အိမ်ထောင်ဖက်ရဲ့ secretary

    အိမ်ထောင်ခရီး ၁၃ နှစ်ကို ဖြတ်သန်းခဲ့ပြီးပြီ၊ စိတ်တူကြိုက်တူ ၀ါသနာတူ ဇနီးမောင်နှံဖြစ်ပါတယ်။ ရည်းစားသက်တမ်း  ၃ နှစ်မှာသူတို့ လက်ထပ်ခဲ့ကြတယ်။ အသက်တူ ဇနီးမောင်နှံဖြစ်တာကြောင့် သူတို့နှစ်ယောက်ကိုကြည့်ရတာ သူငယ်
ချင်းလိုပုံစံမျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ စနောက်ပြီး စကားတွေပြောနေပုံက မြင်တွေ့ရသူအတွက် စိတ်ကြည်နူးစရာ ကောင်းပါတယ်။ ဒီကဏ္ဍက အနုပညာရှင်ရဲ့ဇနီးကို မိသား
စုအကြောင်း၊ အိမ်ထောင်ရေးအကြောင်း မေးတဲ့ကဏ္ဍဆိုတော့ အခုလိုပျော်စရာကောင်းတဲ့ ဘ၀တစ်ခုရဲ့ လက်တွဲဖော် အနုပညာရှင် ကိုအရိုးရဲ့ဇနီး မတင်မို့မို့အေး ကို interview လုပ်ခဲ့ပါတယ်။

    အစ်မနဲ့ကိုအရိုးက သူငယ်ချင်းလိုပဲနော်...အိမ်ထောင်သက်ကြာလာတော့ အဲလိုမျိုးဖြစ်သွား
တာလား။
    အစ်မနဲ့ကိုအရိုးနဲ့က ၁၀ နှစ်အရွယ်ကတည်း ကသူငယ်ချင်း။ ကျောင်းအတူတူသွား၊ ကျောင်းကားအတူတူစီးပေါ့။ အိမ်နီးနားချင်း သူငယ်ချင်းပါ။ ဒီတော့သမီးရည်းစား အိမ်ထောင်ဘက်နဲ့မတူပဲ သူငယ်ချင်းပုံစံမျိုးနဲ့ပဲ နေတာများတယ်။ မိသားစုချင်းကလည်းခင်ကြတယ်။

    ဘယ်လိုရည်းစားဖြစ်သွားကြတာလဲ။
    ဘယ်လိုရည်းစားဖြစ်သွားလဲတောင် မသိဘူး။ သူ့ကိုမေးရင်တော့ သူအမြဲပြောတဲ့စကားရှိတယ်။ နင့်မှာလည်းယူစရာငါပဲရှိတယ်။ ငါ့မှာလည်းယူစရာ နင်ပဲရှိတယ်။ အဲလိုဆိုတော့ ငါတို့နှစ်ယောက်မှမယူရင် ယူမဲ့သူမရှိဘူးပေါ့။ သူပြော
သလိုပဲ ပြန်ဖြေလိုက်တော့မယ်။

    ငယ်ငယ်လေးကတည်းက အတူတူရှိလာကြတာဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်တော်တော်သိနေကြမှာပဲနော်။ ထားခဲ့တဲ့ရည်းစားတွေက အစပေါ့။
    အစ်မမှာ ရည်စားမရှိဘူး။ သူ့မှာပဲရည်းစားရှိတယ်။ သူ့ရည်းစားတွေအကြောင်း အစ်မကို အမြဲရင်ဖွင့်တယ်။ အစ်မကနားထောင် အကြံပေးတယ်။ ကိုယ်နဲ့ကြိုက်သွားတော့ ကိုယ်အကြံပေးခဲ့တာတွေက အလကားဖြစ်ပြီး ကိုယ်ပြန်ခံနေရ ပါလား ဖြစ်တာပေါ့။

    အခုလိုသိနေတဲ့ အကြောင်းတွေကရော ကိုယ့်ကိုအနှောက်အယှက်ဖြစ်လား။
    ဘာမှမဖြစ်ပါဘူး။ အစ်မက အဲလိုမနာလိုအူတိုတာမျိုး မရှိဘူး။ အဓိက ကိုယ့်ကိုမေတ္တာရှိတယ်။ သစ္စာရှိတယ်ဆိုတာကိုပဲ တန်ဖိုးထားတယ်။သူတို့ကိုလည်း မြင်ဖူးတယ်။ သိလည်းသိခဲ့ဖူးတာဆိုတော့ သူတို့ကိုလည်း လေးစားတဲ့အနေနဲ့ ဘာမှ
မဖြစ်ဘူး။ အဲလိုစိတ်ထားတော့ ကိုယ်လည်းသက်သာတာပေါ့။

