Primary tabs

အမှတ်တရ နှစ်ပတ်လည်

    မနက် အိပ်ရာကနိုးနိုးချင်း ခေါင်းထဲ အသိ စိတ်ထဲ တန်းဝင်လာတာက ဒီနေ့ “မေလေး” တို့ရဲ့ Anniversary Day ဆိုတာကိုပင်။ မေလေးရဲ့ မျက် နှာလေးက ပြုံးမြမြ ။ မေလေးက အရင် သတိရ တာလား။ သူရော ဒီချိန်မှာ သတိတရနဲ့ “ မေလေး တော့ သတိမှရပါ့မလား”လို့ မေလေးလိုပဲ တွေးနေ ပြီလား။ မေလေးတို့ဆီမှာ မနက်(၆)နာရီကျော် ကျော်ဟာ သူတို့ဆီမှာ (သင်္ဘောကြီးပေါ်မှာ) ဘယ် အချိန်လောက်များ ရှိနေမှာပါလိမ့်။ သူတို့ဆီမှာ ဒီအချိန်က အိပ်ချိန်ပဲရှိသေးတာ ဆိုရင်တော့ ဒီနေ့ မေလေးကသာ ဦးအောင်။
    “ မဖြစ်ဘူး... မဖြစ်ဘူး ။ မင်းရောကိုယ်ပါ သူများတကာတွေဆို သည်းသည်းလှုပ် တန်ဖိုးထား တတ်တဲ့ Sentimental Value ( အမှတ်တရတန်ဘိုး) ဆိုတာလည်း သတ်သတ်မှတ်မှတ် မရှိတတ်ကြ၊ ရက်စွဲ နေ့စွဲဆိုတာမျိုးကိုလည်း မေ့တတ် ပါဘိသနဲ့။ ဒီလိုမျိုး လူနှစ်ယောက်အတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဘာပဲလုပ်လုပ် ဒီရက်စွဲတစ်ခု တည်းမှာပဲလုပ် ။ သိပ်များများ မမှတ်ရအောင်လေ။ ဒါမှ အဘိုးတန် အမှတ်တရ ရက်လေးတွေတောင် မေ့နေပါတယ်ဆိုတာမျိုး ကိုယ်တို့ကြားထဲမှာ မရှိ တော့မှာ”
    ရှုံ့ရှုံ့မဲ့မဲ့ပြောခဲ့တဲ့ သူ့အမူအရာလေးကို မျက်စိထဲ မြင်ယောင်ရင်း နှုတ်ဖျားကနေ အသံသဲ့ သဲ့ထွက်အောင် ရယ်မောလိုက်ပြီးမှ သူ့ကို Face-book  Messenger က တစ်ဆင့် သွားနှုတ်ဆက် ထားလိုက်လည်းရတာပဲဆိုတာကို သတိရလိုက် မိပြန်တာပင်။ ကိုယ့် မက်ဆေ့ခ်ျက အရင်ရောက်နေ နှင့်တာ သူတွေ့ရင် ဒီတစ်နှစ် ဒီရက်အတွက်တော့ “အမေ့ပဒေသာ” နှစ်ဦးကြားမှာ မေလေးကသာ အောင်နိုင်သူပေါ့ ။
    ဘုရားသိကြား မ လို့ သူမေ့နေပါစေဦး၊ အိပ် ရာက မနိုးပါစေနဲ့ဦး၊ ဒါမှမဟုတ် အလုပ်တွေ အရမ်းရှုပ်နေခဲ့တာပဲ ဖြစ်ဖြစ်ပေါ့။ ဟင်း ဟင်း ဟင်း... Anniversary ဆုတောင်းကို ကိုယ်ကသာ အရင်ဦးအောင် ကျောချင်ဇောနဲ့ ကိုယ့်လူတော့ “မေ့နေပါစေဦး”လို့ ဆုတောင်းတတ်တဲ့ မိန်းက လေးမျိုး တကယ်ရှိတယ်ဆိုတာ မယုံရင်လာကြည့်ကြပါ။ အဲဒါ မေလေးပါပဲရှင်။
    ဟီဟိ... တော်ပါသေးရဲ့။ Messenger  ထဲ မှာ သူ့စာက တကယ့်ကို ရှိမနေသေး။ Wedding Anniversary ဆုတောင်းလေးကို မရိုက်သေးဘဲ
“မေ့နေလား... မေလေးက အရင်သတိရတယ် နော်... ဒီနှစ်လည်း”လို့ စာရိုက်လိုက်ပြီး ရယ်ချင်လာ စိတ်က ဘယ်လိုမှ ထိန်းချုပ်မထားနိုင်တာ။ ဒီ မက် ဆေ့ခ်ျ ဖွင့်ဖတ်လိုက်ပြီးရင် ကိုယ့်နဖူးကိုယ် “ဖြန်း” ကနဲ တစ်ချက် ပိတ်ရိုက်လိုက်ပြီး “ ဟာ... ခံလိုက် ရပြန်ပြီ”လို့ သူ အကျယ်ကြီးပဲ ထအော်မှာ မဟုတ် လား။ မေ့တတ်တဲ့ လူချင်းတူတူ မေလေးက ဆေးပါ သောက်ယူနေရလောက်အောင် မေ့တတ်တာ မျိုး၊ သူက ခေါင်းထဲ ဘာဘာညာညာ တောင် တောင်အီအီတွေ ထည့်မှတ် မထားတတ်တဲ့ ရိုးရိုး မေ့ သာမန်မေ့မျိုး။ ဒါပေမယ့် ဒီတစ်နှစ်လည်း မေလေး နိုင်တယ်။
