အေးမြတ်သူနဲ့ ပျော်ရွှင်ချိန်လေးများ

Photo - Aung Zaw (Love Space)

 

            People ရဲ့ ဓာတ်ပုံရိုက်ကွင်းများစွာထဲက စိတ်ချမ်းသာစရာအကောင်းဆုံးစာရင်းဝင် ရိုက်ကွင်းတစ်ခုပါပဲ...။

            ဒီကဏ္ဍလေးရိုက်ကူးပေးဖို့အတွက် အေးမြတ်သူကိုဆက်သွယ်တဲ့အခါ အလုပ်နဲ့ပတ်သတ်လို့ လက်ခံလိုက်ပြီဆိုရင် ကတိတည် တတ်တဲ့၊ စိတ်ကူးဖန်တီးမှုအသစ်တွေ အမြဲစဉ်းစားလေ့ရှိတဲ့ သူမရဲ့ ထုံးစံအတိုင်း ဖက်ရှင်အပြင်အဆင်ကအစ ရိုက်ကွင်းရိုက်ကွက်အပါ အ၀င်  စေ့စပ်သေချာစွာ ကူညီပေးခဲ့တယ်။ 

            အချိန်မှန်တဲ့မင်းသမီးက ပထမဆုံးရိုက်ကွင်းနေရာအဖြစ်ချိန်းဆိုထားခဲ့တဲ့ တော်ဝင်စင်တာသုံးလွှာက Shangrila Spa ကို အချိန်အတိအကျ ရောက်ရှိတယ်။

            ပထမဆုံးအကြိမ်ဆုံတွေ့မှုဆိုပေမဲ့  ဖော်ရွေပွင့်လင်းတဲ့စိတ်ထားနဲ့ မာန်မာနလုံးဝမထားတတ်တဲ့ နာမည်ကျော် လူငယ်ဓာတ်ပုံ ဆရာကိုအောင်ဇော်နဲ့ ဒီဇိုင်နာကိုညီညီလှဘော်တို့အဖွဲ့ကလည်း ဘာမဆိုညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုကို လက်ခံပေးပြီး စိတ်ကျေနပ်စရာ အလှပုံရိပ်တွေကို ဖန်တီးပေးခဲ့ကြတယ်။

            "အလုပ်သဘောအရ မိတ်ကပ်လိမ်းပေမဲ့ မိတ်ကပ်မကြိုက်ဘဲ ပင်ကိုအသားအရေထိန်းသိမ်းရတာကိုသာနှစ်သက်တဲ့  သူမက Body Spa ကို ပိုစိတ်ဝင်စားတယ်လို့ ဆိုတယ်"

            မေလရဲ့မိုးနေ့တွေက ကြိုတင်တွက်စမရတော့ Indoor , Outdoor နှစ်မျိုးရောနေတဲ့ ဒီရိုက်ကွင်းကို ရင်တမမနဲ့ ချိန်ဆခဲ့ကြ ရတယ်။ မိုးကတစ်ဖက် ပူရှိန်ပြင်းတဲ့ နေမင်းကတစ်ဖက် ဘယ်အရာအလေးသာမယ်မသိတော့ မစွန့်စားရဲဘဲ မိုးရွာရွာနေပူပူ အင်ဒိုး အရင်တည်တာကပဲ ဘေးကင်းမယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။ တကယ်တော့ ၀ီရိယရှိတဲ့မင်းသမီးက နေမပူခင်နံနက်ခင်းစောစောပိုင်းမှာ အောက်ဒိုးကို အရင်ရိုက်ပေးချင်တာပါ။ ရိုက်ရက်တည့်တည့်ရောက်တော့ နေရှိန်ပြီး မိုးကအုံ့လို့ ခပ်ဖွဲဖွဲရွာပုံစံမျိုး ဖြစ်နေခဲ့တယ်။ မိုးမ များပေမဲ့ ဒီအခြေအနေကြီးလည်း အောက်ဒိုးရိုက်လို့မကောင်းပါဘူးလေလို့ တွေးရင်း စီစဉ်ထားတဲ့အတိုင်း ပျော်ပျော်ရွှင်ရွှင် အင်ဒိုးရိုက် ကြရင်း အပြင်မှာမိုးကအပီအပြင် ရွာသွန်းဖြိုးလာတဲ့အခါ မိုးနဲ့အောက်ဒိုး ထိပ်တိုက်တိုးလေသတည်းပါပဲ။ ဒါပေမဲ့ သဘောကောင်းတဲ့မိုးက တလောကလုံးကို အေးမြလတ်ဆတ်မှုတွေပေးသွားတဲ့အခါ...

            မိုးရွာပြီးစ လှပတဲ့ညနေခင်းမှာ  Red Indian မလေးတစ်ယောက် မြင်းစီးထွက်လာတာကို တွေ့လိုက်ရပါတော့တယ်။

            "မြင်းစီးရတာကို ပျော်ရွှင်တဲ့သူမက ပုံမှန်အတိုင်းဆို မြင်းစီးဝတ်စုံနဲ့သာ စီးလေ့ရှိပေမဲ့ ဒီနေရာမှာတော့ သူမချစ်တဲ့ပရိသတ် အမြင်ဆန်းသစ်စေဖို့အတွက် အထူးစိတ်ကူးဖန်တီးထားတဲ့ မြင်းစီးဖက်ရှင်နဲ့ ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်"