Celebrity Health

လူမင်း (တစ်နေ့လုံး အလုပ်တွေလုပ်နေတာလည်း ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုပါ)
    ကျန်းမာရေးကတော့ လူတိုင်းဂရုစိုက်သင့် တဲ့ အရာပါ။ ကျွန်တော့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပြောပါဆိုရင် လူက မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်ပြီဆိုတာနဲ့ အလုပ်တွေက စတာပဲ။ အစည်းအရုံးအလုပ်၊ ဇာတ်ကားရိုက်၊ တစ်ခြား လူမှုရေးအလုပ်၊ အဲဒါတွေနဲ့ အချိန်ပြည့်ဆိုတော့ ကျန်းမာရေးက ထူးထူးခြားခြားစောင့်ရှောက်စရာ မလိုဘဲ။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးသားဖြစ်သွားတယ်။ စိတ်ပင်ပန်းရတာကတော့ရှီ တယ်။ အလုပ်တိုင်းမှာ စိတ်ပင်ပန်းမှု မရှိဘူးဆိုတာမှ မရှိတာ။ ဒါက ကိုယ်က စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုကိုခံမနေဘဲ မေ့မေ့ပျောက်ပျောက်နေလိုက်ရင် အားလုံးက ခနလေးနဲ့ပြီးသွားတယ်။ တစ်နေ့တာ အလုပ်ပြီးလို့ အိမ်ရောက်သွားပြီဆိုတာနဲ့ အလုပ်ကိုမေ့လိုက်ပြီး မိသားစုအတွက် အချိန်ပေးလိုက်တယ်။ သားနဲ့သမီးနဲ့ အချိန်ကုန်လိုက်တယ်။


ဆန်းတိုးနိုင် (အဆီများတဲ့ အစားမျိုးကို မကြိုက်ဘူး)
    ကျန်းမာရေးက လူတစ်ယောက်အတွက် အရေးကြီးဆုံးပါ။ ကျန်းမာမှ လူမှုကိစ္စများကို လုပ်နိုင်မှာ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အားနည်းချက်က ရေချိုးခေါင်းလျှော်ပြီးရင် ခေါင်းကိုရေခြောက်အောင် မသုတ်တတ်တာပါပဲ။ ပူရင် မနေတတ်တော့ တစ်နေ့ကို ရေ ၃ ခါလောက် အ နည်းဆုံးချိုးဖြစ်တယ်။ အစားအသောက်မှာတော့ မသန့်ရှင်းဘူးလို့ စိတ်ကထင်တဲ့အစားအစာကလွဲ ပြီး ကျန်တာအကုန်စားတယ်။ အဆီများတဲ့ အစား အစာမျိုးကိုတော့ မကြိုက်ဘူး။ ဟင်းအနှစ်တွေကို မကြိုက်ဘူး။ ကြော်တာမကြိုက်ဘူး။ ကင်တာ ကြိုက်တယ်။ လူတော်တော်များများက ကျန်းမာရေးနဲ့ ပတ်သက်ရင် ဖြစ်မှကုတတ်တယ်။ ဒါမျိုးကို ရှောင်ပြီး ကြိုတင်ကာကွယ်သင့်တယ်လို့ ကျွန်တော် ထင်တယ်။

ဆုန်သင်းပါရ် (ရေခဲရေ လုံးဝမသောက်ဘူး)
    ဟင်းကို အပေါ့စားတယ်။ ချင်းအစားအစာတွေ စားတာများတယ်။ အိမ်မှာ ဆီမသုံးဘူး။ နေ့တိုင်း ဟင်းရည်တစ်ခွက် အမြဲချက်တယ်။ ဟင်းရည်ကိုလည်း ဘာမှမထည့်ပဲ အရွက်ပြုတ်ပုံစံမျိုးချက်တယ်။ အသားဆိုလည်း ပြုတ်စားတာ များတယ်။ မိသားစုတွေအားလုံးက ဒီလိုပုံစံမျိုး ချက်ပြုတ်စားရတာကို အရမ်းကြိုက်ကြတယ်။ ဒီလိုစားတော့ ကောင်းကျိုးတစ်ခုက မေမေဆိုရင် အသက် ၇၀ နားနီးပြီ သွေးတိုး၊ ဆီးချိုမဖြစ်ဘူး။ အဖွားဆိုလည်း နယ်မှာ အသက် ၉၀ ကျော်ပြီ။ အိမ်က ဒီလိုဟင်းပုံစံမျိုးတွေချက်တော့ အပြင်စာစားရတာ တစ်ခါတလေ ပြဿနာတက်တယ်။ အပြင်စာဆိုရင် ပေါ့ပေါ့ကြိုက်တယ်။ ရေခဲရေလုံးဝ မ
သောက်ဘူး။ အိပ်ရေး၀၀ အိပ်တယ်။ ကလေးထိန်းနေရတော့ အားကစားက လုပ်စရာမလိုဘဲ အားကစားလုပ်ပြီးသား ဖြစ်သွားတယ်။ ကျန်းမာရေးသုတအနေနဲ့ကတော့ နယ်မှာတုန်းက တစ်ခုခုဖြစ်ရင် ရန်ကုန်ထိလာရတယ်။ ဒီတော့ အများစုက ဆေးမြီးတိုတွေနဲ့ ကုကြတယ်။ ဒီတော့ ရောဂါဆိုးဝါးပြီး အသက်ဆုံးရှုံးသွားကြတာမျိုးတွေ ရှိတယ်။ အဲဒါကို ဗဟုသုတယူပြီး နှာဆီး၊ ချောင်းဆိုးတာကအစ ဆေးခန်းကိုသွားတယ်။

စိုးပြည့်သဇင် (စိတ်ငြိမ်းချမ်းအောင်နေတယ်)
    ၇ နှစ်အရွယ်ကတည်းက တရားထိုင်တယ်။ ၁၄ နှစ်အရွယ်ကနေစပြီး တရားစခန်းကို ၀င်ဖြစ်တယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်တော့ မိသားစုတွေအားလုံး သေသေချာချာ လုပ်ကြတယ်။ စိတ်ငြိမ်းချမ်းအောင် နေတယ်။ စိတ်ငြိမ်းချမ်းတော့ စိတ်ချမ်းသာပြီး ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်။ အစားအသောက်မှာ မြန်မာအစားအစာမျိုး ကြိုက်တယ်။ ချဉ်ငံစပ်၊ အသုပ် ကြိုက်တယ်။ အားကစားကတော့ အမြဲတမ်း
မလုပ်ဖြစ်ဘူး။ အိမ်မှာပဲ စက်နဲ့ ပြေးတာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်တယ်။ မိုးလင်းရင်တော့ ရေတစ်ခွက်အမြဲသောက်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် အလုပ်အရမ်းများလို့ စိတ်ပင်ပန်းရင် ပဲ နေထိုင်မကောင်းဖြစ်တတ်တော့ စိတ်ကိုပဲ အဓိက ဂရုစိုက်ပါတယ်။