    “ဒေါက်... ဒေါက်... ဒေါက်... မေလေး... မေလေး နိုးပြီလား”
    လာပြီ။ မေလေးနဲ့ ဖွားဘက်တော်လို့တောင် ပြောလို့ရတဲ့ အတူနေ ဆွေမျိုးနီးစပ် အစ်မ အပျို ကြီး “အကြည်” ဟာ မေလေးက မေ့တတ်သလောက် သူကတော့ ဦးနှောက် နောက်တစ်လုံး အပိုပါနေသ လား ထင်ရအောင် သူများတကာကို တကောက် ကောက် နောက်ကလိုက် သတိပေးတတ်သူ တစ် ယောက်ပါ။
    “မေလေး”
    “ဒီနေ့ ဘာနေ့လို့ သတိပေးမလို့မဟုတ်လား။
ဒါမျိုးတော့ မမေ့ဘူးနော် အကြည်။ မေလေး သတိရတယ်”
    “သြော်... အင်း... အေး... အေး... သတိရရင် ပြီးတာပါပဲ မေလေးရယ်။ ဘုန်းကြီး ကျောင်းက ဘယ်ချိန်သွားမှာလဲ။ ဆရာတော်ကတော့ ကိုးနာရီ ခွဲလောက် အရောက်လာရင်လာလို့ ပြောထားတာ နော်။ ဆွမ်းက ကျက်ပြီ သိလား။ မေလေး သွားချင် တဲ့အချိန် သွားလိုက်ရုံပဲ။ အဆင်သင့်ပဲလို””           
    အဲ... ကြည့်။ “ဒီနေ့ မေလေးတို့ Anniversary Day မို့ ဘုန်းဘုန်းကို ဆွမ်းကပ်ချင်တယ်၊ စီစဉ် ပေး”လို့ အကြည့်ကို မေလေး ပြောထားမိပြန်ပြီ ထင်တယ်။ အဲဒါကိုတော့ မေ့နေပြန်တာ။ ဒါပေ မယ့် အပြုံးမပျက် ကလေး၊ ဟန်ကိုယ့်ဖို့လေး။ အကြည် မရိပ်မိအောင်ကလေး။
    “ဟုတ်... သွားမယ်လေ။ ကိုးနာရီခွဲလောက် ပဲ။ အကြည် အားလုံးစီစဉ်ပြီးပြီဆိုရင် မေလေး ထွက်မလာတော့ဘူးနော်။ ခဏ ပြန်ကွေးပြီး တစ် ရေးမှေး နေလိုက်ဦးမယ်။ ရလား”
    အကြည့်ခမျာ ခေါင်းတညိတ်ညိတ် (သို့သော် မသင်မကာရုပ်နဲ့) အခန်းတံခါး ပြန်ပိတ်ပြီး ထွက်သွားမှ ကျိတ်ရယ်ရတာ။ အကြည်... အ ကြည်... တစ်ခါတလေ အဲလိုပဲ။ မမေ့ပါဘူးလို့ ဟန်ဆောင်တတ်တာကိုလည်း သိပ်ယုံပုံမရ။ ဒါ
ပေမယ့် မေလေးက ခုလို ပိပိရိရိလေး ဆိုတော့ လည်း “မေ့နေပြန်ပြီ”လို့ သူစွပ်စွဲစိတ်ပူလို့မရ။ အီလည်လည် အကြည်။
    ငယ်ကတည်းက အတူနေ ဒီအစ်မတစ် ယောက်ကို မေလေးကသိပ်ချစ်ပေမယ့် သူ့မတ် တော်မောင်နဲ့ ပေါင်းပေါင်းကြံပြီး မေလေးကို “အမေ့ဘုရင်မ”အဖြစ်သတ်မှတ်၊ သနားစရာလေး လိုလို လုပ်လုပ်ထားတတ်ကြတာကိုတော့ မေလေး
က အသည်းယားတာနော်။ အဲဒီ အကြည်တစ် ယောက်ကြောင့်ပဲ ချစ်ရတဲ့ သူ့ခမျာလည်း မေလေးက အဖြေပြန်ပေးတော့မယ်နေ့မျိုးမှာ တောင်မှ ကဂျိုးကဂျောင်နဲ့လေ။
                                        x x x x x x

    “ဟို... ဟိုဒင်း... မေလေး... နောက်တစ် ပတ်လောက် ပိုသေချာသွားအောင် နည်းနည်းပြန် စဉ်းစားလိုက်ပါလား။ ရတယ်။ အလျဉ်မလိုဘူး... အေးဆေး။ ဟဲဟဲဟဲ”
