စိတ်ညစ်စရာတွေ မတွေးဘူး

ဓာတ်ပုံ-လမင်းနိုင်

“ကျန်းမာရေးအတွက် အဓိကအရေးကြီးဆုံးကို ပြောပါဆိုရင် “စိတ်”ကိုပဲ အဓိကထားပြော ချင်တယ်။ စိတ်ညစ်စရာကို မတွေးမိအောင်နေတယ်။ တွေးမိရင်လည်း စိတ်ထဲမှာအကြာကြီး မထားဘူး။ ချက်ခြင်းဖြေရှင်းလိုက်တယ်။ စိတ်ပျိုတော့ ကိုယ်နုတယ်လေ။ လူတိုင်းမှာ စိတ်ညစ်စရာဆိုတာ ရှိတာပဲ။ ပြဿနာ၊ အခက်အခဲကို ကိုယ်တစ်ယောက်တည်း ခံစားနေရတယ်လို့ မတွေးပဲ လူတိုင်းကြုံတွေ့နေရတာပဲ၊ ဖြေရှင်းလိုက်ရင် ပြီးသွားမှာပဲ လို့ တွေးပြီး ဖြေရှင်းလိုက်ရင် ပြဿနာကပြီးသွားမယ်။ ဖြစ်လာတဲ့ စိတ်ညစ်စရာတွေကိုလည်း ကြာရှည်စွဲမထားပဲ မေ့ပစ်လိုက်တာ အကောင်းဆုံးပါ” ဒါကတော့ ဆုပန်ထွာရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခံယူ ချက်။

၁။         ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့၊ ကျန်းမာမှ ဘ၀ရပ်တည်ဖို့အတွက် အလုပ်တွေလုပ်နိုင်မယ်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေမယ်၊ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားတယ်။ စိတ်ကကြည်လင်ပြီး ပေါ့ပါးနေရင် ကျန်းမာရေးပြဿနာဆိုတာ တော်တော်လေးနည်းသွားနိုင်တယ်။ ဒါကြောင့်စိတ်အပန်းဖြေဖို့ အမြဲစဉ်းစားတယ်။ စိတ်ပျော်အောင်နေတယ်။ ဂီတဟာ ပန်ပန်ရဲ့ စိတ်အပန်းဖြေမှု တစ်ခုပါပဲ။

         

၂။         အိပ်ရေး၀၀ အိပ်တယ်။ အိပ်ချိန်မှန်အောင်ထားတယ်။ TV ကြည့် အပန်းဖြေတယ်။

         

၃။         ပတ်ဝန်းကျင်ကိုလည်း စိမ်းလန်းနေတာ ကြိုက်သလို အိမ်ထဲမှာလည်း သစ်ပင်ပန်းပင်လေးတွေ၊ သက်ရှိသတ္တ၀ါလေးတွေ မွေးထားရတာ ကြိုက်တယ်။ ငါးလေးတွေ မွေးထားတယ်။ ပန်းပင်လေးတွေရဲ့ စိမ်းလန်း မှုကြိုက်သလို အစိမ်းရောင်က ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်။ သက်ရှိသတ္တ၀ါလေးတွေရဲ့ လှုပ်ရှားမှုတွေကလည်း စိတ်ကိုအလှည့်အပြောင်းဖြစ်ပြီး စိတ်သစ်ဖြစ်သွားစေတယ်လို့ ထင်ပါတယ်။ အစားသောက်နဲ့ပတ်သက်ရင်တော့ မနက်ဆို ကော်ဖီတစ်ခွက် အမြဲသောက်တယ်။ ညစာရှောင်တာမျိုးတော့ မရှိဘူး။ အစားကိုတော့ ပုံမှန်အမြဲစားဖြစ်တယ်။