    ရည်းစားဖြစ်သွားတာလည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကြောင့်ဖြစ်သွားလည်း ဆိုတာမျိုးမသိလိုက်ပဲ ဖြစ်သွားကြတာဆိုတော့ ဘယ်နှစ်တန်းလောက်မှာ ရည်းစားဖြစ်သွားကြတာလဲ။
    ၁၀ တန်းလောက်မှာ။ ၁၉၉၉ လောက်မှာရည်းစားဖြစ်သွားတာ

    နှစ်ယောက်ကွဲသွားသေးလား။
    ကွဲသွားသေးတယ်။ ကျောင်းအတူတူတတ် နေတဲ့အချိန်မှာ သူကအထက်တန်းလောက်မှာTTC ကို ပြောင်းသွားတယ်။ အဲဒီမှာ ကျောင်းကွဲသွားတယ်။ တစ်ရက်ကွက်တည်းနေတဲ့အတွက် တွေ့ဖြစ်တယ်။ ကျောင်းပဲမတူတော့တာလေ။ ဒါပေမဲ့
ငယ်ငယ်တုန်းကလောက် မရင်းနှီးကြတော့ဘူး။ ၁၀ တန်းအောင်ပြီး သင်တန်းတွေတတ်တဲ့အချိန်ကျမှ ပြန်တွေ့ကြတာ။ အစ်မစဉ်းစားကြည့်တယ်။ တစ်သက်လုံးများ ကျောင်းအတူတူတတ်ပြီး အတူတူများ ကြီးပျင်းခဲ့ကြရင် ဒီလူကြီးကို ငါယူနိုင် ပါ့မလားပေါ့။ ကြားထဲမှာနည်းနည်း ကွဲသွားတော့ ငယ်သူငယ်ချင်းဆိုတဲ့စိတ်ထက်၊ ယောက်ျားလေး မိန်းကလေးဆိုတဲ့စိတ်မျိုး ထားနိုင်သွားတာလို့ ထင်တယ်။

    ကိုအရိုး နိုင်ငံခြားသွားသေးတယ်နော်။
    ဟုတ်တယ်။ ကိုအရိုး နိုင်ငံခြားသွားတော့ အစ်မတို့ရည်းစားဖြစ်ပြီးပြီ။ သူနိုင်ငံခြားမှာ ကျောင်းသွားတတ်တာပါ။

    ကိုအရိုး နိုင်ငံခြားမှာရှိနေတဲ့အချိန် နှစ်ယောက် ဘယ်လိုဆက်သွယ်ကြလဲ။
    အစ်မက သူ့ဆီကိုနေ့တိုင်း စာရေးတယ်။ တစ်ပတ်တစ်ခါ စာပို့တယ်။ အစ်မက သောကြာနေ့ စာပို့ရင် တနင်္လာနေ့ဆို သူ့ဆီကိုစာရောက်ပြီ။ ဒိုင်ယာရီလို ရေးတာ။ အဲဒီစာလေးတွေကို အခုချိန်ထိနှစ်ယောက်လုံး သိမ်းထားကြတယ်။ သူ ကတော့ကျောင်းတတ်နေရတာဆိုတော့ နေ့တိုင်းစာမရေးနိုင်ဘူး။ အစ်မဆီကိုစာပို့တယ်။ အခုလို internet တွေလည်း မရှိဘူး။ ဖုန်းပြောတယ်။ သူကကျောင်း ကပြန်လာတဲ့အချိန်၊ သူအချိန်ပိုင်းအလုပ်က ပြန်လာတဲ့အချိန် ဖုန်းပြောကြတယ်။ ည ၁၂ ကျော်မှာ ဖုန်းပြောဖြစ်ကြတယ်။

