2014 မေမေ

ဓာတ်ပုံ - လမင်းနိုင်

    2014 မှာ မေမေဖြစ်လာတဲ့ အနုပညာရှင်မေမေတစ်ချို့ပါ။ မေမေလှလှလေးတွေလို့ ပြောလို့လည်းရတယ်။ အသက်ငယ်ငယ်မေမေလှလှတွေရဲ့ မိခင်စကား၊ အိမ်ထောင်ထိန်းသိမ်းမှု၊ နောက်ပြီး သူတို့ရဲ့အလှအပစတဲ့ စကားတွေကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဇင်ဇင်
    သားကို 15.9.2014 မှာမွေးတယ်။ သားကအရမ်းစိတ်ကြီးတယ်။ ဂျီတော့မကျဘူး။ သူဗိုက်ဆာရင် အရမ်းစိတ်တိုတယ်။ နို့ဗူးတစ်ဗူးနဲ့တစ်ဗူး အပြောင်းအလဲတောင်မရဘူး။ သားကအရပ်လည်းရှည်တယ်။ လူကောင်ထွားထွားကြီး ကြီး ဖြစ်လာလိမ့်မယ်ထင်တယ်။

အိမ်အလုပ်
    အိမ်အလုပ်ကို ကိုယ်တိုင်လုပ်ရမှ ကြိုက်တာ။ ကိုဖြိုးကိစ္စရော။ အိမ်ကိစ္စရော တစ်ယောက်တည်းပဲ လုပ်တာများတယ်။ အခု သားကိုလည်း ဆရာမ မခေါ်ထားဘူး။ ကိုယ်တိုင်ပဲထိန်းတယ်။

အိမ်ရှင်မနဲ့ အလှအပ
    သားကိုယ်ဝန်မရှိခင်အချိန်အထိ အနုပညာအလုပ် လုပ်သေးတော့ အလှအပကို ဂရုစိုက်ဖြစ်သေးတယ်။ သားကိုယ်ဝန်ရှိလာတဲ့အချိန်မှာယောက်ျားလေး ကိုယ်ဝန်ဆိုတာ အရမ်းသိသာတာပဲ။ အလှပြင်ချင်စိတ်ကို မရှိဘူး။ နှုတ်ခမ်းနီတောင် မဆိုးဘူး။ သားမွေးပြီးတော့လည်း သားကငယ်သေးတာရော၊ ကလေးအလုပ်ကို ဦးစားပေးဖြစ်နေတာကြောင့် အလှအပ ဦးစားမပေးဖြစ်သေးဘူး ဖြစ်နေတယ်။ အိမ်ရှင်မတိုင်းကတော့ ခေတ်နဲ့ အညီပေါ့နော်... ခေတ်မီတာကိုပြောတာမဟုတ်ဘူး ခေတ်နဲ့အညီ အသက်အရွယ်နဲ့ လိုက်ဖက်ညီလှပ နေသင့်တယ်လို့ထင်တယ်။

မေမေ အတွက်
    သားကို အရမ်းဂရုစိုက်ဖြစ်တဲ့ အချိန်တိုင်းမေမေ့ကို အရမ်းကျေးဇူးတင်ပြီး ကိုယ်ချင်းစာလာတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ မိဘတိုင်းက အနှိုင်းမဲ့ ကျေးဇူးရှင်တွေပါပဲ။

နှိုင်းယှဉ်မြင့်မိုရ်

သားသားကို မြင်မြင်ချင်းခံစားချက်
    သားကို ခွဲမွေးတာပါ။ ခွဲခန်းထဲစ၀င်တော့ မျက်စိကို မှိတ်ထားတယ်။ အရမ်းကြောက်လို့လေ။ ကလေးအပြင်မရောက်ခင် ဗိုက်ထဲက ကလေးကို ကလေးငိုသံကြားရပြီး ဆရာမက ကလေးကိုပြတော့ မျက်လုံးဖွင့်ကြည့်ပြီး အင်္ဂါစုံရဲ့လားမေး တယ်။ ဆရာမဆီက စုံတယ်ဆိုတဲ့ အဖြေရပြီးတာနဲ့ မျက်လုံးကိုပြန်မှိတ်ထားလိုက်တယ်။ သူ့ငိုသံကြားတော့ ၀မ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျတယ်။ သားကိုယ်ဝန်ရှိတော့ ယောက်ျားလေးပဲ အိမ်မက်တွေ မက်တယ်။ ယောက်ျားလေးဆို တာတော့သိနေတယ်ပေါ့နော်။ သားကိုယ်ဝန် ၆ လ အထိ ဇာတ်ကားတွေ တောက်လျောက်ရိုက်လို့ရတယ်။

