Primary tabs

သူမရဲ့ချစ်သူ

ကျွန်မသည် သူ၏လိုအပ်ချက်များကို တိတ်တဆိတ်ဖြည့်ပေးချင်ခဲ့သလို တစ်ခါတစ်ခါတော့ အများသိ အောင် သဲသဲလှုပ်ဂရုစိုက်ပြချင်ခဲ့မိသည်။ သူ့မျက်နှာကိုလိုက်ဖတ်ရင်း ၀မ်းနည်းဝမ်းသာ ထပ်တူခံစားပေးနေမိတဲ့ လက်ရှိနေ့ရက်တွေကို လည်း သူသိသိ မသိသိ ကျေနပ်နိုင်ခဲ့သည်။ ဘာမှမမျှော်လင့်ခဲ့ပေမဲ့ ပြောင်းလဲလာသောအမူအယာ အစိမ်းရင့်လာတဲ့ အကြည့်၊ ရက် စက်လာတဲ့ လေယူလေသိမ်းကို ခံနိုင်ရည်မရှိခဲ့။ အရာရာကို ဟာသလုပ်ပစ်တတ်သော ကျွန်မ၏ နေ့ရက်တွေ တစ်စတစ်စမှောင်မိုက်လာ သောအခါ ကျွန်မကိုယ့်ကိုယ်ကို မုန်းတတ်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုလည်း သနားမိသည်။ နောက်ပြီး သူမကို အလွန်အားကျမိလာ သည်။ သူမဆိုသည် မှာ “ဆောင်း”ဟုခေါ်ပြီး နာမည်အပြည့်အစုံ ဟုတ်၊ မဟုတ်တော့မသိပေ။ သူမ ဖြူသလား၊ မည်းသလား၊ ပိန်သလား၊ ၀သလား ဘာကိုမှ ဂဃနဏသိသည်မဟုတ်။ ဘာမှ အသေချာမသိသော သူမကို ဘာအတွက်အားကျမိရသလဲဆိုလျှင် သူမချစ်သူ ကြောင့်သာဖြစ်သည်။

သူမသည် သူ၏အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဂရုစိုက်မှု၊ ကြင်နာမှု၊ လေးနက်မှုများစွာတို့ကိုလည်း အပိုင်စားခဲ့သည်။ သူ၏ အချစ်ဦးအဖြစ် ရူးရူးမူးမူး စွဲလန်းစိတ်တွေကို သူမတစ်ဦးတည်းမူပိုင်ရခဲ့သည်။ မျက်ရည်ကျခဲလှသော သူ့ဆီမှ မျက်ရည်ကိုချူယူနိုင်သော သူမကိုတစ်ခါလောက်တော့ မြင်ဖူးချင်မိသည်။ သူမချစ်သူသည် ကျွန်မနှုတ်မှ “ချစ်သူ”ဟု တိုးတိုးဖွဖွ ရေရွတ်လေ့ရှိသောသူပင် ဖြစ် သောကြောင့် ဘယ်ဆီဘယ်ဝယ်မှန်း မသိသောသူမကို မှန်းဆ၀န်တိုနေရုံပဲ တတ်နိုင်ပါသည်။

သူသည် သူမအား ချစ်လျက်နှင့် လမ်းခွဲရခြင်းအပေါ် ခံစားနေသည့် အသည်းကွဲခရီးသည်ဖြစ်သည်။ ဖြိုးကြီးနှင့်ရှင်ဖုန်း၏ “နင်နဲ့ ငါ” သီချင်းကို ခဏခဏဆိုညည်းနေတတ်သော သူသည် ကျွန်မအားမမြင်တွေ့ခဲ့ပေ။ ကျွန်မ၏ လေးစားခြင်းတွေ၊ မြတ်နိုးကြင်နာခြင်း တွေကို မြင်စေသောအခါလည်း မထိခင်နိုးချင်သော ထိကရုံးပွင့်ကို ငဲ့ကြည့်သော မျက်ဝန်းတွေ လေးနက်ခြင်းကင်းမဲ့နေသည်။ မိန်း ကလေးဖြစ်လျှက်နှင့် သိုဝှက်ဖုံးကွယ်သင့်သည့် ခံစားချက်တွေကို ဘာကြောင့်မထိန်းချုပ်နိုင်တာလဲဟာ ကျွန်မကို အပြစ်တင်ကြလိမ့်မည်။ ကျွန်မတန်ဖိုးအထားရဆုံးအရာတွေသည် ရိုးသားခြင်းကို နေရာမှား သုံးမိသောအခါ တန်ဖိုးကျခဲ့ရလေပြီ။

