Celebrities & December

Photo - LMN

     အလန်းဆန်း… အလတ်ဆတ်ဆုံးသော အေးမြမှုနဲ့အတူ ဆောင်းရာသီရဲ့ သဏ္ဍာန်ပီသတဲ့ ကြည်နူးဖွယ်ရသတွေပေးစွမ်းနိုင်တဲ့ ဆောင်းချိန်ခါ ဒီဇင်ဘာနဲ့ အနုပညာရှင်တို့ရဲ့ခံစားမှု ရသလေး တွေကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ…

ဆုန်သင်းပါရ်နဲ့ ဒီဇင်ဘာ
    ၁၂ လထဲမှာ ဒီဇင်ဘာလကို အကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အေးချမ်းတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ဆုန်သင်းမွေးနေ့လည်း ဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ္စမတ်ပွဲတော်လည်းရှိတယ်ဆိုတော့ သိပ်ပျော်စရာကောင်းတဲ့ အချိန်လေးပါပဲ။
    ရန်ကုန်မှာ ဒီဇင်ဘာရဲ့အအေးဓာတ်က ချမ်းတုန်ရလောက်အောင် မရှိပေမဲ့ ဆုန်သင်းတို့ ငယ်ငယ်တုန်းက  ချင်းတောင်မှာနေတဲ့ အချိန်တုန်းကတော့ အရမ်းအေးတယ်။ တောင်တွေအဆင့်ဆင့်မှာ ထင်းရှူးပင်စိမ်းစိမ်းတွေနဲ့ နှင်းတွေကျနေ
ပြီး  လူတွေက တိမ်တွေရဲ့အထက်မှာ ရောက်နေကြတယ်။ ဒီဇင်ဘာမှာ လိမ္မော်ပင်တွေ ပန်းသီးပင်တွေ အသီးမရှိတော့ပေမဲ့ ချယ်ရီပန်းတွေ နေရာအနှံ့ပွင့်ပြီး အရမ်းလှနေတာ မမေ့နိုင်မယ့် မြင်ကွင်းလေးတွေပါပဲ။ ပြီးတော့ ခရစ္စမတ်ချိန်ရောက်ပြီဆိုတာနဲ့ ဘုရားကျောင်းတိုင်းမှာ သီချင်းသံလေးတွေ ကြားနေရတယ်။


    ကလေးဘ၀တုန်းကတော့ ခရစ္စမတ်ဆိုရင် ပွဲတော်တစ်ခုအနေနဲ့မြင်ပြီးတော့ အ၀တ်အစားသစ်တွေ ၀တ်ရတယ်။ လက်ဆောင်တွေရတော့မယ်ဆိုပြီး ပျော်တယ်။ တစ်နှစ်တစ်ခါ ခရစ္စမတ်အချိန်ကို မျှော်နေခဲ့တာ။ ခရစ္စမတ်နေ့ထက် ခရစ္စ
မတ်မတိုင်ခင် ပြင်ဆင်တဲ့အပျော်ကို အရမ်းပျော်တယ်။ ချင်းတောင်မှာ ခရစ္စမတ်သစ်ပင်ဆိုရင် တကယ့်ထင်ရှူးတွေနဲ့ လုပ်ထားတဲ့အပင်မှာ ဘောလုံးလေးတွေ၊ ချိုချဉ်လေးတွေ ဘုရားကျောင်းက ချိတ်ပေးတယ်။  ငယ်ငယ်တုန်းက ထွက်ခဲ့တဲ့ Carol Singing တွေဆို တကယ့်အမှတ်တရပဲ။ အဲ့ဒီတုန်းက နှင်းတွေလည်း ကျသေးတယ်ဆိုတော့ ခရစ္စမတ်အရသာကို အပြည့်အ၀ ခံစားရတယ်။


