မိသားစုအတွက် အကောင်းဆုံးကြိုးစားနေသူ

ဓာတ်ပုံ - လမင်းနိုင်

Key Key ။ နှစ်နှစ်အရွယ် သမီးလေး ကီးကီး (Key Key) က သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်ကို ပိုပြီးခိုင်မြဲစေမယ့် ကြိုးလေးတစ်ချောင်းပါ။

သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံဖို့ချိန်းထားတဲ့ အချိန်က ည ၇း၀၀ တိတိ။ သူတို့ရောက်လာတော့ ၇း၀၀ နည်းနည်းကျော်နေပြီ။ သမီးလေးကို မိုးပြည့်ခင်ပွန်း ကိုစိုင်းမိုးစံက ချီလျက်။ မိုးပြည့်ကတွေ့တွေ့ခြင်း ချိန်းထား တဲ့အချိန်နည်းနည်းနောက်ကျသွားလို့ တောင်းပန်စကားဆိုပါတယ်။ “မိုးပြည့်တို့က ညနေကတည်းက ပြင်ဆင် ပြီး စောင့်နေတာ သူကဒီနေ့မှရုံးမှာအလုပ်များနေလို့ နောက်ကျသွားတာ အားနာပါတယ်”တဲ့။ ခင်ပွန်းဖြစ်သူ ကို လက်ညှိုးထိုးရင်း တောင်းပန်စကားဆိုတယ်။ “ဒီကဏ္ဍက မိုးပြည့်ကဏ္ဍမဟုတ်ဘူး။ သူ့ကဏ္ဍဆိုတော့ သူမပါမဖြစ်ပဲ။ မိသားစုအကြောင်း၊ ဇနီးအကြောင်းမေးမှာဆိုတော့ သူက ဖြေတတ်ပါ့မလားဆိုပြီး သူက စိုးရိမ် နေတယ်လို့” မိုးပြည့်ကတစ်ဆက်တည်းပြောတယ်။

မိုးပြည့်ပြောလို့ မိုးပြည့်ခင်ပွန်းက interview ဖြေဖို့စိုးရိမ်နေတယ်လို့သာ သိရတယ်။ မိုးပြည့် ခင်ပွန်းက လည်း အနုပညာကို ၀ါသနာပါတယ်ဆိုတာ သိပြီးသားဖြစ်နေတဲ့အတွက် interview ကို အကောင်းဆုံးဖြေနိုင် လိမ့်မယ်လို့ ယုံကြည်တယ်။ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ရဲ့ခင်ပွန်း ကိုစိုင်းမိုးစံနဲ့ Life Partner Interview ကို ဘယ်လို စပြောဖြစ်ခဲ့လဲ။

x x x x x

သမီးလေးအကြောင်းကနေ စပြောပေးပါ။

သမီးလေးက (၂)နှစ်ပြည့်တော့မယ်။ အိမ်နာမည်ကို Key Key လို့ပေးထားတယ်။

 

သူက အနုပညာဝါသနာပါလား။

အင်း... ပုံစံကြည့်ရတာတော့ အမေထက်သာမဲ့ အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် internet ထဲကနေ ကလေးသီချင်းလေးတွေ ကလေးအကလေးတွေယူပြီး သူကိုပြတယ်။ သူကြည့် ပြီးရင် အဲဒီအတိုင်းလိုက်ကတယ်။ တစ်ခါတလေ ရုပ်ရှင်ထဲက ငိုတဲ့အခန်းဆိုရင် သူကပါအမူအရာ လိုက်လုပ် တယ်။ သူလုပ်တဲ့အမူအရာတွေကို သူ့အမေက ဗီဒီယိုရိုက်ထားတာကိုသူသိတယ်။ အဲဒီအခါဆိုရင် သူရဲ့ဗီဒီယို ဖိုင် ကျွန်တော့်ကိုပြတယ်။ ပြီးရင် အဲဒီထဲကအတိုင်း ထပ်ပြီးအမူအရာထပ်လုပ်ပြတယ်။ သူ ဗီဒီယိုဖိုင်တွေဆို အများကြီးပဲ။ အမူအရာလုပ်ရတာ ၀ါသနာပါပုံရတယ်။

 