သူ့ကို ဘာကြောင့်စွဲလန်းရသလဲဆိုသော မေးခွန်းမေးလာလျှင် ကျွန်မတွင်အဖြေမရှိပေ။ ကျွန်မအတွက်ကတော့ သူသည် “ကြောင်”ပင် ဖြစ်သည်။ ကျွန်မနဲ့ ပတ်သက်ခဲ့သော သူ့အကြောင်းကို အစချီရလျှင် ကျွန်မတွင်ကြောင်တစ်ကောင်ရှိပါသည်။ ထိုကြောင် ကလေးကို Pucci ဟုခေါ်ပါသည်။ လက်သည်းဝှက်တတ်၍ မဟုတ်ပါ။ အူကြောင်ကြောင်နှင့် ကြောင်တောင်တောင်တွေပြောလေ့၊ လုပ်လေ့ရှိ၍ သက်သက်သာဖြစ် သည်။ Pucci တွင် ကျွန်မပေးထားသောအမည် နာမများစွာကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။ Pucci သည် လောကကြီးကို ကျွဲကိုင်းဖြင့် ဘောင်ခတ်ကြည့်သူဖြစ်သည်။ စီးကရက်နှင့်ကွမ်းကို အလွန်ကြိုက်ကာ ဘယ်သွားသွား အိတ်အနက် တစ်လုံးကို ကုန်းပိုးထားလေ့ရှိသည်။ ဘယ်လို ကြည့်ကြည့် အံဝင်ခွင်ကျမရှိလှသော သူ့ကို ဘယ်အချိန်ကြည့်ကြည့် မြတ်နိုးမိသော ကျွန်မ က “နဂိုလှ”ဟု နာမည်တပ်ပေးမိပါသည်။

ကိုငှက်ကြီး၏ တစ်နေ့စာအလွဲထက် လွဲတတ်သေးသဖြင့် “အလွဲကျော်”ဟု တိတ်တိတ်လေး ခေါ်မိသေးသည်။ “ကွန်ပျူတာ ရှေ့က တစ်ညလုံးမခွာခဲ့ရဘူး”ဟု ပြောသည့်နေ့ မနက်ခင်းမှာ “ပန်ဒါ”ဆိုသော နာမည်လှလှလေးပေးမိကာ သူ၏ လမ်းလျှောက်ဟန် ကြောင့် “ပင်ဂွင်း” ဟု ထပ်ပြောင်းသွားခဲ့သည်။ လေတိုက်ရာအရပ်သို့ မသွားအပ်သော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော သူက ကျွန်မအား “အသားတွေမည်းပြီး ပိန်ကပ်လာတယ်” ပြောသည့်နေ့မှာတော့ “လူဖြူလူထွား”ဖြစ်သွားပြန်သည်။ Facebook ပေါ်မှ မျက်မှောင်ကျုံ့ထား ပုံနှင့် လျော်ညီစွာ “မှုံကြီး”လည်း ဖြစ်ခဲ့သည်။

ကျွန်မနှင့် ကျွန်မ၏ကြောင့် (သူမချစ်သူ) တို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးပြုကာ ညတိုင်းနီးပါး ၅၂၈ နှင့် ၁၅၀၀ အကြား စကားလုံးများပြောဖြစ်ကြပါသည်။ သူသည် တစ်ပါတ်ခန့် ဖုန်းပိတ်ထားခြင်းဖြင့် ထဖောက်တတ်သော “ဂေါက်သီး” တစ်လုံးလည်းဖြစ်သည်။ ထိုအချိန်တွ် ကျွန်မသည် “မိုးမိုး”ကဲ့သို့ပင် မရနိုင်မှန်းသိရက်နှင့် ထပ်ခါထပ်ခါဆက်မိခဲ့သည်သာ။ ဦးနှောက်ထဲရှိ အသိဥာဏ်တွေအစား သူ့အကြောင်းတွေချည်း copy ပွားထားခဲ့သည့် Trogin Horse Virus ဖြစ်သောသူသည် ရှေ့ဆက်တိုးလာရန် ဟန်လည်းမရှိဘဲ နောက်ဆုတ်လိုက်ရမလားဟူသော ကျွန်မ၏အမေးကို နှုတ်ဆိတ်နေခဲ့သည်။

