အိမ်ရှင်မနှင့် လှပမှု

လှပသပ်ရပ်နေခြင်းဟာ မိန်းကလေးတွေရဲ့ တန်ဘိုးရှိတဲ့ အရာတွေထဲကတစ်ခုပါ။ လှတယ်ဆိုတဲ့နေရာမှာလည်း အသက် အရွယ်၊ အလုပ်အကိုင်၊ နေရာဒေသနဲ့ လိုက်ဖက်ညီသင့်တော်နေဖို့ လိုတယ်။ အိမ်ထောင်ရှင်မဘ၀ကို ရောက်သွားပြီဖြစ်တဲ့ အမျိုးသမီး တွေမှာရော လှပမှုက ဘယ်လောက်ထိလိုပြီး လိုအပ်လဲ၊ လှပမှုနဲ့ အိမ်ထောင်တည်မြဲမှု ဘယ်လောက်ရာခိုင် နှုန်းအချိုးကျနေလဲ စိတ် ၀င်စားမှုရှိလှတယ်။ ဒီတော့ ဒါရိုက်တာ ကိုညိုမင်းလွင်ရဲ့ ဇနီး မစန္ဒာ၊ သရုပ်ဆောင်လူမင်းရဲ့ ဇနီးခင်စံပယ်ဦး၊ အဆိုတော်ဟဲလေးရဲ့ ဇနီးမြတ်သီရိလင်းတို့က ပြောတဲ့ အိမ်ရှင်မနဲ့လှပမှုအကြောင်းတွေကို အခုလိုပဲ ပရိသတ်ဆီ ပို့ဆောင်ပေးလိုက်ပါတယ်။

 

မစန္ဒာ

မိတ်ကပ် - ဖြိုးမောင်မောင်

“အိမ်ရှင်မတွေ လှနေဖို့လိုတယ်”အိမ်ထောင်ကျပြီးလည်း လှနေအောင် နေသင့်တယ်လို့ ထင်တယ်။ အိမ်ထောင်ကျပြီးမှ ပိုဝ လာတာတို့၊ ကိုယ့်ကိုယ်ကို ဖြစ်သလိုနေလိုက် တာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်အတွက်ဆိုရင် ကျန်းမာရေးထိခိုက်လာတာမျိုး ဖြစ်မယ်။ အရမ်းဝလာအောင်နေရင်၊ ကိုယ့်ကိုယ်ကိုတောင် ကိုယ်ကမကြည့်ချင်တာ သူများကကြည့်ချင်မှာ မဟုတ်ဘူးလေ။ အဲလိုတွေးတယ်။ ဘယ်အရွယ်ပဲဖြစ်ဖြစ် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လှပမှုဖြစ်အောင်နေရမယ်။ အရမ်းကိုလွန်ကဲနေရင်တော့ မကောင်းဘူးပေါ့ နော်။

“အိမ်ရှင်မတစ်ယောက်အလှနဲ့ ပတ်သက်ရင် ၉၀%အရေးကြီးတယ်”ကျွန်မစိတ်ထင်ပေါ့နော်။ အိမ်ရှင်မတစ်ယောက်က လှ နေရင် သူ့ခင်ပွန်းအတွက် သူ့သားသမီးအတွက်လည်း ဂုဏ်ယူစရာကောင်းတယ်။အသက်အရွယ် အနေအထားနဲ့ သင့်တော်တဲ့ သပ်ရပ် လှပပြင်ဆင်မှုကို ပြောတာပါ။ အိမ်ရှင်မတစ်ယောက်ရဲ့ သပ်ရပ်လှပမှုက အိမ်ထောင် တစ်ခုအတွက် အရေးကြီးတဲ့အချက်တွေထဲက တစ်ခုပါပဲ။ အိမ်ရှင်မတစ်ယောက်ကအလှနဲ့ ပတ်သက်လာရင် ၉၀% အရေးကြီးတယ်။ ပြင်ဆင်မှုမရှိတဲ့ အိမ်ရှင်မတွေရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောရရင်ကျွန်မ အမြင်ကတော့ မကောင်းဘူးပေါ့နော်။ မျက်မြင်ကိုယ်တွေ့ရှိဖူးတယ်။ အိမ်ရှင်မသူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျသွားပြီပဲဆိုပြီး ဖြစ်သလိုနေတယ်။ ခန္ဓာကိုယ်က တဖြည်းဖြည်းဝလာတယ်။ သင့်တော်တဲ့ ပြင်ဆင်မှုမရှိဘူး။ သူ့ယောက်ျား က သူ့တစ်ယောက်တည်းယူပြီး ပြီးသွားတယ်လို့ထင်တယ်။ အဲဒီအတွေးမှားတယ်လို့ ထင်ပါတယ်။ ဒါကကိုယ်ရဲ့လက်တွေ့မှာ မြင်တွေ့ နေရတဲ့ အတွေ့အကြုံတွေနဲ့ အတွေးပါ။

