Celebrities & Movies

    Celebrity တွေရဲ့ စိတ်ကြိုက်ခံစားမှုလေးတွေကို တင်ဆက်ပေးနေတဲ့ ဒီကဏ္ဍလေးမှာ ယခုလအတွက် အစီအစဉ်လေးကတော့ အနုပညာရှင်တွေပြောတဲ့ ရသစုံခံစားရုပ်ရှင်ဇာတ်ကားများပဲ ဖြစ်ပါတယ်။
    ရင်ထဲမှာထင်ကျန်စွဲမြဲခဲ့တဲ့ ရုပ်ရှင်တွေအကြောင်းကို တွေ့ဆုံမေးမြန်းဖို့ရွေးချယ်ခဲ့တဲ့ ရုပ်ရှင်ချစ်သူ အနုပညာရှင်များကတော့ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တေးရေး၊ တေးဆို အရိုး၊ သရုပ်ဆောင် ဖြိုးငွေစိုး၊ မင်းသွေး၊ ဆုပန်ထွာနဲ့ တေး
သံရှင် သီရိဆွေတို့ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ဝါသနာရှင် အနုပညာရှင်တွေရဲ့ ရုပ်ရှင်ခံစားချက်၊ ရုပ်ရှင်အတွေးအမြင်နဲ့  သူတို့ ရင်ထဲက ရုပ်ရှင်တွေအကြောင်းကို ပရိသတ်အတွက် အညွှန်းလေးပေးခဲ့ပုံက…

“ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းပဲကြည့်တယ်”
ဖြိုးငွေစိုး
    ကျွန်တော်က ရုပ်ရှင်ကြည့်ရင် ကိုယ်နားလည်တဲ့အနေအထားနဲ့မှ ကြည့်တယ်။ နားမလည်ဘဲ လုံးဝမကြည့်ဘူး။ တချို့ကားတွေမှာ ဘာသာစကားနားမလည်ရင် ကျွန်တော် မြန်မာစာတမ်းထိုးထွက်တာကို စောင့်ပြီးကြည့်တယ်။ သေချာ
နားလည်မှပဲ ကြည့်တယ်။ သဘောမပေါက်ဘဲနဲ့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာမျိုးကြီး မရှိဘူး။ ပြီးတော့ ရုပ်ရှင်မင်းသားတစ်ယောက် ရုပ်ရှင်ကြည့်သလို လေ့လာပြီးတော့လည်း မကြည့်ဘူး။ ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းပဲကြည့်တယ်။
    တခြားလူတွေနဲ့ ကြည့်တာလည်း မကြိုက်ဘူး။ တစ်ယောက်တည်း ကြည့်ရင်ကြည့်၊ အမျိုးသမီးနဲ့ နှစ်ယောက်ကြည့်ရင်ကြည့် ကိုယ့်ဘာသာအေးအေးဆေးဆေး ကြည့်ရတာပဲကြိုက်တယ်။ ညဘက် အိပ်ခါနီးဆိုရင်တစ်ကားလောက်တော့ အမြဲတမ်းကြည့်ဖြစ်တယ်။ အမျိုးသမီးကလည်းရုပ်ရှင်ကြည့်ရတာ ကြိုက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးဝယ်ထားတဲ့ ကားတွေမနည်းဘူး။ သေတ္တာလို ပုံးကြီးတွေနဲ့ ထည့်ထားရတယ်။ ၀ယ်သလောက်လည်း ကြည့်နိုင်တယ်။ အဲဒီထဲကမှ
ကျွန်တော်ကြိုက်တဲ့ ကားတွေကို သက်သက်ဖယ်ထားတယ်။
    ဘယ်လိုအမျိုးအစားကို ကြိုက်လဲဆိုရင် သရဲကားကလွဲပြီး အတော်များများကိုကြိုက်တယ်။ ဆိုက်ကိုနဲ့ပတ်သတ်တဲ့ ကားမျိုးတွေ၊ Magic ဆန်တဲ့ ကားမျိုးတွေလည်းကြိုက်တယ်။ ဒရာမာတွေ၊ အက်ရှင်တွေလည်း ကြိုက်တာပဲ။ အကြိုက်ဆုံး ကားတွေထဲက မှတ်မိနေတဲ့ကိုပြောရရင်…

Eurotrip
    Eurotrip ဆိုတဲ့ ကားလေးကိုကြိုက်တယ်။ လူငယ်ဟာသကားလေး။ တော်တော်ကြိုက်လို့ ခဏခဏလည်း ပြန်ကြည့်ဖြစ်တယ်။ အမေရိကား မှာနေတဲ့ကောင်လေးက ဂျာမန်ကောင်မလေးကို ကြိုက်မိလို့ ဂျာမနီကိုသွားတာ၊ အင်္ဂလန်ကနေ
ပြင်သစ်၊ ပြင်သစ်ကနေ ဂျာမနီ အဲဒီလိုမျိုး တစ်ဆင့်ချင်း တစ်ဆင့်ချင်းစီသွားကြတာ လမ်းမှာဖြစ်တဲ့ အဖြစ်အပျက်အလွဲလေးတွေပေါ့နော်။ တော်တော်လေးရယ်ရတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက သူတို့လန်ဒန်ကိုရောက်ပြီးတော့ မန်ယူ Fanတွေရဲ့ဘားကို မသိဘဲ ခပ်တည်တည်နဲ့ ၀င်သွားပြီးမှ မန်ယူ Fan သီးသန့်ဘားဆိုတော့ မင်းတို့ဘာကောင်တွေလဲ ဘယ်ကလဲဆိုပြီးမေးတော့ မန်ယူပရိသတ်ပါဆိုပြီးလိမ်တာ… အဲ့ကျတော့ ဟိုကောင်တွေက မန်ယူသီချင်းဆိုပြခိုင်းတာကို ပါးစပ်ထဲရှိတဲ့ မန်ယူသီချင်းတစ်ပုဒ်ကောက်ဆို ပြလိုက်တာ အဲဒီသီချင်းက ဟိုကောင်တွေဆီမှာ တကယ်ကိုပေါက်ပြီး အရမ်းကြိုက်နေကြတဲ့ သီချင်းဖြစ်နေတော့ သဘောကျပြီး သူတို့ကားကြီးပေါ် တင်ခေါ်သွားတာ ပြင်သစ်တွေ ဘာတွေ တခြား
နိုင်ငံတွေအကုန်ရောက်သွားတာ။ အရမ်းရယ်ရတယ်။

Sons of Anarchy
    Son of Anarchy က ဇာတ်လမ်းတွဲ။ သူတို့က ဆိုင်ကယ်ဂိုဏ်းပေါ့။ အဲဒီမြို့မှာ ရဲကမဖော်ထုတ်နိုင်တဲ့အမှုတွေကို သူတို့က လိုက်ကူညီပေးရင်းနဲ့ ဂိုဏ်းတစ်ခု ဖြစ်သွားတယ်။ သူတို့ဂိုဏ်းက လက်နက်အရောင်းအ၀ယ်လုပ်တယ်။ နောက်
ပိုင်းကျတော့ သူတို့စီးပွားရေးအတွက် မူးယစ်ဆေးဝါးတွေဘာတွေရောင်းတယ်။ ဒီကားက အရမ်းကောင်းတာကိုလည်းပြတယ်။ မကောင်းတာကိုလည်းပြတယ်။ မလုပ်သင့်တာကိုလည်းပြတယ်။ လုပ်လို့ကောင်းတာကိုလည်း ပြတယ်။
မျိုးစုံပြတယ်။ အခုဆို Season 6 ထိ ထွက်သွားပြီးပြီ။ ခုချိန်ထိ ကျွန်တော့်ဘ၀မှာ အကြိုက်ဆုံး ဇာတ်လမ်းတွဲပဲ။
    ပြီးတော့သူက ဇာတ်လမ်းတစ်ခုကို အကြောင်းအရာတစ်ခုစီ သွားတာ။ အတွဲလိုက်မကြည့်ဘဲနဲ့ အကြောင်းအရာတစ်ခုစီ ဖြတ်ကြည့်ရင်လည်း ပြဿနာမရှိဘူး။ Season 1 ကိုစပြီး ကြည့်ဖြစ်တာလွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ကတောင် မကတော့ဘူးထင်တယ်။ အရမ်းကြိုက်လို့ ကျွန်တော့်ဆိုင်ကယ်ကိုတောင် သူတို့နဲ့တူအောင် ပြန်ပြီးဆင်ထားတာ။ သူတို့ဂိုဏ်းတံဆိပ်နဲ့ လက်စွပ်လေးတွေလည်းကြိုက်လို့ မှာပြီးသိမ်းထားတာရှိတယ်။
    ဒီကားနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် တချို့လူကြီးတွေကျတော့လည်း လူငယ်တွေကို ပေးကြည့်စေချင်မယ့် ဇာတ်ကားမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဆိုးတဲ့မိုက်တဲ့အကြောင်းကို ရိုက်ထားပေမဲ့ ကိုယ်ယူတတ်ရင် ယူတတ်သလို၊ ကိုယ် ကြည့်တဲ့ အမြင်နဲ့လည်း ဆိုင်မှာပါ။

Read to Paloma
    နောက်ထပ်ကြိုက်တဲ့ကားက Road to ဆိုတဲ့ကားက ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ပေါ့နော်။ ရောက်ချင်ရာရောက်ဆိုပြီး လျှောက်သွားတာ။ ဇာတ်လမ်းကတော့ အရမ်းအကောင်းကြီးမဟုတ်ဘူး။ သူတို့ Life Style လေးက စိတ်ဝင်စား ဖို့ကောင်းတာ။ နောက်တစ်ကားက Hercules ။

