အနုပညာရှင်များရဲ့ ကျန်းမာရေးစောင့်ရှောက်မှု

ညိုမင်းလွင်


ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ
    ကျန်းမာရေး စောင့်ရှောက်မှုကတော့  အားကစားလုပ် မလုပ်ဘူး။ အစားအသောက်ဆိုလည်း မတည့်တာတွေ ပိုကြိုက်တယ်။ ဒံပေါက်ကြိုက်တယ်။ အုန်းနို့ခေါက်ဆွဲကြိုက်တယ်။ ကျွန်တော့်ဇနီးက အစားအသောက်ကို သတိထားပြီးကျွေးတယ်။ ထူးထူးခြားခြားကတော့ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါမှာ သိသိသာသာကို ကောင်းသွားတာက ကျွန်တော် အမြဲဖြစ်နေတဲ့ ရောဂါဖြစ်တဲ့ အာသီးရောင်တာ
ကောင်းသွားတယ်။ အလုပ်ပင်ပန်းတဲ့ဒဏ်လည်း ခံနိုင်သွားတယ်။ အရင်တုန်းကဆိုရင် ရေခဲရေမပြောနဲ့ အေးတဲ့ရေတောင် ကျွန်တော်သောက်လို့မရဘူး။ သောက်မိတာနဲ့ အာသီးရောင်ပြီး ဖျားတာပဲ။
အခုအဲလိုမဖြစ်တော့ဘူး။ ဆေးလိပ်ဖြတ်လိုက်တာ ၂ နှစ်နီးပါးရှိပြီ။ နောက်စိတ်ကို အမြဲရှင်းနေအောင်နေတယ်။ စိတ်ချမ်းသာအောင်နေတတ်တာ ကျွန်တော့်ရဲ့ အားသာချက်တစ်ခုပါပဲ။

အောင်လ


အားကစားလုပ်တဲ့နေဆို ခန္ဓာကိုယ်က တစ်နေ့လုံးပေါ့ပါးနေတယ်
    ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျွန်တော် အစားအသောက်လည်း မရှောင်ဖြစ်ဘူး။ ကျန်းမာရေးကို ဂရုမစိုက်တဲ့ထဲမှာပါတယ်။ အဲဒါမကောင်းဘူး။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းမှ အားလုံးက အဆင်ပြေမှာဆိုတော့ ကျန်းမာရေးကို လိုက်စားသင့်တယ်။ ကျွန်တော် ၂ တန်းကျောင်းသား အရွယ်တုန်းကသွေးလွန်တုတ်ကွေး ဖြစ်ဖူးတယ်။ သွေး ၆ ပုလင်းလောက် သွင်းလိုက်ရတယ်။ ကျောင်း ၂ လနီးပါး
ပျက်သွားတယ်။ အဲဒီကစပြီး ခြင်ကိုက်မှာကိုတော့ ကျွန်တော် တော်တော်ကြောက်တယ်။ အိမ်ကလည်း ခြင်မကိုက်အောင်သတိထာပြီး နေခိုင်းတယ်။ ကျွန်တော် ကျန်းမာရေးအတွက် GYM ကစားတယ်။ Table Tennise ရိုက်တယ်။ ရေတော့ တော်တော်ကူးတယ်။ လေ့ကျင့်ခန်းလုပ်တဲ့နေ့ဆိုရင် စိတ်ရောလူရော သိသိသာသာ လန်းဆန်းတယ်လို့ ခံစားရတယ်။ အားကစားလုပ်ထားတဲ့နေ့ဆို ခန္ဒာကိုယ်က တစ်နေ့လုံး ပေါ့ပါးနေတယ်။
စိတ်နဲ့ပတ်သက်လာရင် ကျွန်တော်က စိတ်ညစ်ရင် တစ်ယောက်တည်းနေတာများတယ်။ ဘေးကနေတစ်ယောက်က စကားလာပြောလိုက်ရင် ပိုပြီးစိတ်ညစ်တယ်။ စိတ်ဖိစီးမူများလာရင်တော့ သူငယ်ချင်း
တွေကို ရင်ဖွင့်တယ်။