“ဖက်ရှင်ကို မလေ့လာဖြစ်ပါဘူး”ကျွန်မက ဖက်ရှင်နဲ့ပတ်သက်ရင်တော့ သေသေချာချာ လေ့လာတာမျိုးတော့ မလုပ်ပါဘူး။ ဆရာမလုပ်တာဆိုတော့ သင့်တော်တဲ့ ပြင်ဆင်မှုနဲ့ သပ်သပ်ရပ်ရပ်တော့ နေတယ်။ နေရာဒေသ လိုက်ပြီးဝတ်တယ်။ ဆရာမဆိုတော့ ကျောင်းသားတွေအတွက် နည်းယူရတာမျိုးပဲ ဖြစ်စေချင် တယ်။ ဒါပေမဲ့ မိသားစုနဲ့အပြင်သွားရင်ပဲ ဖြစ်ဖြစ်၊အမျိုးသားနဲ့ အပြင် သွားရင်ပဲဖြစ်ဖြစ် နေရာပေါ်မှာမူတည်ပြီး သင့်တော်တာကို ရွေးချယ်ဝတ်ဆင် ပါတယ်။

 

 

 

 

 

 

 

ခင်စံပယ်ဦး

မိတ်ကပ် - အမြင့်

“ကိုယ်တိုင်ဖြစ်ချင်တဲ့ အိမ်ထောင်ရှင်မဘ၀”

ဖြစ်ချင်တဲ့ အိမ်ထောင်ရှင်မဘ၀ကို ပြောပါဆိုရင် ယောက်ျားနဲ့တန်းတူလည်း အလုပ်မလုပ်ချင်ဘူး။ အရင်တုန်းကတော့ NYC ဆိုပြီး Fashion ဆိုင်ဖွင့်လိုက်သေးတယ်။ အဲဒီမှာ ဘာအားနည်းချက် ရှိသွားလည်းဆိုရင် ကလေးတွေပေါ်မှာ ဂရုစိုက်မှု လျော့နည်း သွားတယ်လို့ထင်တယ်။ ယောက်ျားအတွက် အိမ်ကိစ္စ၊ ကလေးတွေကိစ္စတွေမှာ တော်တော် လစ်ဟင်းမှုတွေ ဖြစ်သွားတယ်။ အလုပ်ကို ဦးစားပေးလိုက်တော့ အိမ်ကိစ္စလစ်ဟင်းမှုတွေ ရှိလာတယ်။ အခုဆိုင်အလုပ်ကို မလုပ်တော့ပဲ အိမ်ထဲမှာပဲနေတဲ့ အိမ်ရှင်မဖြစ်သွားခဲ့ တယ်။

“အိမ်ရှင်မတွေနဲ့ ပတ်သက်ပြီး လေ့လာဖြစ်တယ်”

ဥပမာ ကလေးကျောင်းပို့၊ ကျောင်ကြို ကိုယ်တိုင်လုပ်တာများတော့ မိဘတွေနဲ့ ထိတွေ့ရတယ်။ အထူးသဖြင့် အိမ်ရှင်မအမေတွေ ပေါ့။ သူတို့နဲ့ စကားပြောကြည့်၊ သူတို့ရဲ့အကြောင်းကို လေ့လာရင်း ကိုယ့်ရဲ့အားနည်းချက်ကို ပြင်တယ်။ သူတို့ရဲ့ အားသာချက်တွေကို လေ့လာအတုယူပါတယ်။

