ခပ်ကြွပ်ကြွပ်လေး ကြော်မယ်…

ဒီတစ်လတော့ နိုင်ငံတကာ ဟင်းလျာများထဲက ခပ်ကြွပ်ကြွပ်လေးနဲ့ အရသာရှိတဲ့ ဟင်းပွဲများနဲ့ နိုဝင်ဘာကို အလှဆင်လိုက်ရပါတယ်။
 
Fried Caprese Bombs
ခရမ်းချဉ်သီး နဲ့ ချိစ်ကို အဓိထားတဲ့ အကြော်ဟင်းလျာတစ်မျိုးပါ။
ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး (ဂေါက်သီးလုံးအရွယ်) - (၆)လုံး
Mozzarella ချိစ်လုံး (၁ လက်မအရွယ်) - (၆) လုံး
ဂျုံမှုန့် - အနည်းငယ်
ပေါင်မုန့်ခြောက်စ - အနည်းငယ်
ကြက်ဥ - (၂)လုံး
နွားနို့ - စားပွဲတင်ဇွန်း (၂)ဇွန်း
ဆီ
ပင်စိမ်း (နုပ်နုပ်စဉ်း) - အနည်းငယ် (ဖြူးရန်)
သံလွင်ဆီ
ကြက်သွန်ဖြူ - (၅) မွှာ
Parmesan ချိစ် - အနည်းငယ်
ဗနီဂါ - အနည်းငယ်
ငြုပ်ကောင်း - အနည်းငယ်
ဆား - အနည်းငယ်
ငြုပ်ဆီ - အနည်းငယ်
ပြုလုပ်ပုံအဆင့်အဆင့်
၁။ ခရမ်းချဉ်သီး ရဲ့ ထိပ်လေးကို သာသာလေးဖြတ်၊ ပြီးရင် အလယ်အူတိုင်ကို ဓားနဲ့ အရာပေးပြီး အလုံးမပျက်အောင် ခပ်ဖြေးဖြေးလေး ဆွဲထုတ်ထားပါ။ 
၂။ ခရမ်းချဉ်သီးရဲ့ အခေါင်းပေါက်နေရာမှာ Mozzarella ချိစ်လုံးလေးတွေကို ထည့်ပါ။ 
၃။ ဂျုံမှုန့်ကို ပန်းကန် တစ်လုံးထဲထည့်၊ ပေါင်မုန့်ခြောက်စကို နောက်ပန်းကန်တစ်လုံးထဲထည့်၊ ကြက်ဥနဲ့ နွားနို့ရော ခလောက်ထားတာကို နောက်ထပ်ပန်းကန်တစ်လုံးထဲ ထည့်ထားပါ။
၎။ ပြင်ဆင်ထားတဲ့ ခရမ်းချဉ်သီးလုံးလေးတွေကို ဂျုံမှုန့်ပန်းကန်ထဲထည့် ဂျုံမှုန့်ကပ်ပြီး ကြက်ဥ ပန်းကန်ထဲထည့်ပါ။ ပြီးရင် ပေါင်မုန့်ခြောက်စ ကပ်ပါ။
၅။ ဒယ်ကို အပူပေးပြီး ဆီများများထည့်ပါ။
၆။ ဆီပူလာလျှင် ခရမ်းချဉ်သီးလုံးများကို ရွှေ ညိုရောင်သမ်းလာသည်အထိ ကြော်ပါ။
၇။ ပြီးလျှင်ဆယ်ယူပြီး ဆီစုပ်စက္ကူပေါ်ခဏတင်ပြီး ဆီစစ်ရင်း အရသာရှိအောင် ဆားနည်းနည်းဖြူးပါ။
၈။ ဒယ်အိုးထဲကို သံလွင်ဆီထည့်ပြီး အနည်းငယ်ပူအောင်လုပ်ပါ။ ဒယ်အနည်းငယ်ပူလာလျှင် ဆီကို ပန်းကန်သေးတစ်လုံးထဲထည့်၊ ကြက်သွန်ဖြူထည့်၊ Parmesan ချိစ်ထည့်၊ ဗနီဂါထည့်၊ ငြုပ်ကောင်းထည့်၊ ငြုပ်ဆီထည့်ပြီးလျှင် တွဲဖက်စားသုံး မယ့် ဆော့စ်ရပါပြီ။
၉။ ကြော်ထားတဲ့ ခရမ်းချဉ်သီးလုံးများကို တည်ခင်းမယ့် ပန်းကန်ထဲထည့်ပြီး ပင်စိမ်းရွက်များနဲ့ အလှဆင်ကာ ဆော့စ် နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
 
Lechon Kawali 
ဝက်ဗိုက်သားကို မီးပြင်းတိုက် အကြွပ်ကြော်ထားတဲ့ ဖိလစ်ပိုင် ဟင်းလျာတစ်မျိုးပါ။
 
