သံယောဇဉ်နဲ့ လက်တွဲခဲ့ကြတယ်

ဓာတ်ပုံ - လမင်းနိုင်
မိတ်ကပ် - ဒီဇင်ဘာနှင်း
နေရာ - NTS Myanmar

(၁)     သားနှစ်ယောက်နဲ့ ပျော်ရွှင်ပြည့်စုံတဲ့ မိသားစုဘ၀ကို တည်ဆောက်ထားတဲ့ အနုပညာရှင် အိမ်ထောင်ရှင်မ ဇင်ဇင်ဇော်မြင့်ပါ။ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ဘ၀ထဲမှာ သူမ ဘယ်လို
အချိုးညီညီ ဖြတ်သန်းနေလဲ။ သားနှစ်ယောက်ရဲ့မိခင်ဘ၀သူ မခံယူချက်တွေက ဘယ်လိုရှိမလဲ။


သူမပြောပြတဲ့ အိမ်ရှင်မ အကြောင်းတွေကတော့...
    ‘‘အိမ်ထောင်ကျတာ ၈ နှစ်ရှိပြီ။ အမျိုးသားနာမည်က ချမ်းကျော်ကျော်ပိုင်ပါ။ သားနှစ်ယောက်ရှိတယ်။ သားကြီးနာမည်က အောင်ကျော်ကျော်ပိုင်။ သားငယ်နာမည်က အေးချမ်းကျော်ကျော်ပိုင် လို့ခေါ်တယ်။ အခုရိုက်ထားတဲ့ ဓာတ်ပုံက သားငယ်ကိုယ်ဝန်နဲ့တုန်းက ရိုက်ထားတဲ့ပုံပါ။’’

(၂)    ‘‘အိမ်ထောင်မကျခင်က ကိုယ်ကအနုပညာရှင် တစ်ယောက်ပေါ့။ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ အိမ်ရှင်မဖြစ်သွားတယ်။ ဘ၀ကတော်တော် ပြောင်းလဲသွားတာတော့ အမှန်ပဲ။ အိမ်ထောင်ကျသွားတော့ ကိုယ့်အချိန်တွေကို ကိုယ်မပိုင်တော့သလို ဖြစ်သွားတယ်။ ဘ၀နှစ်ခုပေါင်းလိုက်တာဖြစ်တဲ့အတွက် ဘ၀ပြောင်းလဲသွားတာ အရမ်း ကိုသိသာတယ်။ သားတွေရှိလာတော့
လည်း သားတွေအတွက်ဆိုတာချည်းပဲ ဖြစ်လာတယ်။ သားတွေရှိလာတဲ့အခါ မိဘကျေးဇူးကိုထဲထဲဝင်ဝင် ပိုပြီးသိလာတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ ဘုရားရှိခိုးတယ်။ ကလေးတွေကို မနက်
ကျောင်းမသွားခင် ဘုရာရှိခိုးခိုင်းတယ်။ ကျောင်းသွားခါနီး မိဘကိုကန်တော့ရတယ်။ ကလေးတွေကို အခုကတည်းက အကျင့်လုပ်ပေးထားတယ်။ သားကြီးက ၄ နှစ်ကျော် သားငယ်က ၆ လကျော်ပြီ။’’

(၃)    ‘‘အမျိုးသားနဲ့က ကော်ဖီဆိုင်မှာတွေ့တာ။  သူ့မိတ်ဆွေတစ်ယောက်က VCD ရိုက်ဖို့ အလုပ်ကိစ္စလာပြောတာကို သူက အဖော်လိုက်တာ အဲဒီမှာတွေ့တာ။ ရည်းစားသက်တမ်း ၁ နှစ်မှာ လက်ထပ်ခဲ့တာ။ တွေ့ပြီးအချိန် နည်းနည်းလေးမှာပဲ ရည်စားဖြစ်သွားတယ်။ အမျိုးသားကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့တာက သူက စိတ်ရင်းအရမ်းကောင်းတယ်။ စိတ်တော့တိုတတ်
တယ်။ သူကဘာသာရေးအလှူ အရမ်းရက်ရော တယ်။ အဓိက က စိတ်ရင်းအရမ်းကောင်းလို့ သူ့ကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ဖြစ်တာပါ။ အကြိုက်ချင်းတော့ မတူဘူး။ လင်မယားဆိုတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့နော်။ အဓိကကတော့ နားလည်မှု။  သံယောဇဉ်။ အိမ်ထောင်တစ်ခုမှာ ချစ်တာတစ်ခုတည်းနဲ့ မရဘူး။ အဓိကက သံယောဇဉ်နဲ့ လက်တွဲသွားကြရတယ်။ အားနည်း
ချက်ဆိုတာ လူတိုင်းမှာရှိတယ်။ လူတိုင်းမှာပြည့်စုံတယ်ဆိုတာ မရှိဘူး။ တစ်ယောက်ရဲ့အားနည်းချက်ကို သည်းခံနိုင်တယ်။ ခွင့်လွတ်နိုင်တယ်။ နားလည်နိုင်တယ်ဆိုရင် သာယာတဲ့အိမ်ထောင်ရေးဖြစ်မှာပါ။’’