အိမ်ရှင်မ တာဝန်
    အိမ်ကိစ္စမှန်သမျှ ကိုယ်တိုင်ပဲလုပ်တယ်။ ယောက္ခမက ချက်ပြုတ်တာကို လုပ်ပေးတယ်။ ကလေးကိစ္စ၊ အိမ်သန့်ရှင်းရေးကိစ္စ၊ ရှုတင်ကိစ္စ အားလုံးကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တာ။ အခုလူကြီးတွေက ချုပ်ရိုးနဲ့မလုပ်ပါနဲ့ဦးလို့ တားနေတယ်။

မေမေနဲ့အလှအပ
    အခုခေတ် အိမ်ရှင်မတွေ အားလုံးက ခေတ်နဲ့အညီ လိုက်လျောညီထွေ နေတတ်ကြတယ်။ မေမေတို့ခေတ်တုန်းကဆို အိမ်ရှင်မဆိုရင် အိမ်ထဲမှာပဲနေ မိသားစုအတွက် အချိန်ပေးပါ။ အခုခေတ်ကျတော့ မေမေတွေက ကလေးနဲ့လည်း လိုက်
လျောညီထွေနေ၊ အပြင်ဗဟုသုတနဲ့လည်း မဝေးဘူးပေါ့နော်။ အလှအပဆိုရင်လည်း လိုက်လျောညီထွေပြင်တတ်ကြတယ်။ အိမ်ရှင်မတွေလှဖို့ လိုအပ်တယ်လို့ပြောချင်တယ်။ အနုပညာအလုပ် လုပ်နေတဲ့အတွက် အလှအပကို သတိထားပြီး ထိန်းရတယ်။

မေမေတွေအတွက် နှုတ်ဆက်စကား   
    မေမေဆိုတာ အစားထိုးလို့မရတဲ့ တန်ဘိုးကြီးတဲ့အရာပါ။ မိဘကို ပြစ်မှားလိုက်ပြီဆိုတာနဲ့ ဘ၀မှာဒုက္ခရောက်တတ်တယ်။ မေမေရဲ့မေတ္တာဆို တာ အစားထိုးလို့မရပါဘူး။ မေမေအားလုံးကို ဒီနေရာကနေ ကန်တော့ပါတယ်။ မေမေ့ကိုလည်း ဒီနေရာကနေ ကန်တော့ပါတယ်။

နှင်းထက်ထက်ဝေ
မိတ်ကပ် - ကွေးကွေး

သားရဲ့မေမေ
    သားကို 2.1.2014 မှာ မွေးတယ်။ သားကိုယ်ဝန်ရတဲ့အချိန်မှာ ကိုယ်ကလည်း အနုပညာအလုပ်တွေ ဆက်လုပ်နေတုန်းပဲဆိုတော့ အလုပ်နဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်မရှိပါဘူး။ မွေးခါနီးအထိ ကိုယ်ခန္ဓာရဲ့ပုံစံက မပျက်ဘူး။ မွေးပြီးတဲ့ အချိန်
မှာတော့ ဘာဆက်လုပ်ရမလဲဆိုပြီး စိုးရိမ်စိတ်ဖြစ်တယ်။ ပြီးတော့ ဗိုက်ကြောမပျက်အောင် သံလွင်ဆီလိမ်းတာတော့၊ ဗိုက်စီး ဆီးတာတို့တော့လုပ်တယ်။ ကံကောင်းတာက သားမွေးပြီးတဲ့အချိန်မှာ အရမ်းပုံစံမပြောင်းသွားဘူး။ ကိုယ်ဝန် စရှိရှိခြင်းမှာ အလုပ်တွေထိခိုက်မလားဆိုတဲ့ စိတ်တော့ဝင်လာတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သားက ကိုယ်ဝန်ထဲက လှုပ်လာတဲ့အချိန်၊ သူ့နှလုံးခုန်သံကြားရတဲ့အချိန်မှာ အရာအားလုံးက သားအတွက်ပဲ သူ့ထက်အရေးကြီးတာ ဘာမှမရှိတော့ဘူးဆိုတဲ့ စိတ်ဖြစ်လာတယ်။

အိမ်မူကိစ္စ
    အိမ်ကိစ္စကတော့ အရမ်းကြီးမလုပ်ဖြစ်ဘူး။ သားအလုပ်ပဲလုပ်ရတယ်။ သားအတွက် သူနာပြုကို သားတစ်လအထိပဲခေါ်ထားတယ်။ သားအလုပ်တွေကို ကိုယ်တိုင်ပဲလုပ်တာဆိုတော့ အိမ်အလုပ်လုပ်ချိန်မရှိပဲ သားနဲ့အချိန်ကုန်တာ များနေတယ်။