The Legend of Hercules
    မှတ်မှတ်ရရ ဟာကြူလီက မိန်းမကိုယ်ဝန်နဲ့တုန်းက ကြည့်ဖြစ်တာ။ ငါတို့သားမွေးလာရင်ဟာ ကြူလီလိုဖြစ်ရင်ကောင်းမယ်လို့ လင်မယားနှစ်ယောက်ပြောခဲ့တာ။ အခုမွေးလည်းမွေးလာရော ကျွန်တော်တို့သားက လူကြီးကလည်း အထွားကြီး။ ခြေတံလက်တံကြီးတွေကလည်း အရှည်ကြီးပဲ။ ဟာကြူလီက ဂရိနတ်ဘုရားနဲ့ လူနဲ့မွေးတာ။ ကျွန်တော်က ဂရိကနတ်ဘုရားဒဏ္ဍာရီတွေ တအားစိတ်ဝင်စားတယ်။ တချို့ကလည်း ဒဏ္ဍာရီလို့ ပြောတယ်။ တချို့ကလည်း တကယ်ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒီကားမှာ ဟာကြူလီက လူတစ်ပိုင်း နတ်တစ်ပိုင်းဆိုပေမဲ့ တရုတ်သိုင်းကားတွေလို အရမ်းကြီး ပါဝါပြနေတာတွေ ၀ုန်းဒိုင်းရွှီးရွမ်းနဲ့ လုပ်နေတာတွေမပါဘဲ ယုတ္တိရှိရှိလေးပြသွားတာ သဘောကျတယ်။ ဇာတ်သိမ်းခါနီးမှ သူ့မှာခွန်အားတွေရှိတယ်ဆိုတာ ပြသွားတဲ့ အခန်းတွေကို ကြိုက်တယ်။

The Hangover
    နောက်ထပ် ပြန်ပြောချင်လောက်အောင် ကြိုက်တဲ့ကားဆိုရင် Hangover ။ တအား နာမည်ကြီးပါတယ်။ တော်တော်များများလည်း သိကြတယ်။ Hangover က သုံးကားရှိတယ်။ နောက်ကားတွေထက် ပထမဆုံးထွက်တဲ့ကားကို အ ကြိုက်ဆုံးပဲ။  သူငယ်ချင်းလေးယောက်ထဲကတစ်ယောက် မင်္ဂလာမဆောင်ခင်မှာ အရက်သောက်ရင်းနဲ့ သူတို့ထဲကတစ်ယောက်က ဆေးခတ်လိုက်တာ သူတို့မသိလိုက်ဘူး။ ဆေးနဲ့ရောထားတာ သောက်မိပြီး ဘာမှမသိတော့ဘဲ ပေါက်ကရတွေ လျှောက်လုပ်ကြတာ။ တစ်ယောက်က မိုက်တိုင်ဆန်အိမ်က ကျားကိုခိုးလာတာနဲ့ နောက်တစ်ယောက်က မျက်နှာမှာ တက်တူးထိုးလာတယ်။ သူငယ်ချင်းတစ်ယောက်က ပျောက်သွားတယ်။ အဲလိုပဲ သူတို့ဇာတ်လမ်းတိုင်း ဇာတ်လမ်းတိုင်းမှာ မင်္ဂလာဆောင်မယ့် သူငယ်ချင်းတစ်ယောက်က အမြဲတမ်းပျောက်သွားတယ်။ မင်္ဂလာဆောင်အမီပျောက်သွားတဲ့ကောင်ကို လိုက်ရှာတာ။ Hang-over ဖြစ်သွားတယ်ဆိုတာ သူတို့ညဘက်မှာမူးပြီး မိုးလင်းသွားရင် ညကဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘာမှမသိကြတော့ဘူး။  ပြန်စဉ်းစားပြီးတော့ ဘာတွေလုပ်ခဲ့ဆိုတဲ့နောက်ကို ပြန်လိုက်ရတာ။ သူတို့ညဘက်လုပ်ခဲ့တာတွေက ကြောက်စရာတွေချည်းပဲ ကျားခိုးတာ၊ မျက်နှာတက်တူးထိုးတာ၊ ကိုယ့်သွားကိုယ်ချိုးခဲ့တာ၊ ကိုယ့်လက်သန်းကို ဖြတ်ခဲ့တာ၊ ပြည့်တန်ဆာနဲ့ မင်္ဂလာဆောင်ခဲ့တာ။ အဲဒါမျိုးတွေပေါ့။ နောက်ဆုံး ပျောက်သွားတဲ့သူငယ်ချင်းကို ပြန်ရှာတွေ့သွားတာနဲ့ ဇာတ်သိမ်းတယ်။

    အခု ကျွန်တော်ပြန်ပြောပြတဲ့ ဇာတ်ကားလေးတွေကို မကြည့်ရသေးတဲ့ ပရိသတ်တွေလည်းကြည့်လို့ အဆင်ပြေမှာပါ။ ဒီထဲမှာမပါတဲ့ ကားတွေထဲကဆိုရင် Tom Hanks သရုပ်ဆောင်တဲ့ကား တွေတော်တော်ကောင်းတယ်။ မြန်မာပရိသတ်နဲ့ အဆင်ပြေတယ်လို့ ညွှန်းချင်တယ်။
    နိုင်ငံခြားကားကလည်း နိုင်ငံခြားကား၊ မြန်မာကားကလည်း မြန်မာကားပေါ့။ အကုန်လုံး က သူ့အရပ်နဲ့ သူ့ဇာတ်အဆင်ပြေမှာပါ။ ကျွန်တော့်အယူအဆကတော့ ကျွန်တော်တို့ ဇာတ်ကားရိုက်တဲ့အခါမှာလည်း ကျွန်တော်တို့ဆီက လူတွေ ကြိုက်အောင် အဓိကထားပြီး ရိုက်တယ်။ နိုင်ငံတကာကို သိပ်မစဉ်းစားဘူး။ အဲလိုပဲ သူတို့ဆီက ကားတွေကလည်း သူတို့နိုင်ငံကြိုက်အောင်ပဲလုပ်မှာပဲ။ ကိုယ့်ဆီကို စဉ်းစားမှာမဟုတ်ဘူး။ ဒါပေမဲ့ အဓိကက ကြည့်တဲ့လူအဆင်ပြေ ပါစေဆိုတဲ့စေတနာလေးတော့ ထည့်ရိုက်ကြတယ်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ရယ်စရာလေးတွေဆို လည်း ပရိသတ်တွေ ရယ်ရပါစေ… ဆွေးစရာလေးတွေဆိုလည်း အဲလိုပဲ။ အတတ်နိုင်ဆုံးကြိုးစားပြီး စေတနာထားပြီး လုပ်ထားပါတယ်။

 

“ရုပ်ရှင်ကြည့်ဝါသနာဟာ ဖေဖေဆီကရခဲ့တဲ့ အမွေပါ”
ဆုပန်ထွာ
    ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့် ၀ါသနာပါခဲ့ပုံရဲအစကိုပြောရရင် ပန်ပန့်ဖေဖေက ရုပ်ရှင်အရမ်းကြိုက်တာ။ နေ့တိုင်း ညနေရုံးကပြန်လာပြီဆိုတာနဲ့ ပန်ပန်တို့မောင်နှမ ငါးယောက်စလုံးကိုခေါ်ပြီး ရုပ်ရှင်ထိုင်ကြည့်တာ။ ဖေဖေခေါ်တိုင်း ဧည့်ခန်းထဲကို ရှေ့ဆုံးကတက်တက်ကြွကြွ ပြေးလာတတ်တာ ပန်ပန်ပဲ။ ဖေဖေ့ကြောင့်ရခဲ့တဲ့ ၀ါသနာလို့လည်း ပြောလို့ရတယ်။ ဖေဖေက အက်ရှင်ကားတွေကြည့်တော့ ပန်ပန်လည်း အက်ရှင်ကားတွေ ကြိုက်တယ်။ ကိုယ်တိုင် အနုပညာအလုပ်လုပ်လာတဲ့အခါမှာတော့ ကားအစုံကြည့်တယ်။


    Sandra Bullock က ပန်ပန်အကြိုက်ဆုံး မင်းသမီးပဲ။ သူ့ကိုကြည့်ရင် သရုပ်ဆောင်နေတယ်လို့ကို မထင်မိဘူး။  အရမ်းသဘာဝကျတယ်။ သူ့ကားတွေထဲမှာ Miss Congeniality ဆိုတဲ့ကားလေးကို ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ခဲ့တာ ၆ ကြိမ်ထက်မနည်းရှိပြီ။

Miss Congeniality
    အဲဒီကားမှာ မင်းသမီးက ရဲ။ Miss ရွေးပွဲ တစ်ခုက မသမာမှုတစ်ခုကို စုံစမ်းဖို့အတွက် ပြိုင်ပွဲဝင်တစ်ယောက် ဟန်ဆောင်ပြီး သူ့ပုံစံကို ရဲတစ်ယောက်လို ကျားကျားလျားလျားကနေ မော်ဒယ်လ်တစ်ယောက်လို လှလှပပ နွဲ့နွဲ့နှောင်းနှောင်းဖြစ်ဖို့ ပြောင်းလဲရပုံလေးကို ရိုက်ထားတာ။ အဲဒီအတွက်သူမှာ ဒုက္ခတွေရောက်၊ ကို့ယို့ကားရားတွေဖြစ်၊ ကြည့်လို့လည်း တအားကောင်းတယ်။ ရယ်လည်းရယ်ရတယ်။ မှတ်မိနေတဲ့အခန်းတစ်ခုက သူကမုန့်
တွေခိုးစားတာ၊ သူတစ်ယောက်တည်း စားရုံတင်မဟုတ်ဘူး တခြား Miss တွေကိုပါ လိုက်ကျွေးတာ။ နောက်ဆုံးပြိုင်ပွဲမှာ  Miss ရသွားတဲ့ မော်ဒယ်လ်ဆီက Crown ကို သူကအတင်းဝင်လုတာ။ ကြည့်နေတဲ့ လူတွေအကုန်လုံးက သူ Miss မဖြစ်ရလို့လုတယ်ထင်ပြီး အကုန်လုံးအံ့သြကုန်ကြတာ။ တကယ်တော့ သူဘာကြောင့်လုသလဲဆိုတာ မကြည့်ရသေးတဲ့ ပရိသတ်တွေကြည့်ကြည့်ပါ။ ဇာတ်လမ်းရော သရုပ်ဆောင်တာတွေရော ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်လောက်အောင် ကောင်းပါတယ် လို့…။