ပါဝင်ပစ္စည်းများ
အဆီအခေါက်ပါတဲ့ ဝက်ဗိုက်သား - (၂) ပေါင်
ကြက်သွန်ဖြူ - (၈) မွှာ
ကရဝေးရွက် - (၂) ရွက်
ငြုပ်ကောင်းစေ့ - စားပွဲတင်ဇွန်း (၁)ဇွန်း
ပဲငံပြာရည် - အနည်းငယ်
ဆား - အနည်းငယ်
ဆီ
ဗနီဂါ
 
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဝက်ဗိုက်သားအတုံးကို အခေါက်ကို အောက်ဘက်ထားပြီး အိုးကျယ်ကျယ် တစ်ခုထဲထည့်၊ အသားတုံးကို ရေမြုပ်အောင် ထည့်ပါ။
၂။ အဲဒီ့အိုးထဲကို ကြက်သွန်ဖြူ၊ ကရဝေးရွက်၊ ငြုပ်ကောင်းစေ့နဲ့ ပဲငံပြာရည်ထည့်ပြီး ပြုတ်ပါ။
၃။ (၁) နာရီကြာပြုတ်ပြီးရင် မီးအေးအေးနဲ့ ဆက်တည်ထားပါ။ 
၎။ ပြုတ်ထားတဲ့ အသားကို ဆားလေးနည်းနည်းဖြုးပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး (၆) နာရီကြာအောင်ထားပါ။ ညသိပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
၅။ အချိန်စေ့လျှင်ရေခဲသေတ္တာထဲက ထုတ်ပြီး (၄)လက်မလောက် အမြောင်းလေးတွေရအောင် လှီးပါ။
၆။ မီးပြင်းတိုက်ကြော်ဖို့ ဇောက်နက်တဲ့ ဒယ်အိုးလိုပါတယ်။ ဆီများများကို အပူပေးပြီး အသားတွေ အညိုရောင်သန်းပြီး အခေါက်ကြွပ်ရွလာတဲ့အထိ ကြော်ပါ။
၇။ ဝက်ကြွပ်ကြော်ကို ဗနီဂါ နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
 
Tso's Chicken 
ချိုချိုစပ်စပ် မြိုးမြိုးမြက်မြက်အရသာရှိတဲ့ တရုတ်ဟင်းလျာ တစ်မျိုးပါ။
 
ပါဝင်ပစ္စည်းများ
အသားနှပ်ရန်
ကြက်ဥ - (၁)လုံး (အကာသာယူရန်)
ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း(၂) ဇွန်း
Shaoxing ၀ိုင် - စားပွဲတင်ဇွန် (၂) ဇွန်း
မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
Vodka - စားပွဲတင်ဇွန်း(၂) ဇွန်း
ပြောင်းမှုန့် - စားပွဲတင်ဇွန်း (၃) ဇွန်း
ကြက်သား(အရိုးမပါ) - (၁) ပေါင် ကို အတုံးသေးသေးလေးတွေတုံးထားပါ။
 
အကြွပ်ကြော်ရန် 
ဂျုံ - အနည်းငယ်
ပြောင်းမှုန့် - အနည်းငယ်
မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်းတစ်ဝက်
ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
 
ဆော့စ် လုပ်ရန် 
ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း (၃) ဇွန်း
Shaoxing ဝိုင် - စားပွဲတင်ဇွန်း (၂) ဇွန်း
ဗနီဂါ - စားပွဲတင်ဇွန်း (၂) ဇွန်း
ကြက်ပြုတ်ရည် - စားပွဲတင်ဇွန်း (၃) ဇွန်း
သကြား - စားပွဲတင်ဇွန်း (၄) ဇွန်း
နှမ်းဆီ - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ပြောင်းမှုန့် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဆီ - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ကြက်သွန်ဖြူ(နုပ်နုပ်စဉ်း) - လက်ဖက်ရည် ဇွန်း (၂) ဇွန်း
ဂျင်း (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ကြက်သွန်မြိတ် (အဖြူသား) - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ငြုပ်ခြောက်တောင့် - (၈) တောင့်
 
ပြုလုပ်ပုံအဆင့်ဆင့်
အသားနှပ်ရန်
ကြက်ဥ အကာကို မွလာအောင် နာနာခလောက်ထားပါ။ပြီးရင် ပဲငံပြာရည်၊ ဝိုင် နဲ့ vodka ထည့်ပြီး သမအောင် မွှေထားပါ။
အသားနှပ်အရည်ကို တစ်ဝက်ဖယ်ထားပါ။
မုန့်ဖုတ်ဆော်ဒါနဲ့ ပြောင်းမှုန့်ကို သမအောင်ရောပြီး ကျန်တဲ့အသားနှပ်ရည်ထည့်မွှေပါ။
အတုံးသေးသေးတုံးထားတဲ့ ကြက်သားတွေထည့်ပြီး အသားနှပ်ရည်နဲ့ နှံ့အောင် နယ်ပါ။
ပြီးရင် ပလပ်စတစ်အဖုံးဖုံးပြီး အသားနှပ်ထားပါ။
 