ကျွန်မ၏နေ့ရက်တွေသည် သူဖုန်းဆက်သောနေ့တွေမှာ နေသာပြီး ဖုန်းမဆက်သောနေ့ရက်တို့တွင် မိုးအုံ့နေတတ်သည်။ ကျွန်မ ၏ အမူအယာမှာလည်း အစာကြေဆေးကြော်ငြာမှ မော်ဒယ်လ်မလေး၏ ဆေးမစားမီနှင့် ဆေးစားပြီး ပုံစံများကဲ့သို့ ပြောင်းလဲနေခဲ့သည်။ ည (၁၁)နာရီနှင့် (၁၂)နာရီအကြားတွင် လန့်လန့်နိုးပြီး ဖုန်းကိုထကြည့်တတ်သော ရောဂါအဖို့ အိပ်ဆေးတစ်ပုလင်း အိပ်ယာဘေးတွင် နေရာယူလာခဲ့သည်။

“ရွှေကောင်းကြွယ်” ကဖီးရှေ့မှ ဖြတ်လျှောက်လျှင်ငိုချင်မိသည်။ မုန့်ဖတ်ထုတ်မြင်လျှင် သတိသွားရနေသည်။ ၅၂ လမ်းမှ ရခိုင် မုန့်တီဆိုင်ကို ခြေဦးမလှည့်ချင်တော့ဘဲ ၂၀၄ ဘတ်စ်ကားမြင်လျှင် အကြောင်းမရှိ လိုက်ငေးနေမိတတ်သော အကြောင်းရင်းကို သေချာ မသိတော့ပေ။ သူ့မွေးနေ့ဆိုပြီး ညာခဲ့ဖူးသည်။ အိမ်လိပ်စာပေးလျှင်လည်း လမ်းပေါင်းများစွာတွင် ခဏခဏညာလွန်း၍ အမည်ရှေ့တွင် ၄၂၀ ပေါင်းထည့်ပေးပြီးသည့်နောက် မညာပါနဲ့တောင်းပန်ဖူးသည်။ အခုတော့ ညာတတ်သောကတိရဲ့ နောက်မှာ ကျွန်မတစ်ယောက် ဖုန်းရှေ့ထိုင်ပြီး မအိပ်ဘဲမိုးလင်းခဲ့ဖူးပြီ။ ဦးနှောက်က wanted ၏ “နောက်ထပ်မညာပါနဲ့”ကို ဆိုညည်းချင်နေသော်လည်း ရင်ဘတ်ထဲတွင် ရဲရင့်အောင်လို”မင်းပြောသမျှ ခေါင်းညိတ်တဲ့ ငါ့ကို နောက်ထပ်ညာပါ”ဟု အော်ချင်နေသည်။

စာတွေကျက်ရမှာလည်း မသိ၊ တာဝန်တွေလည်း မသိ၊ စားသောက်ရမှာလည်း မသိ၊ ဖြစ်နေရင်း ကျွန်မတဖြေးဖြေး သဘော ပေါက်လာခဲ့သည်။ ကျွန်မသည် ကြောင်တစ်ကောင်ဖြစ်ပြီး သူသည်ဆရာတစ်ယောက်ဖြစ်သည်။ ဘယ်လောက်ပင် တစ်စာစာအော်နေပါ စေ ကျွန်မ၏ ခံစားချက်ကိုလစ်လျူရှုကာ ချည်နှောင်မှု၏ Out of Servie တွင် ရုပ်တည်ကြီးနှင့် နေနိုင်သူပင် ဖြစ်သည်။ သေချာပါသည်၊ ကျွန်မသည် ကြောင်တစ်ကောင်ဖြစ်ပြီး သူသည် သူမချစ်သူသာဖြစ်သည်။