိုယ့်မှာ ဂုဏ်လုပ်ပြီးပဲ ရင်ကော့လိုက်ရမလိုလို၊ အားပေးပြုံး တစ်ချက်ပဲ လှမ်းပြုံးပြလိုက်ရမလိုလို။
    “ဒါပေမယ့် နည်းနည်းလေးပေါ့လေ... အမေ နဲ့သမီးနဲ့ ပြောနေကြတာတွေထဲမှာ ကွဲလွဲချက်လေးတွေကရှိနေတော့ ကိုရဲရင့်ကို မေးကြည့်ချင်တာက ကိုရဲရင့်သူငယ်ချင်း စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ခဲ့တယ်ဆိုတဲ့၊ ကိုရဲရင့်သိထားတဲ့ တကယ်ရောဂါဖြစ်နေတဲ့သူက ဘယ်သူလဲ”
    “ခင်ဗျာ” ဆိုတဲ့အသံက နှုတ်ကနေတောင် ထွက်မလာနိုင်တော့ပါ။
    “အမေကပြောတော့ ရောဂါသည်က သမီး တဲ့။ သမီးကလည်း အမေကသာသူ့အလစ်မှာ အဲဒီလိုလမ်းထွက်ထွက်သွားတာမျိုးဖြစ်ပြီး သူကတော့ နောက်ကပဲ တကောက်ကောက် လိုက်
စောင့်ရှောက်နေရတာပါတဲ့။ အဲဒီညကအဖြစ်အ ပျက်ကတော့ သူတစ်ချက် သတိလစ်သွားလို့ အမေ့ကို မတားလိုက်နိုင်တာပါတဲ့” ဆိုတဲ့ စခန်းမှူးကြီးရဲ့အသံကသာ ဟိန်းဟိန်းကြီး ထွက်ပေါ်လာပြီး ပဲ့တင်တွေလည်း ထပ်လို့။ ဘယ်လိုဖြစ်ရ
တာလဲ။ အဖြစ်အပျက်က ဘာလို့ထင်သလောက် ရှင်းရှင်းလင်းလင်း ဖြစ်မနေဘဲ ဖုံးကွယ်မှု လိမ် လည်မှုလိုလိုတွေနဲ့ ရှုပ်ထွေးကုန်ရတာတဲ့လဲ။ လိမ်တယ် ဖုံးတယ်ဆိုရင်ကော ဘာ့ကြောင့်လဲ။
    ကိုယ်ကတော့ အဖြူရောင်အတောင့်လိုက် ကလေး ညဘက်ညဘက် ရွေ့လျားနေတာကို အလုပ်ပျက် အအိပ်ပျက်ခံပြီး စောင့်ရှောက်ထားရ တဲ့သူဆိုတော့ လိမ်လည်သူက ဘယ်သူဆိုတာ သိတာပေါ့။ ဒါပေမယ့် ဘာလို့လိမ်တာလဲ။ ရောဂါ
သည်ဆိုရင် အပြစ်ကလွတ်တန်သလောက် လွတ်နိုင်နေပြီး ပြစ်မှုကိုသိသိကြီးနဲ့ တိမ်းရှောင်ဖို့ တွန်းအားပေးလှုပ်ရှားသူကသာ ပြစ်မှုကြီးနိုင်တာမို့ သမီးကလေးက ပိုကြီးနိုင်တဲ့ပြစ်မှုကို သူပဲယူလိုက်ချင်တာမျိုးလား။ နေပါဦး။ ဒါဆိုရင် အဲဒီညက အဖြစ်အပျက်ဆိုတဲ့စကားကို သူကလေးက ဘာလို့ပြောနိုင်တာလဲ။ ညဘက်တွေမှာ ဖောက်မြင်နေရသလို အကြည့်သေကြီးနဲ့ ကိုယ့်ကိုဖြတ်ကျော် သွားတတ်တဲ့ ကောင်မလေးဟာ မနက်မနက်ကျ ကိုယ်နဲ့ တစ်ခါမှတောင် မျက်နှာချင်းမဆိုင်ဖူး
သယောင်ယောင် မသိကျိုးကျင် ပုံစံတွေနဲ့ချည်းလေ။
    “ကျွန်တော်သိထားတာကတော့... သူ”
    စကားတောင် မဆုံးလိုက်ရပါ။ သူ့ဘက် ညွှန်ပြကာနီးဆဲဆဲ ကိုယ့်ရဲ့လက်ညှိုးကို ကောင်မလေးက ပုတ်ထုတ်ပစ်လိုက်ပြီးမှ တောက်တစ်ချက် လည်း ခပ်ပြင်းပြင်းပဲ ခေါက်ထည့်ပစ်လိုက်ကာ...     