    ဟင် ! မိန်းကလေးလုပ်တဲ့သူက အဖြေပြန် ပေးတော့မလို့ ခြေဆင်းစကားပျိုး နိဒါန်းချီနေပြီ ဆိုတာကို အဲလိုမျိုး... “ဖြေးဖြေးပါ... ရတယ်။ နောက်တစ်ပတ်လောက်မှ ပေးတော့” ဆိုတဲ့ လူရှိ လား။ အံ့သြရလွန်းလို့ မျက်လုံးများတောင် ပြူးရ ပါရဲ့။ သူပဲမေလေးကို ချစ်လှပါချေရဲ့လို့ propose လာလုပ်တုန်းကဖြင့် “အချိန်အကြာကြီး မစောင့် ချင်ဘူးနော်” ဘာညာ ရာဇသံပါ တစ်ခါတည်းကပ် ပါလာခဲ့ပြီးတော့များ။ တစ်ယောက်ဆိုတစ်ယောက် ပဲ ဖြစ်ချင်ပြီး “မှားသွားပြီ” ဆိုတာမျိုး မဖြစ်ချင်တဲ့ မေလေးက အစစအရာရာ အဘက်ဘက်က ထောင့်စေ့အကွက်စေ့အောင် လိုက်စဉ်းစားနေလို့ အချိန် လေးနည်းနည်း ကြာသလိုလို ဖြစ်သွားတာကိုပဲ ရွဲ့ချင်တာလားတောင် ထင်ရပါရဲ့။       
    တကယ်တမ်းကတော့ အမှန်အတိုင်း ၀န်ခံ ရမယ်ဆိုရင် တစ်နှစ်နီးပါး ကြာမြင့်သွားရတာဟာ သေချာထောင့်စေ့ချင်တာလည်းပါ၊ ပြီးကျ သူ့ကို သူ စလာပြောကတည်းက တစ်ခါတည်း ခေါင်း ညိတ် မချလိုက်မိအောင် မနည်းထိန်းလိုက်ရ၊ မသိစိတ်ကတော့ အခါတစ်ရာ အဖြေပြန်ပေးထားပြီး ဖြစ်နေတဲ့ မေလေးက စုံစမ်းနေဆဲအချိန်မှာ အဖြေပြန်ပေးထားပြီးပြီ၊ တတွဲတွဲနေနေကြတာ သမီး ရည်းစားစုံတွဲတွေမို့လို့ပဲလို့ ကိုယ့်ဘာသာ မေ့နေပြီး အထင်မှားနေမိတာလည်းပါ။ ဟိ !
    “အဲ... အဲလို သင်္ကာမကင်း မျက်လုံးကြီးနဲ့ တော့ ကြည့်မနေပါနဲ့။ ကိုယ့်ကို မေလေး သူငယ် ချင်းတွေရော၊ ပြီးကျ ဟိုအစ်မတစ်ယောက်ကပါ ပြောထားတာလေး တစ်ခုရှိလို့ပါ”
    “ဘာလဲ”
    “ဟိုဒင်းပါ... မေလေးက မေ့တတ်တယ်တဲ့”
    ကြည့်စမ်း ... အသားထဲက လောက်ထွက် တွေ။ အဖြေတောင်ပြန်မပေးရသေး ကိုယ့်အားနည်းချက်ကို တစ်ဘက်လူဆီ သွားဖော်ထားကြရ တယ်လို့။ နေနှင့်ဦး အဲဒီဟာတွေ။ ဟိုအစ်မတစ် ယောက်ဆိုတော့ အိမ်က အကြည်ပါ ပါနေတဲ့ သဘော ။
    “နောက်တစ်ပတ်ဆိုရင်လေ... မေလေးကို ကိုယ် propose လုပ်ထားတာ တစ်နှစ်တိတိပြည့် ပြီ။ အဲဒီနေ့လေးမှာသာ မေလေးဆီက အဖြေ ပြန်ရခဲ့မယ်ဆိုရင် မေလေးရော ကိုယ်ပါ propose လာလုပ်တဲ့နေ့၊ အဖြေပြန်ပေးတဲ့နေ့၊ ခွဲမှတ်နေ စရာမလိုတော့ဘူး။ ပိုပြီး အမှတ်တရလေးလည်း ဖြစ်တာပေါ့။ ဟင်းဟင်း။
    မေလေးတစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ်ကလည်း တော်တော်တော့ မေ့တတ်တာသိ လား။ နှစ်ယောက်လုံးမေ့နေရင် သိပ်အဆင်မပြေ ဘူး။ တော်ကြာ မေလေးက မေ့တတ်တယ်ဆိုပြီး အမှတ်တရ နေ့ရက်တွေကို မှတ်ထားရမယ့် တာဝန်က ကိုယ့်တာဝန်ဖြစ်လာရင် အဲလိုလေး တစ်နေ့တည်း တစ်ရက်တည်း လုပ်မထားရင် နောင်အရှည်သဖြင့် မေလေး စိတ်ကောက်တဲ့ ဒဏ် ကို ကိုယ်က သိပ်ခံစားနိုင်မှာ မဟုတ်ဘူး။ မေ့တာ ကတော့ မေ့ရင်မေ့နေမှာပဲ၊ တားလို့ရမှာ မဟုတ် ဘူးလေ... ဟဲဟဲ... ဒါကြောင့်မို့”