    အခုချိန်မှာတော့ ခရစ္စမတ်ဆိုတာ ဒီထက်မက လေးနက်တဲ့အဓိပ္ပါယ်တွေ ရှိတယ်ဆိုတာ ပိုနားလည်လာတယ်။ ဘုရားက သူ့ရဲ့ဘုရားဖြစ်ခြင်းအရာတွေကိုထားခဲ့ပြီးတော့ သူကိုယ်တိုင်လောကကို ကြွလာတဲ့အရာပေါ့။ သူ့ရဲ့ပေးဆပ်ခြင်းပေါ့။ အဲဒီနှလုံးသားလေးနဲ့ ကိုယ်ရဲ့အပြစ်တွေအတွက် ဘုရားသခင် ကြွလာခဲ့တာ… တကယ့် တကယ် ခရစ္စမတ်ဆိုတာ နှစ်တိုင်းနှစ်တိုင်းမှာ ကိုယ့်နှလုံးသားထဲကို ဘုရားသခင်က အသစ်ပြန်ပြီးတော့ မွေးဖွားလာတာပေါ့။ ဒီအဓိပ္ပါယ်လေးကို ကြီးလာ
တဲ့အခါ ခံစားလာရတယ်။ ခရစ္စမတ်က ပိုပြီးအနှစ်သာရရှိလာတယ်။

         
    ဆုန်သင်းရဲ့ မွေးနေ့တိုင်းမှာတော့ နှစ်တိုင်းမြောက်ဒဂုံက မိဘမဲ့ကလေးကျောင်း Mercy Home မှာ ကလေးတွေကို အကျွေးအမွေးနဲ့ လက်ဆောင်ပစ္စည်းလေးတွေ သွားပေးဖြစ်ပါတယ်။

အောင်လနဲ့ ဆောင်းရာသီ
    ဒီရာသီဆိုရင် ကျွန်တော်တို့ ပွဲဆိုရတာများတယ်။ မဟုတ်ရင်လည်း ခရီးသွားဖြစ်တယ်။ ကျွန်တော်က အရမ်းအေးတာကြိုက်တော့ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်တွေကိုကြိုက်တယ်။
    အအေးဆုံးအချိန်မှာ အေးတဲ့နေရာတွေကို ခရီးသွားရတာကြိုက်တော့ ဒီဇင်ဘာဆို ကလော ဒါမှမဟုတ် ပြင်ဦးလွင်ကို သွားဖြစ်တယ်။ အဲလိုနေရာတွေ တောင်တန်းတွေ သစ်ပင်တွေကြားထဲမှာ ဆောင်းရဲ့အရသာကို အပြည့်အ၀ခံစားရတယ်။
မနှစ်က ပြင်ဦးလွင်မှာ သွားနေပြီး ဆိုင်ကယ်စီးလိုက်တာ အေးလွန်းလို့ နှာစေးသွားတယ်။ အအေးသာကြိုက်တယ် တအားအေးရင်ကျတော့လည်း မခံနိုင်ပြန်ဘူး။


    ကျွန်တော်ကြိုက်တဲ့ ဆောင်းဖက်ရှင်ကတော့ ဥရောပဘက်က ဆောင်းဖက်ရှင်တွေကို ကြိုက်တယ်။ သူတို့ဆီမှာ အကုန်လုံးက အမည်းတွေဝတ်ပြီး လျှောက်သွားနေကြတာ အရမ်းသဘောကျတယ်။ ရန်ကုန်မှာကတော့ ကျွန်တော် အခုဝတ်ထားသလို Jean ၀မ်းဆက်လောက်ဝတ်လိုက်ရင် အဆင်ပြေပါပြီ။


    ကျွန်တော်တို့ဆီက ပွဲတော်တွေအားလုံးထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပါ။ ဒီဇင်ဘာမှာတော့ ကျွန်တော့်အဘွားက ခရစ်ယာန်ဘာသာကိုးကွယ်တော့ ငယ်ငယ်က ခရစ္စမတ်ပွဲတော်ဆို ဘုရားကျောင်း
လိုက်သွားရတာ ပျော်စရာကောင်းတယ်။  အိမ်မှာဘုရားကျောင်းက Carol လာဆိုတာကြည့်ရတာ အရမ်းကြိုက်တယ်။ သူတို့ကရိုးရိုးဒီတိုင်းလိုက်ဆိုတဲ့ အဖွဲ့တွေလိုမဟုတ်ဘဲ တူရိယာအပြည့်အစုံနဲ့ ဟာမိုနီတွေနဲ့ဆိုတော့ အရမ်း နားထောင်ကောင်းတယ်။ ပြီးတော့ အိမ်မှာ စားကြသောက်ကြ လက်ဆောင်တွေပေးကြနဲ့ ပျော်စရာကောင်းတာပေါ့နော်။