မိခင် ခံစားချက်
    မိခင်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာ ခံစားချက်ကတော့ အရမ်းကိုနူးညံသိမ်မွေ့သွားသလို ပိုပြီးလည်း သတ္တိရှိပြီး ရဲရင့်သွားတယ်။ ကိုယ်က အရင်တုန်းက နောက်လိုက်ပေါ့နော် မေမေရဲ့ နောက်လိုက်ပေါ့။ ကိုယ့်ရှေ့မှာ မေမေရှိတယ်ပေါ့။ အခုချိန်မှာ ကိုယ်ကဦးဆောင်သူဖြစ်သွားတယ်။ သားဘ၀အတွက် ဦးဆောင်သူဖြစ်သွားတယ်။ တာဝန်ယူရမယ်ဆိုတဲ့ စိတ်က ပိုပြီးရှိလာတယ်။ မေမေကို ပိုပြီးကိုယ်ချင်းစာလာတယ်။

အလှအပ နဲ့မေမေ
    မေမေတွေ အားလုံးဟာ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့လှပမူရှိသင့်တယ်။ အိမ်ရှင်မတွေအားလုံးလည်း  လိုက်ဖက်တဲ့ လှပမူရှိသင့်တယ်။ ကိုယ်တိုင်အလှအပ ထိန်းသိမ်းတာကတော့ သဘာဝနည်းတွေနဲ့ပဲ လုပ်ဖြစ်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ချွေးထုတ်တယ်။ ခန္ဓာကိုယ်အတွက် သဘာဝနည်းနဲ့ပဲ ပေါင်းတင်တယ်။ မျက်နှာကို အသီးအနှံနဲ့လုပ်ဖြစ်တယ်။ ရှားစောင်းလက်ပတ်ကပ်တယ်။ သခွားသီးကပ်တယ်။

မေမေအားလုံးအတွက်
    လူသားတိုင်းအတွက် မေမေ ရှိတယ်။ မေမေရဲ့ကျေးဇူးကို သိတတ်ပါလို့ ပြောချင်ပါတယ်။

ခင်မဉ္ဇူခိုင်
မိတ်ကပ် - ယုဇန (လင်းလင်း - မိတ်ကပ် Artist)

သမီးလေးအကြောင်း
    သမီးက အဖေနဲ့အမေကို အရမ်းကပ်တယ်။ သမီးကို 20.2.2014 မှာမွေးတယ်။ ပထမကလေးက ပျက်သွားတော့ နောက်ထပ်ကလေးတစ်ယောက် အရမ်းလိုချင်နေတဲ့အချိန်မှာ သမီးကိုကိုယ်ဝန်ရှိတာပဲ။ မွေးမွေးပြီးချင်း သမီးမျက်နှာကိုစပြီး မြင်ရတဲ့အချိန်မှာ မယုံနိုင်ဘူး။ ဒါငါ့ကလေးလေးဆိုပြီး အရမ်းဝမ်းသာတာ ကိုယ့်ကိုယ်ကို မယုံနိုင်လောက်အောင်ပဲ။

အိမ်မူကိစ္စ
    အိမ်ကိစ္စ ကလေးကိစ္စအားလုံးကို ကိုယ်တိုင်ပဲလုပ်တယ်။ အိမ်မူကိစ္စနိုင်နင်းတဲ့ အိမ်ရှင်မတွေကို အရမ်းသဘောကျတယ်။ အိမ်ကိစ္စလည်းနိုင်တယ်။ အပြင်အလုပ်လည်း လုပ်နိုင်တဲ့အိမ်ရှင်မမျိုး ဖြစ်ချင်တယ်။ ကိုယ်တိုင်လည်း အိမ်မူကိစ္စကို နိုင်နိုင်နင်းနင်းဖြစ်အောင် ကြိုးစားထားတယ်။

အိမ်ရှင်မနဲ့အလှအပ
    ကိုယ်တိုင်ကတော့ အလှမကြိုက်ဘူး။ အင်္ကျီလှလှလေးတွေတော့ ကြိုက်တယ်။ အသားအရေအတွက်လည်း သေသေချာချာလုပ်တာမျိုး မရှိပါဘူး။ နေပူတော့ကြောက်တယ် နေပူထဲမထွက်ဘူး။ မေမေ လှလှလေးတွေ မြင်ရင်တော့ အရမ်း သဘောကျတယ်။

မေမေအတွက်စကားလက်ဆောင်
    သမီးရလာတဲ့အချိန်မှာ မေမေကို ပိုပြီးနားလည်လာတယ်။ အခုဆို ကိုယ်ပိုင်အချိန်ဆိုတာ မရှိဘူး သမီးအတွက်ပဲ။ မနက်မိုးလင်းလာတာနဲ့ သမီးအလုပ်ကို အရင်ဆုံးလုပ်ပြီးတော့မှ ကိုယ့်အလုပ် တစ်ခြားအလုပ်လုပ်တယ်။ မေမေကို
ကိုယ်ချင်းစာလာတယ်။ မေမေလည်း ကိုယ်တွေကို အခုလိုပဲ ဂရုစိုက်ချစ်ခဲ့မှာပဲဆိုပြီး ပိုနားလည်လာတယ်။