“အိမ်ရှင်မတွေရဲ့ လှပမှု”

အိမ်ထောင်ကျပြီးပြီးပဲ ပြင်ပြင်ဆင်ဆင် မနေသင့်တော့ဘူး၊ အဆင်ပြေသလိုပဲ နေလိုက်တော့မယ်ဆိုတာမျိုး မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကိုယ်တိုင်လည်း အရင်တုန်းကဆို ကိုယ့်ကိုယ်ကိုဂရုမစိုက်ပဲ နေလိုက်တဲ့အချိန်တွေရှိတယ်။ အရမ်းဝလာတာလေ။ အဲဒါ ကလည်း ဘာဖြစ်လို့လဲဆိုတော့ သားသမီးအရမ်းလိုချင်နေတဲ့ အချိန်မှာ သမီးလေးကို ခက်ခက်ခဲခဲနဲ့ မွေးခဲ့ရတယ်။ အဲဒီအတွက် သမီးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့တော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ မေ့သွားခဲ့တယ်လို့ ပြောလို့ရတယ်။ အရမ်းဝလာတယ်။ ကိုယ့်ကိုယ်ကို ကြည့်ရတာ အဆင်မပြေဖြစ်လာတော့ အပြင်လည်း မထွက်ချင်တော့ဘူးပေါ့နော်။ အဲလိုမျိုး မဖြစ်သင့်ဘူး။ အိမ်ရှင်မတွေအားလုံး မိသားစု ကိုလည်းဂရုစိုက်၊ ကိုယ့်ကိုယ်ကိုလည်း ဂရုတစိုက်ရှိသင့်တယ်လို့ ထင်ပါတယ်။ အိမ်ရှင်မနဲ့လှပမှုက မိသားစုခိုင်မြဲဖို့အတွက် တစ်နည်း အားဖြင့်လည်း အထောက်အကူ ပြုပါတယ်။ အိမ်ရှင်မတွေအားလုံး လှပနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်။

“လှပမှုက ကျန်းမာရေးအတွက်လည်း အထောက်အကူပြု”

အရမ်းကြီး အလှတွေပြင်နေဖို့ ပြောတာမျိုးမဟုတ်ဘူး။ ကျန်းမာရေးကို လေ့လာလိုက်စားမယ်။ တဖြည်းဖြည်းနဲ့ဝလာတတ်တော့ အရမ်းဝလာရင် ကျန်းမာရေးအတွက်လည်း မကောင်းဘူး။အ၀တ်အစား ၀တ်ရတာလည်း မကောင်းဘူးပေါ့နော်။ မိသားနဲ့အပြင်ထွက်ရင် လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်လာတယ်။ လှပမှုကလည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ မလှမပဖြစ်လာရင် ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျတာ သူများကဘယ်လိုလုပ် စိတ်တိုင်း ကျမလဲနော်။

“အလှအပကို အရမ်းကြီးပြင်လည်း မကြိုက်ဘူး”

ကိုယ့်ရဲ့အထင်ကို ပြောရမယ်ဆို အိမ်ရှင်မတစ်ယောက်၊ မိခင်တစ်ယောက်အနေနဲ့ အလှအပကို အရမ်းကြီးပြင်တာမျိုးလည်း မကြိုက်ဘူး။ အသက်အရွယ် အနေအထားနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုမျိုးပဲ သဘောကျတယ်။ အ၀တ်အစားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို အ၀တ်အစား ဖက်ရှင်ကိုတော့ လေ့လာဖြစ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဖြစ်တာမျိုးပဲ ကြိုက်တယ်။

အိမ်ရှင်မတွေအား လုံး ကိုယ့်ရဲ့မိသားစုဘ၀မှာ ပျော်ရွှင်ပြီး ကိုယ်တည်ဆောက်ထားတဲ့မိသားစုနဲ့သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