    ကိုအရိုးနိုင်ငံခြားရောက်နေတဲ့ အချိန်တွေတုန်းက တစ်ခါတလေ ကိုယ်ကဖုန်းဆက်စေချင်တဲ့အချိန်မှာ သူကအကြောင်းကြောင်းကြောင့် ဖုန်းမဆက်ဖြစ်တဲ့အခါ၊ သူ့ဘက်က လစ်ဟင်းမူတွေကို ဘယ်လိုနားလည်းပေးလဲ။
    အစ်မ စိတ်ထဲမှာ တစ်ခါမှ အနှောက်အယှက် မဖြစ်ဖူးဘူး။ အစ်မက သူ့ဆီကိုဘာလို့နေတိုင်း စာရေးတာလဲဆိုရင် သူကဟိုမှာ အရမ်းပင်ပန်းတယ်။ ပြိုင်ဆိုင်မူတွေကြားထဲမှာ နေနေရတာဆိုတော့ ငါဘာလုပ်နေလဲဆိုတာ သူသိအောင်၊ သူနေရတာ အားရှိအောင်ဆိုပြီး နေ့တိုင်းရေးတာ။ တစ်ပတ်တစ်ခါ သူဆီပို့ပေးတယ်။ အစ်မကကျတော့ ကိုယ့်အိမ်မှာ ကိုယ်နေရတာဆိုတော့ အဆင်ပြေတယ်လေ။ သူကနိုင်ငံခြားမှာ ကျောင်းတတ်ရတာလည်း ဖြစ်တယ်။ အချိန်ပိုင်း လည်း အလုပ်လုပ်နေရတာဆိုတော့ သူ့မှာအားချိန်ဆိုတာ အစ်မလောက်ရှိမှာ မဟုတ်ဘူး။  ဒါကိုသူ့ကိုနားလည်မူပေးတယ်။

    ကိုအရိုးနဲ့အစ်မ ရည်းစားစဖြစ်တော့ ဘ၀အတွက်ဘယ်လို plan တွေချခဲ့ကြလဲ။
    အစ်မတို့နှစ်ယောက်က မိသားစုခြင်းရော၊ နှစ်ယောက်ကလည်း ကလေးဘ၀ကတည်းက ရင်းနှီးလာကြတာဆိုတော့ အကြောင်းသိချင်းဖြစ်နေ ကြတာပေါ့နော်။ လက်ထပ်ဖို့ထိလည်းရည်ရွယ်ခဲ့တယ်။ သူ့အိမ်ကိုယ့်အိမ်အကြောင်း၊ အကြိုက်ခြင်းလည်းသိ၊ အကြောင်းလည်း သိနေကြတာဆိုတော့ ပြဿနာဆိုတာ မရှိခဲ့ဘူး။ မင်္ဂလာဆောင်ဖို့လည်း အခက်အခဲမရှိခဲ့ဘူး။

    အိမ်ထောင်ကျသွားပြီးတဲ့နောက် အစ်မ ရဲ့အိမ်ရှင်မဘ၀အကြောင်းကို ပြောပေးပါ။
    အဓိကကတော့ အစ်မကသူ့ရဲ့တောက်တိုမယ်ရ အဖြစ်နဲ့ပေါ့။ စာအုပ်ထုတ်ဝေရေးလည်း လုပ်တယ်။ အဓိကကတော့ သူ့စာအုပ်တွေထုတ်တာ များတယ်။ အလုပ်ချင်းကလည်း တိုက်ရိုက်သက်ဆိုင်နေတာဆိုတော့ သူ့ရဲ့နေထိုင်မူပုံစံမှာ
အစ်မကရာခိုင်နှုန်း တော်တော်များများ ပါနေသလိုမျိုး ဖြစ်နေတယ်။