သမီးက အဲဒီလောက်ထိ အနုပညာဝါသနာပါနေတာလား။

ဟုတ်တယ်။ အရမ်းဝါသနာပါတယ်။ ဒါကြောင့်ပြောတာ အနုပညာလောကမှာ အမေထက်သာတဲ့သူ ဖြစ်မယ်ဆိုတာလေ။

 

နှစ်ယောက်လုံးက အနုပညာဝါသနာပါတာဆိုတော့ သမီးလည်းဒီအရွယ်ကတည်းက ဗီဇပြနေပြီပေါ့။

ကျွန်တော်ငယ်ငယ်ကတည်းက အဖိုး၊ အဖွားတွေနဲ့ အတူနေခဲ့တယ်။ နှစ်နှစ်အရွယ် လောက်ကတည်း က အဖိုး၊ အဖွားတွေနဲ့ ကြီးပြင်းလာတယ်။ အဖိုးနဲ့အဖွားက ရေဒီယိုမှာ မနက်ပိုင်း သွေးပူလေ့ကျင့်ခန်းစဆို လိုက်ကတည်းက မြန်မာပိုင်းအစီအစဉ်များကို ရပ်နားပါပြီဆိုတဲ့ ညဘက်ရေဒီယိုပြီးတဲ့အချိန်ထိကို တစ်နေကုန် ဖွင့်တဲ့အပြင် စတူဒီယိုသီချင်းတွေကိုလည်း အမြဲဖွင့်တယ်။ အဲဒီကတည်းက ကျွန်တော်က ရှေးတုန်းကသီချင်း ကနေစပြီး ဒီဘက်ခေတ်သီချင်းတွေအထိ နားထောင်ခဲ့ရတာ သီချင်းတစ်ပုဒ်ကို ၂ ခါလောက်နားထောင်လိုက် ရင် သီချင်းရသွားတတ်တဲ့အကျင့်ရှိတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဆိုလည်း ဒီလိုပါပဲ။ သင်္ကြန်မိုးဇာတ်ကားဆိုရင် ပါဝင်တဲ့သီချင်းတွေကို နားထောင်လိုက်တာနဲ့ ဘယ်ဇာတ်ဝင်ခန်းက သီချင်းလဲဆိုတာသိနေတဲ့အထိ အလွတ်ရ တယ်။ ကျွန်တော်က အဲဒီလောက်ထိအနုပညာနဲ့ပတ်သက်ပြီး ၀ါသနာပါတယ်။ အမှတ်ကြီးခဲ့တယ်။ ကျောင်း သားဘ၀တုန်းကလည်း အနုပညာနဲ့ပတ်သက်ပြီး ဆုတွေရခဲ့တယ်။ ဆိုကရေးတီးမှာ အဆို၊ ရန်ကုန်တိုင်းအဆင့် ထိ ဆုရခဲ့တယ်။ စာစီစာကုန်းပြိုင်ပွဲ ဆုတွေလည်းရခဲ့တယ်။ ဆုတွေက တစ်နှစ်ကို ၃ ဆုကနေ၊ ၆ ဆုလောက် ထိ ပုံမှန်ရတယ်။

 

ဒီတော့ အနုပညာရှင်နဲ့ လက်ထပ်ဖြစ်တဲ့ အခါကျတော့ စိတ်ကအနုပညာအလုပ်ပေါ်မှာ တော်တော်ကို အသားကျနေပြီဆိုပေါ့နော်။

ဟုတ်တယ်။ သူတို့အလုပ်ကို နားလည်နေတဲ့အပြင် တစ်ချို့နေရာမှာလည်း အများကြီး ထောက်ပံ့ပေး နိုင်ခဲ့တယ်။

 

မိုးပြည့်ကို အနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုတွေထောက်ပံ့ပေးခဲ့လဲ။