မြတ်သီရိလင်း

“အိမ်ရှင်မက လှပနေဖို့ အရမ်းအရေးကြီးတယ်”

အိမ်ရှင်မတစ်ယောက်က လှပနေဖို့ အရေးကြီးတဲ့ အချက်တွေထဲမှာ ပါတယ်။ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကဆို အမျိုးသမီးတွေမှာ အများစုပေါ့နော် အတွေးရှိကြတယ်။ အိမ်ထောင်ကျသွားပြီ၊ လမ်းဆုံးသွားပြီလို့ တွေးကြတယ်။ ဘ၀ကို မိသားစုထဲမှာပဲ အချိန်ကုန်စေတယ်။ တချိန်လုံးအိမ်မှာပဲ အချိန်ကုန်နေတတ်တယ်။ ပြင်ပလေ့လာမှု အားနည်းတယ်။ ကိုယ့်ကိုယ်ကို ပြင်ဆင်မှုတွေ အားနည်းလာကြတယ်။ များသောအားဖြင့် အဲလိုမျိုးပုံစံတွေ တွေ့ရတယ်။ အခုနောက်ပိုင်းကျတော့ ခေတ်မီ လာတာလည်း ပါတယ်။ ကိုယ့်ရဲ့အမျိုးသားရဲ့ ပတ်ဝန်းကျင်အတွက် အိမ်ရှင်မတွေဟာ သင့်တင့် လျောက်ပတ်တဲ့ ပြင်ဆင်မှုတွေ ရှိလာ ကြတယ်။

“အသက်အရွယ်နဲ့ လိုက်လျောညီ လှပနေတာ ပိုကြည့်ကောင်းတယ်”

အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ပြင်ဆင် မှုရှိရတယ်။ အသက်အရွယ်နဲ့ လိုက်လျောညီတဲ့ လှပမှုကပိုပြီးကြည့်ကောင်းတယ်။ တစ်ချို့မြင်ဖူးတယ်။ ကိုယ်တိုင်တော့ လှနေတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကကြည့်ရင် အမြင်တစ်မျိုးရှိတဲ့ ပြင်ဆင်မှုနဲ့ အိမ်ရှင်မတွေကို လည်း မြင်ဖူးတယ်။ ကိုယ်တိုင်လည်း အဲလိုပြင်ဆင်မှုမျိုးကို မကြိုက်ဘူး။

“လှပသန့်ရှင်းနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်”

လှပမှုနဲ့ အိမ်ထောင်ရေးတည်မြဲမှုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်တော့ အမြင်မတူနိုင်ဘူးပေါ့နော်။ လှနေတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းနေတာပဲလေ။ လှပသန့်ရှင်းနေ  တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။

“လှပနေရုံနဲ့ မပြီးသေးဘူး အရည်အချင်း ပြည့်ဖို့ကြိုးစားရမယ်”

ဟိုးငယ်ငယ်လေးကတည်းက အလှကြိုက်တယ်။ မိဘတွေ၊ အဒေါ်တွေကို ငယ်ငယ်ကတည်းက စိန်ခေါ်ထားတာ ရှိတယ်။ အိမ် ထောင်ကျသွားလည် ဒီပုံစံပဲရှိနေရမယ်တဲ့တော့လေ။ မျိုးရိုးရှိတယ်။ အိမ်ထောင်ကျပြီးရင် ၀လာတတ်တာလေ။ အားလုံးကပြောကြတယ် နင်အိမ်ထောင်ကျပြီးရင်လည်း ၀လာမှာပဲဆိုပြီး အားလုံးက စိန်ခေါ်ပြီးတော့ကို ပြောခဲ့တာ။ အိမ်ထောင်ကျသွားရင်လည်း အခုလိုမျိုး ပုံစံမျိုးပဲ ဖြစ်အောင်နေမယ်ဆိုတာလေ။ တကယ်လည်း ကိုယ်တိုင်ဂရုစိုက်တယ်။ နောက်ပြီးလှနေရုံနဲ့ မပြီးသေးဘူး။ အရည်အချင်းပြည့်ဖို့ လည်း ကြိုးစားဖို့လိုပါတယ်။