ကိုယ်တိုင်စိတ်က လောဘမကြီးတတ်ဘူး…အိမ်ထောင်ရှင်မ သီရိဆွေ

ဓာတ်ပုံ-လမင်းနိုင်
နေရာ- 64 Vanue

    သားတစ်ယောက်မိခင်… ကိုဟန်ထွန်းဇော်ရဲ့ဇနီး အိမ်ထောင်ရှင်မ အနုပညာရှင် သီရိဆွေကို ဒီလ ဘ၀လက်တွဲဖော်ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ အိမ်ထောင်ရှင်မတွေဟာ ယနေ့ခေတ်မှာ အိမ်ထဲမှာနေတာထက် ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး ဘ၀ကို ဖြတ်သန်းနေကြတယ်။ အလှအပကိုလည်း မျက်ခြေမပျက်ပဲ လှပခြင်းဆိုတဲ့အရာနဲ့ အမြဲလှပနေကြတဲ့ အိမ်ထောင်ရှင်မတွေ
ဖြစ်လာပါပြီ။ ဂီတအနုပညာရှင် သီရိဆွေကို လှပနေတဲ့ ဖက်ရှင်ပုံစံနဲ့တွဲဖက်လို့ အိမ်ရှင်မအကြောင်းတွေမေးဖြစ်ခဲ့ရာ...
    
    မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
    မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို အခုမှလေ့လာသင်ယူနေတုန်းပဲ ရှိပါသေးတယ်။ အရင်တုန်းကတော့ မိဘမောင်နှမတွေနဲ့နေတဲ့ မိသားစုပေါ့နော်။ အခုမှ ကိုယ်ပိုင်မိသားစုလေးရတာပေါ့။ သားလေး
တစ်ရက်ပြီးတစ်ရက် အရွယ်လေးရလာတာကိုကြည့်ပြီး မိသားစုဆိုတဲ့ အသိုင်းအ၀ိုင်းလေးကို ခံစားချက်တစ်မျိုးကို ခံစားရပါတယ်။

    ကိုယ်ပိုင်မိသားစုကို တည်ဆောက်ပြီး မိခင်နေရာ အိမ်ရှင်မ နေရာရောက်သွားတဲ့ ခံစားချက်ကရော။
    အရင်တုန်းက ကိုယ်က သားသမီးနေရာက ပေါ့နော်။ အခုလက်ရှိနဲ့ဘယ်လိုမှ မတူနိုင်ဘူးလို့ထင်ပါတယ်။ မိဘဖြစ်လာတဲ့အခါ မိဘတွေရဲ့ ခံစားချက်ကို ပိုပြီးနားလည်လာတယ်။ ကိုယ်ချင်းစာတတ်သွားတဲ့ အနေအထားတွေ အများကြီးရှိပါတယ်။

    သားကို ပထမဆုံးမြင်လိုက်တုန်းက ဘယ်လိုခံစားရလဲ။
    ကိုယ်ဝန်ရှိတဲ့အချိန်က ခံစားချက်၊ သားကိုအပြင်မှာမြင်ရတဲ့ ခံစားချက်၊ သားတစ်ရက်ပြီး တစ်ရက် အရွယ်ရလာတဲ့ ခံစားချက်အားလုံးက မတူဘူး၊ မိဘကိုချစ်တဲ့ ကိုယ့်ရဲ့စိတ်၊ ကိုယ့်အမျိုးသားကို ချစ်တဲ့စိတ်။ ကိုယ်ပိုင်ချစ်တတ်တဲ့ စိတ်တွေနဲ့ကို မတူဘူး။ သားကိုချစ်တဲ့စိတ်က ငါလူတစ်ယောက်ကို တော်တော်ချစ်တတ်ပါလားဆိုတဲ့ အရာအားလုံးကို ချစ်တဲ့စိတ်ထက် အများကြီးပိုတယ်။
အချစ်နိုင်ဆုံးပဲလို့ ထင်ရတယ်။ ချစ်တယ်ဆိုတဲ့အရာက အခုမှသေသေချာချာ ပေါ်လာတယ်လို့ ခံစားရတယ်။