The Others
    နောက်တစ်ကားက The Others ။ Nicole Kidman သရုပ်ဆောင်ထားတာ။ ပန်ပန်အဲဒီလိုသရဲကားလေးတွေလည်း ကြိုက်တယ်။  မကြောက်ကြောက်အောင် ခြောက်လှန့်နေတဲ့သရဲကားတွေလိုမျိုးတွေဆို ပန်ပန်မကြိုက်ဘူး။ ဒီကားလေးက
ဇာတ်လမ်းလေး ထူးခြားတယ်။ သူတို့သားအမိတွေကို သရဲတွေကလိုက်ခြောက်လှန့်နေတာကို သူတို့မှာကြောက်ပြီး ကာကွယ်နေရတာ။
    စိတ်ထဲမှာ မှတ်မိနေတဲ့အခန်းလေးတွေက သူ့ကလေးတွေက အလင်းရောင်ကို မကြိုက်ဘူး။ သူကအိမ်မှာ ခန်းဆီးလိုက်ကာတွေလိုက်ပိတ်ထားတယ်။ ပြီးရင်အဲဒီလိုက်ကာတွေက ပြန်ပွင့်နေတယ်။ အဲဒီလိုပေါ့။ ပြီးတော့ တစ်နေ့မှာ စစ်ထွက်
သွားတဲ့သူ့ယောက်ျားက အိမ်ကိုပြန်လာတော့ သူတို့တွေပြန်ဆုံခဲ့ကြတယ်။ တကယ်တော့ အဲဒီလူကစစ်မြေပြင်မှာ သေဆုံးသွားပြီး ၀ိညာဉ်ကပြန်လာတာ။ နောက်ဆုံးမှာမှ သူတို့က ဘာတွေလဲဆိုတာသိကြရတဲ့ ဇာတ်လမ်းလေးပေါ့။ နစ်ကိုးလ် ကစ်မန်းရဲ့ သရုပ်ဆောင်ကတော့ ပြောစရာမရှိအပိုအလိုမရှိ ကွက်တိပါပဲ။ ပန်ပန်တို့ ရုပ်ရှင်ကားတွေကြည့်ရင် နောက်ခံတီးလုံးကအစ သေချာနားထောင်ဖြစ်တယ်။ တချို့အခန်းတွေမှာ သရုပ်ဆောင်ရဲ့ အမူအရာ ဒီလောက် မကောင်းဘဲ နောက်ခံတီးလုံးကြောင့် ကြောက်စရာကောင်းသွားတာမျိုးတွေ ရှိတယ်။  ဒီကားကတော့  ဘာမှပြောစရာမရှိအောင်ကို အရမ်းကောင်းတဲ့ ကားတစ်ကားပါပဲ။

Kuch Kuch Hota Hai
    ကြည့်ခဲ့တဲ့ကားတွေ အများကြီးထဲမှာမှ ဘောလီးဝုဒ်ကားတစ်ကားကိုလည်း စိတ်ထဲမှာစွဲကျန်နေတယ်။ တော်တော်နာမည်ကြီးတဲ့ ကားပါပဲ။ Kuch Kuch Hota Hai ဆိုတဲ့ကား။ မင်းသား Shah Rukh Khan နဲ့ မင်းသမီးက Kajol ။ မင်းသားက အရမ်းချမ်းသာတဲ့ မိသားစုမှာမွေးဖွားလာပြီး ဆင်းရဲတဲ့မင်းသမီးလေးနဲ့ ဆုံတွေကြတယ်။ မိသားစုနဲ့အချစ်ကြားမှာ အဆင်မပြေမှုတွေဖြစ်ရတဲ့ဇာတ်လမ်းလေးပေါ့။ ဒီကားမှာ မှတ်မှတ်ရရရှိတာက ရိုက်ပြတဲ့ရိုက်ချက်တွေ။ သူတို့မိသားစုက အရမ်းချမ်းသာတော့ မင်းသား နိုင်ငံခြားကနေပြန်လာတာ ကိုယ်ပိုင်ဟယ်လီကော့ပတာနဲ့။ အဲဒီလို မင်းသားက ပြန်လာတာ၊ မိသားစုတွေက ကြိုနေကြတဲ့အခန်းကိုပဲ သေသေချာချာ ရိုက်ပြထားတာ အရမ်း
ကြည့်လို့ကောင်းတယ်။ သူတို့ရဲ့သရုပ်ဆောင်အမူအရာတွေကိုလည်း တစ်ကားလုံးကြိုက်တယ်။

WALL.E
    ပန်ပန်ကြိုက်တဲ့အထဲမှာ ကာတွန်းကားတွေလည်း ပါတယ်။ ကြိုက်တဲ့ကာတွန်းကားလေး အများကြီးရှိတဲ့အထဲက ပြန်ပြောမယ်ဆို  WALL.E လေးအကြောင်းကိုပြောချင်တယ်။ ကမ္ဘာပေါ်မှာ လူတွေတစ်ယောက်မှ မရှိကြတော့ဘဲ သစ်
ပင်လေးတစ်ပင်နဲ့ အလုပ်များနေတဲ့ စက်ရုပ်ကလေးလေ။ အရမ်းချစ်ဖို့ကောင်းတယ်။ အဲ့ကာတွန်းလေးကိုလည်း မကြည့်ဖြစ်သေးတဲ့ ပရိသတ်တွေအားလုံး အရမ်းကောင်းလို့ ကြည့်ကြည့်ကြပါလို့ ညွှန်းချင်ပါတယ်။


    ရုပ်ရှင်ကြည့်တာ ဗီဒီယိုကြည့်တာဟာ ပန်ပန့်ရဲ့ဝါသနာနဲ့ ဘ၀ရဲ့ စိတ်အပန်းဖြေမှုလေးတစ်ခုအဖြစ် မရှိမဖြစ်ပါ။ ဒါ့ကြောင့် ရှုတင်က ဘယ်လောက်ပင်ပန်းလာလာ ညတိုင်းမအိပ်ခင်  နှစ်ကားလောက်တော့ ပုံမှန်ကြည့်ဖြစ်တယ်။ အဲဒီလို ဘယ်မှမသွားဘဲ ကိုယ့်အိမ်ထဲမှာပဲ အေးအေးဆေးဆေးလေး အပန်းဖြေရတာကို အရမ်းသဘောကျတယ်။ ဖေဖေဆီကရခဲ့တဲ့ အမွေပေါ့နော်။ ကိုယ်တိုင်လည်းအနုပညာအလုပ်ကို လုပ်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ရုပ်ရှင်မှာရောအပြင်မှာ သွားရင်လာရင်း တွေ့နေသမျှလူတွေအားလုံးရဲ့ ပုံစံတွေအားလုံးကရော ပန်ပန့်အတွက် သင်ယူစရာတွေချည်းပါပဲ။ သွားရင်လာရင် လမ်းပေါ်မှာတွေ့မြင်ရသမျှရော ကိုယ်နဲ့ပြောဆိုဆက်ဆံနေတဲ့လူတွေအားလုံးကိုရော သတိထားကြည့်ပြီးလေ့လာ။ ဒါကိုယ့်အတွက် ပညာတွေပဲလို့ ဆရာဦးမျိုးမင်းကလည်း ပန်ပန့်ကို ဟိုးအရင်ကတည်းက သင်ပေးထားတယ်။ ပန်ပန်ကိုယ်တိုင်က ပရိသတ်အနေနဲ့ ရုပ်ရှင်ကြည့်တဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက်၊ သရုပ်ဆောင်တွေကို ထိုင်ကြည့်နေတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အတွက်၊ ပန်ပန်သရုပ်ဆောင်တဲ့အခါမှာလည်း ကိုယ့်ကိုကြည့်မယ့် ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားပြီး အပြောအဆို၊ အမူအရာတွေအားလုံးကို လုပ်ပါတယ်။ ဒီနေ့ဒီအချိန်အထိလည်း ပန်ပန့်လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။ ပန်ပန်အကောင်းဆုံး ကြိုးစားပြီးလုပ်သွားမှာပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။

 

“ရုပ်ရှင်ကတော့ တကယ့်ကို ဘ၀ရဲ့တစ်စိတ်တစ် ပိုင်းပါပဲ”
အရိုး
    ရုပ်ရှင်မကြည့်ဘဲ မနေနိုင်ဘူး။ နေ့တိုင်းကြီး မဟုတ်ရင်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါ ကြည့်ဖြစ်တယ်။ လုံးဝမကြည့်ဖြစ်တဲ့ အချိန်လည်းရှိတယ်။ ခရီးသွားနေတုန်း ကားပေါ်မှာပြတဲ့ ရုပ်ရှင်ကို ဘယ်တော့မှမကြည့်ဘူး။ အာရုံစိုက်လို့မရလို့။ လုံးဝမကြည့်တဲ့ကားတွေက ယုတ္တိမရှိတဲ့ ဂြိုလ်သားကားတွေ၊ သတ်ဖြတ်နေတဲ့ သရဲကားတွေပါ။ ဟောလီးဝုဒ်က သရဲကားတွေဆို လုံးဝမကြည့်ဘူး။ သူတို့ထက်စာရင် Pee Mak လိုမျိုး အရှေ့တိုင်းက သရဲကားတွေကမှ ကောင်းသေးတယ်လို့ ပြောရမယ်။