    အဲဒီလို ကဂျိုးကဂျောင်နိုင်ပြီး စတင်ခဲ့ကြ ရတာပါဆို။ ဒါပေမယ့် မေလေးက သူငယ်ချင်း တွေကိုရော၊ အကြည့်ကိုပါ သိပ်စိတ်မတိုလိုက် တော့ပါ။ ကိုယ်မေ့တတ်တာ သူသိပြီးသွားရင် ပြီး တာပဲ။ သူကပါ ကိုယ့်လိုပဲ မေ့တတ်နေသေးဆို တာကိုပါ ထပ်သိလိုက်ရတော့လည်း အေးတာပဲ။
နောက်နောင် ကိုယ့်အပြစ် သိပ်မရှိနိုင်ပြီပေါ့။ နောက်ဆက်တွဲတွေ အနေနဲ့လည်း သူက တစ်ခုခု အမှတ်တရလေးတွေ လုပ်တော့မယ်ဆို မေလေး မွေးနေ့၊ သူ့မွေးနေ့၊ ဒါမှမဟုတ် မေလေးတို့ရဲ့ အမှတ်တရနေ့ အဲဒီနေ့။
    ချစ်သူတွေရယ်လို့ ဖြစ်ခဲ့ကြပြီးတဲ့ နောက် မှာတော့ လက်ထပ်ကြဖို့ ရက်သက်မှတ်မယ်လုပ် တော့ မေလေးက ချစ်သူသက်တမ်း တစ်နှစ်ဆို လည်း စောလွန်းတယ်ထင်၊ နှစ်နှစ်သုံးနှစ်ဆိုတော့ လည်း  (မနေနိုင်သူလို့တော့ မထင်စေလို) နည်း
နည်းများ ခွာလွန်းအားကြီးရာ ကျသွားမလားလို့။ သူကတော့ ခေါင်းမာမာပင်။ “တစ်နှစ်အတိမှာ လုပ်ချင်လုပ်၊ ပိုကြိုက်တယ်။ နို့မို့ကတော့ နှစ်နှစ်၊ ဒါမှမဟုတ် သုံးနှစ်။ ရက်ကတော့ အဲဒီရက်ပဲ။ ဒါပဲ။ ကိုယ်တို့ သားလေးတွေ သမီးလေးတွေ ယူ
ဖြစ်မယ်ဆိုရင်တောင် သူတို့မွေးနေ့ကို နောက်နှစ် နောက်နှစ်တွေ အဲဒီရက်မှာ မကျကျအောင် ကိုယ်ကသားဖွားမီးယပ်ပါရဂူနဲ့ သေချာ့ကို တိုင်ပင် ဖြစ်အောင် တိုင်ပင်မှာ ၊ သိရဲ့လား” တဲ့။ ကဲ။
    သူကတော့ အချိန်တန်အရွယ်ရောက် အ လုပ်နဲ့ အကိုင်နဲ့ ဖြစ်နေတဲ့ သင်္ဘောအရာရှိလေ။ မေလေးက တစ်နှစ်ခြားဆို ကျောင်းတက်နေတုန်း ပဲရှိသေးတာမို့ မိဘတွေကို ပြောမထွက်ရဲ။ နောက် ဆုံးတော့ မေလေးတို့ရဲ့ လက်မှတ်ထိုးလက် ထပ်ခဲ့ ကြတဲ့နေ့ဟာ သူ့ပြောသလိုပဲ သူ့ဆန္ဒအတိုင်း သူ မေလေးကို စတင်ချစ်စကား ပြောလာခဲ့တဲ့ရက် ကနေဆို သုံးနှစ်မြောက်၊ မေလေးအဖြေပြန်ပေး ထားတဲ့ရက်ကနေဆို နှစ်နှစ်တိတိပြည့်တဲ့ရက်။
    အဲဒါကြောင့်ပဲ ပထမဦးဆုံးအကြိမ် မင်္ဂလာ နှစ်ပတ်လည်နေ့မှာတော့ ချစ်ရတဲ့သူ့ကို မေလေး ဘယ်လို ကျေးဇူးတင်မိမှန်းကို မသိခဲ့တာပါ။ မေ လေးတို့ရဲ့ 1st  Anniversary  Day ကို မေလေးက မေ့မနေခဲ့ဘူးလေ။ မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်းမှာ တော့ မဟုတ်ခဲ့ပေမယ့် အဲဒီနေ့မနက်ခင်းမှာတင် ပဲ (မတော်တဆ) ပြက္ခဒိန် ကြည့်လိုက်မိတော့ “ဖြတ်”ကနဲ ခေါင်းထဲရောက် သတိရသွားခဲ့တယ် လေ ။ အဲဒီတုန်းကတော့ သူက ပြန်ထွက်နေရချိန် မဟုတ်။ နှစ်ယောက်အတူ ရှိနေကြချိန်။ သူ့မျက် နှာ အရိပ်အကဲကြည့်ပြီး “သူ တကယ်ပဲ ခုထိ မေ့ နေသေးတာလား၊ မေ့တတ်တဲ့ သူ့ကောင်မလေး အရင်သတိရပြီး အောင်နိုင်ပျော်ရွှင်သူဖြစ်ပါစေလို့ မေလေးကသာ အရင်သတိရလာတဲ့ အထိစောင့်ပြီး အောင့်ထားပေး တာလား ” ဇဝေဇ၀ါနဲ့...
