မူပိုင်အရသာများနဲ့ ရိုးရာအစားအစာ

ဒီတစ်လမှာတော့ တိုင်းရင်းသား ရိုးရာအစားအစာများကို တင်ဆက်ပေးချင်ပါတယ်။ ရိုးရာအစားအစာများဆိုတဲ့အတိုင်း ဆီနည်းပြီး ပါဝင်ပစ္စည်းများရဲ့ လတ်ဆတ်တဲ့ အရသာကို အဓိက ဦးစားပေးပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျာများလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားဓလေ့အတိုင်း  ရိုးရှင်းလွယ်ကူစွာ ချက်ပြုတ်နိုင်ပေမယ့် အနံ့အရသာမှာတော့ မူပိုင်ပုံစံကိုယ်စီရှိနေကြတဲ့ ဟင်းပွဲများကို ဇူလိုင်လရဲ့ Menu အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။  ဟင်းပွဲများကတော့ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်းပေါ်မှာတည်ရှိတဲ့ ရွှေကြာနီ တိုင်းရင်းသားရိုးရာဆိုင်မှ ဟင်းပွဲများပဲ ဖြစ်ပါတယ်။ 

မွန်တံငါသည်ဟင်း

ဂဏန်း 
ပုစွန်
ပြည်ကြီးငါး 
ငါး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ 
ကြက်သွန်နီ
နနွင်းမှုန့်
ငံပြာရည်
သံပုရာသီး

ပထမဆုံး ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး တို့ကို ရေဆေး သန့်စင်ပြီး ရေနွေးနဲ့မိနစ်အနည်းငယ်ကြာအောင်ပြုတ်ပေးရပါမယ်။ ပြုတ်ထားတဲ့ ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး တွေကို ဆယ်ပြီး သပ်သပ်ခွဲထားပါ။ ပြီးနောက် ညက်အောင် ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ဆီအနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ ဆီသတ်ပြီး ပြုတ်ထားတဲ့ ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါးတို့ကိုထည့်ပြီး ရေသန့် လီတာဝက်ခန့်ကို လောင်းထည့်ပေးပါ။ အရသာအတွက် ငံပြာရည်၊ ကြက်သားမှုန့်ကို နှစ်သက်သလောက်ထည့်ကာ ပြောင်းဖူး၊ ရွှေဖရုံသီး၊ ကန်စွန်းရွက်များထည့်ပါ။ ဟင်းရည်ဆူလာပြီဆိုရင် ပင်စိမ်းအုပ်ပြီး သံပုရာသီးညှစ်ကာ လတ်ဆတ်တဲ့ ပင်လယ်စာနဲ့အသီးအရွက်များရဲ့အရသာနဲ့ချိုနေတဲ့ ချဉ်ငံစပ် မွန်တံငါသည်ဟင်းကို သုံးဆောင်နိုင်ပါပြီ။ (ပင်လယ်စာတွေရဲ့အနံ့ကို မကြိုက်တဲ့သူများအတွက် စပါးလင်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်)

ကချင် ငါး မျှစ်ချဉ်ချက်

ငါးကြင်း
မျှစ်ချဉ် 
ဖဲ့ဖယ်ရွက်
ရှမ်းနံနံ
ငရုတ်သီးစိမ်း
ပင်စိမ်း
ကြက်သားမှုန့်
ကြက်သွန်ဖြူ 

ပထမဆုံး ငါးနဲ့မျှစ်ချဉ်ကို လိုချင်တဲ့ အနေအထား အရွယ်တော် အတုံးလေးများ တုံးထားရပါ မယ်။ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ ဖဲ့ဖယ်ရွက်၊ ကြက်သွန်ဖြူများကို ငရုတ်ဆုံနဲ့ညှက်အောင်ထောင်းထားရပါမယ်။ ချက်မယ့်အိုးထဲမှာ တုံးထားတဲ့ ငါး
များနဲ့မျှစ်ချဉ်များထည့်ပြီး နနွင်း၊ ဆီစိမ်း အနည်းငယ်၊ ကြက်သားမှုန့်များထည့်ပြီး  ထောင်းထားတဲ့ ဟင်းခတ်အမွှေးအကြိုင်များပါထည့်ကာ သမအောင် နယ်ပေးရပါမယ်။ သမအောင်နယ်ပြီးချိန်မှာ ဆုံဆေးရေ အနည်းငယ်ကို လောင်းထည့်ပြီး မီးပေါ်တင်ကာ ဆယ်မိနစ်ခန့်ချက်ပြီး ပင်စိမ်းအုပ်ပြီးရင်တော့ မီးပေါ်မှ ချနိုင်ပါပြီ။ ဒီဟင်းပွဲကတော့ ကချင်ရိုးရာအတိုင်း ဟင်းခတ်ရွက် အစုံအလင် ထည့်ထားတာကြောင့် အနံ့မွှေးကြိုင်ပြီး မျှစ်ချဉ်နဲ့ ငရုတ်သီးကြောင့် ချဉ်ချဉ်စပ်စပ် အရသာရှိမယ့် ကချင်ဟင်းပွဲ တစ်မျိုးဖြစ်ပါတယ်။