    “ရှင်ဟာလေ... တော်တော် ၀င်ဝင်ပါချင်တဲ့ သူ။ ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို မနေတတ်တဲ့ သူ။ ပြောလေ ရှင်ဆက်ပြောပါလား။ ရှင်နဲ့ ကျွန်မပထမဆုံးညက ခြံထဲကဒါန်းစင်နားမှာဆုံကြတော့ ရှင်ဝတ်ထားတာက Nike စွပ်ကျယ်လက်ပြတ် အနက်နဲ့၊ စကဘောင်းဘီ မီးခိုးရောင်။ နောက် တစ်ကြိမ်ကျတော့ ရှင်လည်း ညအိပ်ဝတ်စုံ ပဂျား မားနဲ့။ ဟိုတစ်နေ့ကကျတော့ တစ်ညလုံးထိုင် စောင့်ပါ့မယ်ဆိုတဲ့ ဇွဲကြီးနဘဲကြီးနဲ့မို့ မနက်က တည်းက ၀တ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီ
လက်ရှည်ကိုတောင် ညဘက်ဝတ် ပေါ့ပေါ့ပါး ပါးဝတ်စုံတစ်ခုခုနဲ့လဲထားဖို့ သတိရပုံမပေါ်ဘူး ”
    “ဟာ”ကနဲ “ဟိုက်”ကနဲကို ဖြစ်သွားရတော့ တာပါ။ သူ တကယ်ပဲ အားလုံးသိနေပါလား။ ပြီးကျ မှတ်မှတ်ရရလည်း ရှိလှပါကလား။ အပြီးသတ်ကျတော့ အဖြစ်အပျက် အားလုံးကို တစ်ယောက်တည်း အားလုံးပဲ လိုက်သိနေသယောင် ယောင် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူ၊ ကျေးဇူးတွေတောင် ပြန်တင်ချင်နေသေးတဲ့ မောင်ရဲရင့်လေး တစ်ယောက် ယောင်အအကြောင်နနနဲ့ ဘာမှ အမှန်တကယ်သိမထားသူကြီးအဖြစ် သက်သေစာရင်းတောင် မ၀င်နိုင်တော့တာ။ ပါးစပ်အဟောင်းသား နဲ့ မန္တလေးက အဒေါ်အပျိုကြီးဆီပဲ ဖုန်းပြေးဆက် မိရရော။
    “ကျွတ် ! စိန်စိန်က Schizophrenic  ရောဂါသည်ပါ။ ဘယ်ကလာ အိပ်ရာထဲက လမ်းထထလျှောက်တတ်တဲ့ရောဂါ ဟုတ်ရမှာလဲ။ သူ့သမီးကလေးက သူ့အမေ အဲဒီလိုဆိုတာကို ဖုံးကွယ်ထားချင်တာမို့ မင်းသိမထားလည်း ဘာမှ မဖြစ်ပါဘူးလေ လို့ အန်တီလေးက ပြောပြမထားတာပါ။ အဓိကကတော့ သူ့အမေကို လူတောသူတောထဲ ၀င်ဆန့်စေချင်တာပေါ့။ သူတို့မန္တလေး မှာ ကားတိုက်မှုဖြစ်သွားတယ်ဆိုတာ အန်တီလေး က သိတောင်မသိလိုက်ဘူး။ သိရင် ရန်ကုန်ကို ဒီအတိုင်းတောင် မလွှတ်လိုက်ပါဘူး။ ကိုယ်ကလည်း ဒီမှာ ရုံးတစ်ဘက်နဲ့ အလုပ်က ဖြတ်ထားခဲ့လို့မရတော့ နောက်မှလိုက်လာခဲ့လိုက်မယ်လေ လို့။ ခုဟာကလည်း ရန်ကုန်ရွာသာကြီးက ဆေးရုံမှာလာပြပြီး ဆေးရုံတင်ထားခဲ့ရမယ်ဆိုလည်း တင်မလို့စီစဉ်တာပါ။ မင်းလုပ်ကာမှပဲ ထိုင်းနိုင်ငံအထိတောင် ထွက်ပြေးဖို့အကြံနဲ့ဆိုတော့ ပိုတောင်အမှုကြီးနေတော့မလားမသိ၊ ဒုက္ခဟဲ့။ ကောင် မလေးကလည်း ထင်ရာ တကယ်လုပ်တယ်”
    “ဒါကတော့ အန်တီလေးပဲ ကျွန်တော့်ကို မဟုတ်တာတွေ ပြောထားတာလေ”
    “ အဓိကကတော့ မင်း ရန်ကုန်မှာရှိနေတာကို မသိလိုက်တဲ့ ငါ့အပြစ်ပဲ”
    “အိုကေ... အိုကေ... ဒီလိုဆို အားလုံး အိုကေတယ်... Good တယ်”
    “ဘာဖြစ်တာလဲ... အသံက ”
    “ကောင်မလေးက ကျွန်တော့်ရဲ့ နေ့စဉ် အ၀တ်အစားကအစ အသေးစိတ်လိုက်သိ နေတာ ... ဟဲဟဲဟဲ ”
    “ရဲရင့်... အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ Schizo က မျိုးရိုးလိုက်တတ်တယ်တဲ့”
    “နောင်ခါလာ နောင်ခါဈေးတွေ နောက်မှပြောကြမယ် အန်တီလေး”
    ခုလောလောဆယ်ဆယ်တော့ သူငယ်ချင်း ဆရာဝန်ကောင်ဆီ ဖုန်းမြန်မြန် ပြန်ဆက်ရဦးမည်။ Sleeping Walking အကြောင်းတွေ ဆက်လေ့လာခိုင်းထားတာ ရပ်တန်းကရပ်။  စိတ်ကစဥ့်က လျားဖြစ်မှုမှာ မျိုးရိုးမလိုက်နိုင်တဲ့ အကြောင်းပြ ချက်ကောင်းကောင်းမှန်သမျှကို အပြည့်အစုံ မရရ အောင်ရှာ။ ဒါပဲ
    ကိုယ်ကတော့ သူ့အမေရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံးကာကွယ်ဖို့အတွက် သူကသာရောဂါသည်တစ်ယောက်လိုလို ဟန်ဆောင်ပစ် လိုက်တတ်ပြီး အရေးပြန်ကြုံလာမှ အုပ်ထိမ်းသူ ဘ၀ အမှန်ပြန်ထွက်လာတဲ့ ကောင်မလေးဆီကို
(“ ရှင်... လာပြီး ၀င်ပါပြန်ပြီလား” လို့ ရန်စွယ်နဲ့ ငေါငေါ ပြောပြန်ရင်လည်း ကျေကျေနပ်နပ်ပဲ ခံယူဖို့) အပြေးကလေး လိုက်ရပေဦးမည် ။

x x x x x x x x x