အကြွပ်ကြော်ရန်မုန့်နှစ်
ဂျုံမှုန့်၊ ပြောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါ နဲ့ ဆားကို ဖယ်ထားတဲ့ အသားနှပ်ရည်ကို ရောထည့်ပြီး ပျစ်စေးနေအောင် မွှေထားပါ။
 
ဆော့စ်လုပ်ရန်
ပဲငံပြာရည်၊ ဝိုင် ၊ ဗနီဂါ ၊ ကြက်ပြုတ်ရည်၊ သကြား၊ နှမ်းဆီ၊ ပြောင်းမှုန့်တို့ကို သမအောင်မွှေထားပါ။ (ပြောင်းမှုန့်အခဲလေးတွေ ကြေသွားတဲ့အထိ မွှေပါ)
ဒယ်ပြားထဲကို ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ငြုပ်ခြောက်တောင့်ထည့်ပြီး မီးအပူပေးပါ။
(၃) မိနစ်ခန့် မွှေချက်ပြီးတဲ့နောက် ပြောင်းမှုန့်နဲ့ ရောမွှေထားသည်များကို ထည့်ပါ။
သကြားကြေပြီး စေးပျစ်လာလျှင် ဒယ်ကို မီးဖိုပေါ်မှ ချပြီး ဆော့စ်ကို ပန်းကန်းသေးတစ်လုံးထဲထည့်ထားပါ။
 
အကြွပ်ကြော်ရန်
ဇောက်နက်နက် ဒယ်ထဲကို ဆီများများထည့်ပြီး အပူပေးပါ။
နှပ်ထားတဲ့ အသားကို အကြွပ်ကြော်မယ့် မုန့်နှစ်ထဲထည့်ပြီး အသားတစ်တုံးချင်းစီကို မုန့်နှစ် နှံ့အောင် လူးပါ။
ဆီပူအိုးထဲ တစ်တုံးချင်း ခပ်ဖြည်းဖြည်းထည့်ပါ။ 
တစ်ဖက်က ကြွပ်ရွလာရင် အခြားတစ်ဖက်ကို လှန်ပါ။
တစ်ဒယ်ကို အနည်းဆုံး (၄) မိနစ် ကြာမည်။
ပြီးလျှင် ကြက်ကြော်တုံးများကို ဆီစစ်စက္ကူပေါ်တင်ပြီး ဆီစစ်ထားပါ။
 
ဟင်းချက်ရန်
ဆော့စ်ချက်ထားတဲ့ ဒယ်ထဲ ကြက်ကြော်များကို ထည့်ပြီး ဆော့စ်ရည်များ လောင်းထည့်ပါ။
မီးနည်းနည်းအပူပေးပြီး ဆော့စ်နဲ့ ကြက်ကြော်များ သမအောင်မွှေပေးပါ။
မိနစ်ဝက်ခန့်ဖိုပေါ်ထားပြီး ချက်ချင်းသုံးဆောင်နိုင်ပါပြီ။
 
Chinese-Style Deep-Fried Salty Shrimp 
နှုတ်မြိန်စေမယ့် ပုဇွန်ကြွပ်ကြွပ်ကြော်လေးပါ။
 
ပါဝင်ပစ္စည်းများ
ဆီ
ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) - စားပွဲတင်ဇွန်း (၃) ဇွန်း
ကြက်သွန်မြိတ် (ပါးပါးလှီး) - (၂ )ချောင်း
ငြုပ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ပုဇွန် (ခေါင်း၊ အခွံပါ) - (၁၆) ကောင်
ကြက်ဥ
ပြောင်းမှုန့်
ဆား
ငြုပ်ကောင်း
တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
 
ပြုလုပ်ပုံ အဆင့်ဆင့်
ဇောက်နက်နက် ဒယ်ထဲကို ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဆီပူလာအောင် အပူပေးပါ။
ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်ကို ထည့်ပြီး အညိုရောင်သန်းလာသည်အထိ ကြော်ပါ။
ချခါနီး တရုတ်မဆလာထည့်ပြီး ဆီပူကို အဆက်မပြတ်မွှေပေးပါ။
ဆီမွှေးကို ပန်းကန်သေးတစ်လုံးထဲ ထည့်ထားပါ။
ကြက်ဥတစ်ဝက်နဲ့ ပြောင်းမှုန့်ရောပြီး သမအောင်မွှေပါ။
ပုဇွန်တစ်ကောင်ချင်း ကြက်ဥရည်ထဲနှစ်ပြီး ဆီပူပူမှာ ထည့်ကြော်ပါ။
တစ်ဖက်ရွှေညိုရောင်သန်းမှ နောက်တစ်ဖက်ကို လှန်ပေးပါ။
တစ်ဒယ်ကြော်ရင် (၃) မိနစ် အလွန်ဆုံးပါပဲ။
ပုဇွန်ကြော်တွေကို ဆီစုပ်စက္ကူပေါ်တင်ပြီး ဆီစစ်ထားပါ။
တည်ခင်းမယ့် ပန်းကန်ထဲ ပုဇွန်ကြော်ထည့်၊ ဆီမွှေးလေးခပ်ဖွဖွဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။