ရှမ်းပဲကြာဆန်သုပ်

ပဲကြာဆန် 
ပုစွန်
ပြည်ကြီးငါး
ကြက်သွန်နီ 
ခရမ်းချဉ်သီး
ငရုတ်သီး
တရုတ်နံနံ
နံနံပင်
ကြက်သွန်မြိတ်
ငံပြာရည်
ကြက်သားမှုန့်
သကြား
သံပုရာသီး

မိနစ်သုံးဆယ်ခန့် ရေစိမ်ထားတဲ့ ပဲကြာဆန်များကို ရေနွေးနဲ့ ပြုတ်ပြီးလိုချင်တဲ့ အနေအထားရပြီဆိုရင် ဆယ်ထားရပါမယ်။ အသုံးပြုမယ့် ပင်လယ် စာများဖြစ်တဲ့ ပုစွန်နဲ့ ပြည်ကြီးငါးတွေကိုလည်း အနေတော်လှီးပြီးရေနွေးနဲ့ပြုတ်ကာ ဆယ်ထား
ရပါမယ်။ ကြက်သွန်နီ ဥကြီး၊ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးများကို ခပ်ပါးပါးလှီးဖြတ်ထားရပါမယ်။ ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးပြီဆိုရင် ပဲကြာဆန်များ၊ ပင်လယ်စာများနဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ ၊ ငရုတ်သီးများကိုရောထည့်ပြီး အရ
သာအတွက် ငံပြာရည် အနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ သကြားအနည်းငယ်ထည့်ပြီး သမ အောင် နယ်ပေးရပါမယ်။ နံနံပင်၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်ကို အနံ့အရသာအတွက် အသုံးပြုနိုင်ပြီး  အချဉ်ကြိုက်နှစ်သက်သူများ သံပုရာသီးကို နှစ်သက်သလောက် ထည့်နိုင်ပါတယ်။ 

ကြာဖက်ထမင်း 

ကြက်သားကြော် 
ဝက်သားကြော် 
ငါးကြော်
ဘဲဥပြုတ်

ကြာဖက်ထမင်းနဲ့ တွဲဖက်ပြီး စားသုံးရမယ့် အဓိကဟင်းလျာများကတော့ ကြက်သားကြော်၊ ၀က်သားကြော်၊ ငါးကြော်၊ ဘဲဥပြုတ်တို့ပဲ ဖြစ်ပါတယ်။ ဟင်းရံများကိုတော့  ကြိုက်နှစ်သက်သလို တွဲစပ်နိုင်ပါတယ်။ ဒီကြာဖက်ထမင်းပွဲမှာတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မြေပဲဆီစိမ်းနဲ့ သုပ်ထားတဲ့ သရက်ချဉ်သုပ်၊ ပြောင်းဖူးကြော်၊  အသီး အရွက်စုံကြော်၊ မြေပဲကြော် စတာများနဲ့ တွဲဖက်ပေးထားပါတယ်။ 
ကြာဖက်ထမင်းရဲ့အဓိက ဆွဲဆောင်မှုက ကြာနံ့သင်းနေတဲ့ ထမင်းပူပူဖြစ်ပါတယ်။ ပူနွေးနေတဲ့ ထမင်းကို သေသေချာချာ ရေဆေးသန့်စင်ထားတဲ့ ကြာရွက်နဲ့ အချိန်အနည်းငယ် ထုပ်ထားပေးရပါမယ်။ (အရေးကြီးတာက ထမင်းပူနေဖို့ ဖြစ်ပါတယ်။ ထမင်းပူမှ ကြာနံ့ရမှာ ဖြစ်ပါတယ်။) ပြီးနောက် တည်ခင်းမယ့် ကြာဖက်ပေါ်ကို ကြာဖက်နဲ့ ထုပ်ထားတဲ့ ထမင်းပူပူကိုဖြည်ချပြီး အဓိက ဟင်းလျာများ၊ ဟင်းရံများနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။