Eating In Indonesian Style

Photo-La Min Naing

    ဒီတစ်လမှာတော့ People ရဲ့ ပရိသတ်ကြီးအတွက် အာရှဒေသရဲ့ အရသာကို မြည်းစမ်းကြည့်နိုင်ဖို့ အင်ဒိုနီးရှား ရိုးရာအစားအစာများကို တင်ဆက်ပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ ။ People's Park  
မှာ ဖွင့်လှစ်ထားတဲ့ Ayam Penyet AP Myanmar Indonesian Restaurant က အင်ဒိုရိုးရာ အငွေ့အသက်များနဲ့ ဟင်းလျာများကို စာမျက်နှာပေါ်မှတစ်ဆင့် အကြိုမြည်းစမ်းကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Ayam Penyet AP
    Ayam Penyet AP က အင်ဒိုနီးရှားရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အရှေ့ဂျာဗား၊ အနောက်ဆူမားတြား ပြည်နယ်တွေမှာ အဓိက စားသုံးလေ့ရှိပါတယ်။ Ayam Penyet AP အမည်ရ ကြက်ကြော်ကိုတော့ အရှေ့ဂျာဗားရဲ့ ထင်ရှားကျော်ကြားတဲ့ အစားအစာတစ်မျိုးလို့တောင် သတ်မှတ်ထားကြပါတယ်။

ပြင်ဆင်ချက်ပြုတ်နည်း
    ကြက်သားရင်အုံ၊ ကြက်ပေါင်များကို ရေစင်အောင်ဆေးပြီး (Bumbu Ayam Penyet)လို့ခေါ်တဲ့ ဟင်းခတ်အမွှေးအကြိုင်(Spices) တွေ ပါဝင်တဲ့ဆော့နဲ့ တစ်နာရီခန့်ကြာအောင် အရင်ဆုံးပြုတ်ရပါတယ်။ အနံ့အရသာ မွှေးကြိုင်စေဖို့ စပါးလင်၊ ရှောက်ရွက်၊ ပဒဲကောတွေကို ကြက်ပြုတ်တဲ့အခါ ထည့်ပြုတ်ပေးပါတယ်။
    Tepung KFC  ၊ Topioca စတဲ့ အကြော်မှုန့်များ ၊ ကြက်ဥ ၊ Sebuk jintan Buah Ketas (အင်ဒိုနီးရှား အစားအစာများမှာ သုံးလေ့ရှိတဲ့ ဟင်းခတ်တစ်မျိုး)တို့ကိုရောပြီး အရည်ဖျော်ထားတဲ့ အထဲမှာ ပြုတ်ထားတဲ့ကြက်သားကိုနှစ်ပြီး ကြော်ပေးရပါတယ်။ ကြွပ်ရွအောင်ကြော်ထားတဲ့ ကြက်သားကို အနည်းငယ်ထုပေးပြီးနောက်  Sambal Sauce ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့နဲ့ လှပအောင်ပြင်ဆင်ပြီး တွဲဖက်စားသုံးနိုင်ပါပြီ။  
    ကြက်သားကြော်နဲ့ တွဲဖက်စားသုံးမယ့် Sambal Sauce ကို Bumbu Sambal Ayam လို့ခေါ်တဲ့ ငရုတ်သီးအနှစ်ကို ခရမ်းချဉ်သီးနဲ့ အချိုးကျရောနှောဆီသတ်ပြီး ပြုလုပ်နိုင်ပါတယ်။

Redang Ayam Sapi Padang Asli
    ကြက်ပေါင်၊ ကြက်ရင်အုံ စတာတွေကို အရင်ကြော်ထားပြီး အုန်းနို့ထည့်ထားတဲ့ Bumbu Ren-dang Sauce နဲ့ ပြန်လုံးချက်ရပါတယ်။ ဒီဟင်းပွဲကို Dry Curry လို့လည်း ခေါ်လေ့ရှိပါတယ်။
    Bumbu Rendang Sauce ကို အုန်းနို့နဲ့ ချက်တဲ့အခါမှာ အချိန်သုံးနာရီလောက်ပေးပြီး ဟင်းအနှစ်ရလာအောင် ချက်ပေးရပါတယ်။ အုန်းနို့ပါဝင်တဲ့အတွက်ကြောင့်  အရသာခပ်ဆိမ့်ဆိမ့်နဲ့ ရနံ့မွှေးမွှေးနဲ့ စားသုံးရမယ့် ဟင်းလျာတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲပြားတို့နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။

Sayur Pecel
    ပဲပင်ပေါက်၊ ပဲသီး၊ ဂေါ်ဖီ၊ သခွားသီးတို့ကို ရောပြုတ်ပြီး Spicy Peanut Sauce  တွေကို အပေါ်က လောင်းပေးပါတယ်။ စားခါနီးမှာ သမသွားအောင် မွှေနောက်ပြီး Keropok လို့ခေါ်တဲ့ အင်ဒိုနီးရှား ငါးမုန့်ကြော်နဲ့တွဲပြီး စားသုံးနိုင်ပါတယ်။ အဆိမ့်နဲ့ အစပ်အရသာပါတဲ့ အရွက်သုပ် (Salad) တစ်မျိုးဖြစ်ပါတယ်။

Bakso Mee
    Bakso Mee ကတော့ အင်ဒိုနီးရှားမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ Bakso  ဆိုတာက အင်ဒိုနီးရှားလို အမဲသားလုံးလို့ အဓိပ္ပာယ်ရပြီး  အင်ဒိုနီးရှားကလာတဲ့ အမဲသားလုံး၊ အမဲပြုတ် ရည်နဲ့ ခေါက်ဆွဲဝါကို တွဲဖက်ပြီး စားသုံးရတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အမဲသားဟင်းရည်က အချိုအရသာဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေ ပါဝင်တဲ့အတွက်ကြောင့် မွှေးပျံ့တဲ့ ရနံ့နဲ့ ခေါက်ဆွဲရဲ့ အရသာကို တွဲဖက်ခံစားရမှာပါ။ မြန်မာလူမျိုးတွေ မုန့်ဟင်းခါးကို နှစ်သက်ကြသလိုပဲ အင်ဒိုနီးရှားနိုင်ငံမှာလည်း Bakso Mee ကို လူတိုင်းနီးပါး နှစ်ခြိုက်စွာ မကြာခဏ စားသုံးလေ့ရှိကြတယ်လို့ သိရပါတယ်။