    ရုပ်ရှင်ကြည့်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ရင်ထဲစွဲကျန်ခဲ့တဲ့ ရုပ်ရှင်တွေအကြောင်း ပြောရမယ်ဆိုရင် အခုခေတ်မှာ ပြောပြရန်ခက်တဲ့ ရုပ်ရှင်တွေလည်း ရင်ထဲမှာကျန်နေခဲ့တယ်။ ခေတ်ဟောင်းကားတွေပေါ့။ ပထမဆုံးကားက အဖြူအမည်း ရုပ်ရှင်ကား “မြဂနိုင်” ပေါ့။ အဲ့ကားထဲမှာ မီးပုံးပျံတွေစီးပြတာကို အင်မတန် သဘောကျခဲ့တာပေါ့။
    နောက်တစ်ခု ပြောရရင် ကျွန်တော်ကသင်္ကြန်ဆို နည်းမျိုးစုံနဲ့ ကစားဖူးတယ်။ ဂျစ်ကားနဲ့လည်တယ်။ အလှပြကားလည်းလိုက်ဖူးတယ်။ လမ်းလျှောက်ပြီးလည်း လည်တယ်။ ဘတ်စ်ကားနဲ့လည်တယ်။ ကိုယ့်ဘာသာကိုယ်ရော၊ ကန်ထရိုက်ယူပြီး
တော့ရော မဏ္ဍပ်ထိုးဖူးတယ်။ မျိုးစုံပေါ့နော်။ အဲဒီလိုသင်္ကြန်နဲ့ ပတ်သတ်တဲ့ဖီလင်က အမြဲတမ်း ကိုယ့်ဆီမှာရှိတယ်။ ပြောချင်တာက “သင်္ကြန်မိုး”ဇာတ်ကားပေါ့။ ၁၉၈၆ လောက်က ထင်ပါတယ်။ အဲဒီကားကို အရမ်းကြိုက်တယ်။ အကွက်တိုင်း အကွက်တိုင်းကို မှတ်မိနေတာ။ ယုတ်စွအဆုံးပြောရလို့ရှိရင် အကယ်ဒမီဦးနေအောင်ကြီးက မဲ့ပြီးတော့ ခင်ဗျားတို့က လုပ်ကြပေါ့ဗျာတို့ …ဘာတို့ အဲ့ဒီပုံစံတွေကို သူငယ်ချင်းတွေကိုတောင် ပြန်လုပ်ပြခဲ့ဖူးတယ်။
    တတိယကားက ‘‘ဗန်တိုလူလေးနဲ့ သူဇာ’’၊ ဦးညွှန့်ဝင်းက အဲ့ထဲမှာ တကယ်ကိုတတ်ကျွမ်းတဲ့ ဗန်တိုသမားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာ။ ဒါပေမဲ့ အဲဟာရဲ့နောက်ကွယ်မှာ ကိုယ်က ဘာကိုခံစားရသလဲဆိုတော့ ရုပ်ရှင်နဲ့ပတ်သတ်
ပြီးတော့ အသံပညာကို အဲဒီတော့မှ စသိတာ။ လူတစ်ယောက်က လူတစ်ယောက်ကို ထိုးလိုက်တယ်ဆိုရင် ထိသွားတဲ့အသံ၊ ထိုးလို့ရှိရင် လေကိုခွဲသွားတဲ့အသံ၊ အဲလိုဟာမျိုးတွေကိုစပြီးတော့ လေ့လာမိတာပေါ့နော်။ ဒီကားကိုကြည့်ရတဲ့အချိန်မှာ
အလယ်တန်းကျောင်းသားအရွယ်လောက်တော့ ရှိမယ်။ လူတစ်ယောက်ကို လက်သီးနဲ့ထိုးရင် ၀ှစ်ခနဲမမြည်ဘူးလေ အပြင်မှာ။ ရုပ်ရှင်ထဲမှာ ဘယ့်နှယ်မြည်သလဲပေါ့။ အဲဒါကိုလိုက်လေ့လာရင်းနဲ့ ရုပ်ရှင်နဲ့နီးစပ်တဲ့ လူကြီးသူမတွေမေးကြည့်တော့
ဒါတွေသည် Effect ဆိုတဲ့ဥစ္စာကို ကိုယ်ကစပြီးတော့ လေ့လာတတ်လာတာပေါ့။
    နောက်လေးကားမြောက်က ‘‘ပန်းမြိုင်လယ်က ဥယျာဉ်မှူး’’ အရမ်းကောင်းတယ်။ ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ဝတ္တုကို ပြန်ရိုက်တဲ့ကား။ အဲဒီမှာ ဖီလင်ကိုစပြီးတော့ ခံစားဖူးတာ။ သရုပ်ဆောင်ကြီး ဦးကျော်ဟိန်းက ထန်းရည်မူးပြီးတော့ စေတီတော်အရိပ်ကျတဲ့နေရာနားမှာ သွားလဲနေတာ။ စေတီအရိပ်ကနေ မျက်နှာကိုထွက်လိုက်တဲ့အခါ နေကသူ့ကိုစူးတော့ ပူပြီးကျိန်းတယ်။ အရိပ်ထဲပြန်ဝင်လိုက်ရင် အေးပြီး မျက်စိကျိန်းတာ သက်သာသွားတယ်။ တရားဓမ္မရဲ့အေးမြခြင်းကို ရုပ်ရှင်ပညာနဲ့ပြသွားတာ။
    မြန်မာကားတွေထဲမှာ နောက်ဆုံး ငါးကားမြောက် ကျွန်တော်မှတ်မိနေတာက ဆရာမောင်ဝဏ္ဏရဲ့ကားတွေ၊ ဆရာမောင်ဝဏ္ဏရဲ့ကားတွေအားလုံးဟာ ဘယ်ကားမဆို အနုပညာကိုပြန်ပြီး ဖန်တီးတည်ဆောက်ဖို့အတွက် ဘ၀မှာဒီနေ့ ဒီအ
ချိန်အထိ ဖြတ်သန်းခဲ့တဲ့ ရုပ်ရှင်တွေထဲက သင်ခန်းစာတွေလို့ကို ပြောရမယ်။ ဒီထဲက လူသိများထင်ရှားခဲ့တဲ့ကားကို ပြောရမယ်ဆိုရင် ‘‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’’  ပေါ့။ ဒါပေမဲ့ ကားတိုင်းကိုတော့ ကျွန်တော့်ရဲ့ သင်ရိုးညွှန်းတမ်းအနေနဲ့ ကြည့်ခဲ့ပါတယ်။ ဖန်တီးမှုတွေ၊ တင်ဆက်မှုအပိုင်းတွေ၊ သရုပ်ဆောင်တွေရဲ့ ကာရိုက်တာပိုင်းတွေ၊ ညွှန်ကြားပြသတဲ့ ဒါရိုက်တာရဲ့ အတတ်ပညာစွမ်းအားတွေ အဲဒါတွေကတော့  အထူးသဖြင့် ဆရာဦးဝဏ္ဏရဲ့ ရုပ်ရှင်ကားတွေထဲကနေ ယူခဲ့ရတာပေါ့။

Midnight in Paris
    နိုင်ငံခြားရုပ်ရှင်ကတော့ အများကြီးပါ။ အများကြီးထဲကမှ တစ်ကားချင်း တစ်မျိုးချင်းစီကောင်းတဲ့ကား ငါးကားလောက် ပြောပြချင်တယ်။ Midnight in Paris က လွန်ခဲ့တဲ့သုံး၊ လေးနှစ်လောက်ကတည်းက ကြည့်ဖူးတဲ့ကားတစ်ကားပါ။ ကားဟောင်းလေးပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း ဖန်တီးပေးနေရတဲ့ အနုပညာသမားတွေဆိုတော့  မင်းသားက Owen Wilson၊ ဒါရိုက်တာက Woody Allen၊ သူက ဆရာကြီးပဲ ၊ သူ့ရဲ့ကားတွေ တော်တော်များများကို ကျွန်တော်ကြည့်ဖူးပါတယ်။ ဇာတ်လမ်းက Time Traveling လို့ခေါ်တဲ့ဟာမျိုး၊ ဒီခေတ်ကနေ ဟိုဘက်ခေတ်ကိုသွားတာ။ ဒါပေမဲ့ သူ့မှာဘာထူးခြားတာ တစ်ခုရှိလဲဆိုတော့ Woody Allen ရဲ့အကျင့်အတိုင်းပဲ  emotion ကို ပြတာ။ ရိုးရိုးနား
လည်အောင်ပြောရအောင် ရုပ်ရှင်ထဲမှာ ရုပ်ရိုက်ပြနေတဲ့ဥစ္စာကတခြား၊ ဒီထဲကသရုပ်ဆောင်ခံစားနေရတဲ့ ခံစားချက်ကတခြားဆိုတာမျိုးကို သူကပြနိုင်တယ်။ ခံစားမှုကိုပြနိုင်တယ်။ ဇာတ်လမ်းလေးကတော့ မင်းသားကိုညဘက်ဆို ရထားလုံးတစ်စီး လာခေါ်သွားတယ်။ သူလိုက်သွားတယ်ဆိုရင် ဟဲမင်းဝေးတို့လို့ ဟိုတစ်ခေတ်တုန်းက နာမည်ကျော်ခဲ့တဲ့ စာရေးဆရာကြီးတွေကို ပြန်တွေ့ရတယ်။ ရိုးရိုးကြည့်လိုက်ရင်တော့ ဒီလိုဇာတ်လမ်းကျောရိုး
မျိုးက သိပ်ပြီးတော့ မထူးဆန်းလှဘူး။ သို့သော် အဲဒီထဲမှာ သရုပ်ဆောင်ကြတဲ့ ဟဲမင်းဝေးအဖြစ် သရုပ်ဆောင်သည်လည်းကောင်း၊ Owen Wilson သည်လည်းကောင်း၊ တခြားသော သရုပ်ဆောင်တွေသည်လည်းကောင်း၊ သူတို့ရဲ့ စိတ်
ခံစားမှုကို ပေါ်လွင်အောင် အရမ်းပြနိုင်တယ်။ အဲဒါကြောင့် ဒီကားလေးကို ပထမဆုံးအနေနဲ့ ရွေးပြောတာပါ။ ကျွန်တော်တို့ကလည်း ပြန်ပြီးတော့ဖန်တီးပေးနေရတဲ့ အနုပညာသမားတွေဆိုတော့ ဒီလိုမျိုးဖန်တီးရတဲ့နေရာမှာ အခက်အခဲတော်တော်ကြီးကြီးမားမားရှိတဲ့ ကိစ္စမျိုးတွေ ကြုံဖူးတယ်။ အဲဒီလိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားသလဲဆိုတဲ့ နေရာမျိုးမှာ ဒီရုပ်ရှင်ကားလေးက ကိုယ့်အတွက် သင်ခန်းစာလိုဟာမျိုး သင်ရိုးညွှန်းတမ်းလိုဟာမျိုး
ဖြစ်နေတယ်။ ရိုးရိုးသာမန်လို ကြည့်မယ်ဆိုရင်တော့ ဒီကားလေးက အဖြစ်အပျက်လေးတစ်ခုပဲ။ သို့သော် Persentation ပိုင်းအရ emotion ကိုပဲပြသွားတာ။ အဲလိုမျိုးဆန်ဆန်လေး နောက်တစ်ကားလည်း အရမ်းကောင်းလို့ ညွှန်းချင်တယ်။
  