သူဆိုချင်တဲ့ သီချင်းစာသားတွေမသိရင် ကျွန်တော်ရှာပေးနိုင်တယ်။ ကိုပြေတီဦးပွဲမှာ သူဆိုတဲ့ ပြန် လည်ထူထောင်ရေး သီချင်းဆိုရင် ဦးမျိုးမင်းတောင်အံ့သြသွားတယ်။ ဦးမျိုးမင်းက အဲဒီသီချင်းစာသားကို နောက်မှပေးမယ်ပြောတာ။ ကျွန်တော်ကရတယ်ဆို ဦးမျိုး ကျွန်တော်ရေးပေးလိုက်မယ်ဆိုပြီး သီချင်းစာသားကို ချရေးပေးခဲ့တယ်။ အဲဒီသီချင်းက အဖွားတို့ခေတ်ကသီချင်း၊ အဖွားဆိုနေကျဆိုတော့ ကျွန်တော် နားထောင်ပြီး အလွတ်ရတာ။ ဒီတော့ ချက်ခြင်းချရေးပေးနိုင်ခဲ့တယ်။ အဲလိုမျိုး ကူညီခဲ့တာမျိုးတွေရှိတယ်။

 

အနုပညာလောကထဲဝင်ဖို့ ဒါမှမဟုတ် အနုပညာရှင်တွေနဲ့ ရင်းနှီးဖို့ကြိုးစားခဲ့ဖူးလား။

ကျွန်တော့်မှာ အနုပညာမျိုးရိုးလည်းမရှိဘူး။ ပတ်ဝန်းကျင်နယ်ပယ်မှာလည်း အလှမ်းဝေးတယ်။ ကိုယ် တိုင်က စာဖတ်၊ ကဗျာရေးတယ်။ သီချင်းရေးတာ ၀ါသနာပါတယ်။ မိုးပြည့်နဲ့တွေ့ခဲ့တာလည်း ဒီနှစ်သင်္ကြန်ဆို ရင် သူနဲ့ဆုံတာ (၈)နှစ်ပြည့်။ သင်္ကြန်မှာဆုံဆည်းခဲ့တယ်။ ၂၀၀၆ ခုနှစ်သင်္ကြန်မှာ ဆုံတွေ့ခဲ့တာ။

 

ဘယ်လိုတွေ့တာလဲ။

၂၀၀၆ ခုနှစ်တုန်းက ကျွန်တော်တောင်ငူမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မိုးပြည့်က ၂၀၀၆ သင်္ကြန်မှာ လာဖျော်ဖြေရင်းတွေ့ခဲ့ကြတာ။

 

သူ့အနုပညာကိုရော အဲဒီအချိန်တုန်းက သတိထားမိလား။

သူ့ကိုတော့သိတယ်။

သိပြီး ဘယ်လောက်ကြာမှာ လက်ထပ်ခဲ့လဲ။

ရည်းစားဖြစ်ပြီး ၃ နှစ်ကျော်ကျော်မှာ လက်ထပ်ခဲ့ကြတယ်။

 

၃ နှစ်အချိန်ကြာသွားတာက မိသားစု Plan အတွက်လား။

၃ နှစ်ဆိုတာက အချိန်တစ်ခုကို စောင့်ဆိုင်းခဲ့တဲ့သဘော။ စိတ်တွေကိုလေ့လာတာမျိုး မဟုတ်ဘူး။ နှစ် ယောက်စလုံးမှာ ပထမဆုံးစတွေ့ကတည်းက စိတ်ထဲမှာအလိုလိုသိနေတယ်။ ဖူးစာလို့ထင်တယ်။ နှစ်ယောက် အတိတ်ကံဆိုတာကို လက်ခံလို့ရတဲ့ အတိုင်းအတာတွေရှိတယ်။ လက်တွေ့မှာလည်း ကြုံတွေ့ခဲ့ရတာတွေ အများကြီးရှိတယ်။ ပြောပြလို့မရလို့သာ ကျွန်တော်မပြောတာ။ ကျွန်တော်တို့နှစ်ယောက်မှာ တိုက်ဆိုင်မှုတွေရှိ တယ်။

 

လက်ထပ်ပြီးတော့ အိမ်ထောင်သည်ဘ၀မှာ အချိန်တစ်ခုရောက်လာဖို့အတွက် နှစ်ယောက် ဘယ်လို လက်တွဲညီညီ ကျော်ဖြတ်ခဲ့ကြလဲ။

