ဘ၀နေထိုင်မှု အနုပညာ

ဓာတ်ပုံ - လမင်းနိုင်

မိတ်ကပ် - စိုးစိုး

Location - FX Fitness Centre

အနုပညာနဲ့ ဘ၀ဖြတ်သန်းမှုပုံစံ။ အနုပညာအလုပ်တွေနဲ့ အချိန်ကုန်နေတဲ့ အနုပညာရှင်တွေမှာ အလုပ်ချိန်ပြင်ပ သူတို့အချိန်တွေကို ဘယ်လိုဖြတ်သန်းနေလဲ။ ကျန်းမာရေးစောင့် ရှောက်မှုပုံစံ။ သူတို့ရဲ့ စိတ် နေစိတ်ထား။ သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ သူရဲ့စိတ်ခံစားချက်နဲ့အတူ သူ့ဘ၀ဖြတ်သန်းမှုပုံစံတွေကို အခုလိုပဲ ပြောပြခဲ့တယ်။

(၁)        စိတ်ဓာတ်အခြေခံကိုက လောဘမရှိဘူး။ ပြောချင်တာက ဖြစ်ချင်စိတ်တွေ အရမ်းမများဘူး။ ဥပမာ - ပိုက်ဆံ ၅၀ရှိရင် အဲဒီပိုက်ဆံနဲ့ ကျေနပ်နိုင်တဲ့သူက စိတ်ချမ်းသာတာပေါ့နော်။ အဲဒါကို ၅၀၀၀ လောက်ရှိမှ ရမယ်ဆိုတဲ့သူက တော့ စိတ်ပင်ပန်းတာပေါ့။

(၂)        ကျန်းမာရေးစောင့်ရှောက်မှုမှာ လေ့ကျင့်ခန်းအနေနဲ့ စက်ပေါ်မှာ တစ်နေ့ကို နာရီဝက် လမ်းလျှောက် တယ်။ ပြေးတယ်။ တစ်ပတ်ကို ၄ ရက်တော့ လုပ်ဖြစ်တယ်။ ကမ်းခြေခရီးထွက်ဖြစ်ရင်တော့ Outdoor ပြေး တယ်။ ခရီးသွားရင်လည်း ကိုယ့်ရဲ့အားကစားဝတ်စုံ အပြည့်အစုံယူသွားပြီး ပြေးတယ်။ နိုင်ငံခြားသွားရင်လည်း အဲလိုပဲ။ ရောက်တဲ့နေရာမူတည်ပြီး အတတ်နိုင်ဆုံး လုပ်ဖြစ်အောင်လုပ်တယ်။

သမီးအားတဲ့အချိန်၊ ကိုယ်အားတဲ့အချိန် ဆုံတယ်ဆိုရင် ခြံထဲမှာ ဘောလုံးကစားတယ်။ ခြံထဲမှာ ပြေး တယ်။ အဓိက သမီးကဘောလုံးကစားရတာ အရမ်းပျော်တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ထိန်းသိမ်းမှုကကော အရင်ကလည်းအချိုမကြိုက်ဘူး။ ဒါပေမဲ့ အဆီ အဆိမ့်အရမ်းကြိုက်တယ်။ ဒါတွေကို နေ့တိုင်းလည်း မစားရဲဘူး။ တစ်ပတ် (၃)ရက်လောက် တော့စားလိုက်တယ်။ ကြိုက်တယ်ဆိုပြီးတော့ နေ့တိုင်း စားလိုက်ရင် ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးလည်း မဖြစ်စေချင်ဘူး။ ၀က်သားမစားဘူး။ အသီးအရွက်များများ စားတယ်။ ထမင်း (၃)နပ်ကိုတော့ အမြဲအပြည့်စားတယ်။ ထမင်းမစားဘူး လျော့တယ်ဆိုတာမျိုးမရှိဘူး။ ကား သွားရိုက်ရင် ညနေဆိုပြေး၊ လမ်းလျှောက်တော့ မြင်တဲ့သူတွေက ဒီခန္ဓာကိုယ်နဲ့ လုပ်နေသေးတယ်လို့ ပြော တယ်။ ပြီးတော့မှ ကိုယ်စားတာတွေကိုကြည့်ပြီး ဒီလောက်လေ့ကျင့်ခန်းလုပ်နေလိုပဲ မလုပ်ရင်တော့ မလွယ်ဘူး လို့ ပြောကြတယ်။

(၃)        မြန်မာဝတ်စုံလေးကတော့ မြန်မာအမျိုးသမီးတိုင်း ကြည့်ကြတဲ့ဝတ်စုံလေးပါ။ သမီးလေးက ၁၁ နှစ်ဆို ပေမဲ့ ခန္ဓာကိုယ်ထွားတော့ အ၀တ်အစားဝတ်ရင်အမေနဲ့ ကိုယ်တိုင်းတူနေပြီ။ သမီးကိုလည်း အခုဆိုသူအားတဲ့ အချိန်နဲ့ ကိုယ်သွားရမဲ့ပွဲနဲ့ တိုက်နေတယ်ဆိုရင်တော့ အမြဲခေါ်သွား ဖြစ်တယ်။ အခုသမီးနဲ့တွဲပြီးဝင်လာတဲ့ ၀တ်စုံလေးက ဟိုအရင်အနုပညာလောကထဲ စပြီးဝင် လာတုန်းက ၀တ်ခဲ့တဲ့ဝတ်စုံလေးပါ။

အနုပညာဘက်မှာ အသစ်တွေအများကြီး တတ်လာကြတယ်။ အခုအသက်အရွယ်မှာ ထိုက်သင့်တဲ့ နေရာရရင် ကျေနပ်တယ်။ နှစ်ပေါင်း ၂၀ မှာ ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်ကို လုပ်နေရတဲ့အတွက် ပရိသတ်က လက်ခံအားပေးနေတဲ့အတွက် ကျေနပ်တယ်။ မိသားစုမှာလည်း မိဘကကျန်းမာတယ်။ အမျိုးသား ကလည်း နားလည်မှုအပြည့်နဲ့ စိတ်ချမ်းသာမှုကိုပေးတယ်။ သမီးလေးကလည်း မိဘစကားနားထောင်ပြီး လိမ္မာ တယ်။ ဒါတွေကလည်း ကျေနပ်ပျော်ရွှင်စရာတွေပါ။ ဘ၀မှာ ပြည့်စုံနေတယ်ထင်ပြီး စိတ်ကျေနပ်တယ်။ ဘ၀ နေထိုင်မှုမှာ ကိုယ်ကမဖြစ်နိုင်တာမှန်းရင်ပဲဖြစ်ဖြစ်၊ ဖြစ်ချင်စိတ်တွေ အရမ်းများနေရင်ဖြစ်လာမဲ့ အကောင်းဆုံး တွေပါ ဆုံးရှုံးသွားတတ်တယ်။ ဒီတော့ စိတ်ကောင်းထားဖို့ အဓိကပဲ။