Children of Heaven    
    Children of Heaven ဆိုတဲ့ကားလေး။ အရှေ့အလယ်ပိုင်းက ဒါရိုက်တာ Majid Majidi ၊ သူရိုက်တဲ့ကားတွေလည်း အရမ်းကောင်းတယ်။ ဒီဇာတ်လမ်းမှာ ဘာမှထူးထူးဆန်းဆန်းပြားပြား မရှိဘူး။ ဒီကလေးလေးတွေရယ် သူတို့အဖေရယ် သူတို့မိသားစုနဲ့ ပတ်ဝန်းကျင် အဲဒါလေးကိုပဲ emotion ကိုပိုင်ပိုင်နိုင်နိုင် ရိုက်ပြသွားတာ။ ဒီကားကဆိုင်တွေမှာ တင်လေ့မရှိတော့ အတော်ကိုရှားရှားပါးပါးမှာယူပြီး ကြည့်ခဲ့ရတဲ့ကားလေးပါ။ Emotion ကိုပဲ ပြသွားတာချင်းအတူတူ ဘာကွာလဲဆိုတော့ Midnight in Paris က ၀တ္တုဆန်တယ်။ Children of Heaven က သဘာဝဆန်တယ်။ ရှိနေတဲ့မိသားစုမှာဖြစ်နေတဲ့ emotion တွေကိုပဲ ပေါ်အောင်ရိုက်ပြသွားတာ။ နောက်ပြီး ဒီကားရဲ့ထူးခြားချက်တစ်ခု ရုပ်ရှင်နဲ့ ပတ်သတ်ပြီးပြောရမယ်ဆိုရင် ဥပမာ-ထားလိုက်ပါတော့ ..လွမ်းခန်းဆွေးခန်းတွေဆိုရင် အဝေးရိုက်ချက်တွေယူတယ်။ အဝေးကနေမှ ကိုယ့်ဘက်ကိုယူလေ့ရှိတယ်။ သူကအဲဒါကိုပြောင်းပြန်ယူထားတယ်။ ဇာတ်လမ်းအတက် ဇာတ်ဝင်ခန်း
တွေမှာ အနီးကပ်ရိုက်ချက်ကနေ အဝေးကိုဆွဲထုတ်သွားတယ်။ အဲဒီဟာ တစ်ခုကသူ့ရဲ့ ပညာရပ်ပေါ့။


    
WALL.E
    တတိယတစ်ခုက ကာတွန်း။ Disney ကထုတ်တယ်။ WALL.E ဆိုတဲ့ ကာတွန်းရုပ်ရှင်လေး ။ ဒါကတော့ သိတဲ့သူများတယ်။ WALL.E က ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်။ သူကအမှိုက်သိမ်းဖို့ပဲ တာဝန်ရှိတယ်။ လူတွေက အာ
ကာသထဲမှာပဲပျော်ပြီး နေနေကြပြီ။ သူကကမ္ဘာပေါ်မှာရှိနေတဲ့ အမှိုက်တွေကိုစုပြီး သူ့ဗိုက်ထဲကို ထည့်လိုက်ရင် လေးထောင့်တုံးကြီး ဖြစ်သွားတယ်။ အဲဒီလေးထောင့်တုံးကြီးတွေကိုသူက တောင်လိုပုံပုံပြီးထားရတယ်။ အဲဒီစက်ရုပ်လေးက ဖိနပ်ထဲမှာ ပေါက်နေတဲ့ အပင်လေးတစ်ပင်ကိုတွေ့သွားတာ။ နောက်ထပ်လူတွေထွင်လိုက်တဲ့ စက်ရုပ်မလေးတစ်ရုပ်လည်းပါတယ်။ အဲစက်ရုပ်မလေးက သူ့ထက်အများကြီး အစွမ်းထက်တယ် ။ လှလည်းလှတယ်။ အဖြူရောင်လေး။ ဇာတ်လမ်းရဲ့ အဓိကရည်ရွယ်ချက်က စက်ရုပ်လေးနှစ်ရုပ်ရဲ့ ချစ်ခြင်းမေတ္တာလည်းပါတယ်။ လူတွေသည် မသိနားမလည်ဘူးဆိုတာလည်း ပါတယ်။ အဲဒီခေတ်ကာလမှာ ဘာဖြစ်နေကြပြီလဲဆိုတော့ လူတွေက သူတို့ရှေ့မှာရှိတဲ့  screen လေးကိုပဲ တစ်နေ့တစ်နေ့ကြည့်ပြီး အော်တိုရွေ့လျားနေကြတယ်။ အားလုံးကလည်း ၀တုတ်တုတ်လေးတွေ ဖြစ်နေကြပြီ။ လာတော့မယ့်ခေတ်ကို ကြိုရိုက်ထားတဲ့ သဘာဝတော်တော်ကျတဲ့ ရုပ်ရှင်ကားလေး။ နောက်ဆုံးတစ်
နေ့ကျတော့  WALL.E လေးက အမှတ်တမဲ့ အာကာသယာဉ်ပေါ်ကို ရောက်သွားတယ်။ သူ့ကြောင့် အညစ်အကြေးတွေလည်း ပါလာတယ်။ သူ့ကြောင့်အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် ခုံတွေပေါ်မှာ တန်းစီပြီးပါလာတဲ့ အမျိုးသမီးတစ်
ယောက်နဲ့ အမျိုးသားတစ်ယောက်ဟာ မတော်တဆ လက်ကိုင်မိသွားတယ်။ အဲ့အချိန်ကျတော့မှသူတို့မှာ လူသားဆန်တဲ့ ကိစ္စကိုပြန်စဉ်းစားမိသွားကြတယ်။ သူတို့တစ်သက်လုံး တစ်ယောက်တည်း နေလာကြတယ်။ ကွန်ပျူတာ screen ကိုပဲ ကြည့်နေကြတယ်။ ခုဆိုလည်း လူတွေက ဒီလိုမျိုးလေးတွေ ဖြစ်နေပြီလေ။  ကားစောင့်တာတို့ ရထားစောင့်တာတို့ဆိုရင်တောင် ကိုယ့်ဖုန်းနဲ့ကိုယ်ချနေကြပြီ။ အဲဒါတော်တော်အရေးကြီးတဲ့အချက်ပဲ။ ခေတ်နဲ့ လိုက်လျောညီထွေရှိလို့လည်း ဒီကားလေးကို ကျွန်တော်ရွေးလိုက်တယ်။

Aviator
    နောက်တစ်ကားက Aviator ။ လီယိုနာဒိုသရုပ်ဆောင်တဲ့ကား။ ဒီကားမှာသူကလူတော်၊ လူချမ်းသာ။ ဒါပေမဲ့ သူက အသန့်အပြန့်ကို အလွန်အကျွံကြိုက်တယ်။ အဲဒီလိုဆိုက်ကို ဖြစ်သွားတယ်။ ကျွန်တော်ကြည့်ဖူးသမျှ လီယိုနာဒို သရုပ်
ဆောင်တဲ့ကားတွေထက်ကို ပိုကြိုက်တယ်။ ဒီကားကို ချီးမွမ်းရင်တောင် ချီးမွမ်းရာကျမှာ မဟုတ်ဘူး။ အရမ်းကောင်းတဲ့ကားအနေနဲ့ ဘာလို့ညွှန်းချင်သလဲဆိုတော့ သရုပ်ဆောင်လုပ်မယ့်သူတွေ ဒီကားကိုကြည့်စေချင်တယ်။ ဒီကားသည် အဓိကက သရုပ်ဆောင်ရဲ့ ပညာသက်သက်ပဲ။ ကျန်တဲ့သူတွေသည် သူ့ကိုပံ့ပိုးပေးတာပဲ။ သူ့ရဲ့မျက်နှာအနေအထား၊ အသံ၊ အမူအရာအကုန်လုံး၊ သွားတာလာတာကအစ အပြောင်းအလဲတွေ အများကြီးပဲ၊ တော်တော်စုံတယ်။  လီယိုနာဒိုသရုပ်ဆောင်တာကို ပညာယူစေချင်တယ်။ ယောက်ျားလေး သရုပ်ဆောင်ပဲဖြစ်ဖြစ်၊ မိန်းကလေး သရုပ်ဆောင်ပဲဖြစ်ဖြစ် ဒီကားကိုကြည့်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

The Reader
    နောက်ဆုံး ငါးကားမြောက်အနေနဲ့ TheReader ကို ရွေးချင်တယ်။ ဒီကားက နာမည်ကြီးတယ်။ Aviator ထက်လူသိများတယ်။ ဒီကားကိုဘာလို့ ရွေးချင်သလဲဆိုတော့ သရုပ်ဆောင်ပညာကို ညွှန်းချင်လို့ပါပဲ။ ရှေ့ကားသုံးကားက ကျွန်တော့်
အကြိုက်ကိုရွေးတယ်။ နောက်နှစ်ကားက သရုပ်ဆောင်ဝါသနာပါတဲ့ လူငယ်တွေကို ကြည့်စေချင်လို့ ရွေးပါတယ်။ ဒီထဲကဇာတ်ဝင်ခန်းတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတာ မကိုက်ညီတာကို ခဏထားပြီး ကိတ်ဝင်းစလက်ရဲ့ သရုပ်ဆောင်မှုနဲ့ မျက်နှာပေးအမူအရာ၊ ရုပ်ရှင်ထဲကို ထည့်တဲ့emotion ၊ စိတ်နှစ်မှုက ဒီကားမှာ အရမ်းကိုပေါ်လွင်တယ်။ သူသည် စာတတ်တယ် မတတ်ဘူးဆိုတာကို နောက်ဆုံးခန်းအထိ သူ့ယုံကြည်ချက်အရ သူမပြောခဲ့ဘူး။  အဲဒါမျိုးကို သရုပ်ဆောင်ရတာ အရမ်းခက်တယ်။ ကိတ်ဝင်းစလက်က educated person လေ။ သူက သူများခိုင်းတာကိုလုပ်ရတဲ့ အခြေအနေမှာနေရတဲ့ နာဇီမိန်းမတစ်ယောက်လိုမျိုးနေပြသွားပြီး သရုပ်ဆောင်သွားတာ။ သူမဟုတ်ဘူး၊ တခြားတစ်ယောက်လို့ကို ကိုယ်ကမြင်နေရတယ်။ ပြီးတော့ အဲဒီကားထဲမှာ မိတ်ကပ်နဲ့ ဆံပင်စတိုင်လ် ပြောင်းသွားတာလည်း တော်တော်ပညာပါတယ်။ မင်းသမီးတစ်ယောက်အနေနဲ့ လှဖို့ထက် ဇာတ်လမ်းကျောရိုးအရ ဒီလိုနေကိုနေရ
မယ်ဆိုတာ ချိုးချထားတာ။  အဲဒါလေးကလည်း သရုပ်ဆောင်လုပ်မယ့် မိန်းကလေးတွေအားလုံး ပညာယူသင့်တယ်လို့ ပြောချင်ပါတယ်။