    မိန်းကလေးရဲ့ စိတ်ပေါ့နော်။ မိန်းကလေးတော်တော်များများက အကြောင်းအရာတိုင်းကို မှတ်မှတ်ရရရှိပြီး သူတို့အမှတ်တရ ရှိနေသလိုမျိုး အမျိုးသားတွေကိုလည်း ဖြစ်စေချင်ကြတယ်။ ဥပမာ နှစ်ယောက်နဲ့ပတ်သတ်တဲ့ အထိမ်းအမှတ်
နေ့မျိုး၊ မွေးနေ့လိုနေ့မျိုးပေါ့နော်။ အဲလိုနေ့မျိုးတွေကို အမျိုးသားတွေက အမှတ်တမဲ့ သတိမရတာမျိုးဖြစ်သွားရင် အရမ်းစိတ်ဆိုးတတ်တယ်။ အစ်မမှာ ရော အဲလိုစိတ်မျိုးရှိလား။
    မိန်းကလေးတိုင်းကတော့ အသေးစိတ်မှတ်တတ်ကြတာ သဘာဝပဲလေ။ ယောက်ျာလေးတွေရဲ့ စိတ်ကို သေချာပြန်ကြည့်တော့ လည်း သူတို့ ကအဲဒါ မျိုးတွေကို အလေးမထားတာ မဟုတ်ဘူး။ အလုပ်တွေနဲ့ဆိုတော့ အမှတ် တမဲ့ဖြစ်သွားကြ တာ။ ကိုယ်ကနားလည်းပေးလိုက်တော့ အစ်မအတွက် စိတ်ပင်ပန်းတာမျိုး မရှိဘူး၊ မေ့နေတာလားဆိုပြီး ကိုယ်ကပြဿနာ သွားရှာရင် သူနဲ့ကိုယ်နဲ့ ပြဿနာ ဖြစ်တာပဲ အဖက်တင်မယ်လေ။ အစ်မဘက်က ဘာလုပ်လည်းဆိုတော့မနက်ဖြန် နှစ် ပတ် လည်နေ့နော် ဆိုတာမျိုး၊ မနက်ဖြန်မွေးနေ့နော်ဆိုတာမျိုး သတိပေးလိုက်တော့ အဲဒါဆိုသူမှတ်မိတယ်လေ။ ထမင်းသွားစားတာတို့ ဘုရားသွားတာမျိုးတို့ လုပ်လိုက်တော့ နှစ်ယောက်လုံး ပျော်ရွှင်ရတယ်။ သူကမေ့ကိုနေမှာ အစ်မ သိတယ်။  ဒီတော့သူ့ကိုသတိပေးလိုက်တယ်။ အေးချမ်းသွားတာပေါ့။

    မီးဖိုချောင်အလုပ်ကို သိပ်မလုပ်ဖြစ်ဘူးလို့ သတိထားမိတယ်။
    ဟုတ်တယ်။ အစ်မ ကမိဘတွေနဲ့နေတာ။ များသောအားဖြစ်အစ်မ မေမေနဲ့နေတာဖြစ်တဲ့အ တွက် မီးဖိုချောင်အလုပ်ကို မေမေပဲ လုပ်ဖြစ်တယ်။ အစ်မက အိမ်ရှင်းတာတို့၊ သစ်ပစ်စိုက်တယ်၊ ကိုအရိုးရဲ့အလုပ်တွေလုပ်ဖြစ်တယ်။ စာအုပ်ထုတ်
ဝေရေးလုပ်တယ်။

    အနုပညာရှင် ဇနီးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကိုပြောပြပေးပါ။
    အနုပညာရှင်တွေက များသောအားဖြင့် သူတို့ရဲ့ ဖန်တီးမှုတွေကြားထဲမှာပဲ နေတတ်ကြ တယ်။ သူတို့က သာမန်လူတွေနဲ့ မတူကြဘူး သူတို့ ကမ္ဘာထဲမှာပဲ နေကြတာဆိုတော့ အဲဒါကိုနားလည်ပေးရတယ်။ ကိုအရိုးက မနက်မိုးလင်းလာတာနဲ့ ဘယ်သူနဲ့မှစကားမပြောဘူး သတင်းစာဖတ်တယ်။ ကော်ဖီသောက်တယ်။ တစ်နေကုန်ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ စာရေးတယ်စာဖက်တယ်။ သူအစောဆုံး စကားစပြောတဲ့အချိန်က ညနေ ၅ နာရီ၊ ၆ နာရီလောက် ဖြစ်သွားတတ်တယ်။ အဲလိုမျိုးကို နားလည်ပေးရတယ်။ တစ်ခါတလေ ၃ ရက် လောက် ဘယ်သူနဲ့မှစကားမပြောဘူး။ အရင်တုန်းကတော့ သည်းခံပေးရတာပေါ့နော်။ နောက်တော့လည်း သူအလုပ်လုပ်နေပါလားဆိုပြီး နေတတ်သွားရော။