    “ကို... ဒီနေ့ ဘာနေ့လဲ သတိရလား”
    “ဟာ”ကနဲ သူ့နဖူးသူ ပိတ်ရိုက်ပစ်လိုက်တဲ့ ဟန်ကလေးဟာလေ... အရမ်းကို ချစ်စရာကောင်း၊ ကြည့်လို့ကောင်းနေခဲ့တာပေါ့။ ရွှန်းလဲ့ပြီး အရည် ကြည်တွေ ယှက်ဝိုင်းနေတဲ့ သူ့မျက်လုံးလေးတွေ ထဲ သေချာစိုက်ကြည့်ရင်း “ သူတကယ်မေ့နေခဲ့တာ မဟုတ်ဘူး၊ မေလေး အရင်အမှတ်ရအောင် အချိန် ပေးစောင့်နေခဲ့တာ”ဆိုတာ သေချာလာလေ... သူ့ ကို မေလေး ပိုလို့တိုး မြတ်နိုးချစ်ခင်ရလေ။ မင်္ဂလာ သက်တစ်နှစ်အတွင်းက “မေ့နေလိုက်တာ... ငါ့
နှယ်ကွာ”ဆိုတဲ့ သူအမြဲမေ့ကလေးတွေကလည်း သူတကယ် မေ့တတ်တာထက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရာရာမေ့တတ်လွန်းလို့ ဆေးတောင်သောက်နေ ရတဲ့ ကောင်မလေးကို လေ့ကျင့်ပေးနေတာ၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်ချက် Confidence ပြည့် ၀လာပြီး ဘ၀မှာ နေပျော်ကျေနပ်လာစေချင်တာ သက်သက်ပဲ မဟုတ်လား ကို။ ကို့ကို မေလေး ချစ်လိုက်တာ။
                            x x x x x x

    “အဲ .. အင်္ကျီက မေလေးနဲ့ သိပ်အချိုး မကျဘူး ။ မလှဘူး... လဲလိုက်မလား”          
     မေလေးက အကြည့်ကို မျက်စောင်းတစ်ချက် ချီရင်း “လှတယ်။ ကိုယ့်ဘာသာကိုယ်သိ ပြီးတာပဲ” လို့ ပြန်အော်လိုက်တော့ အကြည့်မျက်နှာက တစ် ခုခု ထပ်ပြောချင်သေးဟန်နဲ့ တလှုပ်ရွရွ။ မေလေး က လှည့်မကြည့်တော့ဘဲ တယ်လီ ဖုန်းခလုတ်က လေးတွေကိုပဲ မြန်မြန်ထက်ထက်နှိပ်နေရင်း အ ကြည့်ကို ရယ်လည်းရယ်ချင် စိတ်လည်းပျက်။ အရာရာ ကာဆီးကာဆီး လိုက်လိုက်ပါတတ်တဲ့ ဘ၀မှာ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်သွားပို့မယ့် ကိစ္စမှာ ၀တ်သွားတဲ့ အင်္ကျီကအစ လိုက်ဝေဖန် နေရတယ်လို့။             
    သိသားပဲ နည်းနည်းပြောင်ပြောင်လက် လက် တစ်ခဲနက်နေလို့ သူ တားချင်တာ။ အပျိုကြီးကတော့ အမှိန်အတုပ်တွေ ကြိုက်ချင်ကြိုက် လေ။ မေလေးတို့တော့ ကိုယ့် မင်္ဂလာနှစ်ပတ်လည် နေ့မှာ ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် လင်းချင်လင်း လက်ချင်လက်မှာပေါ့။ ဒီနှစ် သူ အနားမှာ အတူမရှိပေမယ့်လည်း ရှိသကဲ့သို့ ပွဲလမ်းသဘင်ပုံစံ ဆင်နွှဲချင်တော့ ဘာဖြစ်သတုန်း။            
    “ဒေါ်လေးတို့ဆီ ဆက်မလို့လား။ သူတို့ ဘုန်းကြီးကျောင်းပဲ တန်းလာကြမယ်လို့ မနေ့ညက တည်းက ပြောထားတယ်လေ။ နည်းနည်း တောင် နောက်ကျရင်ကျမယ်။ အလှူတစ်ခုကနေ တန်း လာရမှာဆိုတော့”
    မေလေးမိဘတွေက ဒီသမီးလေးတစ် ယောက်ကို သားမက်ကောင်းတစ်ယောက်နဲ့ စိတ် ချလိုက်ရကတည်းက အကြည့်ပါ ထည့်လွှတ်လိုက် ကြပြီး သူတို့တော့ ရိပ်သာပဲ ၀င်နေကြတော့တာများ တာ။ သြော်... ဟုတ်တယ်၊ ကြည့်... တကယ် မေ့နေတာ၊ မေမေတို့နဲ့က ဘုန်းကြီးကျောင်းမှာပဲ ချိန်းထားကြတာတဲ့။
    “ဒါဆိုလည်း ဟိုဘက်က မေမေတို့ဆီတော့ ဆက်ရမယ်လေ။ သူတို့ကို ကြိုမပြောလိုက်မိဘူး ထင်တယ်နော်။ Anniversay နေ့အတွက် ဘုန်း ကြီးကျောင်း ဆွမ်းချိုင့်ပို့တာ သူတို့အိမ်ပါ မနက် စာပို့ပေးလိုက်မှ ကောင်းမှာပေါ့ အကြည်ရဲ့။ ကိုယ့်