    ရုပ်ရှင်တစ်ကားကြည့်တော့မယ်ဆိုရင် စစချင်း  ကျွန်တော်က သရုပ်ဆောင်ကိုရွေးတယ်။ ဘယ်သူသရုပ်ဆောင်တဲ့ ကားလဲဆိုတာကြည့်တယ်။ ပြီးရင် ဘယ်သူရိုက်တာလဲဆိုတာ ကြည့်တယ်။ ပြီးရင် ဘယ်ကုမ္ပဏီက ထုတ်တာလဲဆိုတာကြည့်
တယ်။ အဲသုံးချက်ကိုကြည့်တယ်။ ဇာတ်လမ်းကိုမကြည့်ဘူး။ ဇာတ်လမ်းဆိုတာက ကိုယ်စီးမျောပြီးလိုက်ပါသွားမှာ။ ဒါပေမဲ့ အဲဒီစီးမျောပြီး လိုက်ပါခံစားသွားရမယ့် ကိစ္စမှာကိုက သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ အဆင့်အတန်းကို လျှော့မှာမဟုတ်ဘူး။ အဲလိုမျိုး ရွေးဖြစ်တာ။ ကုမ္ပဏီရွေးတယ်ဆိုတာ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေသလိုပဲ။ ကျွန်တော့်ရဲ့ခွေပေါင်းများစွာ ၀ယ်ကြည့်ခဲ့တဲ့ အတွေ့အကြုံအရ ကုမ္ပဏီတွေ ပေါင်းထုတ်တဲ့ကားတွေက ဖျော်ဖြေရေးအနေနဲ့ ကောင်းချင်ကောင်းမယ်။ ထိပ်တန်းကားတွေထဲမှာတော့ မပါဘူး။  ကုမ္ပဏီကြီးတစ်ခုတည်းကထုတ်တဲ့ကားဆို စိတ်ချလက်ချ ၀ယ်ကြည့်တယ်။ ရုပ်ရှင်က ကိုယ့်အတွက် ဖျော်ဖြေရေးအပြင်သင်ရိုးညွှန်းတမ်းတစ်ခုလည်း ဖြစ်နေတဲ့အတွက်ရုပ်ရှင်တစ်ကားကို ကောင်းကောင်းမကောင်းကောင်း အနည်းဆုံးနှစ်ခါကြည့်တယ်။ ပထမတစ်ခါ ဇာတ်လမ်းအတိုင်းကြည့်တယ်။ ဒုတိယတစ်ခါ
အချိန်ရပြီဆိုရင် ကဒ်တွေဖြတ်ဖြတ်ပြီး ကြည့်တယ်။
    ရုပ်ရှင်ကဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘ၀ရဲ့ စားဝတ်နေရေးကို ပြေလည်စေတဲ့ ဖန်တီးမှုတွေထွက်ပေါ်စေတဲ့ စိတ်ကူးတွေကို ရုပ်ရှင်ကလည်းရတယ်။ စာပေကတော့ အဓိကပေါ့။ ရုပ်ရှင်ကတော့ တကယ့်ကို ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

 

“Comedy ထဲမှာမှ Dark ဖြစ်တဲ့ အမျိုးအစားတွေကို ကြိုက်တယ်”
သီရိဆွေ

    ရုပ်ရှင်ကြည့်ရင် အနှောင့်အယှက်ကင်းကင်းကြည့်ချင်တယ်။ အဲဒါကြောင့် တီဗီကြည့်တဲ့အခန်းမှာ အေးအေးဆေးဆေးဇိမ်နဲ့ ကြည့်ရင်ကြည့်၊ ဒါမှမဟုတ်ရင်တော့ ကိုယ့် Laptop နဲ့ကိုယ် အခန်းထဲမှာ နားအေးပါးအေးကြည့်တယ်။ ရုံမှာကြည့်ရတဲ့ ဖီလင်ကလည်း တစ်မျိုးပေါ့နော်။ တချို့ကားတွေကျတော့ တအားလေးလို့ အဲလိုကားမျိုးတွေဆို ရုံမှာကြည့်ရတာ သိပ်အရသာမရှိဘူး။ ကိုယ့်စိတ်မှာလည်း  အရမ်းစိတ်ညစ်လွန်း ပျော်လွန်းနေရင်လည်း ရုပ်ရှင်ကြည့်လို့မရဘူး။


    သီရီက Crime Thriller နဲ့ Dark Comedy အမျိုးအစားတွေကို ကြိုက်တယ်။ Comedy ထဲမှာမှ Dark ဖြစ်တဲ့ အမျိုးအစားတွေကို ကြိုက်တယ်။ ပြီးတော့ Political Drama နဲ့ Drama နဲ့ Thriller ရောထားတာမျိုးကြိုက်တယ်။ ရုပ်ရှင်ကိုဘယ်လို
ရွေးပြီး ကြည့်ဖြစ်သလဲဆိုတော့ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာရိုက်တဲ့ကားမျိုး၊ အော်စကာ nominees ဖြစ်နေတဲ့ကားမျိုးတွေနဲ့ တစ်ခါတလေ ဘာကြည့်ရမှန်းမသိဖြစ်နေရင် သူငယ်ချင်းတွေညွှန်းတဲ့ ကားတွေနဲ့ ဇာတ်လမ်းအညွှန်းဖတ်ပြီး ကြည့်ချင်စိတ် ဖြစ်လာတဲ့ ကားတွေပေါ့။
    ဒီနှစ်ပိုင်းမှာ အများဆုံးကြည့်ဖြစ်တာကတော့ရုပ်ရှင်ကားတွေရော၊ ဇာတ်လမ်းတွဲတွေရော။ အိန္ဒိယ၊ ကိုရီးယားနဲ့ ပြင်သစ်ကားတွေ Cannes ရုပ်ရှင်ပွဲတော်မှာ တင်တဲ့ကားတွေ…များသောအားဖြင့် ကြည့်ဖြစ်သမျှတွေထဲမှာ တစ်
ဝက်လောက်ကြိုက်ပြီး တစ်ဝက်လောက်ကို မကြိုက်ဘူး။ ကြိုက်တဲ့အထဲကမှ ကိုယ်စွဲစွဲမြဲမြဲကျန်ခဲ့တဲ့ကားတွေရှိတယ်။ ပြေးမလွတ်ကြိုက်မယ်ဆိုရင် ဒါရိုက်တာ Quentin Tarantino ရဲ့ ကားတွေက မကြိုက်ဘူးဆိုတာ မဖြစ်လောက်အောင် နည်း
ပါတယ်။

Inglourious Basterds
    အဲ့ဒီထဲမှာမှ ထူးထူးခြားခြား Inglourious Basterds ဆိုတဲ့ကား။ သရုပ်ဆောင် Christoph Waltz က အဲဒီကားထဲမှာ အော်စကာရတယ်။ အဓိကဇာတ်ဆောင်မင်းသားတွေထက် အဲဒီဇာတ်ပို့ သရုပ်ဆောင်ကို အရမ်းကြိုက်တယ်။ Brad Pitt
တို့လည်းပါတယ်။ သူကစစ်ကားအစစ်လည်း မဟုတ်ဘူး။ စစ်ကားလို့လည်း ပြောလို့ရတယ်။ သီရိကြည့်တာ ပထမဆုံးနှစ်မှာ နှစ်ခါ၊ နောက်နှစ်တွေမှာ တစ်နှစ်ကိုတစ်ခါ၊ တစ်ခါစီပြန်ကြည့်တာဆိုတော့ လေးခါလောက်ကြည့်ဖြစ်တာ။ အကြိုက်
ဆုံးအခန်းဆိုရင် မင်းသမီးကို ဖိနပ်ကလေးချွတ်ပြီး စစ်ကြောမေးတဲ့အခန်းပေါ့။ သူပါသမျှဇာတ်ဝင်ခန်းတွေ အကုန်ကြိုက်ပါတယ်။ ဇာတ်ကားတစ်ကားလုံးလည်းကောင်းတယ်။ သီရိမှာ ဒီကားကိုအရမ်းကြိုက်လွန်းလို့ မပြီးနိုင်မစီးနိုင် လာသမျှ
လူကိုလိုက်ပြနေတာ။

The Prestige
    နောက်တစ်ကားက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က The Prestige ကား။ ဒါရိုက်တာက Batman ရိုက်တဲ့ Christopher Nolan ။ မင်းသားတွေလည်း ရှယ်သုံးထားတယ်။  မင်းသမီးကလည်း အားလုံးသိကြတဲ့ Scarlett Johansson ပါတယ်။ ဒီကကားမျက်လှည့်ကားပေါ့။ သီရိမှတ်မိသလောက် အဲ့နှစ်မှာ မျက်လှည့်ကားနှစ်ကား ထွက်တဲ့အထဲမှာနှစ်ကားလုံးကိုသီရိကြိုက်တယ်။ ဒီကားကိုတော့ ပိုကြိုက်တယ်။ မျက်လှည့်ဆရာနှစ်ယောက် အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက်မထင်မှတ်ဘဲ ရန်ငြိုးရန်စရှိခဲ့တဲ့ နောက်ပိုင်းကနေပြီးဖြစ်လာတဲ့ ဇာတ်လမ်းပေါ်မှာမူတည်ပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားမျိုး။ ဘယ်နှစ်ခါကြည့်ကြည့်မရိုးနိုင်ဘူးလို့ခံစားရတယ်။ သီရိကြိုက်တဲ့ ကျောရိုးပုံစံမျိုး။ စိတ်ဝင်စားစရာကောင်းတယ်။
    ဒီကားကိုကြည့်ဖြစ်ပုံက အဲဒီတုန်းက ဒီ ဒါရိုက်တာ ဘယ်သူမှန်းကို သေချာမသိဘူး။ မင်းသားHugh Jackman ပါနေလို့။ သူ့ကားတွေဆို အက်ရှင်တွေများတော့ စိတ်ဝင်စားစရာကောင်းမယ်ထင်ပြီး ကြည့်ဖြစ်လိုက်ရာ က တော်တော်ကောင်းလို့ မိသားစုကိုရော၊ သူငယ်ချင်းတွေကိုပါ ညွှန်းဖြစ်တယ်။

    ဇာတ်လမ်းထဲမှာ မှတ်မှတ်ရရဖြစ်ရတဲ့ အခန်းတွေက တရုတ်ပြည်က မျက်လှည့်ဆရာတစ်ယောက်။ သူကတစ်သက်လုံး တုန်တုန်ချိချိနဲ့ မျက်လှည့်ပြစားရတဲ့လူတစ်ယောက်။ သူ့ပုံစံနဲ့သူပြတဲ့မျက်လှည့်တွေက စိတ်ဝင်စားစရာကောင်းတယ်။ စင်ပေါ်မှာရော ပတ်ဝန်းကျင်မှာရော မိသားစုကိုပါ ဒီလိုပုံစံနဲ့လှည့်စားထားတာကို မင်းသားနှစ်ယောက်က လိုက်ကြည့်တော့မှ သူဟာဘာမှဖြစ်မနေတဲ့လူကောင်းဆိုတာ သိသွားတာ။