    မိခင်ဆိုတာကို ဘယ်လိုအဓိပါယ်ဖွင့်မလဲ။
    သားသမီးတွေအတွက် ၂၄ နာရီအချိန်ပြည့်ကျောရိုးပေါ့။

    သားရဲ့ပြောင်းလဲလာတဲ့ အမူအကျင့်တွေကို ပြောပြပေးပါလား။
    သားက ၅ လ ရှိပြီ။ သားကအရမ်းအေးတယ်။ သူဖာသာနေတာ များတယ်။ အိမ်မှာကလေးရှိတယ်လို့တောင် မထင်ရဘူး။

    အိမ်ရှင်မအကြောင်း မေးတော့မယ်။ အိမ်ရှင်မ အလုပ်တွေလုပ်တတ်ပြီလား။
    ထမင်းကို ချက်စားတာထက် အပြင်ထွက်စားဖြစ်တာ များတယ်။ အမျိုးသားကြိုက်တဲ့အစားအစာ တော်တော်များများ ချက်တတ်တယ်။ သူ့ကိုချက်ကျွေးတာ များတယ်။ အမျိုးသားက အစားအသောက် ဂျီးမများဘူး။ မိဘနဲ့နေကတည်းက အချက်အပြုတ် ၀ါသနာပါတယ်ဆိုတော့ ချက်တာကိုတော့ မိဘနဲ့ကတည်းက ချက်ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ကြိုက်တဲ့ အစားအစာကို ပိုပြီးချက်တတ်အောင် ကြိုးစားတယ်။

    မီးဖိုချောင်အလုပ်အပြင် အိမ်နဲ့ပတ်သတ်ပြီး တစ်ခြားဝါသနာပါတာမျိုးရောရှိလား။
    အိမ်အလှဆင်တာကိုတော့ ၀ါသနာမပါဘူး။ သန့်သန့်ရှင်းရှင်း နေရရင်ရပြီ။ အိမ်အလှဆင်တာကတော့ အမျိုးသားက ၀ါသနာပါတယ်။

    အမျိုးသားနဲ့က ဘယ်လိုတွေ့တာလဲ။
    အရင်ကတည်းက သူငယ်ချင်းတွေ။ အရမ်းခင်တဲ့ သူငယ်ချင်းအဖြစ် ၁၀ နှစ်လောက်သိခဲ့ကြတယ်။ အိမ်ထောင်မကျခင် ၆ နှစ်လောက်  ရည်းစားဖြစ်ပြီးမှ လက်ထပ်ခဲ့တာ။

    မိန်းကလေး တစ်ယောက်အတွက် အိမ်ထောင်ဖက်က ဘယ်လောက်ထိအရေးပါလဲ။
    သူအတွက်လည်း အရေးပါတယ်။ ကိုယ့်အတွက်လည်း အရေးပါတယ်။ သမီးရည်းစားဘ၀မှာက ပုံစံတစ်မျိုးပေါ့နော်။ အိမ်ထောင်ကျသွားပြီးတဲ့အခါမှာကျတော့ သူမကြိုက်တာ ကိုယ်မလုပ်ရ
ဘူး။ ကိုယ်လုပ်ရင်လည်း သူကြိုက်မှာမဟုတ်ဘူး။ ကိုယ်ချင်းစားစိတ်နဲ့ သွားပါတယ်။

    ဂီတကိုရော သူကအားပေးလား။
    သူက ဘာမှမပြောဘူး။

    နှစ်ယောက် အဆင်မပြေတာတွေကို ဘယ်လိုဖြေရှင်းလဲ။
    သမီးရည်းစား ဘ၀တုန်းက ပိုပြီးရန်ဖြစ်ကြတယ်။ အိမ်ထောင်မကျခင် တစ်နှစ်လောက်မှာ စေ့စပ်တယ်။ အဲဒီနောက်ပိုင်း ရန်ဖြစ်တာအရမ်းရှားသွားတယ်။ သူငယ်ချင်းလိုလည်း နှစ်တွေ အကြာကြီး နေခဲ့ကြတာဆိုတော့လေ တစ်ယောက်အကြောင်းတစ်ယောက် သိတဲ့အနေအထားမှာ ရှိတယ်။ နားလည်မှု အပြည့်ရှိလာတဲ့ အနေအထားမှာ ရှိကြတယ်။

