ပျော်စရာ ကမ္ဘာလေးဖန်တီးထားတဲ့ အိမ်ရှင်မ

Photo - LMN

    အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အချစ်ကို ခံယူထားနိုင်သလို ပျော်ရွှင်အောင်မြင်တဲ့ မိသားစုဘ၀တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်နဲ့အတူ ခင်ပွန်းဦးစိုင်းမိုးစံနဲ့ သမီးလေးနွေးဝင့်ဝါဧ(ခ)ကီးကီးတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို ပုံဖော်တင်ဆက်ပေးလိုက်ပါတယ်။


    အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ခံယူချက်ဆိုရင် နားလည်မှုတွေနဲ့ ပျော်ရွှင်မှုတွေနဲ့ သေတပန်သက်တဆုံးပေါင်းရဖို့၊ အထီးကျန်မှုကိုလွတ်မြောက်နိုင်မယ့် သွေးသားအရင်းအချာတွေရှိတဲ့ ပျော်စရာကမ္ဘာလေးပါ။

    မိုးပြည့်ကသရုပ်ဆောင်ဆိုတော့ အိမ်အလုပ်ကို ပုံမှန်တော့မလုပ်ဖြစ်ဘူးလေ။ ဒါပေမဲ့အိမ်မှာ ရှိပြီဆိုရင်တော့ သမီးနဲ့ ကိုကြီးနားမှာ အချိန်ပြည့်နေပေးတယ်၊ သမီးလေးနားမှာအိပ်တယ်၊ သမီးကို သီချင်းဆိုသိပ်တယ်။ မနက်မိုးလင်းရင်မျက်နှာ အတူတူသစ်ကြတယ်။


    သမီးလေးကို ကျောင်းပို့တယ် တစ်ခါတလေ ကိုကြီးရုံးပိတ်ရက်နဲ့ကြုံရင်တော့ ဟင်းချက်စားဖြစ်တယ်။ သူလဲဟင်းချက်ကောင်းတယ်။ မိုးပြည့်ကိုယ်တိုင်လည်း ဟင်းချက်တယ်။ သမီးကိုလည်း ခွံ့ကျွေး၊ ကိုကြီးနဲ့လည်း ထမင်းလက်ဆုံစားဖြစ်တယ်။
 

 

    မိုးပြည့်တို့နှစ်ယောက်စလုံးက တလှည့်စီခရီးထွက်ရတာများတယ်။ ဘာမှကြိုစီစဉ်လို့မရဘူး။
    အဲ့တော့ နှစ်ယောက်စလုံး အိမ်မှာနေပြီဆိုရင် သမီးလေးအတွက် ဘာလုပ်ပေးရမလဲပဲ စဉ်းစားပြီး သမီးဆန္ဒကိုပဲ ဦးစားပေးဖြစ်ကြတော့တယ်။


    မိုးပြည့်တို့ နှစ်ယောက်စလုံးအလုပ်အားတဲ့ ညနေဘက်မျိုးဆိုရင်တော့ သမီးလေးစက်ဘီးထွက်စီးချင်ရင် သူ့ကိုစက်ဘီးစီးရင်းနဲ့ မိုးပြည့်တို့လည်း စိတ်လွတ်လပ်လွတ် အပန်းဖြေကြတယ်။


    ဆင်ကြီးမိုမိုကြည့်ချင်တယ်ဆိုရင် တိရစ္ဆာန်ရုံ၊ ကစားကွင်း၊ အဖေနဲ့အမေကြားမှာ သီချင်းဆိုချင်ရင်လည်း အိမ်က ကာရာအိုကေ၊ ဒါမှမဟုတ် သူ့အဖိုးအဖွားတွေဆီ အလည်သွားတယ်။