Match Point
    နောက်တစ်ကားက Match Point ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကကား။ အဲ့ကားကို စထွက်ကတည်းက ကြည့်မယ် မကြည့်ဘူး ကြည့်မယ် မကြည့်ဘူးနဲ့ အရမ်းလေးပြီးတော့ ကိုယ်စိတ်မ၀င်စားလောက်ဘူးလို့ ထင်တာလည်းပါတယ်။ တကယ်
တမ်း သေချာဖတ်ကြည့်လိုက်တော့ ဒါရိုက်တာ Woody Allen ရိုက်တဲ့ကားဖြစ်နေလို့ ၀ယ်ဖြစ်သွားတယ်။ သူရိုက်တဲ့ကားတွေထဲမှာ တော်တော်ကြိုက်တဲ့ ကားစာရင်းထဲမှာတောင် ပါသွားတယ်။ အိမ်ထောင်ရေးဇာတ်ရှုပ်ကား၊ နည်းနည်းဖောက်
ပြန်တဲ့ကားမျိုးပေါ့။ Relationship Affairs တွေကို ပြထားတာ။ အဓိကမင်းသား Jonathan Rhys Meyers ရဲ့ လုပ်ကွက်တွေက တစ်ကားလုံးကို သယ်သွားတာအရမ်းကောင်းတယ်။ ဒီကားလေးကြည့် ပြီး ဘာတွေးမိလည်းဆိုတော့ လူတွေဟာ ပိပိရိရိလည်း Relationships တွေမှာ ကစားလို့ရတယ် ဆိုတာမျိုးပေါ့... ဟားးဟားးး။

Breaking Bad
    ရုပ်ရှင်တွေကတော့ပြောမယ်ဆို အများကြီး ပဲ။ အေးအေးဆေးဆေး အနားယူရတဲ့အချိန်မှာ ဇာတ်လမ်းတွဲတွေလည်း ကြည့်ဖြစ်တယ်။ အခုလတ်တလောကမှ ကြည့်ပြီးသွားတဲ့ ဇာတ်လမ်းတွဲလေးလည်းပြောချင်တယ်။ Breaking Bad ဆိုတဲ့
TV Series၊ Season 5 ထိရှိတယ်။ စကြည့်ခါစတုန်းက ဒီလောက်ကောင်းမယ့် ဇာတ်လမ်းတွဲမျိုးရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လမ်းအသွားအလာရော၊ သူနောက်ခံသုံးထားတဲ့ Music တွေကအစ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ခံစားလာရတယ်။ ဇာတ်လမ်းမှာ မင်းသားက အသက် ၅၀ ၀န်းကျင်လောက်ရှိတဲ့ လူတစ်ယောက်။ သူကကျောင်းလေးတစ်ကျောင်း က Chemistry ဆရာ။ သူ့ကိုယ်သူ အဆုတ်ကင်ဆာဖြစ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူမသေခင်ဆေးကုဖို့ရော၊ အဓိကသူမရှိတော့တဲ့ နောက်ပိုင်းမှာ မိသားစုအတွက်ထောက်ပံ့နိုင်ခဲ့ဖို့ရော ငွေရှာဖို့ သူဘာလုပ်ရမလဲဆိုတာက စတာ ပေါ့။ တစ်နေ့မှာ ရဲဖြစ်တဲ့ သူ့ယောက်ဖက မူးယစ်ဆေး
ဝါးလုပ်တဲ့နေရာတစ်ခုကို ဖမ်းတဲ့အခါ လွတ်ပြီးထွက်ပြေးသွားတဲ့ကောင်ကို ကြည့်လိုက်တော့ သူစာသင်တဲ့ကျောင်းသားဖြစ်နေတာကို သိလိုက်ရတယ်။ အဲ့ဒီမှာသူက အဲဒီတပည့်နဲ့ပေါင်းပြီး မူးယစ်ဆေးဝါးချက်တာ။ သီရိကြိုက်တဲ့ Dark Comedy ဆိုတာ အဲဒါမျိုးပေါ့။ Dark လည်းဖြစ်တယ်။ ရယ်ရလားဆိုတော့ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက ကြောင်လွန်းလို့ အရမ်းရယ်ရတယ်။ ဇာတ်လမ်းက Season တစ်ခုပြီး တစ်ခုသွားတာ ဆိုတော့ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ Season 4 လောက်မှာ အရမ်းကို tempo တက်တယ်။ အဲ့စီးရီးစ်ကိုလည်း သီရိညွှန်းချင်တယ်။

 Homeland
    နောက်ဆုံးပြောမယ့်တစ်ခုက အခုလောလောဆယ်ထိ TV  Series ကြည့်သမျှထဲမှာ အကြိုက်ဆုံးကား။ Homeland ဆိုတဲ့ကားပါ။ Political Thriller ပေါ့။ သူက Season 4  အထိ ရှိ တယ်။ Season တစ်ခုကြည့်ပြီးရင် နောက် Season
တစ်ခုထွက်လာဖို့ကိုစောင့်ပြီး ကြည့်ခဲ့ရတဲ့ကား ပေါ့။ အဲ့ကားမှာ ဆုတွေအများကြီးရကြတယ်လို့ လည်းကြားတယ်။ မှတ်မှတ်ရရ တလောကစာ စောင်ထဲမှာ ဖတ်လိုက်ရတာ ဒီကားက အမေရိကန်သမ္မတအိုဘားမားကြည့်တဲ့ ကားတွေထဲမှာ တစ်
ကားအပါအ၀င်လို့ ပြောထားတယ်။ သူလည်းကိုယ်နဲ့အကြိုက်တူတယ်ပေါ့(ရယ်လျက်)။

    ဒီကားထဲမှာ မင်းသမီးက ထောက်လှမ်းရေးအရာရှိတစ်ယောက်၊ သူကလူယုံတွေမွေးရတယ်၊ တိုင်းပြည်အတွက် သတင်းအချက်အလက်တွေ ရှာရတယ်။ အဲဒီမှာ မထင်မှတ်တဲ့ သတင်းတစ်ခုကိုတိုင်းပြည်နဲ့ ပတ်သက်ပြီး သူရခဲ့တယ်။ အမေရိ
ကန်စစ်သားတစ်ယောက်က အခြားသော အဖွဲ့အစည်းကြီးတစ်ခု (ဥပမာပြောရရင် အိုစမာဘင်လာဒင်လိုမျိုး အဖွဲ့ကြီးပေါ့) ရဲ့ အဖမ်းခံရတဲ့အခါ သူ့ရဲ့ယုံကြည်ချက်တွေနဲ့ အယူအဆတွေအားလုံး လုံးဝပြောင်းလဲသွားတယ်။ ကိုယ့်လူသူ့ဘက်
သားလိုမျိုး ဖြစ်သွားတာပေါ့။ အဲဒီသတင်းကို မင်းသမီးကကြိုရခဲ့ပေမဲ့ အဖွဲ့ကိုပြောပြတဲ့အခါ ဒီဘက် ကတစ်ယောက်မှ မယုံကြဘူး။

   သိပ်မကြာခင်မှာပဲ အမေရိကန်စစ်သားတစ်ယောက်ကိုပြန်ပြီး ကယ်ဆယ်ရမယ်။ အဲဒီစစ်သားဖြစ်တယ်။ သူကကိုယ့်တိုင်းပြည်ကို ပြန်ရောက်လာခဲ့ပေမဲ့ သူ့ခေါင်းထဲမှာ သူယုံကြည်တဲ့နိုင်ငံရေး အတွေးအခေါ်၊ ဘာသာရေးကအစအားလုံးပြောင်းလဲနေပြီ။ အဲဒါသူ တကယ်ပဲပြောင်းလဲသွားတာ လား။ သူက သူ့တိုင်းပြည်အတွက်ပဲ ဖြစ်နေမှာလားဆိုတာ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်လို့…။

 

“ရုပ်ရှင်က ကျွန်တော့်အတွက်တော့ စိတ်ကိုအာဟာ ရဖြစ်စေသော အာဟာရပစ္စည်းတစ်မျိုးပါပဲ”
မင်းသွေး
    ငယ်ငယ်တုန်းက့ နယ်မှာနေတော့ မြန်မာ ကားတွေကြည့်တယ်။ ရန်ကုန်ရောက်ပြီး ဒီအလုပ်လုပ်လာတော့ ပိုကြည့်ဖြစ်တယ်။ ပိုကြည့်ဖြစ်လာတယ်ဆိုတာ အရင်ကသမံကာ လျှံကာကြည့်တာလေးတွေရှိတယ်။ နောက်ပိုင်းကျတော့ သူတို့ဇာတ်
ကွက်ကို ဘယ်လိုလေးတွေ မြှုပ်ထားလဲ၊ Lighting ကဘယ်လိုထိုးတာလဲ၊ အိုက်တင်က ဘယ်လိုလုပ်တာလည်းဆိုတာတွေကို စေ့စေ့စပ်စပ်ကြည့်ဖြစ်တယ်။ ပြောရမယ်ဆိုရုပ်ရှင်က အပန်းဖြေခြင်းတစ်မျိုးဖြစ်သလို ကျွန်တော့်အတွက်တော့ စိတ်ကိုအာဟာရဖြစ်စေသော အာဟာရပစ္စည်းတစ်မျိုး ပါပဲ။  


    ဘယ်လိုကားမျိုးတွေ ကြိုက်သလဲဆိုရင် ဇာတ်လမ်းဇာတ်အိမ်ဆန်းတဲ့ ကားမျိုးလေးတွေ မှတ်သားစရာပါတဲ့ ဇာတ်ကောင်စရိုက်မျိုးတွေ ကြိုက်တယ်။ ကာတွန်းကားကတော့ ခုချိန်ထိကြည့်ဖြစ်နေတုန်းပဲ။ ရုပ်ရှင်တစ်ကားကိုကြည့်ဖြစ်ဖို့
ကျွန်တော့်ကို ပထမဆုံးဆွဲဆောင်တာက ဘာလဲဆိုရင် Wallsheet ပေါ့။ ပြီးရင် သရုပ်ဆောင်မင်းသား။ Tom Hanks နဲ့ Brad Pitt ကိုကြိုက်တယ်။ သူတို့ကားတွေဆို အကုန်လုံးကြည့်ဖြစ်တယ်။ ခွေသွားဝယ်ကြည့်ရင်လည်း ဇာတ်လမ်းအကျဉ်းလေးတွေ ရေးထားတာကို ကိုယ်သိသလောက်ဖတ်ပြီးတော့ ကောင်းမယ်ထင်ရင် ၀ယ်ကြည့်ဖြစ်တာပေါ့။  ဟောလီးဝုဒ်ကားတွေ ကြိုက်တာများတယ်။ ဘောလီးဝုဒ်ကားတွေလည်း ကြည့်ဖြစ်တယ်။