မိဘတွေကျ ဘုန်းကြီးကျောင်းထိ လိုက်ကြမယ်။ ယောက္ခမတွေကျ ပွဲမဟုတ်တော့ မခေါ်ချင်ပေမယ့် အထိမ်းအမှတ်လေးတစ်ခု လုပ်တာ အသိအမှတ် မပြုသလိုရှိရင် ဘယ်ကောင်းမှာလဲ။ ဒီအချိန်စား လို့တော့ မပြီးလောက်သေးပါဘူးနော်။ ပြီးပြီဆို လည်း ညနေမှပဲ စားကြပစေတော့ပေါ့။ အမှန်မှန် သူတို့ကိုလည်း ညကတည်းက ကြိုပြောရမှာကို မေ့နေတာ။ အကြည်ကလည်း သတိလေး ဘာ လေး ပေးတာ မဟုတ်ဘူး”
    ဖြစ်ပြန်ပြီ... အကြည့် မျက်နှာက တလှုပ်ရွ ရွ။
    “ဟုတ်... မေမေ... သမီး မေလေးပါ။ ဒီနေ့ သမီးတို့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့မလို့လေ။ အဲဒါ မေမေတို့အိမ်ပါ မနက်စာပို့လိုက်မယ်နော်။ မေမေ တို့မစားကြရသေးဘူး မဟုတ်လား။ ညကတည်း က ကြိုပြောထားရမှာ မေလေး မေ့သွားလို့ပါ မေမေ”
    ဟင်... ! ဘာလဲဟ။ ယောက္ခမကြီးရဲ့ တုန့် ပြန်လေသံက တစ်မျိုးပါလား။ ပြီးကျ ဘာလဲ... သူတို့ကလည်း ဒီနေ့ဒီရက်ကို။
    “ဘာတဲ့လဲ... မေလေး”
    “သူတို့ကလည်း ခု သူတို့အိမ်က ဆွမ်းပို့နေ ကျ ကျောင်းမှာပဲတဲ့လေ။ အလှူမှာဆိုတဲ့ ပုံစံမျိုး ပြောနေတာပဲ။ ဒါပေမယ့် တစ်မျိုးပဲ... ကြည့်ရတာ သူများအလှူကို သွားနေတာ မဟုတ်သလို ပဲ။ သူတို့ကပဲ အလှူရှင်လိုလိုနဲ့ ယောက္ခမရဲ့ လေ သံက။ သူတို့က ဒီနေ့ဘာလို့ ဘုန်းကြီးဆွမ်း ကပ်လုပ်ရတာလဲ။ သူတို့သား Anniversary Day အတွက် ရည်စူးတာလား။ အဲဒါဆိုလည်း မေလေး နဲ့ တိုင်ပင်လိုက်ပြီး တစ်လက်စတည်း တစ်ကျောင်း တည်း ပေါင်းလုပ်လိုက်ကြရင် အဆင်မပြေ ဘူး လား။
    မေလေးက အကျယ်မချဲ့ချင်တော့လို့သာ အကြည့်ကို ဆွမ်းချိုင့်ပဲ ပို့မယ်လို့ မှာထားမိတာ နေမှာပါ။ အဲဒီအိမ်က ပွဲလုပ်မယ်၊ ဘုန်းကြီးဆွမ်း ကျွေးမယ်ပြောလည်း ဘာငြင်းစရာရှိမှာမို့လဲ။ ကိုယ့်ကျောင်းလုပ်ရမှဆိုတဲ့ စိတ်လည်းမရှိပါဘူး။ သူတို့ ကျောင်းမှာပဲ အတူပေါင်းလုပ်ရင် လုပ်မှာပေါ့။ ဒါ မှမဟုတ် အတူမလုပ်ဘူး၊ သူတို့ သပ်သပ်လုပ် မယ်ဆိုလည်း ဘယ်လိုမဆို မေလေးကိုတော့ ဖိတ်ရဦးမှာပေါ့။ ကိုယ်က ကိုယ့်ကျောင်းကိုယ် ဆွမ်း ချိုင့်ပို့မယ်ဆိုလည်း ယောက္ခမအလှူ ကတော့ ဘယ်လိုမဆို ပြေးလာမှာပေါ့လို့။ ယောက္ခမက ဘယ်လိုလဲ မသိဘူးတော့။
    အဲ... အဲ... ဒါနဲ့ နေပါဦး။ အိမ်က မိဘနှစ် ပါးကကော... ယောက္ခမဘက်ပင်းပြီး သူတို့အလှူ အရင်သွားနေတာမှ ဟုတ်ရဲ့လား။ အလှူတစ်ခု ကတန်းလာရမှာမို့ နည်းနည်းနောက်ကျမယ် ပြောတာ သူတို့ဝင်နေတဲ့ တရားရိပ်သာမှာ လာလုပ်တဲ့
အလှူကိုပြောနေတာ မဟုတ်ဘဲ ခမည်းခမက်ကြီး တွေရဲ့ အလှူကို ပြောတာမှ ဟုတ်ရဲ့လား”
    “သူတို့ ဒီနေ့အလှူလုပ်မယ်ဆိုတာ မေလေး ကို အစောတည်းက ပြောပြီးပါပြီ။ မေလေး မေ့ နေတာ နေမှာပါ”
    “ဟုတ်လား ! အံ့သြစရာကြီး။ အဲဒါကို မေလေးက ယောက္ခမတွေနဲ့တော့ အလှူကိုအတူ မပူးဘဲ ကိုယ့်ကျောင်းကိုယ်ပဲ ဆွမ်းပို့မယ်လို့ စီ စဉ်တယ်ပေါ့လေ။ ကျွတ် ! ဒုက္ခပါပဲ... မမှတ်မိ တော့ဘူး။ အကြည်တို့ကလည်းပဲ အဲလိုမဖြစ်သင့် တာတွေ စီစဉ်မိနေတာမျိုးကျ ဇွတ်တားပြီး အကြံ ကောင်းမပေးဘူးတော့။ အင်္ကျီ ပြောင်လက်လက် ဖြစ်နေတာမျိုးကျမှ လာပြောနေတယ်။ အဲဒါ ဘယ် လိုလုပ်ရမလဲ၊ ဒီဆွမ်းချိုင့်ကို ဘုန်းဘုန်းဆီ အမြန် ၀င်ပို့ပစ်ခဲ့ပြီး ယောက္ခမကြီးအလှူ မမီမီအောင် အမြန်ပြေးရင် ကောင်းမလား”