(၄)    ‘‘အိမ်ရှင်မ အလုပ်တွေကတော့ အခန်းတွေ သန့်ရှင်းနေတာကြိုက်တော့ အမြဲသန့်နေအောင်ထားတယ်။ အပြင်အဆင်ကိုလည်း အမြဲပြောင်းနေရတာ ကြိုက်တယ်။ တစ်နေရာနဲ့တစ်နေရာ အပြင်အဆင်မတူတာ ကိုကြိုက်တယ်။ အိမ်အပြင်အဆင်ကို အမြဲပြောင်းနေရတော့ စိတ်ကလည်းမရိုးနေဘူး အမြဲပြောင်းလဲ ဆန်းသစ်နေတယ်လို့ ထင်တယ်။ ပန်းတွေကို အရမ်းကြိုက်တော့ အိမ်မှာပန်းနဲ့ အလှဆင်ရတာ ကြိုက်တယ်။ အပြင်
သွားတိုင်းလည်း အိမ်အပြင်အဆင်အတွက် ပန်းလေးတွေကို ၀ယ်ဖြစ်တယ်။’’

(၅)    ‘‘အစားအသောက်ကတော့ ကလေးတွေက တော့ ဟင်းဆိုအချိုပဲ စားတာများတယ်။ သားကြီးက ပြည်ကြီးငါးကို အရမ်းကြိုက်တယ်။ ကိုယ်တိုင်မီးဖိုချောင်ဝင်တာ အရမ်းကိုနည်းပါတယ်။ တစ်ခါ
တရံပဲ လုပ်ဖြစ်တယ်။ အိမ်အပြင်အဆင်ကို လုပ်တာပိုများတယ်။ အိမ်သန့်ရှင်းရတာ ပိုဝါသနာပါတယ်။ ဟင်းသီးဟင်းရွက်ကိုကြိုက်တော့ အိမ်မှာအမြဲချက်ဖို့တော့ပြောတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးစားခြင်းဟာ အသက်အရွယ်တိုင်းအတွက် အရေးကြီးတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း သစ်သီးတွေကို ကြိုက်သလို ကလေးတွေအတွက်လည်း သစ်သီးတွေကို အမြဲစားဖို့အလေ့အကျင့် လုပ်ထားတယ်။ ကလေးတွေကို သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး မျှတအောင်စားဖို့ အမြဲသတိထားပြီး ကျွေးတယ်။’’

(6)    ‘‘ကလေးကျောင်းသွားပြီဆိုရင်တော့ ကိုယ်ပိုင်အချိန်ရှိသွားပြီ။ဈေးဝယ်ထွက်တယ်။ အခုနောက်ပိုင်း သားငယ်လေးရှိနေတော့ အပြင်တော့သိပ်မထွက်ဖြစ်ဘူး။ အိမ်ရှင်မတစ်ယောက်က အိမ်ထောင်ကျသွားပြီဆိုပြီး အိမ်ထဲမှာနေတာမျိုး မဖြစ်သင့်ဘူး။ ပြင်ပဗဟုသုတလည်း ရှိသင့်တယ်လို့ ထင်တယ်။ အလှအပနဲ့ပတ်သက်ရင် အိမ်ရှင်မမှ မဟုတ်ပါဘူး။ မိန်းကလေးတိုင်း ပြင်ပြင်ဆင်ဆင်နေသင့်တယ်။ အိမ်ထောင်သည်တွေကလည်း အ
ရမ်းကြီး အလှပြင်တာမျိုးမဟုတ်ပဲ သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းလေး လှနေသင့်တယ်လို့ ထင်တယ်။ လုပ်ငန်းခွင်အနေနဲ့ရော၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ရော ရှိသင့်တဲ့ အလှအပရှိရမယ်။ အလှအပအတွက် နည်းနည်းလေးတွေ အချိန်ပေးသင့်တယ်။ တစ်ချို့တွေကျတော့ အချိန်မပေးနိုင်ဘူးဆိုတာမျိုးလည်း ရှိတယ်။ ကိုယ်တိုင်က အလှအပကို ကြိုက်တဲ့သူဆိုတော့ အလှအပကိုတော့ သတိထားပြီးပြင်တယ်။ နောက်ပြီး အိမ်ရှင်မတွေကလေးမွေးပြီး အိမ်ထောင်ကျသွားရင် ၀လာတတ်တယ်။ ဒါက သဘာဝပဲ။ သဘာဝအတိုင်းတော့ ဖြစ်နေမှာပဲ။ ဒါကိုအရမ်းကြီး ၀မသွားအောင် အားကစားလုပ်တာတို့။ အစားအသောက်ကို သတိထားပြီး စားရမယ်။ ညနေဘက်ကိုလျော့စား။ အိပ်ခါနီးရင်မစားနဲ့၊ ဟင်းရွက်သစ်သီး များများစားသင့်တယ်။ ခန္ဒာကိုယ်အလေးချိန်ကို ထိန်းသင့်တယ်လို့ ထင်တယ်။’’

    အိမ်ထောင်ရှင်မတိုင်း လှပနေသင့်တယ်လို့ ဇင်ဇင်ဇော်မြင့်က အကြံပြုထားပါတယ်။ နောက်လမှာလည်း သူ့လိုပဲလှပနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။