Celebrity Health

ပိုင်ဇေရဲထွန်း (ဘောလုံးပုံမှန်ကန်ဖြစ်တယ်)


    ကျွန်တော့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အားကစားနဲ့ ပတ်သက်လာရင် ဘောလုံးပုံမှန်ကန်ဖြစ်တယ်။ တိုက်ကွန်ဒိုကတော့ အခုနောက်ပိုင်း မကစားဖြစ်တော့ဘူး။ သားနဲ့သမီးကို တိုက်ကွန်ဒိုသင်ပေးမယ်လို့ စိတ်ကူးတယ်။ ကလေးတွေကို တိုက်ကွန်ဒိုသင်ပေးဖြစ်ရင်တော့ ကျွန်တော်ပြန်ကစားဖြစ်မယ်။ ကိုယ်လက်လှုပ်ရှား အားကစားတော့ ပုံမှန်မလုပ်ဖြစ်ဘူး။ ဒါက ကျွန်တော့်ရဲ့ အားကစားနဲ့ ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ။ အစားအသောက်နဲ့ ပတ်သက်ရင်တော့ ကျွန်တော်က အချဉ်ကြိုက်တယ်။ မရမ်းသီး၊ သရက်သီး ကြိုက်တယ်။ ဟင်းထဲမှာဆိုရင် ကြက်သားပြုတ်ကြော်၊ ၀က်သားပြုတ်ကြော် ကြိုက်တယ်။ ကော်ဖီကြိုက်တယ်။ အခုနောက်ပိုင်း ကော်ဖီသောက်ရင် ရင်တုန်တာ၊ ညဘက်အိပ်မပျော်တာတွေ ဖြစ်လာတော့ ကော်ဖီလျော့သောက်နေတယ်။ မနက်စာ များများစားတယ်။ မနက်စာဆိုရင် မုန့်ဟင်းခါး၊ ထမင်းကြော်၊ ပဲပလာတာ၊ အီကြာကွေး အရမ်းကြိုက်တယ်။ ထူးထူးခြားခြား ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတာကတော့ ပရိသတ်တွေလည်း သတိထားမိအောင် ပြောချင်တယ်၊ ကျွန်တော်နေပူထဲက ပြန်လာလာချင်း အရမ်းပူတာနဲ့ ခေါင်းကို ရေလောင်းလိုက်တာ အာရုံကြောထိခိုက်သွားပြီး ဆေးခန်းပြရတဲ့အထိ ဖြစ်ဖူးတယ်။ ပရိသတ်တွေလည်း သတိထား ဆင်ခြင်သင့်တဲ့ အရာပေါ့နော်။

မိုးဟေကို (စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်အောင် ထားတယ်)


    လူတစ်ယောက်ရဲ့ ကျန်းမာရေးက စိတ်နဲ့လည်း တိုက်ရိုက်ဆက်သွယ်နေတော့ စိတ်ကိုရှင်းရှင်းလင်းလင်းဖြစ်အောင် အဓိကထားပါတယ်။ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ချက်ခြင်းဖြေရှင်းပြီး စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ထားတယ်။ အလုပ်ကလည်း စိတ်နဲ့ပတ်သက်ပြီးလုပ်ရတဲ့ အနုပညာအလုပ်ဖြစ်နေတဲ့အတွက် စိတ်ထိခိုက်လို့ကို မရတာ။ စိတ်ညစ်လာရင် ခရီးထွက်တယ်။ သီချင်းနားထောင်တယ်။ စိတ်ရှုပ်စရာပြဿနာတွေကြားထဲက ခဏထွက်သွားလိုက်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစားသောက်ကိုတော့ သတိထားစားပါတယ်။ အဆီအဆိမ့်ကို လျှော့စားတယ်။ သစ်သီးတွေကို ပုံမှန်စား တယ်။ လေ့ကျင့်ခန်းပုံ မှန်လုပ်တယ်။ ကျန်းမာရေးပတ်သက်ပြီး ပြောချင်တာကတော့ ဖြစ်မှကုတာထက်၊ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါလို့ ပြောချင်ပါတယ်။

မေကဗျာ (ဟင်းကိုတော့ အာဟာရမျှတအောင် စားတယ်)


    ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းမှုကတော့ အစားအသောက်မှာ အိမ်ကနေ့စဉ်ပုံမှန် ဟင်းချက်တဲ့အခါ အာဟာရစုံအောင် ချက်လေ့ရှိတယ်။ ချဉ်ဟင်းတစ်ခွက်၊ အသားဟင်းတစ်ခွက်၊ အရွက်ကြော်တစ်ခွက် ပုံမှန်ချက်တော့ အာဟာရမျှတတာပေါ့နော်။ အပြင်ကအစားအသောက်တွေကို စားတာနည်းတယ်။ ဒါကကောင်းတဲ့အချက်ပေါ့။ မကောင်းတဲ့အချက်က မကြိုက်တဲ့အစားအစာဆို နည်းနည်းလေးတောင် မစားတဲ့အကျင့်ရှိ တယ်။ အဆီအဆိမ့် လုံးဝမစားဘူး။ အချိုလုံးဝ မကြိုက်ဘူး။ အအေးဖျော်ရည်တွေ မကြိုက်ဘူး။ ဒီတော့ ကျန်းမာရေးမှာ အားနည်းချက် ရှိလာတယ်။ အချိုမစားတော့ သကြားဓာတ်ခန္ဓာကိုယ်မှာ လိုအပ်လာပြီး ခဏခဏမူးလဲတာတို့ ဖြစ်လာတယ်။ ဆရာဝန်သွားပြကြည့်တော့ သကြားဓာတ်ခန္ဓာကိုယ်မှာ အရမ်းလိုအပ်နေတဲ့အတွက် ဖြစ်တာလို့ ပြောတယ်။ အခုနောက်ပိုင်း သကြားလုံးအမြဲဆောင်ထားတယ်။ သကြားလုံးကိုလည်း ခေါင်းမူးချင်ပြီဆိုတဲ့ အချိန်မှစားတယ်။ ဒါကတော့ မကောင်းတဲ့အချက်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဆီအဆိမ့်၊ အချို၊ အချဉ်ဆိုတာ နည်းနည်းဆီတော့ လိုအပ်တာပါပဲ။ လုံးဝမစားတာမျိုး မဖြစ်သင့်ဘူး။ ကိုယ်တိုင်ရဲ့အားနည်းချက်က မကြိုက်ရင် လုံးဝမစားတာမျိုးရှိတော့ ကျန်းမာရေးမှာ အားနည်းချက်တွေ ရှိလာတယ်။ လေ့ကျင့်ခန်းဆိုလည်း ၁၃ နှစ်သမီးအရွယ်ကတည်းကစပြီး အခုနောက်ပိုင်း တော်
တော်ကြာပြီ လေ့ကျင့်ခန်း မလုပ်ဖြစ်တော့တာ။ အိမ်မှာက အိမ်အကူမရှိတော့ မေမေနဲ့ နှစ်ယောက်အိမ်ကိစ္စလုပ်ရတာမျိုးရှိတော့ လေ့ကျင့်ခန်းကို ထွေထွေထူးထူး မလုပ်ဖြစ်တော့တာလည်းပါမယ်။

ထားထက်ထက် (မနက်အိပ်ယာထတိုင်း ရေတစ်ခွက်ကို ပုံမှန်သောက်တယ်)


    ကျန်းမာရေးစောင့်ရှောက်မှုကတော့ နေ့စဉ်လေ့ကျင့်ခန်း ၁၅ မိနစ် လုပ်ဖြစ်တယ်။ နေမကောင်းတဲ့နေ့တွေကလွဲပြီး ရေချိုးခါနီး ပုံမှန်လုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ဂျွန်းဘားကစားသမားဆိုတော့ ပုံမှန်လုပ်ရတယ်။ အခုနောက်ပိုင်းကလေးတွေကို ဂျွန်းဘားသင်ပေးရင်းနဲ့ ကိုယ်တိုင်လည်း ပုံမှန်လေ့ကျင့်ခန်း လုပ်သလိုဖြစ်နေတယ်။ အားကစားသမားဆိုတော့ အစားအသောက်ထိန်းရတာမျိုး မရှိဘူး။ ပုံမှန်မနက်အိပ်ယာထတိုင်း ရေများများသောက်တယ်။ မနက်စာများများတယ်။ နေ့လည်စာလည်း ပုံမှန်စားတယ်။ ညနေပိုင်း အသီးဖျော်ရည်၊ အသီးအနှံစားတာများတယ်။ လူတစ်ယောက်အတွက် ကျန်းမာရေးက အရေးအကြီးဆုံးပါပဲ။ ဘယ်လောက်ပဲ အောင်မြင်နေပါစေ ကျန်းမာရေးကောင်းမှ တကယ်စစ်မှန်တဲ့ အောင်မြင်မှုကိုရမှာပါ။ အသက်ငယ်ငယ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ ကျန်းမာရေးက နံပါတ်(၁)အရေးကြီးဆုံးပါပဲ။