    “ ရေစက်ချတရားနာက ဟိုမမီ ဒီမမီ ဖြစ် နေမှာပေါ့”
    “အို... အရေးမကြီးဘူးလေ အဲဒါက။ ကိုယ့် ဘုန်းဘုန်းက အမှတ်တရ ဆွမ်းချိုင့်ပို့ရုံပဲဟာ၊ ရေစက်မချ တရားမနာလည်း ဘာမှမဖြစ်ဘူး။ ငယ်ငယ်ကတည်းက ဘုန်းဘုန်းက မေလေးအ ကြောင်းသိပြီးသား။ ကြည့်လျှောက်လိုက်ရင် ရပါ တယ်။ ယောက္ခမဘက်လည်း မေမေတို့သွား တရား နာနေပြီဆို တာဝန်ကျေတယ်လေ။ မေလေးက တော့ တရားနာမမီလည်း အလှူလေးတော့ရောက် ဖြစ်လိုက်တယ် ဆိုတာမျိုးပေါ့။ တော်ကြာ ယောက္ခမ ကြီး စိတ်ခုနေရင် ဘယ်လိုလုပ်မလဲ။ ခုတောင် လေသံက တစ်မျိုးနော်”
    “သူတို့က မေလေးအကြောင်း သိပါတယ်။ စိတ်ခုတတ်တဲ့ သူမျိုးတွေလည်း မဟုတ်ပါဘူး။ ဒီ လောက် သဘောထားပြည့်ဝကြတာ။ မေလေး ဟို ဘက်ကို မလာဘူး၊ ဒီဘက်မှာပဲ သပ်သပ်လုပ်ဖြစ် မယ်ဆိုတာ သူတို့သိပြီးသား လက်ခံပြီးသား ပဲနေ မှာ။ ဒေါ်လေးတို့လည်း ရောက်ဖြစ်တာပဲဟာ၊အရေးမကြီးဘူး။ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ် ရအောင်ပါ”
    “ဟင့်အင်း... မရဘူး။ အဲဒီကို အချိန် မမီ မီအောင် သွားမယ်။ အကြည့် ဆွမ်းချိုင့်က အဆင် သင့်ပဲ မဟုတ်လား။ လာ... လာ... ကိုယ့်ဘုန်း ဘုန်းကို သမီး မအားသေးလို့ တရားပေးချင်လည်း နေ့လည်ကျမှ တစ်ခေါက် ပြန်လာနာမယ်လို့ အတင်းပြောရမှာပဲ”
    အဲဒီအကြည်ဟာ ဇွတ်တရွတ်နိုင်တဲ့ ညီမ တော်ကို သူပြောလို့ မနိုင်တိုင်း ဖြစ်လာတတ်တဲ့ မှုန်မှိုင်းမှိုင်း (စိတ်ခုခု) ရုပ်နဲ့။ ဆွမ်းချိုင့်ပဲ ပြန် စစ်သလိုလို၊ အင်္ကျီပဲ လဲသလိုလို၊ သနပ်ခါးပဲ ထပ် လိမ်းသလိုလိုတွေ လုပ်နေလိုက်တာ မေလေးတို့ အိမ်ကထွက်ကြတော့ အချိန်က အတော်လင့်ပြီ။ ကျောင်းရောက်တော့ မေလေးမိဘတွေရဲ့ ကားက တောင် ကြိုရောက်နေသေး။ သိပါပြီ... အကြည် ဟာ “မေလေးတော့ ငယ်ကတည်းက ဆရာရင်းတကာရင်း၊ ခင်မင်တဲ့ ဘုန်းဘုန်းကို ဗိုလ်ကျဂျစ် တိုက်ပြီး တရားမနာဘူး၊ ဟိုဘက်တန်းပြေးမယ် တွေ ဘာညာ သွားလုပ်မလို့တဲ့” ဆိုတာကို အိမ်က မိဘတွေဆီ ဖုန်းဆက် သတင်းပို့လိုက်ပြီးပြီ မဟုတ် လား။ အဲဒါကြောင့် သူ တမင် အချိန်တွေ ဆွဲနေခဲ့တာ။
    ဟင် ! မေမေတို့နဲ့တူတူ ယောက္ခမတွေကပါ ဘာဖြစ်လို့ ပါလာရတာလဲ။ သူတို့ အလှူကြီးကို ဟိုဘက်မှာ တန်းလန်းထားခဲ့ပြီးတော့ မေလေးရဲ့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆွမ်း ချိုင့်လေး ပို့ရုံ စတိအလှူလေးကိုလေ။ အကြည်
ပြောတဲ့ “ဒီလောက် သဘောထား ပြည့်ဝတာ” ဆိုတာ အမှန်ပဲတော့။ အားနာလိုက်တာ။ မေလေး ကသာ ဘာစိတ်ကူးနဲ့ လုပ်မိမှန်းမသိ၊ သူတို့ ဟို ဘက်မှာ အလှူကြီးလုပ်မယ်ဆိုတာကို သိရက် ကိုယ့်ဘာသာ ဒီဘက်မှာ ဆွမ်းချိုင့် အတင်းပို့။ ပြီး ကျ သူတို့က ကိုယ့် ကြိုပြောထားတာကိုလည်း မေ့။ သူတို့ကတော့ ဗွေမယူတဲ့ပြင် မေမေတို့နဲ့ပါ မေ လေးဆီကိုတောင် ပါလာလိုက်ကြသေးတယ်လို့။ အားနာလိုက်တာ... အားနာရလွန်းလို့ ဘာလုပ်ရမလဲတောင် မသိတော့ပါဘူး။
                              x x x x x x

    “လွန်ခဲ့သော တစ်နှစ်တိတိက ဘ၀တစ်ပါး သို့ ပြောင်းသွား ကွယ်လွန်ခဲ့သော.....”