    သူ့ကို ဘယ်လိုအချက်တွေနဲ့ အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တာလဲ။
    စိတ်နေစိတ်ထား ရိုးသားတယ်လို့ ခံစားရတယ်။ နောက်ပြီး သူ့ကိုလက်ထပ်တော့မယ်ဆိုတော့ အကြောင်းအရာတွေ အများကြီးနဲ့ စဉ်းစားတယ်။ သူ့ကို ကိုယ်နားလည်နိုင်မလား ဆိုတာလည်း
စဉ်းစားတယ်။ သူ့ရဲ့ကောင်းတဲ့အချက်၊ မကောင်းတဲ့အချက်၊ ကိုယ်သည်းခံနိုင်မလား၊ သည်းမခံနိုင်ဘူးလား အဲဒါလည်းစဉ်းစားတယ်။ သူကိုယ့်အပေါ်မှာ ထားတဲ့စိတ်ရှည်မှု။ ကိုယ်ကရော သူ့ကို အဲလိုစိတ် ပြန်ထားပေးနိုင်မလား စဉ်းစားပါတယ်။ အဲဒါမှ နှစ်ယောက်အဆင်ပြေမှာ။ ငါ့ကိုဒါလုပ်ပေးရမယ်။ ဒါမလုပ်ပေးရင် မရဘူးဆိုတဲ့ တစ်ဖက်သတ်စိတ် များများထားရင် ကိုယ်လည်းစိတ်မချမ်းသာရ
ဘူး။ ဒီ relationship ကလည်း ခိုင်မြဲပြီးပျော်စရာကောင်းမှာမဟုတ်ဘူး။ အဲဒါကြောင့်သူဆီက အယူချည်းပဲဆိုတာထက် ငါကရောဘာပြန်ပေးနိုင်မလဲဆိုတာကို စဉ်းစားတယ်။

    အခုလက်ရှိ အိမ်ထောင်ရှင်မ ဘ၀ဖြတ်သန်းနေပုံကို ပရိသတ်အတွက် ပြောပေးပါဦး။
    သားအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်အောင်၊ အမျိုးသားအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြီးနေတယ်။ နောက်ပြီး ကိုယ်တိုင်စိတ်ကိုက လောဘမကြီးတတ်ဘူး။ သူများဆီက အယူချည်းပဲထက် ငါကရော ဘယ်လိုပြန်ကောင်းပေးနိုင်မလဲ ဆိုတဲ့ စိတ်ကိုပါ မျှတွေးတတ်တော့ အေးချမ်းတယ်။ အိမ်ထောင်မကျခင်တုန်းကပုံစံနဲ့ အခုလက်ရှိဘ၀အများကြီး ကွာခြားနေပြီဖြစ်တဲ့အတွက် အခုဖြတ်
သန်းနေတဲ့ဘ၀မှာ  လေ့လာသင်ယူစရာတွေကို လေ့လာရင်း ဘ၀ကိုဖြတ်သန်းနေပါတယ်။

    ဂီတကိုရော ဆက်လုပ်ဖို့ရှိလား။
    ရှိတယ်။ တစ်ကိုယ်တော်အခွေအတွက်လည်း ကြိုးစားနေတယ်။ show ပွဲတွေလည်းဆိုဖို့ရှိပါတယ်။ သင်္ကြန်သီချင်းခွေတွေမှာလည်း ပါဝင်သီဆိုထားပါတယ်။

    အိမ်ထောင်ကျသွားပေမဲ့ သူမရဲ့ ဂီတအနုပညာတွေကို ပရိသတ်မြင်တွေ့နေရဦးမှာပါ။ ဂီတကိုဆက်ပြီးလုပ်သွားမှာပါလို့ ပရိသတ်ကို နှုတ်ဆက်စကားပြောသွားပါတယ်။