ရည်းစားဘ၀တုန်းက အဖြစ်အပျက်တွေက တစ်ချို့ဆို အိမ်ထောင်ကျသွားပြီးရင် ပြင်သွားမှာပါ။ နားလည်သွားမှာပါလို့ တွေ့ခဲ့တာမျိုး တွေရှိတယ်။ အထူးသဖြင့် သူ့ဘက်ကမဟုတ်ဘူး။ ကျွန်တော်ဘက်ကပါ။ အိမ်ထောင်ကျသွား ပြီးရင် ပြုပြင်လို့ရသွားမှာပါလို့တွေးခဲ့တယ်။ လူတွေမှာ အရိုးစွဲနေတဲ့အကျင့်တွေ၊ စရိုက် တွေက ရည်းစားဘ၀မှာ ဘယ်လောက်ပဲနားလည်မှုပေးပေး အိမ်ထောင်ကျသွားတဲ့အခါ ပြုပြင်လို့ရမယ်ထင်ပေ မဲ့ အရိုးစွဲနေတဲ့အတွက် ပြုပြင်ဖို့ခက်တယ်။ ကျွန်တော်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်၊ အလုပ်ပုံစံနဲ့ ကြီးပြင်းလာတဲ့ အနေအထား အားလုံးကြောင့် စကားပြောရင်လေသံမာတယ်။ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း လူတိုင်းကိုအရိုး ခံစိတ်နဲ့ မြင်တတ်တဲ့အချိန်မှာ ကိုယ့်ကိုလာပြီး လှည့်တာပတ်တာလည်း မသိဘူး။ လေသံမာတယ်ဆိုရင် ကိုယ်ကရိုးရိုးပြောလိုက်တာပဲ။ ကိုယ်ပြောလိုက်တာက တစ်ဖက်လူအပေါ်တစ်မျိုးသက်ရောက်သွားတယ်ဆို တာကိုလည်းမသိဘူး။ ပတ်ဝန်းကျင်နဲ့ဆက်သွယ်ရတဲ့အခါ ကျွန်တော့် အားနည်းချက်တော်တော်များများ ရှိတယ်။ နှစ်ယောက်မှာတော့ ပြဿနာမရှိဘူး။ နှစ်ယောက်က ၀ါသနာစရိုက် အကျင့်ထပ်တူနီးပါးတူတယ်။ နှစ်ယောက်ပြုပြင်ရတယ်။ ညှိယူရတာမျိုးမရှိဘူး။ ပတ်ဝန်းကျင်ဆက်ဆံရေးမှာ ကျွန်တော်နဲ့ပတ်သက်ပြီး သူ စိတ်ညစ်ရတာမျိုးတွေရှိတယ်။

 

အဲလို စိတ်ညစ်ရတာမျိုးတွေကို သူက ဘယ်လိုပြောလဲ။

သူကတော့ မျက်ရည်လေးဝဲပြီး နောက် တစ်ခါအဲလိုမပြောပါနဲ့။ အဲလိုမလုပ်ပါနဲ့။ သူ မကြိုက်ပါဘူးလို့ သူပြောတယ်။ ဒါပေမဲ့ သူက အကြာကြီး စိတ်ကောက်တာမျိုးမရှိဘူး။ စိတ်ကောက်တတ်တဲ့မိန်းကလေးမျိုး လည်း မဟုတ်ဘူး။ ကျွန်တော်ဘက်ကလည်း အားနည်းချက်ကို အတတ်နိုင်ဆုံး ပြုပြင်တယ်။

 

ကိုစိုင်းစိုင်းမိုးစံ ကိုယ်တိုင် အားနည်းချက်တွေကို ပြုပြင်တယ်ဆိုတော့ မိုးပြည့်ဖြစ်စေချင်တာကို အသိ အမှတ်ပြုတဲ့ သဘောပါပဲ။

ဟုတ်ပါတယ်။

 

ဇနီးအတွက် အမှတ်တရအသိအမှတ် ပြုတာမျိုးရောရှိလား။

နှစ်ဦးလက်ထပ်ခဲ့တဲ့ ရက်၊ မွေးနေ့တွေဆိုရင် လက်ဆောင်ပေးတယ်။ သူ့ကိုအံ့သြသွားစေမဲ့ အသိ အမှတ်ပြုပွဲလေးတွေ လုပ်ပေးဖြစ်တယ်။

 

ဒါတွေက ခင်ပွန်းသည်တိုင်း ဇနီးတွေအတွက် ပြုလုပ်ပေးသင့်တဲ့ ဂုဏ်ပြုပေးခြင်းလို့ ထင်တယ်။