Cast Away
    ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။ အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။ သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့
ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။ သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။  ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘ၀ကို ပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။  
    ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး  လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။  အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး
ဇာတ်သိမ်းထားတာ။  မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။ တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘ၀မှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။

Three Iditos
    နောက်တစ်ကားက Three Iditos ပါ။ အားလုံးလိုလိုကြည့်ဖြစ်ကြတဲ့ ကမ္ဘာကျော် ဘောလီးဝဒ်ကား။ ဒီကားမျိုးကတော့ ဇာတ်လမ်းဆင် ထားတာရော ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရော ဇာတ်ကျောရိုးရော အရမ်းသဘောကျတယ်။ ဒီကားကို ကြည့်ရင်းနဲ့ နောက်ဆုံးဘယ်လောက်ထိဖြစ်သွားသလဲဆို မခံစားနိုင်တော့ဘူး။ ပရိ သတ်တစ်ယောက်အနေနဲ့ ကြည့်ရင်းနဲ့ ရင်ထဲမှာ ဆို့တက်လာတဲ့အထိကို ခံစားခဲ့ရတဲ့ကားပါ။

    အဲ့ကားလေးကိုကြည့်တော့ မှတ်မှတ်ရရ ကျွန်တော်တို့သရုပ်ဆောင်ထားတဲ့ စာမျက်နှာ ၁၅ ကို သတိရမိတယ်။ ဒါရိုက်တာ ကိုဝိုင်းရိုက်တာပေါ့။ သူငယ်ချင်းသုံးယောက်ရဲ့သံယောဇဉ်ရယ်၊ ဘ၀ကိုအရှုံးမပေးဘဲ ဖြစ်အောင်လုပ်ကြ တယ်ဆိုတာမျိုး ရိုက်ပြထားတာပေါ့။ အဲ့ကားလေး ရိုက်ပြီး အတော်ကြာတော့မှ ကျွန်တော် Three Idiots ကို ကြည့်ဖြစ်တာ။

    သူတို့ရဲ့ ဇာတ်လမ်းဇာတ်ညွှန်း အိုက်တင်တွေ အရမ်းကိုကောင်းကြတယ်။ အဓိက အဲဒီထဲ မှာ ကျွန်တော်သဘောကျတာ ကျောင်းဆရာပဲ။ သူ Vent  အရမ်းလုပ်နိုင်လို့ Support လုပ်နိုင်လို့ဇာတ်လမ်းက ပိုကြွသွားတယ်လို့ ထင်တယ်။ သူတို့
တည်ဆောက်ထားတဲ့ ဇာတ်အိမ်။ ပရိသတ်ကို ဘယ်နားမှာ ဆွဲခေါ်သွားမလဲ၊ ဘယ်နားမှာ tempoအတင်အချလုပ်မလဲဆိုတာ တစ်ခါတည်း တွက် ထားတာတွေရော၊ ရိုက်ကူးတဲ့ ဒါရိုက်တာ သရုပ် ဆောင်တွေအကုန်လုံးကို လေးစားပါတယ်။ ဒီ
ကားကို တစ်ကားလုံးကြိုက်တဲ့အထဲမှာမှ ရင်ထဲမှာ ကျန်တဲ့အခန်းက စာမေးပွဲဖြေတဲ့နေရာမှာ သူတို့နောက်ကျတော့ ဆရာက သူတို့ခုံနံပါတ်တွေကို စာမေးပွဲချမယ်ဆိုတာမျိုးလုပ်တော့ အဖြေလွှာတွေကို ဖြတ်ထိုးဥာဏ်သုံးပြီး ရောပစ်လိုက်တဲ့ အ
ခန်း၊ ဇာတ်ညွှန်းအရေးအသား ကောင်းတာတွေရော၊ ဆရာရဲ့ သမီးမီးဖွားတဲ့အခန်းမှာ သူတို့ကူညီတာတွေရော အရမ်းကိုသဘောကျတယ်။ ဒီကားကတော့ ထွေထွေထူးထူးပြချင်တဲ့ သဘောတရားက လူသားတွေရဲ့ ရင်ထဲမှာရှိတဲ့ မေတ္တာတရားကို ပေါ်လွင်အောင်ပြသွားနိုင်တယ်။ လူတွေအကုန်လုံး လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပိုင်ခွင့်တယ်ဆိုတာ ပြသွားတာ။ ကြည့်ပြီးတော့ ရင်ထဲမှာရော ခေါင်းထဲမှာရော မှတ်သား
စရာတွေ အများကြီး ကျန်ခဲ့တဲ့ကားပါပဲ။

Forrest Gump
    နောက်တစ်ကားက Forrest Gump ။
မင်းသားက Tom Hanks ပဲ။ ဒီကားကို ဘာသဘောကျတာလဲဆိုတော့ သူ့ဘ၀မှာ ငယ်ငယ်တုန်းက အနှိမ်ခံရတဲ့ မသန်မစွမ်းလူတစ်ယောက်ဖြစ်တယ်။  ဘ၀ပေါင်းများစွာကို သူဖြတ်သန်းတယ်။ တကယ်တော့ နာမည်ကြီးအောင်လုပ်တာပေါ့။ သူ တွေ့ချင်တဲ့ကောင်မလေးကို ရှာလို့ရအောင်လို့။ နာမည်ကြီးမယ်။ တီဗီမှာပါလာမယ်ဆို သူ့ရည်ရွယ်ချက်အောင်မြင်ပြီပေါ့။ သူ့ရဲ့ထူးခြားမှုကြောင့် သူနာမည်ကြီးသွားတယ်။ သူ့ကိုအထင်ကြီးလာကြတယ်ပေါ့။ ဒီကားထဲမှာ ဘာတွေ့ရလဲဆိုတော့ ဘ၀ကို သူပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတယ်။ ကြံ့ကြံ့ခံတယ်။ ကာရိုက်တာအစုံဆုံး သရုပ်ဆောင်သွားတဲ့ဇာတ်ကားပါပဲ။ ဘ၀မှာ ငါးဖမ်းသမားလည်း လုပ်တယ်။ စားပွဲတင်တင်းနစ်လည်း ကစားတယ်။ boxing လည်း ထိုးတယ်။ နောက်ဆုံးမှာ ပြေးတယ်ပေါ့။ ဘာမဆို တစ်ဖက်ကမ်းခတ်အောင်လုပ်သွားနိုင်တယ်။  မှတ်မှတ်ရရဆိုရင် ဇာတ်ကားအဖွင့်မှာ ငှက်မွှေးလေး ကောင်းကင်ကနေကျလာပြီး မင်းသားက သူ့အကြောင်းကို ပြန်ပြောပြတဲ့အခန်းလေး ပေါ့။ တည်ဆောက်ထားတဲ့ ဇာတ်လမ်း ဇာတ်ညွန်းရယ် မင်းသားရဲ့ ပြည့်စုံကောင်းမွန်တဲ့ သရုပ်ဆောင်ချက်ရယ် ရင်ထဲမှာ စွဲကျန်နေရစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ အဲ့ကားလေးကြည့်ပြီးတဲ့အချိန်မှာ  ကျွန်တော့်အတွက် ဘာရလိုက်သလဲဆိုတော့ အ
လုပ်တစ်ခုကို စူးစူးနစ်နစ် သေသေချာချာလုပ် လို့ရှိရင် အောင်မြင်မှုရတာပဲ ဆိုတာပါပဲ။


    ဒီကဏ္ဍလေးကနေ ကျွန်တော့်ရဲ့ပရိသတ်ကို ပြောပြချင်တာက ကျွန်တော်လည်းသရုပ်ဆာင်တစ်ယောက်ဖြစ်နေတဲ့အတွက် တစ်နာရီခွဲ နှစ်နာရီစာလောက်ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်လာဖို့ တကယ်မလွယ်ပါဘူး။ ကျွန်တော်
တို့ဆီမှာဆိုလို့ရှိရင် တိုးတက်ဖို့ ကောင်းဖို့လုပ်နေဆဲဆိုတော့ တချို့ဟာလေးတွေ လစ်ဟင်းတာရှိတယ်။ လိုအပ်ချက်တွေ အများကြီးရှိနေသေးပေမဲ့  မီးထိုးမှန်ထိုးကအစ မင်းသားမင်းသမီးအဆုံး ထုတ်လုပ်ရေးရော ဇာတ်ကားတစ်ကားကို အကောင်း ဆုံးဖြစ်အောင် စိတ်ရောလူရော အပင်ပန်းခံ ၀ိုင်းဝန်းလုပ်ကြပါတယ်။ ပရိသတ်ကို ဖျော်ဖြေရေးအရရော၊ မက်ဆေ့ခ်ျတစ်ခုပေးနိုင်အောင်ရော အတတ်နိုင်ဆုံးမျှအောင် အချိန်တွေရော ငွေတွေရော စိုက်ထုတ်ကြိုးစားထားကြပါတယ်။ ဒါကြောင့်ပရိသတ်တွေဘက်ကလည်း ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေအားလုံးကို အားပေးစေချင်ပါတယ်။
    ကျွန်တော်ဆိုရင် အခုစိတ်ကူးထားတာ 4D အဆင့်လောက် လုပ်ထားတာလေးတွေရှိပါတယ်။ ပရိသတ်ကိုပြချင်တဲ့ ငါးမိနစ်စာလောက်ကို ခုနစ်လလောက်ရှိနေပြီ။ စိတ်တိုင်းမကျလိုက် ပြန်လုပ်လိုက်နဲ့ အဲလိုမျိုး ကြိုးစားထားတာလေးတွေလည်း ရှိနေပါတယ်။ ပရိသတ်အနေနဲ့ ဝေဖန်ပေးကြပါလို့။ ကျွန်တော်တို့ဘက်က မရှိရှိတာလေးတွေနဲ့ ဖြစ်အောင်လုပ်ထားတာမို့လို့ နားလည်တဲ့ စိတ်နဲ့ အားပေးကြပါလို့ ပြောချင်ပါတယ်။