    နှစ်ယောက်ရန်ဖြစ်ကြတာ၊ စိတ်အခန့်မသင့်ဖြစ်တာမျိုးတော့ ရှိမှာပေါ့။
    ရန်ဖြစ်တာထက် အသက်ရွယ်တူဆိုတော့ ငြင်းကြတာ။ ၀ါသနာတူ စိတ်တူကိုယ်တူ အကြိုက်တူဆိုတော့ ငြင်းကြတာ။ သူသိတယ် ငါသိတယ်ဆိုပြီး ငြင်းကြတာများတယ်။ သူနဲ့အစ်မ ရန်ဖြစ်တာမရှိဘူး။ အစ်မတို့ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်း
က သူများအတွက်တော့ ရီစရာကောင်းနေတာပေါ့နော်။ သူက ဒန်ပေါက်စားချင်တယ်။ အစ်မကကြေးအိုးစားချင်တယ်။ အဲလိုမျိုးပေါ့။ သူများတွေ လိုမျိုးမိသားစုရေးတို့၊ ငွေရေးကြေးရေးတို့ ရန်ဖြစ်တာမျိုးမရှိဘူး။

    တစ်ချို့ဆို အရမ်းရန်ဖြစ်ကြတာနော်။
    အဲဒါကြတော့လည်း ကိုယ့်အကြိုက်ကိုယ် ရှေ့တန်းတင်ကြတယ်လို့ ထင်တယ်။ အစ်မပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဆိုးဆိုးဝါးဝါး ဝေဒနာတစ်ခုခံစားနေတယ်ဆိုပြီးတော့ အဖြေအမှားတစ်ခုရတယ်။ အဲဒီတော့ အစ်မကသေဖို့ကို အချိန်ကာလတိုလေးတစ်ခုအတွင်းမှာ ပြင်ဆင်လိုက်ရတာမျိုးဖြစ် သွားတော့ တော်ရုံတန်ရုံဆိုပြဿနာ မဟုတ်တော့ပါဘူးဆိုတဲ့စိတ်လေးက အကျင့်ရပြီးသား ဖြစ် သွားတယ်။

    အစ်မရဲ့အိမ်ရှင်မ အားနည်းချက်က ဘယ်လိုအချက်တွေဖြစ်မလဲ။
    အားနည်းချက်ကိုပြောပါဆိုရင် သူများတွေလိုမျိုးလည်း ယောက်ျားကို ထမင်းကောင်းဟင်းကောင်း မချက်ကျွေးတတ်ဘူး။ အစ်မ လုပ်ပေးနိုင်တာ အစ်မက အိမ်ထောင်သည် အမျိုးသမီးနဲ့မတူ ဘဲ secretary နဲ့တူနေတယ်။ ကိုအရိုးစာရေး တယ်ဆိုရင် စားရေးတဲ့စာမူတွေကအစ ဘယ်စာမူကဘယ်ကိုပေးတယ်။ ဘယ်မှာသိမ်းထားတယ်၊ အသေးစိတ်ကအစ လုပ်ပေးနိုင်တယ်။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်။ secretary တစ်ယောက်အနေနဲ့ partner တစ်ယောက်အနေနဲ့တော့ လုပ်ပေးနိုင်တယ်။ မီးဖိုချောင်အလုပ်တော့ အရမ်းကိုညံ့ပါတယ်။

    အဲဒါကို ကိုအရိုးက နားလည်မှုပေးတယ်နော်။
    သူကနားလည်မှုပေးမှာပေါ့။ သူက အစားအသောက်မှမကြိုက်တာ။ အစားအရမ်းနည်းတဲ့ သူမျိုးဆိုတော့ အဆင်ပြေတယ်။ အ၀တ်အစားဆို လည်းဂျီးမများဘူး။ အစ်မ ၀ယ်ပေးရင်ဝတ်လိုက်တာပဲ။