ဟုတ်ပါတယ်။ အိမ်ထောင်သက် ဘယ်လောက်ပဲရှည်ရှည် ဇနီးသည်ကို ဒီလိုမျိုးအသိ အမှတ်ပြုခြင်းနဲ့ တန်ဘိုးထားသင့်တယ်လို့ ထင်တယ်။ ပစ္စည်းဥစ္စာဝယ်ပေးမှ မဟုတ်ပါဘူး။

 

မိုးပြည့်နဲ့က အသက်ဘယ်လောက်ကွာလဲ။

၁ နှစ်နဲ့ ၁၀ လလောက်ပဲ ကွာတယ်။ သူနဲ့က အဲဒီလောက်ပဲကွာတယ်လို့ စိတ်ထဲမှာမရှိဘူး။ ကိုယ်က အများကြီး အသက်ကြီးနေတယ်လို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့စတွေ့ပြီး နှစ်ယောက်လက်တွဲ တော့မယ်ဆိုတဲ့ အချိန်မှာ ပထမဦးဆုံးစပြီး ဖုန်းနဲ့စကားပြောဖြစ်တဲ့အချိန်မှာ တစ်ခါတည်းနဲ့ကို ၂ နာရီလောက် ကြာသွားအောင်စကားပြောကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း အကုန်နီးပါးစုံသလောက်ဖြစ်သွားတယ်။ သူရဲ့မိသားစုတာဝန် ဖခင်ဆုံးသွားတဲ့ မိန်းကလေးတစ်ယောက် သူ့အကြောင်းအကုန် သိသွားတယ်။ သူ့အ တွက် ကျွန်တော်လိုအပ်ချက်တွေမှန်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားချင်တယ်။ ဖခင်ဆုံးသွားတော့ ဖခင် မေတ္တာငတ်မွတ်နေတဲ့ မိန်းကလေးတစ်ယောက်။ သူ့မိသားစု တာဝန်တွေကို ကျွန်တော်ဖြည့်ဆည်းပေးဖို့ ကြိုး စားနေတဲ့စိတ်နဲ့ သူ့ကိုဇနီးတစ်ယောက်၊ ညီမ လေးတစ်ယောက်လို၊ ကလေးတစ်ယောက်လို သဘောထားပြီး အသက်က (၆)နှစ်လောက်ကွာ သလိုမျိုးကို စိတ်ထဲမှာရှိနေတယ်။

 

အနုပညာသည်တွေ ခံစားရတဲ့ကောလဟာလ ပတ်ဝန်းကျင်ပြောစကားတွေကို ဘယ်လိုဖြေရှင်းလိုက် လဲ။

ကျွန်တော်က အဲဒါတွေကို ဂရုမစိုက်ဘူး။ အဲဒါမျိုးတွေက ရှင်းရှင်းပြောရင် အနုပညာရှင်မဟုတ်ဘူး။ လူတိုင်းခံစားရတဲ့ ပတ်ဝန်းကျင်ပြဿနာပါ။ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ခိုက်ခံ ခဲ့ရတာတွေရှိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ် ယောက်နဲ့တစ်ယောက် သစ္စာရှိမှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေရှိနေရင် အိမ်ထောင်ရေးမှာ ဘယ်လိုပြဿတွေဖြစ်ဖြစ် ပြိုကွဲသွားတယ်ဆိုတာ ရှိမှာမဟုတ်ဘူး။ လိုက်ဖြေရှင်းစရာလည်း မလို ဘူး။ ပြီးတော့ ဒီလိုကိစ္စတွေဆိုတာက ဂရုစိုက်စရာတွေ မဟုတ်ဘူးလို့ ကိုယ်တိုင်ကတွက် ထားတာဖြစ်တဲ့အတွက် ကောလဟာလဆိုတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါ။ ပြီးတော့ သူ့ကိုလည်း ယုံကြည်တယ်။

 

နားလည်မှု၊ ယုံကြည်မှုဆိုတာလည်း တစ် ဖက်လူရဲ့ လုပ်ပုံပေါ်မှာလည်း မူတည်တယ်လို့ ထင်တယ်။ တစ်ဖက်လူရဲ့လုပ်ရပ်တစ်ချို့က ကိုယ်က နားလည်မှု၊ ယုံကြည်မှုမပေးနိုင်တဲ့ပုံစံဆိုရင်လည်း ကိုယ်တိုင်နား လည်မှု၊ ယုံကြည်မှု ဘယ်လိုလုပ်ပြန်ပေးနိုင်မလဲနော်။