    အခုလည်း ဒီဇင်ဘာက ကျွန်တော်အတွက် စိတ်ညစ်စရာမရှိတဲ့လပါ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတွေများလို့… စိတ်ညစ်စရာရှိတာ မိုးတွင်းလိုပွဲနည်းတဲ့အချိန်မှပေါ့နော်… ဟား.. ဟား…။

Iron ဇင်မာမြင့်နဲ့ ခရစ္စမတ်
    ဒီဇင်ဘာမှာ တခြားနိုင်ငံတွေလို နှင်းတွေမကျပေမဲ့ ခရစ္စမတ်ပွဲတော်ရှိတဲ့၊ အိုင်းရင်းရဲ့ ယုံကြည်ရာဘာသာတစ်ခုဖြစ်တဲ့ ဘုရားမွေးဖွားတဲ့လ ဖြစ်တဲ့အတွက် ပျော်ပါတယ်။
    Sweet December ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကကို စပြီးတော့ရင်ခုန်နေပြီ…ငယ်ငယ်တုန်းကဆိုရင် အမေဆီကရမယ့် လက်ဆောင်ဘာလေး ဖြစ်မလဲဆိုတာမျိုး။ ပြီးရင်ဘုရားကျောင်းသွားရင် ဘယ်လိုဖက်ရှင်မျိုးလေး ၀တ်သွားမယ် မုန့်တွေစားမယ်ဆိုတာမျိုးတွေ စဉ်းစားထားတယ်။ ခရစ္စမတ် နေ့ ၂၅ ရက်နေ့က Sunday  မဟုတ်တဲ့ နေ့မျိုးလည်းဖြစ်တဲ့အတွက် အဲ့နေ့မှာ ဘုရားကျောင်းသွားရတာကို Sunday မှာ သွားရတာထက်လည်း ပိုပျော်နေတတ်တယ်။ အဲ့နေ့မှာ မိသားစုနဲ့လည်း ပိုပြီးနွေးထွေးတယ်လို့ ခံစားရတယ်။ ပြီးတော့ Merry Christmas လို့ နှုတ်ခွန်းဆက်သရတာကိုလည်း သဘောကျပါတယ်။


    ခရစ္စမတ် အမှတ်တရလေးတွေပြောရရင် ပျော်စရာတွေထဲကမှ စိတ်ညစ်စရာဖြစ်ခဲ့တာလေး တစ်ခုကို ပြောပြချင်တယ်။ အိုင်းရင်းတို့ ပဲများတတ်ခါစအရွယ်၊ ၁၀ တန်းပြီးခါစနှစ်မှာ ခရစ္စမတ်နေ့အတွက် ၀တ်ဖို့ချုပ်ထားတဲ့ ၀တ်စုံပုံစံလေးက အရှေ့တို၊ အနောက်ရှည်ပုံစံ တခြမ်းစောင်းအရှည် ချထားတဲ့ ဂါဝန်လေးပေါ့နော်။ ကိုယ့်စိတ်ကူးထဲမှာကတော့ ဒီဝတ်စုံလေးနဲ့ တက်တက်ကြွကြွလေးပေါ့။ ဖြစ်ချင်တော့ အဲ့နေမှာ မိုးရွာတယ်ရှင့်။ ဘုရားကျောင်းအသွားရော အပြန်ရော အဲ့ဒီဂါဝန်ကြီး မပြီး, သွားရတော့ အဲဒီတုန်းက အရမ်းရှက်တာပဲ။ စိတ်ကူးထဲမှာ ကိုယ်ဖြစ်ချင်တဲ့ပုံစံလေးမဖြစ်လိုက်ရတော့လေ။ အခုချိန်ပြန်တွေးလိုက်တော့လည်း ပြန်ပြောပြစရာ အမှတ်တရလေးတစ်ခု ကျန်ရစ်တာပေါ့နော်။