    အစ်မတို့နှစ်ယောက်ရဲ့ ဘ၀ခရီးဖြတ်သန်းပုံကိုပြောပြပေးပါ။
    အိမ်ထောင်သက် ၁၃ နှစ်လောက်ရှိပြီ၊ သူကလည်းငယ်ငယ်ကတည်းက နေမကောင်းတဲ့သူ။ သူများတွေထက်ပိုပြီးတော့ သေချင်းတရားနဲ့ နီးစပ် ခဲ့တဲ့သူဆိုတော့ ဘ၀ကြီးကတစ်နေ့ချင်း ဖြတ်သန်းရင် ပိုပြီးအဓိပါယ်ရှိတယ်လို့ ရည်စားဘ၀ကတည်း က သင်ပေးခဲ့တယ်။ ပြဿနာတွေကို မဖန်းတီး နဲ့ တစ်နေ့ချင်းကောင်းအောင်နေ စိတ်ကိုကောင်း အောင်ထား။ ကိုယ်လုပ်စရာရှိတာကိုပဲလုပ်။ မနာလိုစိတ်၊ ဒေါသ တွေကို တတ်နိုင်သလောက် ရှောင်ဆိုပြီး အစ်မကိုသင်ပေးခဲ့တယ်။ အစ်မ ကိုယ်တိုင်လည်း သေခြင်းတရားနဲ့ အသိတရား ရလိုက်တော့တတ်နိုင်သလောက် တစ်နေ့ချင်းဆီပဲ ဘ၀ကိုဖြတ်သန်းသွားတယ်။

    တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအ လျော့အတင်းနဲ့ နေရတာပေါ့နော်။
    အဲလိုနေရတာပေါ့၊ အစ်မက ဆေးလိပ်သောက်တာ မကြိုက်ဘူး။ သူကဆေးလိပ်သောက်တယ်။ နင်ငါ့ကိုဖြတ်မလား ဆေးလိပ်ကို ဖြတ်မလားလည်း မပြောဘူး။ သူကမဖြတ်နိုင်လိုတောင် ကိုယ့်ရှေ့မှာ ဆေးလိပ်သောက်သေး တာ။ အဲဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုသောက်နော်လို့ပဲ ပြောပေးရတာပေါ့။ သူ့အကြိုက်ကို လိုက်လျောရသလို ကိုယ့်အကြိုက်ကိုလည်း သူလိုက်လျောရတာမျိုး လည်းရှိတယ်။ အစ်မက ညဘက်အပြင်ထွက်ပြီး ထမင်းစားချင်တယ်။ သူကမစားချင်ဘူး။ အဲလိုကြရင် နင်သွားချင်တော့လည်း ငါလိုက်လျောရတာပေါ့ ဆိုတာမျိုးရှိတယ်။ ငယ်ငယ်တုန်းကတော့ ချစ်တာတွေကြိုက်တာတွေကို ပြောခဲ့ကြတာပေါ့နော်။ အသက်ရလာတဲ့အခါ အိမ်ထောင်သက်ရလာတဲ့အချိန် မှာတော့ သံယောဇဉ်က ပိုပြီးအရေးကြီးသွားတယ်၊ အချစ်ထက်ကိုပြီး လေးနက်တဲ့သံယောဇဉ် ဖြစ်လာဖို့ပဲ အရေးကြီးတယ်လို့ထင်တယ်။ အိမ်ထောင်ကွဲတာမျိုးတွေ ကြားရတဲ့အခါ စိတ်မကောင်းဘူး။ ဒီလူနဲ့ဒီလူ ရေရှည်လက်တွဲလို့ရရဲ့သားနဲ့ ဒေါသတွေ၊ အတ္တတွေနဲ့ကွဲသွားတာမျိုးကို သဘောမကျဘူး၊ ဘယ်သူ့ကိုမှ အိမ်ထောင်မကွဲစေချင်ဘူး။

    လူတစ်ယောက်ရဲ့ ပင်ကိုဗီဇဆိုတာ ဘယ်လိုမှပြင်လို့မရဘူး။ နားလည်ပေးလိုက်တာ အကောင်းဆုံးလို့ ပြောကြတာမှန်တယ်နော်။
    အဲဒါအမှန်ပဲ။ ပြင်ခိုင်းလို့မှ မရတာကို ပြင်ခိုင်းနေရင် ကိုယ်ပဲပင်ပန်းတာပေါ့၊ ခိုးဝှက်တတ်နေတဲ့သူမျိုးဆိုရင်တော့ ဒါဟာမကောင်းဘူးဆိုပြီး ကိုယ်ကပြင်ပေးရတယ် ဆိုတာမျိုးဆိုရင်တော့တစ်မျိုးပေါ့လေ။ ပုဆိုးပဲဝတ်ချင်တဲ့သူကို ဘောင်း
ဘီအတင်းဝတ်ခိုင်းတာကတော့သူ့ရဲ့ personal life ကို ၀င်ပြီး စွတ်ဖက်တာမျိုး ဖြစ်နေတယ်။ မကောင်းတဲ့အကျင့်ဆိုရင်တော့ ပြင်ပေးရမှာကိုယ့်တာဝန် လေ။