ဟုတ်တယ်။ အဲဒါမှန်တယ်။ သူကလည်း ကျွန်တော်ယုံကြည်နေသလို၊ ကျွန်တော်ကလည်း သူ့ရဲ့လုပ် ရပ်တွေပေါ်မှာ အကြွင်းမဲ့ယုံကြည်နား လည်တယ်။

 

ကိုယ်တိုင်ကရော မိသားစုအပေါ်မှာ တာ ၀န်ကျေတဲ့သူတစ်ယောက်လို ကိုယ့်ကိုကိုယ် သတ်မှတ်လား။

တာဝန်ကျေတဲ့ သူတစ်ယောက်ဖြစ်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားတယ်။ လူတိုင်းမှာတော့ ပြည့် စုံတယ်ဆိုတာတော့ မရှိပါဘူး။ မိသားစုအတွက် အကောင်းဆုံးတွေလုပ်ပေးနိုင်အောင် ကြိုးစားနေတဲ့သူလို့ပဲ ပြောချင်ပါတယ်။

 

မိုးပြည့်ကို မိသားစုနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်လဲ။

သူမှာ အားနည်းချက်ဆိုတာ မရှိဘူး။ မြန်မာမိန်းကလေးတွေ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာရင် လုပ်ရမဲ့ အိမ်ထောင်မှု၊ ထိန်းသိမ်းနိုင်မှုဆိုတဲ့ အားနည်းချက်လည်း သူ့မှာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက မိသားစုမှာ သမီးအကြီးဖြစ်သလို၊ မောင်နှမတွေကိုလည်း မိခင်နဲ့အတူ စောင့်ရှောက်ရတဲ့သူ၊ မိသားစုတာဝန်ကို မိခင်နဲ့အတူ တာဝန်ယူရတဲ့သူဖြစ်တဲ့အတွက် အိမ်မှုကိစ္စကို နိုင်နင်းပြီးသားဖြစ်တယ်။ သူအားတဲ့အချိန်ဆို အိမ် အလုပ်လုပ်တယ်။ ကျွန်တော်က သူ့လောက်တောင် မိသားစုအတွက် အချိန်မပေးနိုင်ဘူး။ သူကပဲမိသားစု အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာများတယ်။

 

ခင်ပွန်းကောင်းဆိုတာ ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲ။

မိသားစုအပေါ်မှာ လုံခြုံဆုံးအကာအရံတစ်ခု။ ပြီးတော့ မေတ္တာ၊ သစ္စာ၊ သံယောဇဉ်၊ နားလည်မှုတွေ အပြင် ဥစ္စာဓန လိုအပ်ချက်ဖြည့် ဆည်းပေးနိုင်ရမယ်လို့ ထင်ပါတယ်။ အရာအားလုံးမျှတနေရင်တော့ အကောင်းဆုံးပါ။ သားသမီးအတွက် စံပြမိဘတစ်ယောက်ဖြစ်အောင် နေထုင်တတ်ရမယ်။ ကိုယ်တိုင်လည်း ကိုယ့်မှာရှိတဲ့ အားနည်းချက်ကိုဖြည့်ဆည်းနေတယ်။ အဓိကအားနည်းချက်ကတော့ မိသားစုအတွက် အချိန်မ ပေးနိုင်တာပဲ။ ဒီတော့အချိန်ရပြီဆိုတာနဲ့ မိသားစုတာဝန်အတွက် အချိန်ကိုအပြည့်အ၀ ပေးတယ်။

 

အလုပ်ကရော

CB Bank ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိ လုပ် နေပါတယ်။

x x x x x

မိသားစုအတွက် ခင်ပွန်းဖြစ်သူတွေရဲ့ ရပ်တည်မှုကို ပရိသတ်တွေသိရှိနိုင်ဖို့ ဖော်ပြနေတဲ့ ကဏ္ဍဖြစ်ပါ တယ်။ နောက်လမှာ ဘယ်အနုပညာ ရှင်ရဲ့ခင်ပွန်းအကြောင်းကို ဖော်ပြမလဲဆိုတာ ပရိသတ်များ စောင့်မျှော် အားပေးကြပါဦးလို့။