    “ ဟင် ! ”
    နံဘေးနားတင် ကပ်ထိုင်နေတဲ့ အကြည်က မေလေးလက်ကို ခပ်မြန်မြန် တင်းကျပ်ကျပ်လာ ဆုတ်ကိုင်လိုက်ချိန်မှာ မေမေက ပုခုံးတစ်ဘက်ပေါ် အသာကလေး လက်ရောက်လာတာ။ ယောက္ခမ ကြီးကတော့ တောင်မင်းမြောက်မင်း မကယ်နိုင်၊ သူကိုယ်တိုင်တောင် ပိုးပိုးပေါက်ပေါက် မျက်ရည် တွေနဲ့ မနည်းကြီး ထိန်းမတ် ဟန်ဆည်ထားရဟန်နဲ့။ လွန်ခဲ့တဲ့ တစ်နှစ်က... တစ်နှစ်တိတိက။ မေလေးတို့ မင်္ဂလာပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကလေ။ 1st  Wedding Anniversary Day နေ့ကလေ။  
    “အကြည်... သူက မရှိတော့တာလား”
    “မေလေး... ညီမလေး... လက်ခံလိုက်ပါ။ ဒါ ကတော့ ခါတိုင်းလို အသေးအဖွဲလေးတွေကို မေ့ မေ့နေတာမျိုးထက် ကာယကံရှင်က ဘယ်လိုမှ လက်မခံနိုင်ဘဲ ဦးနှောက်ထဲကနေကို လုံးဝ Reject လုပ်ပစ်ထားတာမို့၊ သိကိုသိမနေတာ လို့ မေလေး ရဲ့ ဆရာဝန်ကြီးက ပြောထားတယ်လေ။ မေလေး သေချာ ပြန်စဉ်းစားလိုက်နော် ညီမ။ မနှစ်က ညီမ တို့ Anniversary နေ့ကလေ”
    မနှစ်က မေလေးတို့ Anniversary နေ့က လေ။ တစ်ခုခုအမှတ်တရဆို မေ့တတ်လွန်းအား ကြီးတဲ့ သူ့မိန်းကလေး... ရက်စွဲနေ့စွဲတွေ အများ ကြီး ခွဲမှတ်ထားနေရမှာကို ပူရှာလွန်းတဲ့ သူနဲ့လေ။ မေလေးရဲ့ နောက်မှာမှ အဲဒီနေ့ကို သူသတိရ သလို လုပ်လိုက်တယ်။ ပြီးတော့ မေလေးတို့ အဲဒီနေ့နေ့လည်လောက် ဆေးရုံကြီးမှာ သွားလှူ တယ်။ အပြန်မှာ မြို့ထဲက (နာမည်မမှတ်မိတော့ တဲ့) Restaurant တစ်ခုကို ၀င်တယ်။ အဲဒီက ပြန် အထွက်မှာ။
    “ကား”
    အကြည်ကိုယ်တိုင် မျက်ရည်ပိုးပိုးပေါက် ပေါက်ကျလာချိန်မှာ နှစ်ဘက်မိဘ ကာယကံရှင် မိသားစုနှစ်ခုစလုံး မျက်ရည်ကျမနေမိတဲ့သူ တစ် ယောက်မှ မရှိတော့တာပါ။ မေလေးတစ်ယောက် သာ။
    “ဘာပဲလုပ်လုပ်... ဒီရက်စွဲ တစ်ခုတည်းမှာ ပဲလုပ်။ သိပ်များများ မမှတ်ရအောင်လေ”
    သူ့စကားသံက မေလေးနားထဲ ပဲ့တင်ထပ် သလိုကို အထပ်ထပ် ရိုက်ခတ်လွင့်ပျံလာလို့။
    အလိုက်သိပေးတတ်လွန်းတဲ့ ကို ရေ။ ၀မ်းနည်းဝမ်းသာ Anniversary တိုင်းဟာ ဒီနေ့ တစ် ရက်တည်းပေါ်မှာပဲ စုပုံကျရောက်နေအောင် ရှင် ဘာလို့ ဒီလောက်စွမ်းဆောင်နိုင်ခဲ့တာလဲဟင်၊