    အိမ်တစ်အိမ်မှာ အိမ်ရှင်မက ဘယ်လောက်ထိအရေးကြီးတယ်လို့ထင်လဲ။
    အစ်မကတော့ ၅၀ ၊  ၅၀ အရေးကြီးတယ်လို့ ပဲ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်ထောင်ဦးစီးလည်း အရေးကြီးတယ်။ အိမ်ထောင်ဦးစီးက ပိုက်ဆံရှာဖွေနေတာပဲ ငါနေချင်သလို နေမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ အိမ်ရှင်မ
ကပဲ အလုပ်တွေလုပ်နေရပြီး အိမ်ထောင်ဦးစီးက ဘာမှမလုပ်ပဲ အိမ်ဦးခန်းမှာ ထိုင်နေတယ်ဆိုတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲဒီတော့အိမ်ထောင် တစ်ခု အဆင်ပြေဖို့ ယောက်ျား၊ မိန်းမ ၅၀ % ဆီ သက်
ဆိုင်တယ်လို့ယူဆတယ်။ မောင်တစ်ထမ်းမယ်တစ် ရွက်ဆိုတဲ့ စကားပုံကိုအရမ်းကြိုက်တယ်။ အစ်မလည်း တတ်နိုင်သလောက် အလုပ်လုပ်တယ်။

    အစ်မတို့မှာ ကလေး မရှိဘူးနော်။
    ယူဖို့အစီစဉ်ကို မရှိဘူး။ စပြီးအိမ်ထောင်ကျကတည်းက သူကလည်းပြောတယ် ကလေးမယူချင်ဘူး။ အစ်မကလည်းကလေးမယူချင်ဘူး၊ အဲဒီကိစ္စမှာနှစ်ယောက်လုံးက ၁၀၀% တူနေတယ်၊ အိမ်ထောင်ကျတော့ အစ်မအသက် ၂၃ နှစ်ပဲ ရှိသေးတယ်။ အဲဒီကတည်းကကို ကလေးမယူချင်ဘူးကိုအရိုးကလည်း ငယ်ငယ်ကတည်းက ရောဂါဝေဒနာ အပြင်းစားမွေးရာပါလာတော့ သူ့သားသမီးကို သူ့လိုမခံစားစေချင်ဘူး၊ နောက်တစ်ခုက အသက်ကြီးလာလို့ရှိရင် သောကတွေ၊ သံယောဇဉ်တွေနဲ့ မသေဆုံးချင်ဘူး၊ အဲဒါကြောင့်ကလေးမယူတာ။

        အနုပညာရှင် ကိုအရိုးရဲ့ဇနီး တစ်ယောက်အနေနဲ့ ပရိသတ်ကို နှုတ်ဆက်စကားပြောပေးပါဦး။
    အနုပညာရှင် တစ်ယောက်အနေနဲ့ အားပေးနေတာရော။ လူသားတစ်ယောက်အနေနဲ့ အားပေးနေတာရော ကျေးဇူးတင်ပါတယ်လို့၊

    ဇနီးတစ်ယောက်ရဲ့ စိတ်ထားတွေကို အတုယူမိတယ်။ အိမ်ရှင်မအလုပ်ဖြစ်တဲ့ မီးဖိုချောင်အလုပ်မှာ အားနည်းတယ်လို့ ၀န်ခံထားပေမဲ့ သူကလည်း တစ်ဖက်တစ်လည်းကနေ မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုတဲ့ စကားပုံကိုလက်ကိုင်ပြီး ပါရမီ
ဖြည့်ဖက်ပီသအောင် နေထိုင်သူတစ်ယောက်ပါ။ ကိုယ့်မှာရှိတဲ့ အားသာချက်တွေနဲ့ အိမ်ထောင်ခရီးကို ပျော်ရွှင်ဖန်တီးဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ အိမ်ရှင်မတွေအားလုံးလည်း ကိုယ့်မှာရှိတဲ့အားသာချက်တွေနဲ့ မိသားစုဘ၀ကို ပျော်ရွှင်စွာ နဲ့ဖြတ်သန်းနိုင်ကြပါစေလို့၊