    ပျော်စရာအမှတ်တရလေးကတော့ ကိုယ်အရမ်းမျှော်လင့်ထားတဲ့ ခရစ္စမတ်လက်ဆောင်ကို မိဘဆီက၊ မိသားစုဆီကရတဲ့အခါ အရမ်းဝမ်းသာတယ်။ ဒီနေ့ ခရစ္စမတ်အတွက် အမေက လိုက်ဝယ်ပေးမယ်လို့ ပြောတဲ့အချိန်တိုင်းကတော့ ခရစ္စ
မတ်တိုင်းမှာရခဲ့တဲ့ ပျော်ရွှင်စရာ အမှတ်တရပါပဲ။ အိုင်းရင်းကြိုက်တဲ့ လက်ဆောင်ကဖိနပ်ပေါ့… ဒါပေမဲ့ ခေါင်းအစ ခြေအဆုံး အကုန်ပူဆာတာပါပဲ။ ငယ်ငယ်တုန်းကတော့ ဒီနှစ်ဘောင်းဘီဆို နောက်နှစ်ကျ ရင် မြန်မာချိတ်လုံချည်၊ နောက်နှစ်ဂါဝန်.. အဲလိုမျိုး ထူးထူးခြားခြားကြီး မဟုတ်ပေမဲ့ တစ်နှစ်နဲ့ တစ်နှစ် မတူအောင်ပြောင်းဝတ်ဖြစ်တယ်။


    အိုင်းရင်းအကြိုက်ဆုံး ဆောင်းတွင်းဖက်ရှင်က အနွေးထည်ဆွယ်တာခပ်ပွပွကြီးတွေ ကြိုက်တယ်။ ဒါပေမဲ့ တကယ်တမ်းကိုယ်နဲ့ လိုက်အောင် fit ဖြစ်တာလေးတွေပဲ ရွေးဝတ်တယ်။ ဒီဇင်ဘာဆို ပွဲတွေလည်းရှိတော့ နယ်သွားဆိုတဲ့အခါ ရာသီ
ဥတုက ရန်ကုန်ထက်အေးတော့ နွေးထွေးပြီး ကိုယ်နဲ့ fit ဖြစ်မယ့် သီချင်းဆိုတဲ့အခါ လှုပ်ရှားလို့လည်း ကောင်းမယ့်ပုံစံမျိုးလေးတွေဝတ်ဖြစ်ပါတယ်။
    အိုင်းရင်း ခုလိုအနုပညာရှင်တစ်ယောက် မဖြစ်ခင် အရင်တုန်းကဒီဇင်ဘာနဲ့ အခုဒီဇင်ဘာနဲ့ ဘာကွာလာလဲဆိုတော့ အရင်တုန်းက ဒီဇင်ဘာဆို ၁ ရက်နေ့ကစပြီးတော့ Church မှာ ပါဝင်မှု ပိုများတယ်။ အခုကျတော့ ၃၁ ရက်လုံး အိုင်းရင်းမပါ
ဝင်နိုင်တော့ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက တော့ ၂၅ ရက်နေ့မှာ အိုင်းရင်းဘယ်မှာမှ သီချင်းမဆိုဘူး။ Church သွားတယ်။ မိသားစုနဲ့နေဖို့အချိန်ပေးတယ်။ ဘုရားကျောင်းကပြီးရင် သွားချင်တဲ့နေရာတွေ သွားလည်တယ်။ အိုင်းရင်းက
တိရိစ္ဆာန်ရုံသွားတာလည်း ၀ါသနာပါတယ်။ မုန့်သွားစားတယ်။ အိုင်းရင်းက အပေါင်းအသင်းလည်း နည်းတယ်ဆိုတော့ မိသားစုနဲ့ပဲ အနေများပါတယ်။ အဓိကကတော့ ၂၅ ရက်နေ့မှာ ဘာအလုပ်မှမဟုတ်ဘဲ ခရစ်တော်မွေးဖွားတာကို အပြည့်အ၀ကြိုဆိုတာပေါ့။


    ဒီဇင်ဘာက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလရာသီလေးလည်း ဖြစ်တယ်။ အေးချမ်းတဲ့လရာသီလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပရိသတ်တွေအားလုံး အေးချမ်းခြင်း မြောက်မြားစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့…။