လင်းဇာနည်ဇော်


ရေများများသောက်တယ်
    စိတ်ကလည်း ကျန်းမာအတွက် အထောက်အကူပြုနေတာဖြစ်တဲ့အတွက် စိတ်ကိုအဓိက ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် အမြဲကြိုးစားတယ်။ စိတ်ညစ်စရာရှိရင်လည်း တစ်ထိုင်တည်းမှာ အကုန်လုံးကို ခံစားလိုက်ပြီး အဲဒီနေရာမှာတင် မေ့လိုက်တယ်။ အရင်တုန်းကဆိုရင် အချိန်တိုင်းအလုပ်လုပ် ပိုက်ဆံရှာချင်နေတဲ့စိတ်က ဟိုတစ်လောက နေမကောင်းဖြစ်လိုက်တဲ့အချိန်မှာ ပိုက်ဆံထက် ကျန်းမာခြင်းက ပိုပြီးအရေးကြီးတယ်ဆိုတာ နားလည်သွားတယ်။ ကျန်းမာမှ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို လုပ်လို့ရမယ်ဆိုတာကို သိသွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစားအသောက်ကတော့ အဆီအစိမ့်ကို မကြိုက်
လို့ မစားဖြစ်ဘူး။ အသီးအနှံကို ပိုကြိုက်တယ်။ ရေများများ သောက်တယ်။ အရင်တုန်းက ခေါင်းလျှော်ရင် အချိန်ကိုသတိမထားပဲ လျှော်တဲ့အခါမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်း အသက်အရွယ် ရလာတဲ့အခါ မှာတော့ ခေါင်းလျှော်တာကို သတိထားပြီး လျှော်တယ်။ ထမင်းစားပြီးရင်လည်း ချက်ခြင်းမထိုင်ပဲ ခြံထဲမှာလမ်းလျှောက်တာမျိုးကိုတော့ မပျက်မကွက်လုပ်တယ်။

ခင်ဝင့်ဝါ


စိတ်ဖိစီးမူများလာရင် သီချင်းနားထောင်လိုက်တယ်
    ကျန်းမာရေးနဲ့ ပတ်သက်လာရင် အစားအသောက်ထဲမှာ အစပ်အရမ်းစားလို့ အိမ်ကအမြဲတားရတယ်။ အစပ်စားတာများရင် ကျန်းမာရေးထိခိုက်မှာ စိုးလို့လေ။ အစပ်ကို တော်တော်ကြိုက်တယ်။ ချဉ်စပ်ကြိုက်တယ်။ မြေအိုးမြီးရှည်ဆိုရင်တစ်ထိုင်တည်း ၂ ပွဲလောက် စားနိုင်တယ်။ နေမကောင်းဖြစ်တာကတော့ ငယ်ငယ်တုန်းက အရမ်းဖျားပြီး ဆေးရုံတတ်ရမလို ဖြစ်ဖူးတယ်။ အဆီအစိမ့်ကို လုံးဝမကြိုက်ဘူး။ အသီးအနှံကို ပိုကြိုက်တယ်။ကန်းစွန်းရွက်နဲ့ ဂေါ်ဖီထုပ်ကို ကြိုက်တယ်။ ခရီးသွားရင်တော့ ရေချိုးတာနဲ့ ရေသောက်တာကို သတိထားတယ်။ အိမ်မှာနေရင်လည်း ညနေဘက်ရေချိုးတာကို ဆင်ခြင်တယ်။ အလုပ်တွေ အရမ်းများလို့ စိတ်ဖိစီးလာတယ်။ အကြောင်းကြောင်းကြောင့် စိတ်ညစ်စရာ ဖြစ်လာတယ်ဆိုရင် သီချင်းနားထောင်လိုက်တယ်။ သီချင်းဆိုရတာလည်းကြိုက်တယ်။ သီချင်းနားထောင်ရတာကိုလည်း ကြိုက်တယ်။